← Chapters

ရှီထျန်တွင် လည်ပတ်ခြင်း

Vol. 100 Ch. 1043

ရှီထျန်တွင် လည်ပတ်ခြင်း

Vol. 100 Ch. 1043

“အို... မင်း ကျိန်စာတိုက်တာကို တွက်ချက်ရင် သိနိုင်လား”

ဟန်ကျွယ်ဟာ မျက်ခုံးပင့်တင်ပြီး မေးလိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ လေသံက တည်ငြိမ်ပါတယ်။ ဒါပေမဲ့ ရှန်ဝေါ်ဟာ ခေါင်းပေါ် ရေခဲရေ လောင်းချခံလိုက်ရသလို စိတ်လှုပ်ရှားမှုတွေ ကြက်ပျောက်ငှက်ပျောက် ဖြစ်ကုန်ပါတယ်။

ရှန်ဝေါ်ဟာ တဒင်္ဂ တုံ့ဆိုင်းသွားပြီးမှ ပြန်ဖြေပါတယ် “ကျွန်တော်ထက် အားနည်းတဲ့လူတွေကတော့ ကျွန်တော်ကို တွက်ချက်နိုင်မှာ မဟုတ်ဘူး၊ ကျွန်တော်ထက် ကျင့်ကြံမှုအဆင့်မြင့်ရင်တော့ အာမမခံနိုင်ဘူး”

ဟန်ကျွယ်က အဓိပ္ပာယ်ပါပါ ပြောလိုက်ပါတယ် “အမှောင်သခင်ကြီးကို ဘယ်သူမှ တွက်ချက်လို့ မရဘူး၊ မင်းရဲ့ပစ်မှတ်က သူပဲ”

“သူ့ကျင့်ကြံမှုက ထိပ်တန်းဖြစ်နေလို့ ဘယ်သူမှ တွက်ချက်လို့မရတာ မဖြစ်နိုင်ဘူးလား”

“အဲဒါဆို မင်းရဲ့ ကျင့်ကြံမှုကလည်း ထိပ်တန်း ဖြစ်ရမယ်၊ အဲဒီမတိုင်ခင် ပြဿနာမတက်အောင် ကျိန်စာ လျှောက်မတိုက်နဲ့”

“ဒါပေမဲ့...”

ရှန်ဝေါ်ရဲ့ မျက်နှာဟာ ဖြူဖပ်ဖြူရော် ဖြစ်သွားပါတယ်။ ကနဦးဘိုးဘေးပြောတဲ့ ကျင့်ကြံမှုထိပ်တန်းဆိုတာက ဘယ်အချိန်မှ ရောက်နိုင်မလဲ မသိဘူး မဟုတ်ပါလား။

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ငါ မင်းရဲ့ စွမ်းအားကို စမ်းသပ်သင့်ပြီ၊ မင်း ပြင်ဆင်ပြီးပြီလား”

ရှန်ဝေါ်က တအံ့တဩ မေးလိုက်ပါတယ် “ကနဦးဘိုးဘေးက ဘယ်လိုစမ်းသပ်ချင်တာလဲ”

ဟန်ကျွယ်ဟာ ရှန်ဝေါ်ကို အသွင်တူ လက်ရည်စမ်းပွဲနဲ့ မိတ်ဆက်ပေးပြီး အသုံးပြုခွင့် ပေးလိုက်ပါတယ်။ အများနည်းတူပဲ ရှန်ဝေါ်ဟာ အသွင်တူ လက်ရည်စမ်းပွဲကို စွဲလမ်းသွားပါတယ်။

ရှန်ဝေါ်က မဟာတာအိုအဆင့်ကို ရောက်ဖို့ နည်းနည်း လိုပါသေးတယ်။ သူ့ကျင့်ကြံမှု အရည်အချင်းက တခြား ဖန်တီးမှုကြယ်တွေလောက် မမြင့်တာ သိသာပါတယ်။ ဖန်တီးမှုကြယ်တွေက သူ့အားသာချက်နဲ့ သူပါ။

ရှန်ဝေါ်ရဲ့ ကျိန်စာမူလကြယ်က ရင်ဆိုင်တိုက်ခိုက်လို့ရတဲ့ တည်ရှိမှု မဟုတ်ပါဘူး။

ရှန်ဝေါ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲမှာ လွတ်လပ် တာအိုပညာရှိတွေကို အကြွင်းမဲ့ မစိုးမိုးနိုင်ပါဘူး။ ဒါပေမဲ့ ရှန်ဝေါ်ဟာ အဆင့်တူ လေးငါးဆယ်ယောက်ကို ယှဉ်နိုင်တာနဲ့ပဲ သူ့ကိုယ်သူ ပြိုင်ဘက်ကင်းပြီလို့ ယူဆလိုက်ပါတယ်။ သူ့အတွေးကိုသာ ဟန်လင်ကြားရင် ဟားတိုက်ရယ်မိမှာ သေချာပါတယ်။

ဟန်ကျွယ်ဟာ ရှန်ဝေါ်ဆီကနေ အများကြီး မမျှော်လင့်ထားတာကြောင့် ဟန်လင်ကို သုံးပြီး မဖိနှိပ်ပါဘူး။

အသွင်တူလက်ရည်စမ်းပွဲကို တစ်ခဏ ကြည့်ပြီးနောက် ဟန်ကျွယ်ဟာ မတ်တတ်ရပ်ပြီး ထွက်ခွာသွားပါတယ်။

တာအိုလက်တွဲဖော်တွေနဲ့ အချိန်တစ်ခုကြာအောင် ပျော်ပါးမြူးထူးပြီးတဲ့ နောက်မှာတော့ ဟန်ကျွယ်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ဆီ သွားပြီး နတ်မိမယ်ရှီရွှမ်ဆီ သွားလည်ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ ချန်ယွီအာလည်း ရှိနေပါတယ်။

“မောင်လေးဟန်”

ဟန်ကျွယ် ပေါ်လာတာကို တွေ့တာနဲ့ ချန်ယွီအာဟာ ချက်ချင်း အပြေးသွားပြီး ‌ကောက်ဖတ်လိုက်ပါတယ်။

“မောင်လေးဟန်က ဆရာကို တော်တော် ဂရုစိုက်တာပဲ၊ အစ်မဆီကျတော့ တစ်ခါမှ လာမလည်ဘူး” ချန်ယွီအာက ပြုံးဖြဲဖြဲနဲ့ ပြောလိုက်ပါတယ်။ ချန်ယွီအာဟာ မနာလို မဖြစ်ပါဘူး။ သူ့မှာ အဲဒီလို အခွင့်အရေး မရှိတာ ချန်ယွီအာ သိပါတယ်။

ဟန်ကျွယ်ကြောင့်သာ မဟုတ်ရင် သူမဟာ အစောကြီးကတည်းက အရိုးဆွေးသွားလောက်ပါပြီ။ လွတ်လပ်မှုအဆင့်ကို ရောက်ဖို့ဆိုတာ ဘယ်လိုမှ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။

နတ်မိမယ်ရှီရွှမ်ဟာ ချန်ယွီအာကို ဆူလိုက်ပါတယ် “ယွီအာ... မဟုတ်တာတွေ လျှောက်မပြောနဲ့”

နှစ်ဆယ်သန်းချီ ကြာသွားပြီးနောက် နတ်မိမယ်ရှီရွှမ်နဲ့ ချန်ယွီအာဟာ မိသားစုတွေ ဖြစ်နေကြပါပြီ။ သူတို့တွေရဲ့ မိတ်ဆွေဟောင်းတွေက ကွယ်လွန်ကုန်ပြီ မဟုတ်ပါလား။

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ဘာမှမဖြစ်ပါဘူး၊ အစ်မက အရင်အတိုင်းပဲ၊ ဒါက ကောင်းတဲ့ကိစ္စပဲ၊ အစ်မသာ အနေဝေးရင် ကျွန်တော် မသက်မသာဖြစ်မိမှာ”

ချန်ယွီအာဟာ ဂုဏ်ယူစွာ ပြုံးလိုက်ပြီး ဟန်ကျွယ်ရဲ့ လက်မောင်းကို အသေဖက်ကာ လွှတ်မပေးပါဘူး။

ဒါပေမဲ့ ဟန်ကျွယ်ဟာ ချန်ယွီအာ လက်ထဲကနေ သူ့လက်ကို အသာဆွဲထုတ်လိုက်ပါတယ်။

အဲဒီနောက် သူတို့သုံးယောက်ဟာ အတူထိုင်ပြီး စကားစပြောကြပါတယ်။

ဟန်ကျွယ်ဟာ နတ်မိမယ်ရှီရွှမ်နဲ့ ချန်ယွီအာတို့ရဲ့ အတွေ့အကြုံတွေကို မေးမြန်းပါတယ်။ ဒီအခါမှာတော့ ချန်ယွီအာဟာ ကရားရေလွှတ် ပြောပါတော့တယ်။

ဟန်ကျွယ်နဲ့ နတ်မိမယ်ရှီရွှမ်ဟာ ချန်ယွီအာကို အပြုံးနဲ့ကြည့်ပြီး ထိုင်နားထောင်ပေးပါတယ်။

ကျင့်ကြံတဲ့နေ့တွေက ပျင်းရိငြီးငွေ့ဖွယ် ကောင်းပေမဲ့ ဒီလို မကြာမကြာ နေထိုင်တာက စိတ်ကျေနပ်မှုတော့ ရစေပါတယ်။

ဟန်ကျွယ်ဟာ ပြိုင်ဘက်ကင်းဖို့ ရည်မှန်းချက် ရှိပေမဲ့ သူ့ရဲ့ လက်ရှိ အခြေအနေကိုလည်း ပျော်ပျော်ရွှင်ရွှင် ခံစားပါတယ်။ သူ ပြိုင်ဘက်ကင်းသွားရင် သူ့ရဲ့ နေ့ရက်တွေက အခုလိုမျိုးပဲ တည်ငြိမ်အေးချမ်းနေမှာပါ။

ဟန်ကျွယ် ပြိုင်ဘက်ကင်းချင်တာက စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ဘဝကို လိုချင်လို့ မဟုတ်ပါဘူး။ သူ ဘေးကင်းလုံခြုံဖို့ပါ။

ချန်ယွီအာဟာ နှစ်နာရီကြာတာတောင် ပြောလို့ မပြီးပါဘူး။

ဟန်ကျွယ်က အပြုံးနဲ့ “အစ်မက ရှီထျန်ကို အဲဒီလောက် စိတ်ဝင်စားတာလား”

“ဟုတ်တယ်၊ ရှီထျန်ရဲ့ တိုက်ပွဲတွေက အရမ်းကြမ်းတယ်လို့ ပြောတယ်၊ အဲဒါကြောင့် အစ်မ သွားမကြည့်တာ၊ သတိနည်းနည်းလွတ်ရင် အသက်နဲ့ကိုယ် အိုးစားကွဲနိုင်တယ်လေ”

“ဝိညာဉ်အပိုင်းအစ ချန်ထားခဲ့လို့ရတာပဲ၊ သေသွားရင်တောင် အသက်ပြန်ရှင်နိုင်တယ်၊ အစ်မက လွတ်လပ်မှုအဆင့်ကို ရောက်နေပြီပဲ”

“မဟာတာအိုပညာရှိချုပ်တွေနဲ့ တိုးရင် ဘယ်လိုလုပ်မလဲ၊ သူတို့တွေက ကံတရား တာအိုကို သုံးပြီး အစ်မရဲ့ ဝိညာဉ်အပိုင်းအစကို ဖျက်ဆီးလိုက်ရင် အစ်မ သေသွားမှာပေါ့”

“အစ်မ အန္တရာယ်တွေ့ရင် ကျွန်တော်ကို ဆင့်ခေါ်လို့ရတာပဲ၊ ကျွန်တော် အစ်မကို ကူညီပေးမယ်”

“တကယ်လား” ချန်ယွီအာက တအံ့တဩ မေးလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ပြုံးပြီး ခေါင်းညိတ်လိုက်ပါတယ်။

နတ်မိမယ်ရှီရွှမ်ကတော့ မျက်မှောင်ကြုတ်သွားပါတယ် “ယွီအာ ဒီလိုမလုပ်နဲ့၊ ဟန်ကျွယ်က ကျင့်ကြံအားထုတ်ရင်း အလုပ်များနေတာ၊ နင့်ကို ဘယ်လိုလုပ်ပြီး အာရုံစိုက်အားမှာလဲ”

ချန်ယွီဟာ နှုတ်ခမ်းမဲ့သွားပြီး သူ့ဆရာစကားက အဓိပ္ပာယ်ရှိတယ်လို့ ခံစားလိုက်ရပါတယ်။

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ကျွန်တော်ရဲ့ ကျင့်ကြံမှုနဲ့ အစ်မကို ကူညီတာ မပြောနဲ့၊ စိတ်ဆန္ဒကို တစ်သောင်းခွဲတာတောင် ထမင်းစားရေသောက်ပဲ”

ချန်ယွီအာဟာ တခဏ တွေးတေားပြီး ပြောလိုက်ပါတယ် “ထားလိုက်ပါတော့”

ဟန်ကျွယ် “အစ်မကို အဖော်ပြုပေးမယ်လေ၊ နှစ်တစ်ထောင်လောက် လျှောက်သွားပြီးမှ ကျွန်တော် ဆက်ပြီးတော့ ဂူအောင်းကျင့်ကြံမယ်”

ချန်ယွီအာရဲ့ မျက်လုံးတွေဟာ တလက်လက် တောက်ပသွားပါတယ် “တကယ်လား”

“အင်း”

“အဲဒါကောင်းတယ်၊ ဆရာ... ဆရာရော အတူမလိုက်ချင်ဘူးလား၊ ဒါက ခံစားချက်တွေ... အတွေ့အကြုံရဖို့ အခွင့်အရေးကောင်းပဲ” ချန်ယွီအာဟာ ပြုံးဖြဲဖြဲနဲ့ ပြောလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ချန်ယွီအာ ဘာကြံနေမှန်း သိပေမဲ့ မသိချင်ယောင် ဆောင်နေလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ချန်ယွီအာရဲ့ အကြံကို မဖော်ပါဘူး။ ချန်ယွီအာရဲ့ ရည်ရွယ်ချက်က သူ့ကို ကျေနပ်စေဖို့ မဟုတ်ပါလား။

ချန်ယွီအာက သူ့ကို တကယ် ကြိုက်နေတာလည်း ဖြစ်နိုင်ပါတယ်။ နှစ်ပေါင်း သန်း ၈၀ ကျော် ကြာတာတောင် ချန်ယွီအာဟာ ဘယ်ယောက်ျားနဲ့ မချစ်ကြိုက်ခဲ့ပါဘူး။ ဟန်ကျွယ်ဟာ ဒီအချက်ကို အလွယ်လေး တွက်ချက်နိုင်ပါတယ်။

ဒီတစ်ခါက လျှောက်သွားတာက သူတို့တွေ ပိုပြီး နီးကပ်လာဖို့ အခွင့်အရေးပေးတာပါ။ အရင်တုန်းကလည်း ရှင်းဟုန်ရွှမ်က နတ်မိမယ်ရှီရွှမ်နဲ့ ချန်ယွီအာတို့အကြောင်းကို စကားဟခဲ့ပါသေးတယ်။ နှစ်ပေါင်းများစွာ စောင့်ဆိုင်းနေတဲ့ နတ်မိမယ်ရှီရွှမ်နဲ့ ချန်ယွီအာကို ဘာဖြစ်လို့ အခွင့်အရေး မပေးလဲ ဆိုပြီးတော့ပေါ့။

ဟန်ကျွယ်လို သာလွန်တည်ရှိမှု မပြောနဲ့။ သာမန် ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်တောင် မိန်းမတွေ ထောင်ချီ ရှိပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်က သူ့မှာရှိတာနဲ့ လုံလောက်တယ်လို့ ခံစားရတာကြောင့် ထပ်ပြီးတော့ မရှာတာပါ။

နတ်မိမယ်ရှီရွှမ်ဟာ ချန်ယွီအာရဲ့ အကြံပြုချက်ကို ကြားရတဲ့အခါ ချီတုံချတုံ ဖြစ်သွားပါတယ်။

ဟန်ကျွယ်ဟာ နတ်မိမယ်ရှီရွှမ်ကို အပြုံးနဲ့ ကြည့်လိုက်ပါတယ် “အတူသွားရအောင်၊ ငါတို့တွေ သိတာလည်း ကြာခဲ့ပြီပဲ၊ တစ်ခါမှ ခရီးအတူတူ မသွားဖူးသေးဘူး”

ဒီတော့မှ နတ်မိမယ်ရှီရွှမ်ဟာ ပြုံးသွားပါတယ် “ကောင်းပြီလေ”

ဒီလိုနဲ့ ဟန်ကျွယ်ဟာ နတ်မိမယ်ရှီရွှမ်နဲ့ ချန်ယွီအာကို ခေါ်ဆောင်ပြီး ရှီထျန်ဆီ ခရီးနှင်ပါတယ်။

တာအိုဖန်တီးရှင် တစ်ပါးအနေနဲ့ ဟန်ကျွယ်ဟာ ဘယ်သွားသွား ငြင်းဆန်မခံရပါဘူး။ ဒီအဆင့်က မဟာတာအိုကမ္ဘာကို ကျော်လွန်နေပါပြီ။ ဒါပေမဲ့ ဟန်ကျွယ် ရှီထျန်ထဲ ဝင်လိုက်တာနဲ့ အနန္တဖျက်ဆီးရှင်သခင် ရှီထျန်က သေချာပေါက် သိသွားမှာပါ။

ဟန်ကျွယ်ဟာ အနန္တဖျက်ဆီးရှင်သခင်က သူနဲ့ မိန်းမနှစ်ယောက်ကို မြင်ပြီးရင် သူ့လာရင်း ရည်ရွယ်ချက်ကို ခန့်မှန်းနိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ သူတို့ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ တခြားလူရဲ့ မဟာတာအိုကမ္ဘာကို ဖျက်ဆီးပြီး ကမ္ဘာမကျေရန်ငြိုး ဖန်တီးစရာ မလိုပါဘူး။

မဟာတာအိုကမ္ဘာ ပျက်သွားလို့ တာအိုဖန်တီးရှင်က သေသွားမှာ မဟုတ်ပါဘူး။ မဟာတာအိုကမ္ဘာ ဖျက်ဆီးခံရတာက သိပ်နောက်မကျသေးဘူးဆိုရင် တာအိုဖန်တီးရှင်က အကုန်လုံးကို အကောင်းပကတိဖြစ်အောင် ပြန်လည် လုပ်ဆောင်နိုင်စွမ်း ရှိပါတယ်။

ပဋိပက္ခထဲမှာရှိတဲ့ သက်ရှိအကုန်လုံးကို နဝမပဋိပက္ခက လက်တစ်ချက်တည်းနဲ့ အသက်ပြန်ရှင်အောင် လုပ်သလိုမျိုးပေါ့။

ဟန်ကျွယ်တို့ သုံးယောက်ဟာ ရှီထျန်ထဲကို လျင်မြန်စွာ ဝင်ရောက်သွားကြပါတယ်။

ချန်ယွီအာဟာ ဘေးဘီဝန်းကျင်ကို လိုက်ကြည့်ပြီး “ပဋိပက္ခနဲ့ သိပ်မကွာပါဘူး၊ မောင်လေးဟန်ရဲ့ ကလေးတွေကလည်း ရှီထျန်ထဲမှာ ဧရာမအခွင့်အရေးကြီးအတွက် တိုက်ခိုက်နေတယ်လို့ အစ်မ ကြားထားတယ်၊ အစ်မတို့တွေ ဒီခရီးမှာ သူတို့နဲ့ တွေ့ကြုံနိုင်မလား မသိဘူး”

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “သူတို့တွေ ရှိနေသေးတာ အမှန်ပဲ၊ ဒါပေမဲ့ သူတို့နဲ့ တွေ့စရာ မလိုပါဘူး၊ သူတို့တွေက အခွင့်အရေးအတွက် တိုက်ခိုက်ရင်း အလုပ်များနေတာဆိုတော့ ကျွန်တော်တို့လို အားမှာ မဟုတ်ဘူး”

နတ်မိမယ်ရှီရွှမ်က မေးလိုက်ပါတယ် “နင်ရဲ့ မျိုးဆက်တစ်ယောက်က လတ်တလော နာမည်ကြီးနေတဲ့ ဖန်တီးရှင်ဧကရာဇ်ကို တည်ထောင်ထားတာလား”

“ဟုတ်တယ်၊ လင်အာ တည်ထောင်လိုက်တာ”

“ဟင်... အဲဒီကောင်မကလေးက ဒီလောက်တောင် စွမ်းအားကြီးတာလား” ချန်ယွီအာဟာ အံ့အားသင့်သွားပါတယ်။ ချန်ယွီအာဟာ ဟန်လင်ကို အားနည်းပြီး ချစ်စရာကောင်းတယ်လို့ ထင်ထားခဲ့တာပါ။ ဟန်လင်က ဟန်ချင်းအာလောက် ပျော်ပျော်ရွှင်ရွှင်မရှိဘူး မဟုတ်ပါလား။

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “လင်အာက ဟွမ်အာကို ယှဉ်နိုင်နေလောက်ပြီ”

ဟန်ကျွယ်ရဲ့ စကားကြောင့် ချန်ယွီအာဟာ ပိုအံ့ဩသွားပါတယ်။

နတ်မိမယ်ရှီရွှမ်ဟာ ပြုံးလိုက်ပါတယ် “အရင်တစ်ခေါက်က ငါ ခံစားမိပါတယ်၊ သူက အတိတ်တုန်းက နင့်အတိုင်းပဲ”

အတိတ်ကို ပြန်တွေးရရင် နတ်မိမယ်ရှီရွှမ်ဟာ ဟန်ကျွယ်အတွက် အခွင့်အရေးတွေကို အကောင်းဆုံး ကြိုးစားပြီး တိုက်ခိုက်ခဲ့ပါတယ်။ ဒါပေမဲ့ စွန့်စားရမယ်ဆိုတိုင်း ဘယ်လောက်ပမာဏပဲ ဖြစ်ဖြစ် ဟန်ကျွယ်က လက်မခံခဲ့ပါဘူး။ အဲဒီတုန်းက လူတိုင်းရဲ့ မျက်လုံးထဲမှာ ဟန်ကျွယ်က ခြေသုတ်ပုဆိုးပါ။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters