ဟန်ကျွယ်ကို ကျိန်စာတိုက်ခြင်း
Vol. 100 Ch. 1048
နှစ်ငါးသန်း ကြာတဲ့အခါ ဗလာနယ်မြေထဲက အန္တိမမူလကမ္ဘာရဲ့ အစွန်းဟာ ပြင်းထန်စွာ လှုပ်ရှားလာပါတယ်။ ကံကောင်းထောက်မစွာပဲ အနီးအနားမှာ ဘယ်သက်ရှိမှ မရှိတဲ့အတွက် ဒီဟာကို ဘယ်သူမှ အာရုံမခံမိပါဘူး။
အန္တိမမူလကမ္ဘာထဲမှာရှိတဲ့ သက်ရှိတွေကတော့ အပြင်ဘက်က အခြေအနေကို အာရုံခံနိုင်တဲ့ အရည်အချင်း မရှိသေးပါဘူး။
ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းက ဟန်ကျွယ်ရဲ့ ကျင့်ကြံမှု ထပ်တိုးလာတာကြောင့်ပါ။
ရှီထျန်ခရီးစဉ်က ဟန်ကျွယ်ကို စိတ်ကူးဉာဏ် ရင့်သန်စေခဲ့ပါတယ်။ ဒါကြောင့် ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုဟာ အရင်ကထက် ပိုမြန်လာခဲ့ပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး ကျေနပ်အားရသွားပါတယ်။ တာအိုဖန်တီးရှင် နောက်ဆုံးအဆင့်က အလှမ်းဝေးနေသေးပေမဲ့ အများကြီး မဝေးကွာတော့ပါဘူး။
သိထားရမှာက ဟန်ကျွယ်ဟာ သန်းတစ်ရာတောင် မပြည့်သေးပါဘူး။ သာမန်လူဆို နှစ်သန်းတစ်ရာနဲ့ တာအိုဖန်တီးရှင် ဖြစ်နိုင်ခြေ လုံးဝ မရှိပါဘူး။ တာအိုဖန်တီးရှင် အလယ်အဆင့်က ပိုလို့တောင် မဖြစ်နိုင်ပါသေးတယ်။
ဟန်ကျွယ်က ဘေးနားက ကျင့်ကြံအားထုတ်နေတဲ့ ရှန်ဝေါ်ကို ကြည့်လိုက်ပါတယ်။ ရှန်ဝေါ်ဟာ ဟန်ကျွယ်ရဲ့ လှုံ့ဆော်ပေးမှုကြောင့် ကျင့်ကြံတာကို ပိုပြီး အလေးအနက် ထားလာပါတယ်။ ဒီအမူအကျင့်က ဟန်ကျွယ်ကို အတော်လေး ကျေနပ်အားရစေပါတယ်။
‘နောက်ထပ် ပဋိပက္ခ အစည်းအဝေးက စတော့မယ်၊ ငါ သူ့ကို ဝင်ပြိုင်ခိုင်းသင့်လား...’ ဟန်ကျွယ်ဟာ တဒင်္ဂ တွေးတောပြီးနောက် သူ့အကြံကို လက်လျှော့လိုက်ပါတယ်။
ရှန်ဝေါ်ကို တာအိုစက်ကွင်းထဲမှာ နေခိုင်းတာ အကောင်းဆုံးပါ။ သူ့မျိုးဆက်တွေ အကုန်လုံး နာမည်ကြီးဖို့ မလိုဘူး မဟုတ်ပါလား။
အဲဒီနောက် ဟန်ကျွယ်ဟာ စာစောင်တွေကို စပြီးတော့ စစ်ဆေးပါတယ်။
လွန်ခဲ့တဲ့နှစ်တွေမှာ အလှုပ်ရှားဆုံးက ဖန်တီးရှင်ဧကရာဇ်ရုံးတော်နဲ့ ရှုံဟွာအင်အားစုပါ။ ဟန်ဟွမ်ဟာ အထွတ်အထိပ် နိယာမတွေကို ပေါင်းစပ်ရင်း အလုပ်များနေတဲ့အတွက် လောလောဆယ်မှာ လှုပ်ရှားမှု သိပ်မရှိပါဘူး။
ဟန်ဟွမ်ပေါ်မလာတဲ့အတွက် ပဋိပက္ခနဲ့ ရှီထျန်က ပိုပြီးတော့ စည်ကားလာပါတယ်။ သူတို့ခေါင်းပေါ်မှာ အုပ်မိုးထားတဲ့ တိမ်မည်းတွေ မရှိတော့တဲ့အတွက် စိတ်တိုင်းကျ လှုပ်ရှားနိုင်ကြတယ် မဟုတ်ပါလား။
ဟန်ကျွယ်ဟာ ကျင့်ကြံနေစဉ်အတွင်း သူနဲ့ပတ်သက်ပြီး တစ်စုံတစ်ခု ရွှေ့ပြောင်းခံရတာကို ခံစားမိခဲ့ပါတယ်။ ဒါပေမဲ့ ဒီကိစ္စက သူ့ကို သိပ်ပြီး သက်ရောက်မှုမရှိတဲ့အတွက် ဟန်ကျွယ်ဟာ အဲဒီကိစ္စကို လျစ်လျူရှုထားခဲ့ပါတယ်။ အခုအားလို့ တွက်ချက်ကြည့်လိုက်တဲ့အခါ
“ဟင်...” ဟန်ကျွယ် အံ့အားသင့်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထူးဆန်းတဲ့ကိစ္စတစ်ခုကို ရုတ်တရက် ရှာတွေ့သွားလို့ပါပဲ။
အန္တိမမူလကမ္ဘာရဲ့ ငရဲပြည်က မဟာတာအိုကမ္ဘာ အသီးသီးရဲ့ ငရဲပြည်တွေနဲ့ ပေါင်းစပ်ပြီး သီးခြားပြင်ညီတစ်ခု ဖြစ်တည်လာပါတယ်။ တစ်ချက်ကြည့်လိုက်ရုံနဲ့ ငရဲပြည်က ဘယ်ကမ္ဘာထက်မဆို ကြီးမားတာ တွေ့နိုင်ပါတယ်။ မဟာတာအိုကမ္ဘာတွေက အခုထိ ပေါင်းစပ်လို့ မပြီးသေးဘူး မဟုတ်ပါလား။
တစ်ယောက်ယောက်က ပဋိပက္ခငရဲပြည်ကနေ အန္တိမမူလကမ္ဘာရဲ့ ငရဲပြည်ထဲကို ထိုးဖောက် စိမ့်ဝင်လာပါတယ်။
ထူးဆန်းတာတော့ တော်တော် ထူးဆန်းပါတယ်။ အန္တိမမူလကမ္ဘာရဲ့ ငရဲပြည်မှာ သက်ရှိဆိုလို့ ခွေးတစ်ကောင် ကြောင်တစ်မြီး မပြောနဲ့၊ ပိုးကောင်းမွှားကောင်တောင် မရှိပါဘူး။
‘ငရဲပြည်က ကိုယ်ပိုင်နိယာမတွေ ရှိနေတာလား... အရင်က ဧကရီဟုတ်ထို ပြန်လည်မွေးဖွားခြင်း စက်ဝန်းကို တည်ဆောက်ခဲ့တာက ကောင်းကင်တာအိုကို ငရဲပြည်ဆီ ဦးဆောင်ဖို့များလား...’
အန္တိမမူလကမ္ဘာရဲ့ ငရဲပြည်ထဲ စိမ့်ဝင်လာတာက ဟန်ယဲ့နဲ့ ဟန်ပါရှန်ပါ။ ဟန်ကျွယ် သူ့ကို သိပ်ပြီး မသက်ရောက်စေဘူးလို့ ခံစားရတာ အံ့ဩစရာ မရှိပါဘူး။ အမျိုးအမည်မသိတဲ့ ရောင်ဝါဆိုရင် ဟန်ကျွယ်ရဲ့ အလိုလိုသိစိတ်က သေချာပေါက် စက်ဆုပ်ရွံရှာမိမှာပါ၊ တာအိုဖန်တီးရှင်တစ်ပါးရဲ့ စက်ဆုပ်ရွံရှာမှုက မဟာတာအိုပညာရှိတစ်ပါးကို အမှုန့်ကြိတ်ပစ်ဖို့ လုံလောက်ပါတယ်။
ဒီကိစ္စတွေရဲ့ အကြောင်းရင်းက အန္တိမမူလကမ္ဘာရဲ့ ငရဲပြည်မှာ အန္တိမမူလစွမ်းအားကနေ ဖြစ်တည်လာတဲ့ ကျင့်ကြံမှုစွမ်းရည်ကြောင့်ပါ။ လက်ရှိမှာ ကျင့်ကြံမှုစွမ်းရည်က နှစ်ခုရှိပြီး တစ်ခုကို ဟန်ယဲ့နဲ့ ဟန်ပါရှန်က လုယူသွားပါတယ်။
အန္တိမမူလ ကျင့်ကြံမှုစွမ်းရည်က အန္တိမမူလစွမ်းအား အနည်ထိုင်ပြီး ဖြစ်ပေါ်လာတာပါ။ ထူးထူးခြားခြား ဘာမှ မရှိပါဘူး။
ဒါပေမဲ့ ဒီစွမ်းအားက မဟာတာအိုအတွက်တော့ သိမ်မွေ့နက်နဲလွန်းပါတယ်။ ဟန်ဟွမ်လို စွမ်းအားကြီးတဲ့ လူကိုတောင် စွဲစွဲလမ်းလမ်း ဖြစ်စေတဲ့ အရာပါ။
‘ဒီကောင်စုတ်လေး နှစ်ကောင်က ဘယ်လိုလုပ်ပြီး အန္တိမမူလ ကျင့်ကြံမှုစွမ်းရည်ကို ရှာတွေ့သွားတာလဲ’
ဟန်ကျွယ်ဟာ ဆက်ပြီး တွက်ချက်ကြည့်တဲ့အခါ ဒီကံတရားရဲ့ ရင်းမြစ်က ဟန်လင်ဆီက လာတာကို ရှာတွေ့သွားပါတယ်။
‘လက်စသတ်တော့ ငါ့သမီးကြောင့်ကိုး’
ဟန်ကျွယ်ဟာ ဟန်လင်က အန္တိမမူလ ကျင့်ကြံမှုစွမ်းရည်ဟာ သူနဲ့ ပတ်သက်တယ်ဆိုတာကို ခန့်မှန်းမိလား မခန့်မှန်းမိဘူးလား ဆိုတာကိုတော့ မသိပါဘူး။
အကြောင်းရင်းကို သိရှိပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ထပ်ပြီး ဂရုမစိုက်တော့ပါဘူး။ ဟန်ကျွယ်ဟာ အပျင်းကြောဆန့်ပြီး အကြောလျှော့လိုက်ပါတယ်။
ရှန်ဝေါ်လည်း မျက်လုံး ပွင့်လာပါတယ် “ကနဦးဘိုးဘေး... နိုးနေတာလား”
ရှန်ဝေါ်ရဲ့ လေသံဟာ အရင်ကနဲ့မတူဘဲ ရိုကျိုးမှုတွေ ပြည့်နေတာကြောင့် ဟန်ကျွယ်ဟာ ဘာပြောရမှန်း မသိတော့ပါဘူး ‘ငါ ပညာပေးတာ များသွားပြန်ပြီလား...’
“ငါ မင်းကို တာအိုဟောကြားပေးမယ်”
ဟန်ကျွယ်ဟာ ရှန်ဝေါ်ဆီက အဖြေကို မစောင့်ဘဲ တာအိုစတင် ဟောကြားပါတယ်။ တာအိုအသံ ထွက်ပေါ်လာတာနဲ့ ရှန်ဝေါ်ဟာ တာအိုသုံးသပ်နားလည်တဲ့ အခြေအနေကို ချက်ချင်း ဝင်ရောက်သွားပါတယ်။
ဟန်ကျွယ်ဟာ တာအိုဟောကြားဖို့ ကိုယ်ပွားထားခဲ့ပြီး ပင်မခန္ဓာကိုယ်ကတော့ တာအိုလက်တွဲဖော်တွေဆီ သွားလည်ပါတယ်။
နှစ်တစ်ထောင် ကြာတဲ့အခါမှာတော့ တာအိုဟောကြားမှု ပြီးဆုံးပြီး ရှန်ဝေါ် နိုးလာပါတယ်။
ရှန်ဝေါ်ဟာ သက်ပြင်းချလိုက်ပါတယ် “ကနဦးဘိုးဘေးက ကနဦးဘိုးဘေးပဲ၊ ကနဦးဘိုးဘေးရဲ့ တာအိုဟောကြားမှုက ငါနှစ်ဆယ်သန်းချီ ကျင့်ကြံတာထက် အကျိုးပိုများတယ်၊ နောက်ပြီး နောက်လျှောက်ရမဲ့ ကျင့်ကြံမှုလမ်းစဉ်ကိုလည်း ပိုပြီးတော့ နက်နက်ရှိုင်းရှိုင်း နားလည်သွားတယ်”
ဟန်ကျွယ် “ဘာတွေပဲဖြစ်ဖြစ် အမြဲတမ်း နှိမ့်ချပြီး သတိကြီးကြီးထားရမယ်၊ မင်းကို ငါ့အတိတ်အကြောင်း ပြောပြမယ်”
ရှန်ဝေါ်ဟာ ချက်ချင်း စိတ်ဝင်စားသွားပြီး ဟန်ကျွယ်ရှေ့မှာ ထိုင်ကာ ဟန်ကျွယ်ဆီက စကားသံကို မျှော်လင့် စောင့်စားပါတယ်။
ဟန်ကျွယ်ဟာ သူ ငယ်ငယ်လေးတုန်းက အကြောင်းအရာတွေကနေ စပြီးတော့ ပြောပြပါတယ်။ ဟန်ကျွယ်ဟာ သူ့ဘဝအကြောင်းကို မတူညီတဲ့လူတွေကို ထပ်ခါထပ်ခါ ပြောပြပြီးပြီမလို့ တစ်ခါ ထပ်ပြောတာက ဘာမှထူးမသွားပါဘူး။
တစ်ချိန်တည်းမှာပဲ ဒီဇာတ်လမ်းကို သူကိုယ်တိုင် ပြန်ကြားဖို့ဆိုရင်လည်း မမှားပါဘူး။ အရင်က ဘယ်လိုရှင်သန်ခဲ့ရလဲဆိုတာကို သတိရနေမှ ဘဝ မမေ့မှာပါ။
စနစ်ကလည်း အရင်တုန်းက စနစ်ပိုင်ရှင်တွေ ဘယ်လို အဆုံးသတ်သွားတယ်ဆိုတာကို ဟန်ကျွယ်ကို ပြပြီးပါပြီ။ တချို့တွေက သူ့လောက် သတိကြီးကြပေမဲ့ ပြိုင်ဘက်ကင်းတယ်လို့ ခံစားရပြီးနောက်ပိုင်း သတိလက်လွတ် နေထိုင်တဲ့အတွက် ဘဝနိဂုံးချုပ်သွားခဲ့ရပါတယ်။
မကြာခင်မှာပဲ ရှန်ဝေါ်ဟာ ဇာတ်လမ်းထဲ စိတ်နစ်သွားပြီး ဘေးအန္တရာယ်တွေကို သူကိုယ်တိုင် ရင်ဆိုင်နေရသလိုမျိုး ခံစားလိုက်ရပါတယ်။ ရှန်ဝေါ်ဟာ ကနဦးဘိုးဘေးက သတိကြီးလွန်းပြီး နည်းနည်း သတ္တိကြောင်ကာ ကျိုးကြောင်းမဆီလျော်ပေမဲ့ သူ့ဘေးနားကလူတွေ ဒုက္ခရောက်ရင် ကူညီတတ်တာကို တွေ့လိုက်ရပါတယ်။
ရှန်ဝေါ်ဟာ ဒါက သူဖြစ်ချင်တဲ့ လူစားမျိုးလို့ ခံစားလိုက်ရပါတယ်။
ဟန်ကျွယ် စကားပြောလို့ ပြီးသွားတဲ့အခါ ရှန်ဝေါ်က တလေးတစား ပြောလိုက်ပါတယ် “ကနဦးဘိုးဘေး... ကျွန်တော် ကနဦးဘိုးဘေးရဲ့ ရည်ရွယ်ချက်ကို နားလည်ပါတယ်”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ငါ့အတွက် လူတစ်ယောက်ကို ကျိန်စာတိုက်ပေး၊ သူ့နာမည်က ဟန်ဖန်းကျွယ်၊ သူက ဒီပုံစံ ရှိတယ်” ဟန်ကျွယ် လက်ဝှေ့ယမ်းလိုက်တဲ့အခါ သူနဲ့တူတဲ့ လူတစ်ယောက် ပေါ်လာပါတယ်။
ဟန်ဖန်းကျွယ်ဟာ ဟန်ကျွယ် လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော်က သေမျိူးကမ္ဘာထဲ လွှင့်ပစ်ခဲ့တဲ့ ဝိညာဉ်အပိုင်းအစ တစ်ခုပါ။ ဟန်ကျွယ်ရဲ့ ဖိနှိပ်မှုအောက်မှာ ဟန်ဖန်းကျွယ်ရဲ့ ကျင့်ကြံမှုက မဟာတာအို အထွတ်အထိပ်အဆင့်မှာပဲ ရှိပါတယ်။ ဒါပေမဲ့ ဟန်ဖန်းကျွယ်ဟာ မှတ်ဉာဏ်တွေ ဆုံးသွားတဲ့အတွက် အကောင်းအဆိုး မသိပါဘူး။
ရှန်ဝေါ်ဟာ ဟန်ကျွယ်နဲ့တူတဲ့ လူကို ကြည့်ပြီး မှင်တက်သွားပါတယ်။ ရှန်ဝေါ်ဟာ ငတုံးမဟုတ်တဲ့အတွက် ဒီလူက ကနဦးဘိုးဘေးနဲ့ ပတ်သက်နေတယ်ဆိုတာကို တစ်ချက်ကြည့်ရုံနဲ့ သိပါတယ်။
ရှန်ဝေါ်ဟာ အသက်အရှည်ကြီး ရှူသွင်းပြီး မူလကျိန်စာကြယ်ရဲ့ စွမ်းအားကို အသက် စသွင်းပါတယ်။
လေးငါးရက်ကြာတဲ့အခါမှာတော့ ဟန်ဖန်းကျွယ်ဟာ မသက်မသာ ခံစားလာရပါတယ်။
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျိန်စာစွမ်းအားက နှောင့်နှေးနေလို့ပါ။
‘ဟန်ဖန်းကျွယ်က စွမ်းအားကြီးလွန်းနေလို့လား...’
နောက်ထပ် ရက်အနည်းငယ် ကြာတဲ့အခါမှာတော့ ရှန်ဝေါ်ရဲ့ မျက်နှာဟာ သွေးဆုတ်သွားပြီး တစ်ကိုယ်လုံး ဆတ်ဆတ် တုန်သွားပါတယ်။
ဟန်ဖန်းကျွယ်က တန်ပြန်လိုက်တာပါ။
ဟန်ကျွယ်လည်း ဟန်ဖန်းကျွယ် ဝိညာဉ်အပိုင်းအစကို ချက်ချင်း ပြန်သိမ်းလိုက်တဲ့အခါ သူ့စိတ်ထဲကို မှတ်ဉာဏ်တွေ တိုးဝင်လာပါတယ်။
ဟန်ဖန်းကျွယ်ဟာ ဘယ်သူက ကျိန်စာတိုက်လဲဆိုတာကို မတွက်ချက်နိုင်ပါဘူး။ ကျိန်စာနောက်လိုက်ပြီး တန်ပြန်လိုက်ရုံပါ။
ဟန်ကျွယ်ဟာ ရှန်ဝေါ်ကို တအံ့တဩ ကြည့်လိုက်ပါတယ် ‘ဒီကောင်လေးက တကယ်ပဲ ကြမ္မာဆိုးစာအုပ်လိုမျိုး ဖြစ်လာမှာလား...’
မူလကျိန်စာကြယ်က ကြမ္မာဆိုးစာအုပ် သက်ရောက်တာကို နက်နက်ရှိုင်းရှိုင်း ခံလိုက်ရပုံပါပဲ။ ကြမ္မာဆိုးစာအုပ်က ဟန်ကျွယ်ရဲ့ မူလသက်တမ်းကို စတေးရပါတယ်။ ဒီတော့ ရှန်ဝေါ်လည်း ကျိန်စာတိုက်ဖို့အတွက် တစ်ခုခုကိုတော့ စတေးရမှာပါ။
“ကနဦးဘိုးဘေး... ကျွန်တော် ကျင့်ကြံမှုအဆင့် ကျသွားပြီ...” ရှန်ဝေါ်ဟာ တုန်လှုပ်ချောက်ချားပြီး စိတ်လေးသွားပါတယ်။
‘ကျင့်ကြံမှုနဲ့ ကျိန်စာတိုက်တာလား...’ ဟန်ကျွယ်ဟာ တစ်ခဏ တွေးတောပြီးနောက် အဓိပ္ပာယ်ရှိတယ်လို့ ခံစားလိုက်ရပါတယ်။
ဟန်ကျွယ်ဟာ ရှန်ဝေါ်ကို နှစ်သိမ့်ပေးလိုက်ပါတယ် “ဘာမှမဖြစ်ဘူး၊ ပြန်ပြီး ကျင့်ကြံပေါ့၊ မင်း အခုဆုံးရှုံးသွားတဲ့ ကျင့်ကြံမှုနဲ့ အပြင်ထွက် လေ့ကျင့်လို့ ရန်သူနဲ့တွေ့ရင် တိုက်ခိုက်ပြီး ဆုံးရှုံးရမဲ့ ကျင့်ကြံမှု ဘယ်ဟာကများမယ်လို့ ထင်လဲ”
ဟန်ကျွယ်ရဲ့ စကားကြောင့် ရှန်ဝေါ်ဟာ စိတ်သက်သာရာ ရသွားပါတယ်။
ဟန်ကျွယ်ဟာ ပြုံးပြီး ရှန်ဝေါ်ကို စိုက်ကြည့်လိုက်ပါတယ် ‘ဒီကောင်လေးက ငါ့ရဲ့ လျှို့ဝှက်လက်နက် ဖြစ်လာမှာ၊ မဆိုးဘူး’
ဟန်ကျွယ် “မင်းက ကျိန်စာလမ်းစဉ်ကို လျှောက်လှမ်းမှာဆိုတော့ နာမည်အသစ် စဉ်းစားပြီးပြီလား၊ အမှောင်သခင်ကြီးလိုမျိုးပေါ့၊ ဘယ်သူမှ သူ့နာမည်အရင်းကို မသိဘူး”
ရှန်ဝေါ်ရဲ့ မျက်လုံးတွေဟာ အရောင်တောက်သွားပါတယ်။ ရှန်ဝေါ်ဟာ တစ်ခဏ စဉ်းစားပြီး “ကျွန်တော်ကိုယ်ကျွန်တော် ကြမ္မာဆိုးသခင်ကြီးလို့ ခေါ်မယ်၊ ကနဦးဘိုးဘေး ဘယ်လိုသဘောရလဲ”
“ကောင်းပါတယ်၊ အမှောင်သခင်ကြီးနဲ့ မတူပေမဲ့ တခြားလူရှုထောင့်ကနေ ကြည့်ရင် နာမည်ချင်းက ဆင်တယ်၊ ဒီတော့ မင်းကို အမှောင်သခင်ကြီးနဲ့ ပတ်သက်တယ်လို့ ထင်သွားကြလိမ့်မယ်၊ ဒီလိုဆို အမှောင်သခင်ကြီးက မင်းအတွက် ဖိအား ခွဲယူပေးလိမ့်မယ်”
“ဟုတ်ကဲ့ပါ၊ ကနဦးဘိုးဘေး မစိုးရိမ်ပါနဲ့၊ ကျွန်တော် မကြာခင်မှာ အမှောင်သခင်ကြီးကို ကျော်တက်နိုင်တော့မှာပါ”
“ငါလည်း အဲဒီနေ့ကို စောင့်နေတာ”
‘ဟွန်း... အဲဒီနေ့က ဘယ်တော့မှ ရောက်လာမှာ မဟုတ်ဘူး’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ ပြောလိုက်ပါတယ်။ ရှန်ဝေါ်အနေနဲ့ သူ့ကို ကျော်တက်ဖို့ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်တဲ့အရာပါ။
ရှန်ဝေါ်က ထပ်ပြောလိုက်ပါသေးတယ် “ကျွန်တော် ခုနက အဲဒီလျှို့ဝှက်ဆန်းကြယ်ပုဂ္ဂိုလ်ကို ထပ်တွေ့တယ်၊ သူက ကျွန်တော်ကို ကျိန်စာ ကူတိုက်ပေးချင်တဲ့ပုံပဲ”
မြန်မာပြည် ငြိမ်းချမ်းပါစေ။