အန္တိမမူလ ကျင့်ကြံမှုစွမ်းရည်
Vol. 100 Ch. 1047
“အင်း... မဆိုးဘူး...” ဟန်ကျွယ်ဟာ ဝတ်ကျေတမ်းကျေ ချီးကျူးလိုက်ပါတယ်။
ရှန်ဝေါ်ဟာ အားငယ်သွားပါတယ် “ကနဦးဘိုးဘေး... ကျွန်တော် မဟာတာအိုပညာရှိ ဖြစ်ပြီ၊ မဟာတာအိုပညာရှိက ပဋိပက္ခရဲ့ထိပ်ဆုံးလို့ ကျွန်တော် မဟာတာအိုတံခါးကို ဖြတ်တုန်းက အဲဒီစီနီယာတွေ ပြောခဲ့တယ်”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “အဲဒါက ပဋိပက္ခရဲ့ ထိပ်ဆုံးပဲ၊ ငါ မင်းအပေါ် မျှော်လင့်ထားတာ မဟုတ်ဘူး၊ သဘောပေါက်လား”
ရှန်ဝေါ်ဟာ မှင်တက်သွားပါတယ် “မဟာတာအိုပညာရှိအဆင့်က မလုံလောက်သေးဘူးလား”
“ပဋိပက္ခအတွက်တော့ လုံလောက်တယ်၊ ဒါပေမဲ့ ငါ့အတွက်တော့ မလုံလောက်ဘူး၊ ငါ့လက်အောက်မှာ မဟာတာအိုပညာရှိတွေ အများကြီး ရှိတယ်၊ မဟာတာအိုပညာရှိအဆင့်ကို ကျော်လွန်တဲ့ တည်ရှိမှုတွေတောင် မနည်းဘူး”
ရှန်ဝေါ်ဟာ ပါးစပ်အဟောင်းသား ဖြစ်သွားပါတယ်။
ရှန်ဝေါ်ဟာ ဟန်ကျွယ်ကို စွမ်းအားကြီးမှန်းသိပေမဲ့ ဟန်ကျွယ်က ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိဆိုတာကို မသိပါဘူး။
ဟန်ကျွယ် အထူးတလည် ဂရုစိုက်တဲ့ လူတွေကလွဲရင် သက်ရှိအကုန်လုံးက ဟန်ကျွယ်နာမည်ကို မေ့ပြီး ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကိုပဲ သိကြပါတော့တယ်။
ရှန်ဝေါ်က အဆင့်နိမ့် နယ်မြေကနေ လာတာ ဖြစ်တဲ့အတွက် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိဆိုတာက ဟန်ကျွယ်မှန်းမသိတာ အံ့ဩစရာတော့ မရှိပါဘူး။
ဟန်ကျွယ် တွေ့ဆုံပေးတဲ့ တပည့်ရင်းတွေကလည်း ရှန်ဝေါ်ကို ဒီအကြောင်း မပြောကြပါဘူး။ သူတို့တွေဟာ ဒီကိစ္စကို ပြောစရာမလိုဘူး ထင်လို့ မပြောတာပါ။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “မင်း ငါနဲ့ အသွင်တူ လက်ရည်စမ်းပွဲထဲမှာ တိုက်ခိုက်ချင်လား”
ရှန်ဝေါ်ဟာ ချက်ချင်း ပြုံးပျော်သွားပါတယ် “တိုက်ချင်တယ်၊ ကျွန်တော် ကနဦးဘိုးဘေးကို အံ့အားသင့်စေရမယ်”
ဒီနှစ်တွေမှာ ရှန်ဝေါ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲမှာ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့တာမလို့ ကနဦးဘိုးဘေးကို မယှဉ်နိုင်ရင်တောင် အနည်းဆုံး အံ့အားသင့်အောင် လုပ်နိုင်လိမ့်မယ်လို့တော့ ယုံကြထားပါတယ်။
ဟန်ကျွယ်ဟာ စကားတစ်ခွန်း မဆိုဘဲ ရှန်ဝေါ်ကို အသွင်တူ လက်ရည်စမ်းပွဲထဲ ဆွဲသွင်းလိုက်ပါတယ်။
အသက်ရှူကြိမ် တစ်ကြိမ် အကြာမှာပဲ ရှန်ဝေါ်ဟာ မျက်လုံးပွင့်လာပြီး ကြောင်တောင်တောင် ဖြစ်သွားပါတယ်။ ရှန်ဝေါ်ရဲ့ ခန္ဓာကိုယ်ဟာ တဆတ်ဆတ် တုန်သွားပြီး မျက်နှာမှာလည်း သွေးမရှိတော့ပါဘူး။
ဟန်ကျွယ်ဟာ စာစောင်တွေကို ဆက်ပြီးတော့ စစ်ဆေးပါတယ်။
အချိန်အတော်ကြာသွားလို့ ဟန်ကျွယ် စာစောင်တွေ အကုန်လုံး ဖတ်ပြီးတာတောင် ရှန်ဝေါ်ဟာ သတိပြန်ဝင်မလာသေးပါဘူး။
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ငါ လုပ်တာ နည်းနည်း များသွားပြီလား’
“ရှန်ဝေါ်”
ဟန်ကျွယ်ရဲ့အသံက ရှန်ဝေါ်ရဲ့ စိတ်ထဲမှာ မိုးခြိမ်းသံလို မြည်ဟိန်းပြီး ရှန်ဝေါ်ကို နိုးထသွားစေပါတယ်။
ရှန်ဝေါ်ဟာ သတိပြန်ဝင်လာပြီး ကြမ်းပြင်ပေါ်မှာ ကောက်ထိုင်လိုက်ပါတယ်။ သူ့ပုံစံက မဟာတာအိုပညာရှိနဲ့ လုံးဝ မတူပါဘူး။ သေမျိုးတစ်ယောက်လိုပါပဲ။
ဟန်ကျွယ်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “ဒါက မင်းလုပ်နိုင်တာ အကုန်ပဲလား၊ ငါက မင်းကို သန်မာတယ်လို့ ထင်ထားတာ၊ ဂိုက်ဖမ်းတာ တော်တော့”
ရှန်ဝေါ်ဟာ ဂိုက်ဖမ်းတာ ဘာမှန်းမသိပေမဲ့ ကြွားလုံးထုတ်တာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းလိုက်ပါတယ်။
ရှန်ဝေါ်ဟာ အရှက်ရပြီး ခေါင်းငုံ့သွားပါတယ်။ ပြီးခဲ့တဲ့ တိုက်ပွဲက တစ်သက်မမေ့နိုင်မဲ့ အိပ်မက်ဆိုးလိုပါပဲ။
ဟန်ကျွယ် “ရေသာမခိုဘဲ ကြိုးစားကျင့်ကြံ... မင်းက အဝေးကြီး လိုသေးတယ်၊ တစ်ယောက်ယောက်က မင်းထက် စွမ်းအားကြီးနေသမျှ ကာလပတ်လုံး မင်းကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေက နောက်တစ်ခါ ထပ်ဖြစ်လာနိုင်ခြေရှိတယ်၊ နားလည်လား”
ရှန်ဝေါ်ဟာ ချက်ချင်း ခေါင်းညိတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ နတ်မိမယ်ရှီရွှမ်ကို ရုတ်တရက် တွေးမိသွားပြီး လှမ်းကြည့်လိုက်တဲ့အခါ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲမှာရှိတဲ့ နတ်မိမယ်ရှီရွှမ်က မဟာတာအိုပညာရှိ ဖြစ်သွားပြီ ဆိုတာကို တွေ့လိုက်ရပါတယ်။
ဟန်ကျွယ်ဟာ ချက်ချင်း ပင်မတာအိုစက်ကွင်းဆီ သွားပါတယ်။
ရှန်ဝေါ်ဟာ သက်ပြင်း အရှည်ကြီး ချလိုက်ပြီး မချိပြုံး ပြုံးလိုက်ပါတယ် “ရှန်ဝေါ်... ရှန်ဝေါ်... မင်းက တကယ်ကို ရယ်ဖို့ကောင်းတာပဲ၊ ဘယ်လိုသတ္တိနဲ့ ကနဦးဘိုးဘေးကို စိန်ခေါ်ရဲရတာလဲ”
ရှန်ဝေါ်ဟာ တကယ်ကို နောင်တရသွားတာပါ။
နေ့ဝက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ နတ်မိမယ်ရှီရွှမ်နဲ့ ချန်ယွီအာကို တတိယ တာအိုစက်ကွင်းဆီ ခေါ်ဆောင်လာပါတယ်။ ရှင်းဟုန်ရွှမ်ဟာ သူတို့နှစ်ယောက်ကို ကြိုဆိုပြီး ယွီဂျင်ဂိုဏ်းတော်ကြီး အကြောင်းကို ပြန်ပြောင်း ပြောဆိုကြပါတယ်။
ဟန်ကျွယ်ဟာ သူတို့သုံးယောက်ကို မနှောင့်ယှက်ဘဲ ထွက်ခွာသွားပါတယ်။ တကယ်လို့ ချန်ယွီအာ အပြင်ထွက်ပြီး လျှောက်ကြည့်ချင်တယ်ဆိုရင် တာအိုစက်ကွင်းထဲမှာရှိတဲ့ ကိုယ်ပွားက ချန်ယွီအာကို အပြင်ပို့ပေးမှာပါ။
တတိယ တာအိုစက်ကွင်း အပြင်ဘက်က ကြယ်စကြဝဠာဟာ ကျင့်ကြံမှုစနစ်မျိုးစုံ၊ လူ့အဖွဲ့အစည်းမျိုးစုံနဲ့ အလွန်တရာမှ စည်ကားသိုက်မြိုက်နေပါပြီ။ ချန်ယွီအာ ပျင်းရင် သွားဆော့လို့ရပါတယ်။ အသက်အန္တရာယ် ကျရောက်မှာကိုလည်း စိုးရိမ်စရာ မရှိပါဘူး။ ကြယ်စကြဝဠာက လျူပေ့ရဲ့လက်အောက်မှာ မဟုတ်ပါလား။
ကြယ်စကြဝဠာအကြောင်း တွေးမိသွားတဲ့ ဟန်ကျွယ်ဟာ လျူပေ့ကို ဆရာတင်ခဲ့တဲ့ ဟုန်ကျွင်းကို သတိရသွားပါတယ်။ ဟုန်ကျွင်းဟာ ကြယ်စကြဝဠာက ထွက်သွားတာ နှစ်ဆယ်သန်းချီပြီး အဲဒီကတည်းက ဘာသတင်းမှ မကြားရတော့တာပါ။
ဟန်ကျွယ်ဟာ ကမ္ဘာဖျက်ကြာနက်ပေါ်ထိုင်ရင်း ဟုန်ကျွင်းကို တွက်ချက်ကြည့်လိုက်တဲ့အခါ ဟုန်ကျွင်းက ပဋိပက္ခထဲမှာ မဟုတ်ဘဲ သာလွန်မဟာတာအိုကမ္ဘာဆီ ရောက်နေတာကို တွေ့လိုက်ရပါတယ်။
သာလွန်မဟာတာအိုကမ္ဘာမှာ ဟုန်ကျွင်းဟာ နှစ်ဆယ်သန်းချီ တာအိုဟောကြားပြီး သူ့ကိုယ်ပိုင် မျိုးဆက်ကို တည်ထောင်ထားပါတယ်။ သူက တာအိုဘိုးဘေးရဲ့ လမ်းစဉ်ကို လျှောက်နေတယ်ဆိုတာ အသိသာကြီးပါ။
ဟန်ကျွယ်ဟာ ဟုန်ကျွင်းရဲ့ လှုပ်ရှားမှုတွေကို မနှောင့်ယှက်ပါဘူး။ ဟိုးအရင်ကတည်းက တာအိုဘိုးဘေးဟာ ဟန်ကျွယ်ကို အကောက်မကြံခဲ့ဘဲ ကောင်းကင်တာအိုကိုတောင် နားလည်မှုနဲ့ ပေးခဲ့ပါတယ်။
သူတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ကူညီခဲ့တာမလို့ ဟန်ကျွယ်က တာအိုဘိုးဘေးထက် စွမ်းအားကြီးနေရင်တောင် ရန်သူတွေ ဖြစ်လာဖို့ မလိုပါဘူး။
ဟန်ကျွယ် တစ်ခဏ ကြည့်နေတုန်း ဟန်ဟွမ်ကို ရုတ်တရက် တွေ့သွားပါတယ်။ ဟန်ဟွမ်ဟာ သာလွန် မဟာတာအိုကမ္ဘာမှာ နောက်ထပ် အထွတ်အထိပ် နိယာမအတွက် တိုက်ခိုက်နေပါတယ်။
ဟန်ဟွမ်ဟာ အထွတ်အထိပ် နိယာမတွေကို ပေါင်းစပ်လို့ အောင်မြင်ရုံပဲ ရှိပါသေးတယ်။ နောက်တစ်ခုအတွက် တိုက်ခိုက်နေပါပြီ။
‘ဒီကောင်လေးက မဟာတာအိုကမ္ဘာ အသီးသီးရဲ့ အထွတ်အထိပ် နိယာမတွေကို လိုက်စုနေတာလား... စိတ်ဝင်စားဖို့တော့ ကောင်းသား’
ဟန်ကျွယ်ဟာ ဟန်ဟွမ်က သူ့ဝိညာဉ်နက်ထဲမှာ လောကဦးကမ္ဘာ တည်ထောင်ထားတာကို မြင်နိုင်ပါတယ်။ ဟန်ကျွယ်ဟာ ရင်းနှီးတဲ့မြင်ကွင်းကို ကြည့်ပြီး အတိတ်ကို လွမ်းဆွတ်သွားပါတယ်။ ဒီလောကဦးပဋိပက္ခက ဟန်ဟွမ်ကို နှစ်ပေါင်းမြောက်မြားစွာ တိုးတက်အောင်လုပ်ဖို့ လုံလောက်ပါတယ်။
ဟန်ကျွယ်ဟာ အမြဲတမ်း ဂူအောင်းကျင့်ကြံတဲ့အတွက် ကျင့်ကြံမှုအဆင့်ကလည်း ပုံမှန်တိုးလာပြီး ရုပ်ခန္ဓာကလည်း အမြဲမပြတ် အသွင်ပြောင်းလဲနေပါတယ်။ ဟန်ကျွယ်ဟာ တခြားတာအိုဖန်တီးရှင်တွေကို လိုက်မမီနိုင်အောင် နောက်မှာ ချန်ထားခဲ့မှာပါ။
ဒီအကြောင်းကြောင့် ဟန်ကျွယ်ဟာ ဟန်ဟွမ်ကို မကန့်သတ်ဘဲ ဒီအတိုင်း လွှတ်ထားတာပါ။ တကယ်လို့ ရုတ်ရုတ်သဲသဲ ဖြစ်ပြီး ဟန်ဟွမ် သေဆုံးသွားရင်တောင် ဟန်ကျွယ်က ဟန်ဟွမ်ကို အသက်ပြန်ရှင်အောင် လုပ်နိုင်ပါသေးတယ်။
ဟန်ကျွယ်ဟာ ဟန်ဟွမ်ရဲ့ ဝိညာဉ်အပိုင်းအစကို အစောကြီးကတည်းက သိမ်းထားခဲ့တာပါ။ ဒီလိုလုပ်တာက ဟန်ကျွယ် ဟန်ဟွမ်ကို မယုံကြည်လို့ မဟုတ်ပါဘူး။ တာအိုဖန်တီးရှင်ကို ဒေါသထွက်အောင် လုပ်မိရင် တာအိုစက်ကွင်းထဲမှာရှိတဲ့ ဝိညာဉ်အပိုင်းအစကပဲ ဟန်ဟွမ်ကိုပဲ အသက်ပြန်ရှင်သန်နိုင်စေမှာပါ။
အဲဒီနောက် ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး ဆက်ကျင့်ကြံပါတယ်။
ရှန်ဝေါ်လည်း သူ့စိတ်အခြေအနေကို ပြုပြင်ပြီး တရား ပြန်ထိုင်ပါတယ်။ ရှန်ဝေါ်ရဲ့ အကြည့်တွေကလည်း ပြတ်သားသွားပါတယ်။
‘ကနဦးဘိုးဘေး... စောင့်ကြည့်နေပါ၊ ကျွန်တော် ကနဦးဘိုးဘေးကို စိတ်မပျက်စေရပါဘူး’ ရှန်ဝေါ်ဟာ နောက်တစ်ခါ မျက်နှာမပျက်စေရဘူးလို့ စိတ်ထဲမှာ ကျိန်ဆိုလိုက်ပါတယ်။
ဖန်တီးရှင်ဧကရာဇ်ရုံးတော်၊ မိုးကောင်းကင်ခန်းမ။
ဟန်လင်ဟာ ပလ္လင်ပေါ်မှာ တည်တည်ကြည်ကြည် ထိုင်နေပါတယ်။ သူမရဲ့ အကြည့်ဟာ ခန်းမထဲက လူရှစ်ယောက်အပေါ် ကျရောက်သွားပါတယ်။
ဟန်ယဲ့၊ ဟန်ယောင်၊ ဟန်ပါရှန်နဲ့ တခြား မဟာတာအိုပညာရှိငါးပါးပါ။
“ဘိုးဘေးဟန်ဟွမ်က စွမ်းအားကြီးလွန်းတယ်၊ ကျွန်တော် သူ့ဆီက လုလို့မရဘူး၊ ကျွန်တော်တို့တွေ သိစိတ်မဲ့ မဟာတာအိုကမ္ဘာရဲ့ အထွတ်အထိပ်နိယာမကိုပဲ ရှာရင် ကောင်းမယ်ထင်တယ်” ဟန်ယောင်ဟာ ကူကယ်ရာမဲ့တဲ့လေသံနဲ့ အကြံပေးလိုက်ပါတယ်။
ဟန်ယဲ့ဟာ ဟွန်းခနဲ နှာမှုတ်လိုက်ပေမဲ့ ဟန်ယောင်စကားကို မငြင်းပါဘူး။ ဟန်ဟွမ်ရဲ့ စွမ်းအားက သူ့ကိုလည်း စိတ်ဒဏ်ရာ ရလုနီး ဖြစ်စေခဲ့ပါတယ်။ ဟန်ယဲ့ဟာ ဟန်ဟွမ်နဲ့ နောက်ထပ် မတိုက်ခိုက်ချင်တော့ပါဘူး။
ဟန်ပါရှန်က အပြုံးနဲ့ ပြောလိုက်ပါတယ် “ကျွန်တော် အမြင်တော့ အထွတ်အထိပ် နိယာမတွေက ပြဿနာရှာတာကလွဲရင် သုံးစားမရဘူး”
ဟန်လင် “ဒီခရီးက မင်းတို့တွေ အထွတ်အထိပ်နိယာမကို ရရမယ်လို့ မဆိုလိုဘူး၊ ငါက မင်းတို့တွေ ပဋိပက္ခရဲ့ ထိပ်တန်းစွမ်းအားကို သိစေချင်ရုံပဲ၊ ဒီတိုက်ပွဲအပြီးမှာ မင်းတို့ရဲ့ မာန်မာနတွေလည်း လျော့ပါးသွားလောက်ပါပြီ၊ ဒီနောက်ပိုင်း ဖန်တီးဧကရာဇ်ရုံးတော်က ကျင့်ကြံသူတွေ စုဆောင်းဖို့ စီစဉ်ထားတယ်၊ အထူးသဖြင့် လွတ်လပ်တာအိုပညာရှိတွေ... များလေ ကောင်းလေပဲ”
“ဟန်ယောင်... တာအိုဧကရာဇ်ငါးပါးနဲ့ ငရဲပြည်ဆီသွားပြီး အင်အားစုတစ်ခု တည်ထောင်ချည်၊ ဘယ်လိုနည်းလမ်းပဲ သုံးရသုံးရ အခြေကုပ်နိုင်အောင်လုပ်”
ဟန်ယောင်ဟာ လက်သီးဆုပ်ပြီး အမိန့်ကို လက်ခံလိုက်ပါတယ်။ အဲဒီနောက် ဟန်ယောင်ဟာ မဟာတာအိုပညာရှိငါးပါးနဲ့ ထွက်ခွာသွားပါတယ်။
ဟန်ယဲ့နဲ့ ဟန်ပါရှန်ကလည်း ထွက်သွားဖို့ ပြင်လိုက်ပေမဲ့ ဟန်လင်က သူတို့ကို တားလိုက်ပါတယ်။
ဟန်ယောင်နဲ့ တခြား မဟာတာအိုပညာရှိငါးပါး ပျောက်ကွယ်သွားတဲ့အခါ ဟန်လင်က ပြောလိုက်ပါတယ် “ငါ ငရဲပြည်မှာ ငါတို့ရဲ့ မဟာတာအိုကမ္ဘာကို ဖွင့်လှစ်ဖို့ စီစဉ်ထားတယ်၊ မင်းတို့ ဘယ်လိုသဘောရလဲ”
ဟန်ယဲ့ဟာ မှင်တက်သွားပါတယ် “ငရဲပြည်မှာလား”
“ငရဲပြည်က လူသေနဲ့ လူရှင်ကို ခွဲခြားထားတာ၊ အဲဒီမှာ တာအိုပညာရှိ ပေါ်လာဖို့က အတော်ခက်တယ်၊ အဲဒါကြောင့် သက်ရှိကမ္ဘာက ငရဲပြည်ကို လျစ်လျူရှုထားတယ်၊ ဒါပေမဲ့ ငရဲပြည်က အလုပ်ဖြစ်နိုင်တယ်လို့ ငါ ထင်တယ်၊ မဟာတာအိုကမ္ဘာ အသီးသီးရဲ့ ငရဲပြည်တွေက ဆက်စပ်နေတယ်၊ ငါ့အထင် အဲဒီမှာ လျှို့ဝှက်ဆန်းကြယ်မှုတစ်ခု ဝှက်ထားတာ ဖြစ်ရမယ်၊ လွတ်လပ်တာအိုပညာရှိ စုဆောင်းမဲ့ကိစ္စကို မင်းတို့နှစ်ယောက်လက်ထဲ အပ်လိုက်မယ်၊ မင်းတို့တွေ တခြားနာမည်သုံးပြီး ငရဲပြည်ကို ထိုးဖောက်စိမ့်ဝင်ချည်၊ ဒီအကြောင်း ဟန်ယောင်ကို မပြောနဲ့”
ဟန်လင်ဟာ စကားဆုံးတာနဲ့ ညာလက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်တဲ့အခါ ဧကရာဇ်စစ်သား နှစ်ပါး ဟန်ယဲ့နဲ့ ဟန်ပါရှန်ဆီ ကျရောက်သွားပါတယ်။ အဲဒီနောက် ချက်ချင်းဆိုသလို ဟန်ယဲ့နဲ့ ဟန်ပါရှန်ဟာ ဧကရာဇ်စစ်သားအသွင် ပြောင်းလဲသွားကြပါတယ်။
ဟန်ယဲ့ဟာ သူ့ကိုယ်သူ ပြန်ကြည့်ပြီး အံ့အားသင့်သွားပါတယ်
ဟန်ပါရှန်က သိချင်စိတ်နဲ့ စပ်စုလိုက်ပါတယ် “အရှင်မင်းကြီး... ကျွန်တော်တို့တွေ ငရဲပြည်ကို ဘာသွားလုပ်မှာလဲ”
ဟန်လင်ဟာ မျက်နှာတစ်ချက်မပျက်ဘဲ ပြောလိုက်ပါတယ် “ငါက အန္တိမမူလ ကျင့်ကြံမှုစွမ်းရည် လို့ခေါ်တဲ့ ရတနာတစ်ပါးကို ရှာနေတာ၊ အဲဒါက ဟွမ်ချွမ်ထဲမှာ ပုန်းအောင်းနေတယ်၊ ဘယ်နေရာမှာ ရှိမှန်းတော့ ငါ မသိဘူး၊ ဒါပေမဲ့ ငါ့တွက်ချက်မှုအရ အန္တိမမူလစွမ်းအားကို ရရင် အထွတ်အထိပ် ဖန်တီးမှုကို ရနိုင်လိမ့်မယ်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။