← Chapters

ဟန်ကျွယ်နဲ့ တထေရာတည်းတူတဲ့လူ

Vol. 100 Ch. 1049

ဟန်ကျွယ်နဲ့ တထေရာတည်းတူတဲ့လူ

Vol. 100 Ch. 1049

“ဟုတ်လား... ဘယ်လိုဖြစ်လဲ ပြောစမ်းပါဦး” ဟန်ကျွယ်က မေးလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ဒီလျှို့ဝှက်ဆန်းကြယ် တည်ရှိမှုကို တကယ် ပဟေဠိ ဖြစ်နေတာပါ။ ဟန်ကျွယ်ဟာ စနစ်ကို အမှီပြုပြီး တာအိုဖန်တီးရှင်ကို တွက်ချက်နိုင်ပေမဲ့ တချို့တည်ရှိမှုတွေကိုတောင် တွက်ချက်လို့မရပါဘူး။ ဥပမာအနေနဲ့ ပြောရရင် ဟန်ကျွယ်ဟာ တာအိုဘိုးဘေးကို မတွက်ချက်နိုင်ပါဘူး။

ဒါက တည်ရှိမှုတွေရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အချက်ပါ။ တစ်ခါတစ်ရံမှာ တချို့ကိစ္စတွေက ကျင့်ကြံမှုအဆင့်နဲ့ ဆုံးဖြတ်လို့ မရပါဘူး။

ရှန်ဝေါ်ဟာ ခေါင်းကုတ်ပြီး “သူက ကျွန်တော်ကို စိုက်ကြည့်ပြီး ကျိန်စာတိုက်တယ်၊ လက်လှမ်းကမ်းတယ်၊ အဲဒါကလွဲရင်တော့ ဘာမှမဖြစ်ဘူး”

ဟန်ကျွယ်ဟာ မျက်လုံးကျဉ်းသွားပါတယ်။ ဒီလျှို့ဝှက်ဆန်းကြယ် တည်ရှိမှုက ရှန်ဝေါ်နဲ့ ပတ်သက်နေတယ်ဆိုတာ သိသာလှပါတယ်။

‘ဒီလျှို့ဝှက်ဆန်းကြယ် တည်ရှိမှုက ရှန်ဝေါ်နဲ့ ပတ်သက်နေတာများလား... ဒီလိုဆို ငါ နောက်ကျ သတိထားမှ ဖြစ်မယ်’

ဟန်ကျွယ်ဟာ ရှန်ဝေါ်ကို မကြာကြာ သန့်စင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ရှန်ဝေါ်နဲ့ စကား ခဏပြောပြီးမှ ဆက်ကျင့်ကြံပါတယ်။

အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။

ဟန်ကျွယ် အသက် သန်းတစ်ရာ ပြည့်တဲ့ အခါမှာတော့ ပဋိပက္ခက အကြီးအကျယ် ပြောင်းလဲသွားခဲ့ပါပြီ။ ပဋိပက္ခသူရဲကောင်းတွေ အများကြီး ပေါ်လာပြီး နယ်မြေတွေ သိမ်းပိုက်တာကြောင့် အခြေအနေတွေက ပိုပိုပြီးတော့ စိတ်လှုပ်ရှားဖို့ ကောင်းလာပါတယ်။

ဖန်တီးရှင်ဧကရာဇ်ရုံးတော်ကတော့ နာမည်အကျော်ဆုံးပါ။ ဖန်တီးရှင်ဧကရာဇ်ရုံးတော်ဟာ အလွန်လျင်မြန်စွာ အင်အားကြီးလာတဲ့အတွက် မြောက်မြားလှစွာသော ရှေးဟောင်း တည်ရှိမှုတွေကို တုန်လှုပ်သွားစေခဲ့ပါတယ်။

ဒီနေ့မှာတော့ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မဟာစစ်သူကြီးတစ်စုကို ဦးဆောင်ပြီး ဖန်တီးရှင်ဧကရာဇ်ရုံးတော်ရဲ့ မိုးကောင်းကင်ခန်းမဆီ ရောက်လာပါတယ်။ ဟန်ယဲ့နဲ့ ဟန်ပါရှန်ကတော့ ဟန်လင် ထိုင်နေတဲ့ စင်မြင့်ရဲ့ ရှေ့မှာ ရပ်နေကြပါတယ်။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဟန်လင်ကို ကြည့်ပြီး သက်ပြင်းချလိုက်ပါတယ် “နာမည်ကျော် ဧကရာဇ်က ငါ သိတဲ့လူတစ်ယောက်ပဲ ဆိုတာကိုတော့ သေချာပေါက် သိတယ်၊ ဒါပေမဲ့ မင်း ဖြစ်နေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး၊ အရင်တုန်းက မင်းမျက်လုံးထဲမှာ ဘာရည်မှန်းချက်မှ မတွေ့ခဲ့ရဘူး”

ဟန်လင်ဟာ မျက်နှာသေနဲ့ တစ်ချက် ရယ်လိုက်ပါတယ် “ကောင်းကင်ဧကရာဇ်... အရှင်မင်းကြီးက ဖေဖေနဲ့ မိတ်ဆွေဟောင်းတွေဆိုတော့ အရှင်မင်းကြီး ပြောတာကို ငါကိုယ်တော် နားထောင်ပေးမယ်”

နှစ်ယောက်စလုံးက သူတို့ကိုယ်သူတို့ ဧကရာဇ်လို့ ခေါ်ကြတဲ့အတွက် အခြေအနေက နည်းနည်း တင်းမာနေပါတယ်။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မုတ်ဆိတ်မွေးကို လက်နဲ့သပ်ပြီး ပြုံးလိုက်ပါတယ် “ငါ ဖန်တီးရှင်ဧကရာဇ်ရုံးတော်က လူတစ်ယောက် တောင်းချင်လို့၊ အဲဒီလူက ကောင်းကင်ရုံးတော်ရဲ့ သစ္စာဖောက်၊ သူက ငါတို့ကို သစ္စာဖောက်ရုံတောင် မဟုတ်ဘူး၊ ဖန်တီးရှင်ဧကရာဇ်ရုံးတော်ရဲ့ ကာကွယ်မှုကိုရဖို့ ကြိုးစားရာမှာ ကောင်းကင်စစ်သား အများကြီးကိုလည်း သတ်သွားတယ်”

ဟန်ယဲ့ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ကျွန်တော်တို့ ဖန်တီးရှင်ဧကရာဇ်ရုံးတော်က လက်ခံတဲ့လူတွေကို ဘယ်ကလာလဲဆိုတာ မမေးခဲ့ဘူး၊ အရှင်မင်းကြီးအတွက်နဲ့ ခြွင်းချက်ပေးလို့ ဖြစ်ပါ့မလား၊ ဒီလူကို အရှင်မင်းကြီးလက်ထဲ အပ်လိုက်ရင် နောက်နေ့ တခြားအင်အားစုတွေက လူလာတောင်းရင် ဘယ်လိုလုပ်မလဲ”

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ကူကယ်ရာမဲ့စွာ ပြုံးလိုက်ပါတယ် “ဒီလူက အရမ်းအရေးကြီးတယ်၊ ငါ့မှာ ရွေးချယ်စရာမရှိရင် ဒီကို မလာပါဘူး၊ မင်းတို့တွေ မပေးချင်ဘူး ဆိုရင်လည်း...”

“သဘောတူတယ်” ဟန်လင်က ဖြတ်ပြောလိုက်ပါတယ်။

ဟန်ယဲ့ဟာ မှင်တက်သွားပါတယ်။ ဟန်ပါရှန်လည်း ဝန်လေးသွားပါတယ်။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဟန်လင်က ဒီလောက်မြန်မြန် သဘောတူလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။

ဟန်လင် “ငါ စည်းမျဉ်းတွေကို ဂရုမစိုက်ဘူး၊ တစ်ယောက်ယောက်က ငါ့လုပ်ရပ်တွေကို အကြိုက်မတွေ့ရင် ထွက်သွားလို့ ရတယ်၊ ဒါပေမဲ့ ဖန်တီးရှင်ဧကရာဇ်ရုံးတော်ရဲ့ အမုန်းတရားကိုတော့ ရင်ဆိုင်ရလိမ့်မယ်၊ ငါက လူတော်တော်များများကို ဂရုမစိုက်တော့ ဒီကိစ္စမှာ ပါဝင်ပတ်သက်တဲ့ ကံရေစက်က နည်းနည်းလေးပဲ ရှိတယ်၊ ဖန်တီးရှင်ဧကရာဇ်ရုံးတော်ထဲ ဝင်လာရင် စွန့်ပစ်ခံရနိုင်ခြေက သိပ်မရှိဘူး၊ ဒါပေမဲ့ ဖန်တီးရှင်ဧကရာဇ်ရုံးတော်ကို သစ္စာဖောက်ရင်တော့ သူတို့တွေ အဆုံးသတ်ကောင်းမှာ မဟုတ်ဘူး”

ဟန်လင်ရဲ့ စကားလုံးတွေဟာ ဗိုလ်ကျလွန်း ပြတ်သားလွန်းပြီး သတ်ဖြတ်ငွေ့တွေ ပြည့်နေတာကြောင့် မိစ္ဆာ ကောင်းကင်ဧကရာဇ်နောက်က မဟာစစ်သူကြီးတွေကို မျက်မှောင်ကြုတ်သွားစေပါတယ်။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဟန်လင်ကို နက်နက်နဲနဲ စိုက်ကြည့်လိုက်ပါတယ် “ကျေးဇူးပါပဲ ဧကရာဇ်၊ ဒီနေ့ကစပြီး ဖန်တီးရှင်ဧကရာဇ်ရုံးတော် တစ်ခုခုဖြစ်ရင် ငါ့ဆီ လူလွှတ်ပြီး အချိန်မရွေး အကြောင်းကြားလို့ရတယ်၊ ကောင်းကင်ရုံးတော်က ဖန်တီးရှင်ဧကရာဇ်ရုံးတော်ကို အစွမ်းကုန် ထောက်ပံ့ပေးမယ်”

ဟန်လင်လည်း ပြုံးလိုက်ပါတယ် “ကောင်းတယ်၊ ဒီနေ့ကစပြီး ကောင်းကင်ရုံးတော်က ဖန်တီးရှင်ဧကရာဇ်ရုံးတော်ရဲ့ ထာဝရ မဟာမိတ်ပဲ၊ ငါတို့တွေ အောင်မြင်မှုရော ကျရှုံးမှုရော အတူရင်ဆိုင်ကြမယ်”

ဟန်လင်ဟာ ချက်ချင်း အမိန့်လက်ခံတဲ့ ဟန်ယဲ့နဲ့ ဟန်ပါရှန်ကို တစ်ချက်ကြည့်လိုက်ပါတယ်။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ရိုကျိုးလှတဲ့ ဟန်ယဲ့နဲ့ ဟန်ပါရှန်ကို ကြည့်ပြီး စိတ်ထဲမှာ တအံ့တဩ ဖြစ်သွားပါတယ်။ ဟန်ယဲ့နဲ့ ဟန်ပါရှန်ရဲ့ ဂုဏ်သတင်းက အတော်လေးကို ကျော်ကြားနေပါပြီ။ နှစ်ယောက်စလုံးက ကြမ်းကြမ်းတမ်းတမ်းတွေပါ။ အထူးသဖြင့် ဟန်ယဲ့ပါ။ ဟန်ယဲ့ဟာ သူ့ရဲ့ သတ်ဖြတ်ငွေ့ကို ကုန်စင်အောင် သိမ်းမထားနိုင်ပါဘူး။ ဘယ်လောက် သတ်ဖြတ်ထားလဲဆိုတာ မှန်းကြည့်လို့ မဖြစ်နိုင်အောင်ပါပဲ။

ဒီလို ကြမ်းကြုတ်တဲ့ လူနှစ်ယောက်က ဟန်လင်ကို ဒီလောက်ထိ လေးစားပြီး ကြောက်သလို ရွံ့သလို ရှိပါတယ်။

ဟန်လင်ဟာ ပြုံးလိုက်ပါတယ် “အရှင်မင်းကြီး... ဒီကိုလာဖို့က မလွယ်ကူမှတော့ ဖန်တီးရှင်ဧကရာဇ်ရုံးတော်ရဲ့ အန္တိမမူလ ကျင့်ကြံမှုစွမ်းရည်ကို တစ်ချက်လောက် ကြည့်သွားပါလား၊ ဒီပစ္စည်းက သာမန်မဟုတ်ဘူး”

“အန္တိမမူလ ကျင့်ကြံမှုစွမ်းရည်... အဲဒါက ဘာလဲ” မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ စိတ်ဝင်စားသွားပါတယ်။

ဟန်လင်ဟာ လက်ဝှေ့ယမ်းလိုက်ပါတယ်။ ရုတ်ခြည်းဆိုသလို မိုးကောင်းကင် ခန်းမထဲက မြင်ကွင်းဟာ ပြောင်းလဲသွားပါတယ်။ ကြမ်းပြင်ဟာ ရေအိုင်ဖြစ်သွားပြီး မြောက်များလှစွာသော ကြာပန်းတွေ ပေါ်လာပါတယ်။ ဒီကြာပန်းတွေက အရွယ်အစားမျိုးစုံ အရောင်အသွေး မျိုးစုံရှိပြီး အိပ်မက်လှလှ မက်နေသလိုပါပဲ။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မော့ကြည့်လိုက်တဲ့အခါ သွေးလို နီရဲတဲ့ အနီရောင် စိတ်ဝိညာဉ်ဆေးမြစ်ကို ရုတ်တရက် တွေ့သွားပါတယ်။ ဒီဆေးပင်ရဲ့ ရှုံ့တွနေတဲ့ အသွင်အပြင်ဟာ လူတစ်ယောက်နဲ့ သွားတူနေပါတယ်။

“အင်း...” မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မျက်ခုံးပင့်တက်သွားပြီး “ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

နောက်ကပါလာတဲ့ မဟာစစ်သူကြီးတွေဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်က ဘာဖြစ်လို့ အံဩတကြီး ဖြစ်သွားလဲဆိုတာကို နားမလည်နိုင်တာကြောင့် အံ့အားသင့်သွားပါတယ်။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဟန်လင်ကို ပြန်ကြည့်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။

ဟန်လင်ဟာ ပြုံးလိုက်ပါတယ် “ဒီကျင့်ကြံမှုစွမ်းရည်က အသွင်ပြောင်းလဲနိုင်စွမ်း ရှိတယ်၊ သူ အသွင်ပြောင်းလဲပြီးတာနဲ့ အရာအားလုံးကို ပြောင်းလဲနိုင်တဲ့ အရည်အချင်း ရှိသွားလိမ့်မယ်၊ အရှင်မင်းကြီး စိတ်ဝင်စားရင် သူ အသိဉာဏ်ရှိလာတဲ့အခါ ကောင်းကင်ရုံးတော်ဆီ ပို့ပေးမယ်၊ အရှင်မင်းကြီးလက်အောက်မှာ နှစ်သန်းသုံးဆယ် ပျိုးထောင်ပေါ့၊ တစ်ချိန်တည်းမှာ သူက ကောင်းကင်ရုံးတော်အတွက် အကျိုးဆောင်ပေးလိမ့်မယ်”

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မျက်မှောင်ကြုတ်ပြီး မေးလိုက်ပါတယ် “အဲဒါ ဘယ်က လာတာလဲ”

“ငရဲပြည်က”

“ငရဲပြည်... အဲဒါ သူနဲ့ ပတ်သက်နေတာလား”

“ဖြစ်နိုင်တယ်”

“ဒါပေမဲ့...”

“အရှင်မင်းကြီး တကယ်ပဲ မလိုချင်ဘူးလား”

“ကောင်းပြီ၊ ငါ့လက်ထဲသာ အပ်လိုက်၊ ဒါမှ ငါ စိတ်ချနိုင်မှာ”

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ အန္တိမမူလ ကျင့်ကြံမှုစွမ်းရည်ကို ထပ်ကြည့်ပြီး မျက်မှောင် ထပ်ကြုတ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ ဂူအောင်းကျင့်ကြံတာ နှစ်နှစ်သန်း အကျော်မှာပဲ တစ်စုံတစ်ယောက် အိပ်မက်ပေးတာကို ခံလိုက်ရပါတယ်။

[မိစ္ဆာ ကောင်းကင်ဧကရာဇ်သည် သင့်အား အိပ်မက်ပေးလို၏။ လက်ခံမည်လော။]

[မိစ္ဆာ ကောင်းကင်ဧကရာဇ်သည် သင့်အား အိပ်မက်ပေးလို၏။ လက်ခံမည်လော။]

[မိစ္ဆာ ကောင်းကင်ဧကရာဇ်သည် သင့်အား အိပ်မက်ပေးလို၏။ လက်ခံမည်လော။]

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘မိစ္ဆာ ကောင်းကင်ဧကရာဇ် ဘေးတွေ့လို့များလား...’

ဟန်ကျွယ်ဟာ ချက်ချင်း တွက်ချက်ကြည့်လိုက်တဲ့အခါ မိစ္ဆာ ကောင်းကင်ဧကရာဇ်က စိတ်ဝိညာဉ်နန်းတော်ထဲမှာ ရှိနေပြီး ဘာအန္တရာယ်မှ မကျရောက်တာကို သိလိုက်ရပါတယ်။

ဟန်ကျွယ်ဟာ တဒင်္ဂ တုံ့ဆိုင်းသွားပြီးနောက် မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ အိပ်မက်ကို လက်ခံလိုက်ပါတယ်။ အိပ်မက်နယ်မြေက အရင်အတိုင်း ယွီဂျင်ဂိုဏ်းတော်ကြီး အပြင်ဘက်က တောအုပ်ထဲမှာပါပဲ။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်ကို တွေ့တာနဲ့ အန္တိမမူလ ကျင့်ကြံမှုစွမ်းရည်အကြောင်း စပြောပါတယ်။

“အန္တိမမူလ ကျင့်ကြံမှုစွမ်းရည်က မင်းနဲ့ တထေရာတည်းပဲ၊ ငါ စိုးရိမ်မိတယ်..” မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ စိုးရိမ်တဲ့မျက်နှာနဲ့ သက်ပြင်းချလိုက်ပါတယ်။

ဟန်ကျွယ်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ စကားကို နားထောင်ပြီး ငိုရခက် ရယ်ရခက် ဖြစ်သွားပါတယ် ‘အန္တိမမူလ ကျင့်ကြံမှုစွမ်းရည်က ငါ့ပုံစံ ပြောင်းလဲလာတာလား...’

ဒီအကြောင်းပြောရရင် အန္တိမမူလ ကျင့်ကြံမှုစွမ်းရည်က ဟန်ကျွယ်ရဲ့ ဓမ္မစွမ်းအားပါ။ ဟန်ကျွယ်ပုံစံ အသွင်ပြောင်းလဲတာက ထူးဆန်းတာတော့ မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ကျွန်တော် နားလည်ပါတယ်၊ လင်အာက ကျွန်တော်ကိုတော့ အကောက်ကြံမှာ မဟုတ်ဘူး၊ ဒါပေမဲ့ ဒီဟာ ကျွန်တော်နဲ့ ဆင်တာက ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူး”

“ငါက စိုးရိမ်ရုံပါ၊ ငါ့ကို သစ္စာဖောက်သွားတဲ့ သားတွေက အများကြီး” မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ခေါင်းခါလိုက်ပါတယ်။

အဲဒီနောက် ဟန်ကျွယ်နဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ စကားနည်းနည်းပါးပါး ထပ်ပြောပြီးမှ အိပ်မက်ကို အဆုံးသတ်လိုက်ကြပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး အန္တိမမူလ ကျင့်ကြံမှုစွမ်းရည်ကို တွက်ချက်ကြည့်လိုက်တဲ့အခါ အန္တိမမူလ ကျင့်ကြံမှုစွမ်းရည်က အသိဉာဏ်ရှိလာတာကို တွေ့လိုက်ရပါတယ်။ ဒါပေမဲ့ မကျေနပ်ချက်က အားကောင်းလွန်းပြီး သတ်ဖြတ်ငွေ့တောင် ရှိနေပါပြီ။

‘ဒါ ငရဲပြည်နဲ့ ပတ်သက်နေတာလား...’

ဟန်ကျွယ်ရဲ့ အန္တိမမူလ ကျင့်ကြံမှုစွမ်းရည်ဟာ ငရဲပြည်မှာ အချိန်အကြာကြီး ရှိနေခဲ့တာကြောင့် သရဲတွေရဲ့ အငြိုးအတေးများစွာကို စုပ်ယူခဲ့ပါတယ်။ ဒီလိုသာဆိုရင် ဒီဟာက အနာဂတ်မှာ သေချာပေါက် ပြဿနာ အကြီးစားကြီး ဖြစ်လာမှာပါ။

‘မဖြစ်ဘူး... ဒီဟာကို ငါနဲ့ တူခိုင်းလို့ မဖြစ်ဘူး’

ဟန်ကျွယ်ရဲ့ အတွေးတစ်ချက်ကြောင့် အန္တိမမူလ ကျင့်ကြံမှုစွမ်းရည်ရဲ့ အသွင်အပြင်ဟာ ပြောင်းလဲသွားပါတယ်။ အန္တိမမူလ ကျင့်ကြံမှုစွမ်းရည်က ဟန်ကျွယ်နဲ့ ရုပ်ချင်းဆင်တုန်း ဆိုပေမဲ့ ချွတ်စွပ်တော့ မတူတော့ပါဘူး။

ဟန်ကျွယ်ဟာ အန္တိမမူလ ကျင့်ကြံမှုစွမ်းရည်ကို တစ်ချက်တည်း ဖျက်ပစ်လို့ရပါတယ်။ ဒါပေမဲ့ မလုပ်ပါဘူး။ ဟန်လင် ဘာလုပ်ချင်လဲဆိုတာကို မြင်ချင်တာကြောင့်ပါ။

ဟန်ကျွယ်ဟာ ဘာမှလုပ်စရာ မရှိတာနဲ့ အန္တိမမူလ ကျင့်ကြံမှုစွမ်းရည်ရဲ့ အနာဂတ်ကို တွက်ချက်ကြည့်လိုက်ပါတယ်။

“ငါ အန္တိမမူလ ကျင့်ကြံမှုစွမ်းရည်ရဲ့ အစွမ်းအထက်ဆုံး အခြေအနေကို သိချင်တယ်”

[သက်တမ်း ၁ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

‘တာအိုဖန်တီးရှင်တန်ဖိုးပါလား... မဖြစ်နိုင်ဘူး...’

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး ချက်ချင်း ဆက်တွက်ဖို့ ရွေးချယ်လိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ သိစိတ်ဟာ ပုံရိပ်ယောင်ထဲ ဝင်ရောက်သွားပါတယ်။

ဟန်ကျွယ်ဟာ သူက အန္တိမမူလကမ္ဘာ အထက် ရောက်နေတာကို တွေ့လိုက်ရပါတယ်။ မလှမ်းမကမ်းမှာတော့ ပဋိပက္ခ ရှိနေပြီး မဟာတာအိုကမ္ဘာနှစ်ပါး ဝင်တိုက်တော့မှာပါ။

“ဟားဟား... ပဋိပက္ခ.... လောကဦးပဋိပက္ခ... မင်းတို့တွေ ငါ့ရဲ့ မဟာတာအိုကမ္ဘာကို ကြိုဆိုဖို့ အသင့်ဖြစ်ပြီလား”

ကျယ်လောင်တဲ့ ရယ်မောသံကြောင့် ဟန်ကျွယ် လှည့်ကြည့်လိုက်တဲ့အခါ သူနဲ့ ရုပ်ချင်းဆင်တဲ့ ဝတ်ရုံနက်တစ်ယောက်က အန္တိမမူလကမ္ဘာအထက်မှာ အရူးပမာ ရယ်မောနေတာကို တွေ့လိုက်ရပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters