အခန်း (၂၀)
Vol. 9 Ch. 20
“ဒီလောက်ရိုက်ချနေတာတောင်မှ မင်းက လက်လျှော့ရကောင်းမှန်း မသိသေးဘူးလား။”
ဘာရွန်က ဖရက်ရဲ့မိုးကြိုးဓားချက်ကို ပယ်ဖျက်လိုက်ရင်း ဖရက်ရင်ဝကို ဆောင့်ကန်ကာ မေးလိုက်တယ်။ ဘာရွန်ရဲ့ကိုယ်ပေါ်က ကီမိုနိုဝတ်စုံက သန့်ရှင်းစင်ကြယ်နေပြီး ဖုန်တစ်မှုန်တောင်မှ ထင်ကျန်မနေပါဘူး။ တစ်ဖက်မှာတော့ ဖရက်တစ်ကိုယ်လုံးမှာ ဒဏ်ရာတွေနဲ့ပြည့်နေပြီး သွေးအလိမ်းလိမ်းနဲ့ ဖြစ်နေပါတယ်။
“မင်းသမီးလေးမရှိတုန်း ဒီမြေကို ကာကွယ်ဖို့ ကျုပ်တာဝန်ယူထားတာ။ ကျရှုံးလို့မဖြစ်ဘူး။”
ဖရက်က တစ်စစီကြေမွနေတဲ့ မြေပြင်ပေါ်ကို ခုန်ဆင်းလိုက်ပြီး ခရမ်းရောင်မိုးကြိုးလျှပ်စီးတွေကို နောက်တစ်ကြိမ်ထပ်ပြီး စုစည်းလိုက်ပြန်တယ်။ ဒီတစ်ခါတော့ ဓားအဖြစ်မဟုတ်တော့ဘဲ လေးကြီးတစ်လက်အဖြစ်ပါ။
ဂျိန်း... ဂလိန်း...
မိုးကြိုးလျှပ်စီးတန်းပေါင်းများစွာက မိုးကောင်းကင်ကနေ ဆင်းသက်လာပြီးတော့ ဖရက်ရဲ့အစားထိုးထားတဲ့ သတ္တုလက်ပေါ်ကို ကျဆင်းလာတယ်။ ဖရက်က သူ့တစ်ကိုယ်လုံးကို ဖြတ်စီးနေတဲ့ လျှပ်စီးတွေကြောင့် အော်ဟစ်လိုက်ရင်း မိုးကြိုးတွေကို ဧရာမမြားတံကြီးအဖြစ်ဖွဲ့စည်းကာ လေးပေါ်တင်လိုက်ပါပြီ။
“သေစမ်း....” ဖရက်က သွေးပျက်လောက်တဲ့ အော်ဟစ်သံနဲ့အတူ လေးကြိုးကို လွှတ်လိုက်တယ်။ ဓာတ်တိုင်လုံးလောက်ကြီးရှိတဲ့ မိုးကြိုးမြားကြီးက လေဟုန်ကိုခွင်းပြီး ဘာရွန်ဆီကိုဝင်လာတယ်။
“ဟွန့်... ကလေးကစားစရာအကွက်တွေ။” ဘာရွန်က ကာတနာကို ခါးမှာဟန်ကျကျပြန်ချိတ်လိုက်ပြီး သူ့လက်နှစ်ဖက်ကို နားကျယ်ကောင်အသွင်ပြန်ပြောင်းတယ်။ အဲဒီနောက်တော့ နားကျယ်ကောင်လက်တံတစ်ခုကိုဆွဲဖြုတ်ပြီး ကာတာနာအစားကိုင်ကာ မိုးကြိုးမြားကို ရိုက်ချလိုက်တယ်။
ဘုန်း....
မိုးကြိုးမြားက ပေါက်ကွဲထွက်သွားပြီး ဘာရွန်က အထင်သေးစွာနဲ့ ခနဲ့တဲဲ့တဲ့ရယ်လိုက်တယ်။ ပေါက်ကွဲမှုက ကြီးမားပေမဲ့ သူ့ကိုထိခိုက်စေလောက်အောင်တော့ မပြင်းထန်သေးပါဘူး။ ဒါပေမဲ့ စက္ကန့်ပိုင်းအကြာမှာပဲ သူ့အပြုံးပျက်သွားတယ်။
“ဘာ....” အကြောင်းကတော့ မြားက လုံးဝပေါက်ကွဲသွားရမယ့်အစား ကျန်ရှိနေတဲ့စွမ်းအင်တွေက ပိုမိုသေးငယ်တဲ့ မြားငယ်လေးတွေအဖြစ် ဆင့်ပွားထွက်သွားပြီးတော့ အရပ်မျက်နှာပေါင်းစုံကနေ ဘာရွန်ဆီဝင်လာပြီဖြစ်လို့ပါ။
“မင်းကို သာမန်နည်းလမ်းတွေနဲ့ အနိုင်ယူဖို့မဖြစ်နိုင်မှန်းသိလို့ ငါအများကြီးလေ့ကျင့်ခဲ့တာကွ။ သေလိုက်တော့...”
ဖရက်က ပြုံးလိုက်ပြီး ဘာရွန်တစ်ယောက် မြားတွေအားလုံးကို ရင်ဆိုင်လို့မပြီးသေးခင်မှာပဲ နောက်ထပ်မိုးကြိုးမြားတစ်စင်းကို ထပ်မံဖွဲ့စည်းကာ ဘာရွန်ကို ဆက်တိုက်ပစ်ခတ်တယ်။
“စိတ်ဝင်စားစရာပဲ၊ ဒါပေမဲ့ ဒီလောက်နဲ့ ငါ့ကိုအနိုင်ယူဖို့ မဖြစ်နိုင်သေးဘူးနော်။”
အခြေအနေမဟန်တာနဲ့ ဘာရွန်နောက်ကိုခုန်ဆုတ်ပြီး ဧရာမနားကျယ်ကောင်ကြီးအဖြစ်ကို ပြောင်းလိုက်တယ်။ ဖရက်ကတော့ မြားအစင်းပေါင်းများစွာကို အားရှိသမျှပစ်လွှတ်နေပါတယ်။
....
ပိုးဖလံနဲ့ဆိုဖီယာရဲ့တိုက်ပွဲမှာတော့ ဆိုဖီယာက ပိုးဖလံကို အကြွင်းမဲ့လွှမ်းမိုးထားတယ်။ ပိုးဖလံဟာ မကြာခဏစိတ်စွမ်းအင်နဲ့ ချုပ်နှောင်ခံရပြီး ကျောက်စိုင်ကျောက်ခဲတွေနဲ့ ရိုက်နှက်တာကိုခံနေရပါတယ်။ ပြီးတော့ ပိုးကောင်ပုံစံပြောင်းလဲပြီးတာတောင်မှ ဆိုဖီယာကို အနိုင်မယူနိုင်သေးဘူး။
“သည်းမခံနိုင်စရာပဲ သည်းမခံနိုင်စရာပဲ၊ သည်းမခံနိုင်စရာပဲ။” ပိုးဖလံက ဒေါသထွက်လာပြီး အတောင်ကို ပြင်းပြင်းတစ်ချက်ခတ်လိုက်တယ်။ မြို့ကြီးတစ်မြို့လုံးကို ပြောင်းပြန်လန်သွားစေနိုင်တဲ့ လေမုန်တိုင်းကြီးတိုက်ခိုက်လာပြီး မြေပြင်မှာရင်ဆိုင်မိနေတဲ့ နှစ်ဖက်တပ်တွေအကုန်လုံး မြောက်တက်ကုန်တယ်။ ဆိုဖီယာလည်း လေမုန်တိုင်းကြောင့် ဟန်ချက်ပျက်သွားပေမဲ့ ပိုးဖလံရှိရာကို လက်ညိုးညွန်ပြီး စကားတစ်ခွန်းပြောလိုက်တယ်။
“အပိုင်းပိုင်းပြတ်စေ။”
ဝှစ်...
မမြင်ရတဲ့ စွမ်းအင်လှိုင်းတစ်ခုက ပိုးဖလံကိုလွှမ်းမိုးသွားပြီး သူ့အတောင်ပံတွေ တစ်စစီဖြစ်သွားတယ်။ ဒါကြောင့် သူဖန်တီးဖို့ကြိုးစားနေတဲ့ မုန်တိုင်းလည်း တဖြည်းဖြည်းပျောက်ကွယ်သွားပြီး ပိုးကောင်ရဲ့ခြေတံလက်တံတွေ ပြတ်ထွက်ကုန်တယ်။ နောက်တော့ ပိုးဖလံက ဆိုဖီယာကို ထိပ်တိုက်ရင်ဆိုင်ဖို့အတွက် ထိတ်လန့်သွားပြီး ရှောင်ပြေးဖို့ကြိုးစားတယ်။ ဆိုဖီယာကတော့ သူ့ဘောင်းဘီအိတ်ထဲကနေ မီးခြစ်လေးတစ်ခုကို ဆွဲထုတ်လိုက်ပြီး
“ပိုးဖလံမျိုး မီးကိုတိုးတဲ့ တကယ်ဟုတ်မဟုတ် ကြည့်ရအောင်။” မီးခတ်ကျောက်ကို နှိပ်ချလိုက်တယ်။
“လောင်မြိုက်စေ။” ဆိုဖီယာရဲ့စကားလုံးအမိန့်နဲ့အတူ လက်မလောက်ပဲအရွယ်ရှိတဲ့ မီးခြစ်က မီးတောက်က ကောင်းကင်ကြီးတစ်ခုလုံးကို ဝါးမျိုမတတ်ကြီးထွားလာတယ်။ အနားမှာရှိနေတဲ့ အင်းစက်ပိုးကောင်တွေရော လူသားစစ်သည်ထောင်ချီပါ မီးမုန်တိုင်းထဲ မပါချင်တဲ့အတွက် အကုန်လုံးဆုတ်ပြေးကုန်တယ်။ ဒဏ်ရာတွေကြောင့် ထွက်မပြေးနိုင်တဲ့ ပိုးဖလံတစ်ကောင်သာ ကျန်ရစ်ခဲ့တာပါ။
“အား....” တစ်ကိုယ်လုံးမီးစွဲနေတဲ့ ပိုးဖလံက ဆက်ပြီးမတိုက်ခိုက်ရဲတော့ဘဲ တိုက်ပွဲကနေ စထွက်ပြေးတယ်။ သူက အနားမှာစီးဆင်းနေတဲ့ မြစ်ကြီးတစ်ခုကို တွေ့တာနဲ့ဝမ်းသာအားရ ခုန်ဆင်းသွားပြီး သူ့ပိုးကောင်ကိုယ်ပေါ်မှာဆွဲနေတဲ့ မီးတောက်တွေကိုသတ်လိုက်ပါတယ်။ နောက်တော့ သူ့ခန္ဓာကိုယ်က လူသားတစ်ယောက်အဖြစ်ကို ပြန်လည်ပြောင်းလဲသွားပြီး ရေပြင်ပေါ်မှာပဲ သတိလစ်သွားတယ်။ သူ့ကို တိုက်ပွဲထဲမှာရှိနေတဲ့ ပိုးဖလံမျိုးနွယ်တချို့က ရေထဲကနေဆယ်ပြီး နောက်တန်းကိုသာ ပြန်ခေါ်မသွားခဲ့ရင် ရေနစ်ပြီးသေနေလောက်ပြီ။
“အသုံးမဝင်တဲ့ လူမိုက်။” ဘာရွန်က ပိုးဖလံရဲ့အရှုံးကိုကြည့်ပြီး ဒေါသထွက်သွားတယ်။ သူ့နောက်ကိုလိုက်နေတဲ့ မိုးကြိုးမြားတွေကို လုံးဝသည်းမခံနိုင်တော့ဘူး။ သူ့ခေါင်းက ဦးမျှင်တွေ စတင်လှုပ်ရှားလာပြီး အနားက အင်းစက်ပေါင်းစုံကို ဆင့်ခေါ်လိုက်တယ်။
“မိုးကြိုးမြားတွေကို ငါ့အတွက်ရှင်းပေး။” ပိုးကောင်တွေက ဘာရွန်အမိန့်ရတာနဲ့ အသိစိတ်မဲ့ရုပ်သေးတွေလိုမျိုး ဖရက်ရဲ့စွမ်းအားပြင်း မိုးကြိုးမြားတွေဆီ တည့်တိုးပြေးဝင်ပြီး အသေခံကြတယ်။ ဒီလိုနဲ့ ဘာရွန်ရဲ့ဧရာမခန္ဓာကိုယ်ကြီးက ရှေ့ဆက်နေပြီး ပိုးကောင်တွေက ဖရက်ရဲ့မိုးကြိုးမြားတွေကို ဝင်ခံပေးနေကာ သိပ်မကြာခင်မှာပဲ ဖရက်ရှေ့ကို ဘာရွန်ရောက်လာတယ်။
“မင်းမှာ နောက်တစ်ကွက်ရှိသေးလား ကြည့်ရအောင်။”
....
ဖရာလီတာနဲ့ယင်ကောင်ရဲ့တိုက်ပွဲကတော့ ဘတစ်ပြန်ကျားတစ်ပြန်ပါပဲ။ ယင်ကောင်က တစ်ယောက်ချင်းစီဆိုရင် ဖရာလီတာထက် ပိုမြန်ပြီးပိုခွန်အားကြီးတယ်။ ဒါပေမဲ့ နယ်ဆင်သင်္ဘောပျံက ဖရာလီတာ ဒုက္ခရောက်ခါနီးတိုင်း နောက်ကနေ အမြောက်တွေနဲ့ပစ်ကူပေးပြီး ယင်ကောင်ကိုနောက်ပြန်မောင်းထုတ်လေ့ရှိတယ်။
“မုန်းဖို့ကောင်းလိုက်တာ... မင်းတို့လူသားတွေကများ ငါ့ကို မလောက်လေးမလောက်စား လှည့်ကွက်တွေနဲ့ ရင်ဆိုင်ရဲတယ်။”
အခုလည်း ယင်ကောင်က ဖရာလီတာနောက်ကိုလိုက်နေရင်း နယ်ဆင်သင်္ဘောပျံရဲ့အမြောက်စာမိပြီး တစ်ကိုယ်လုံးကနေ ညှော်နံတွေထွက်နေတယ်။ သန္ဓေပြောင်းပြီးသားမလို့ သူ့ဒဏ်ရာတွေက အမြန်ပြန်ကောင်းကာ ဖရာလီတာကို ထပ်တိုက်ဖို့အခွင့်အရေးပေးပြန်တယ်။
“ဦးနောက်ရှိတဲ့သူက ဦးနောက်ကိုအားကိုးတာ သဘာဝပဲလေ။” ဖရာလီတာက ပြောလိုက်ပြီး Archmegaရဲ့စွမ်းအားသစ်ဖြစ်တဲ့ စွမ်းအင်ဓားတွေကို စုစည်းဖန်တီးကာ ယင်ကောင်ဆီကို တိုးဝင်တိုက်ခိုက်တယ်။ ဇမ္မူရာဇ်ရွှေကို ထည့်ပေါင်းပြီးကတည်းက ဖရာလီတာရဲ့ဝါးဖရိန်က အားမနည်းတော့ပါဘူး။
ဒါပေမဲ့ တစ်ဖက်ယင်ကောင်က ပိုအစွမ်းထက်တယ်လေ။ သူက စွမ်းအင်ဓားတွေကို သာသာလေးရှောင်ပြီး ဖရာလီတာကို လစ်လျူရှုကာ နယ်ဆင်သင်္ဘောပျံကို တိုက်ဖို့လုပ်တယ်။
“မင်းက စွမ်းအားကြီးပေမဲ့ သင်္ဘောအကူအညီသဘောပဲမဟုတ်လား။ ငါအဲဒါကို ဖျက်ဆီးပစ်လိုက်ရင် မင်းကိုအနိုင်ယူလို့ရပြီ။”
“သေစမ်း....” ဖရာလီတာလည်း မျက်လုံးပြူးသွားပြီး ယင်ကောင်နောက်ကနေလိုက်တယ်။ ဒါပေမဲ့ ယင်ကောင်က အမြန်နှုန်းကြောင့်ကျော်ကြားတဲ့ ပိုးကောင်ဗိုလ်ချုပ်ပါ။ ဖရာလီတာအနေနဲ့ သူ့အမြန်နှုန်းကို လိုက်မီစရာအကြောင်းမရှိဘူး။
ဝုန်း....
ရုတ်တရက်ဆိုသလိုပဲ မြေကြီးတွေနဲ့ဖွဲ့စည်းထားတဲ့ ဧရာမဘီလူးကြီးတစ်ကောင်က သင်္ဘောပျံရှေ့မှာပေါ်လာပြီး ယင်ကောင်ကို လက်သီးနဲ့ပိတ်ထိုးလိုက်တယ်။ ယင်ကောင်ကလည်း မကြောက်မရွံနဲ့ ပြန်ပြီးလက်သီးနဲ့ထိုးလိုက်တော့ ဘီလူးကြီးရဲ့လက်က ပျက်စီးသွားတယ်။ ဒါပေမဲ့ ဖရာလီတာက နောက်ကနေ မီလာပြီဖြစ်ပြီး ယင်ကောင်ကို ရင်ဘတ်ကစွမ်းအင်တန်းနဲ့ ပစ်ခတ်ကာ သင်္ဘောပျံနဲ့ယင်ကောင်ကြားက အကွာအဝေးကို ခြားနားပစ်လိုက်တယ်။
[Ultimate Skill: Dragon’s Blast]
“ကျေးဇူးပဲ ဆိုဖီယာ၊ နင့်ကြည့်ရတာ သဘာဝဝိညာဥ်တွေကို အသုံးမပြုဘဲနဲ့တောင် သဘာဝစွမ်းအင်တွေကို ချောချောမွေ့မွေ့အမိန့်ပေးလာနိုင်ပုံပဲ။”
ဖရာလီတာက ချီးကျူးလိုက်တယ်။ နဂိုကတည်းက ဆိုဖီယာက ပတ်ဝန်းကျင်မှာရှိနေတဲ့ လောကဓာတ်စွမ်းအင်တွေကို အမိန့်ပေးနိုင်စွမ်းရှိပြီးသား။ အရင်ခန္ဓာကိုယ်တွေထဲမှာ ရှိနေကတည်းက ဒါကိုသူလုပ်နိုင်တယ်။ သူ့စွမ်းအားကကို အမိန့်ပေးခြင်းမဟုတ်လား။ ဒါပေမဲ့ ပုံမှန်အားဖြင့်တော့ နတ်သူငယ်မလေးရဲ့သဘာဝစွမ်းအင်ကို အတင်းအကျပ်သုံးတာလောက် အစွမ်းမထက်ဘူး။
“ငါ့ဝိညာဥ်က ဒီခန္ဓာကိုယ်နဲ့အသားကျလာပြီး ဒီခန္ဓာကိုယ်အပေါ် ပိုမှီခိုလာရလို့လေ။ နှစ်ကြိမ်တိုင်တိုင် အတင်းအကျပ်စွမ်းအင်ထုတ်သုံးခဲ့လို့ဖြစ်လာတာ။ ကောင်းလည်းကောင်းတယ်၊ မကောင်းလည်းမကောင်းဘူး။”
ဖျောက်...
ဆိုဖီယာက ရှင်းပြနေရင်းကနေ လက်ဖျောက်တီးလိုက်တယ်။ မြေပြင်ပေါ်က တင့်ကားအပျက်အစီးတွေ မြောက်တက်လာပြီး ရှေ့ကိုတက်လာတဲ့ ယင်ကောင်ကို သွားမှန်တယ်။ ဖရာလီတာကလည်း စကားမများတော့ဘဲ စွမ်းအင်ဓားတွေကိုဖွဲ့စည်းကာ နောက်တစ်ခါထပ်ပြီး သတိလွတ်နေတဲ့ယင်ကောင်ကို ဝင်ပိုင်းပြန်တယ်။
“သေစမ်း၊ ဒီကောင်တွေက လူအုပ်နဲ့အနိုင်ကျင့်နေတာပဲ။” စွမ်းအင်ဓားကြောင့် အတောင်တစ်ဖက်ကျွတ်သွားတဲ့ ယင်ကောင်က သာမန်လူအဖြစ်ကို ပြန်ပြောင်းလိုက်ပြီး မြေပေါ်ကိုခုန်ဆင်းလိုက်တယ်။ သူရထားတဲ့ ဒဏ်ရာတွေက များလွန်းနေပြီဖြစ်ပြီး အပြည့်အဝပြန်ကောင်းဖို့ နားချိန်လိုအပ်တယ်။ ဒါပေမဲ့ အခုအတိုင်းဆိုရင် သူလုပ်နိုင်မှာမဟုတ်ဘူး။ ရန်သူက ဆက်တိုက်ဆိုသလို ပစ်ခတ်နေလို့လေ။
ဘုန်း... ဘုန်း... ဘုန်း...
သူမြေပေါ်မှာ နားနေစဥ်မှာပဲ နယ်ဆင်သင်္ဘောပျံက နောက်ထပ်အမြောက်တွေနဲ့ ယင်ကောင်ကိုပစ်ခတ်ပြန်တယ်။ ယင်ကောင်က သာသာလေးရှောင်လိုက်ပေမဲ့ သူ့နောက်မှာ ဆိုဖီယာက စောင့်နေပြီးသားဖြစ်ပြီး သူ့ခေါင်းကို လက်ညိုးနဲ့ထိုးကာ အမိန့်ပေးလိုက်တယ်။
“သတိလစ်စေ။”
“ငါ့ကို... ချုပ်ကိုင်ချင်တိုင်း... ချုပ်ကိုင်လို့ရမယ်မထင်နဲ့။” ယင်ကောင်က အစပိုင်းတောင် ပြန်ပြီးဆန့်ကျင်တယ်။ နောက်တော့ သူ့မျက်နှာအမူအရာက ဖြည်းဖြည်းချင်းတင်းမာခက်ထန်လာတယ်။
“မင်း... မင်းဘာလုပ်နေတာလဲ...” ယင်ကောင်ဆီကနေ အံ့ဩစွာပြောဆိုလိုက်တဲ့ စကားသံထွက်ပေါ်လာချိန်မှာတော့ ဆိုဖီယာက ပြုံးလိုက်ပါတယ်။
“ရှင့်မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့မှတ်ဉာဏ်တွေကို ပြပေးနေတာလေ။ အတွေးကမ္ဘာထဲမှာ မျောလွင့်လိုက်တော့။”
တဖြည်းဖြည်းနဲ့ ဆိုဖီယာရဲ့လက်ညိုးနဲ့အထောက်ခံထားရတဲ့ ယင်ကောင်ရဲ့မျက်နှာက ပျော့ပြောင်းလာပြီး ပါးစပ်ကနေ စကားတစ်ခွန်းကို ရေရွတ်လိုက်တယ်။
“အမေ...အဖေ...” ယင်ကောင်က သူသတ်ခဲ့တဲ့ မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့မိဘတွေကို ပြန်မြင်ယောင်လာတယ်။
“ယင်ကောင်၊ ကိုယ့်ဘာသာသတိထားစမ်း။”
ရုတ်တရက် ဘာရွန်ရဲ့စကားသံကို ကြားလိုက်ရတဲ့အတွက် ယင်ကောင်သူ့မျက်လုံးတွေကို ပြန်ဖွင့်လိုက်တယ်။ ကောင်းကင်ကနေ အရိပ်မည်းကြီးတစ်ခုကျဆင်းလာပြီး ဆိုဖီယာကိုဝင်တိုက်တယ်။ သေချာကြည့်တော့မှ အဲဒီအရိပ်က သွေးအလိမ်းလိမ်းနဲ့ဒဏ်ရာတွေကြောင့် မေ့မျောနေတဲ့ ဖရက်မှန်းသူသိလိုက်ရတယ်။ ဆိုဖီယာကတော့ ဖရက်ဒဏ်ရာထက်မရအောင်ထိန်းရင်း တစ်နေရာမှာရပ်လိုက်တယ်။ ဘာရွန်ကတော့ လူတစ်ပိုင်းပုံစံနဲ့ လေပေါ်ကနေ ဖြည်းဖြည်းချင်းဆင်းလာတယ်။
“မင်းတို့က အားအနည်းဆုံးပိုးကောင်အဖွဲ့ဝင်တွေကို အရင်ရှင်းပြီး အားအကောင်းဆုံးသူကို အုပ်စုတောင့်တောင့်နဲ့ဝိုင်းဖြေရှင်းမယ့်ဗျူဟာကို သုံးချင်တာလား။ စိတ်မကောင်းစရာက အသုံးမဝင်တော့ဘူး။”
ဘာရွန်က ယင်ကောင်ရှေ့မှာ ရပ်လိုက်တယ်။ ယင်ကောင်ကလည်း ဒဏ်ရာတွေရထားပေမဲ့ မာကျောတဲ့မျက်နှာထားနဲ့အတူ ပြန်ထရပ်လိုက်တယ်။ သူက ဆက်ပြီး တိုက်ပွဲဝင်ဖို့အသင့်ပါပဲ။ တစ်ဖက်မှာတော့ ဖရာလီတာက မျက်နှာပျက်သွားတယ်။
‘သေစမ်း၊ ဖရက်က ဆက်မတိုက်နိုင်လောက်အောင် ဒဏ်ရာကသွားပြီ။ ယင်ကောင်ကို ငါတို့လွှမ်းမိုးနိုင်ခဲ့ပေမဲ့ ပိုးဖလံလိုမျိုး ဆက်မတိုက်နိုင်လောက်တဲ့အထိ ဖိအားမပေးနိုင်ခဲ့ဘူး။’ သူတို့နှစ်ဖက်လုံးမှာ တိုက်ပွဲဝင်နိုင်တဲ့သူ နှစ်ယောက်စီကျန်ပေမဲ့ တကယ့်တိုက်ပွဲဝင်နိုင်စွမ်းကတော့ အများကြီးကွာခြားသွားပါပြီ။ ဘာရွန်နဲ့ယင်ကောင်နှစ်ယောက်တွဲက ဆိုဖီယာနဲ့ဖရာလီတာနှစ်ယောက်တွဲထက် အများကြီးပိုအစွမ်းထက်တယ်။
“ဟမ့်... အဖိုးကြီး၊ ရှင်လုပ်နိုင်တယ်ထင်ရင် လာခဲ့လေ။” ဖရာလီတာက ခနနေတော့ တစ်ခုခုကိုတွေးမိသွားပြီး ဘာရွန်ဆီကို ပြေးတက်သွားတယ်။ ဆိုဖီယာကတော့ ကောင်းကင်ပေါ်ကို တစ်ချက်မော့ကြည့်ပြီး ဘာမှဆက်မပြောတော့ဘဲ ဆက်တိုက်တယ်။
ပိုးကောင်တွေနဲ့လူသားတွေရဲ့စစ်ပွဲက ဒီလိုနဲ့ပဲရှေ့ဆက်တယ်။ စွမ်းအားကွာခြားမှုက သိသာလွန်းပြီး ဘာရွန်က ဖရာလီတာကို ချက်ချင်းလွှမ်းမိုးပစ်လိုက်တယ်။ ဘာရွန်ရဲ့ဓားချက်တွေကြောင့် ဝါးဖရိန်ရဲ့ခြေထောက်တစ်ဖက်ကျွတ်ကျသွားပြီး ဖရာလီတာက ကောင်းကင်ပေါ်ကို မျက်နှာမူလျက် လဲကျသွားတယ်။ ပိုးကောင်ပုံစံပြည့်နဲ့ ဘာရွန်ကတော့ ဖရာလီတာအပေါ်မှာမိုးရပ်နေပြီး ဝါးဖရိန်ထဲက လူရှိနေတဲ့နေရာကို သူ့ရဲ့အဆိပ်ဆူးနဲ့ ထိုးချိန်ထားတယ်။
“ကောင်မလေး၊ မင်းရှိနေတဲ့နေရာကို အဆိပ်ဆူးနဲ့ထိုးဖောက်ပြီးတာနဲ့ ဒီတိုက်ပွဲက ပြီးသွားပြီ။” ဘာရွန်က ရယ်မောရင်းပြောလိုက်တယ်။ ဆိုဖီယာက ယင်ကောင်ကိုတစ်ယောက်ချင်းယှဥ်တဲ့အခါမှာ အရင်လိုမျိုး လွှမ်းမိုးနိုင်စွမ်းမရှိတော့ဘဲ နယ်ဆင်သင်္ဘောပျံရဲ့အကူအညီကို ယူနေရတယ်။ အခုဖရာလီတာက တစ်ယောက်တည်းဖြစ်နေပြီး သူခင်းခဲ့တဲ့ဗျူဟာမှာ သူပြန်မိနေတယ်။ ဒါပေမဲ့ ဝတ်စုံထဲက ဖရာလီတာကတော့ မကြောက်မရွံပြုံးလိုက်တယ်။ အကြောင်းကတော့ Archmegaရဲ့ထိန်းချုပ်မျက်နှာပြင်ပေါ်မှာ သူအမြင်ချင်ဆုံးအရာကို တွေ့လိုက်ရလို့ပါ။
[ဂိုင်ယာမှ ပစ်မှတ်နေရာအတိအကျကို အတည်ပြုပြီး။ လက်နက်စနစ်ကို အသက်သွင်းပြီး။ ဂြိုဟ်ပတ်လမ်းကြောင်းအမြောက်စနစ်ကို အသုံးပြုခွင့်အတည်ပြုပြီး။]
ကမ္ဘာ့လေထုအပြင် အာကာသဂြိုဟ်တုပတ်လမ်းထဲမှာတော့ ဖရာလီတာတို့လွှတ်ထင်ထားတဲ့ စစ်သုံးဂြိုဟ်တုကြီးရဲ့ဗဟိုစွမ်းအင်ချက်က ပွင့်လာပြီးစတင်လည်ပတ်တယ်။ ဒီစနစ်က ဖရာလီတာရဲ့ရင်ဘတ်က ဗဟိုချက်စနစ်နဲ့အတူတူပဲဖြစ်ပြီး အလင်းဒြပ်စင်တွေကို ပစ်လွှတ်နိုင်တယ်။
ဝုန်း....
ဧရာမအလင်းဒြပ်စင်တန်းကြီးက ကမ္ဘာ့လေထုကိုထိုးဖောက်ပြီး မြေပြင်ပေါ်ကို စက္ကန့်ပိုင်းအတွင်းမှာပဲကျဆင်းလာတယ်။ ဘာရွန်က ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်ချိန်မှာတော့ နောက်ကျသွားပါပြီ။
ဝူး.....
ဘာရွန်ဆီကနေ ကြောက်စရာကောင်းတဲ့အော်ဟစ်သံကြီး ထွက်ပေါ်လာတယ်။ အလင်းတန်းက ဘာရွန်ရဲ့ခန္ဓာကိုယ်ကို ထုတ်ချင်းဖောက်သွားပြီး ဖရာလီတာဘေးက မြေပြင်ကိုလာရောက်ထိမှန်တယ်။ မြေပြင်တစ်ခုလုံး အပြာရောင်အလင်းစွမ်းအင်တွေနဲ့ပြည့်လာပြီး ထပေါက်ခါနီးမှာ ဖရာလီတာက ဂျက်အင်ဂျင်ကိုသုံးပြီး ရှောင်ထွက်လိုက်တယ်။
ဘုန်း....
ဧရာမပေါက်ကွဲသံကြီးနဲ့အတူ တိုက်တန်တစ်ကောင်လောက်ကြီးမားတဲ့ ဘာရွန်ရဲ့ခန္ဓာကိုယ်ကြီး ပြိုလဲသွားကာ လူပုံစံပြန်ဖြစ်သွားတယ်။ သူ့ရင်ဘတ်မှာတော့ အပေါက်ကြီးတစ်ပေါက်ရှိနေပြီး ဖြည်းဖြည်းချင်း ဒဏ်ရာပြန်ကျက်လာနေပေမဲ့ အချိန်တိုအတွင်း ပြန်ကောင်းမယ့်ပုံမပေါ်ဘူး။
“ဘာရွန်...” ယင်ကောင်ကလည်း စိုးရိမ်တကြီးနဲ့ဆိုဖီယာကို တိုက်ခိုက်နေတာရပ်ပြီး ဘာရွန်ရှေ့မှာရပ်ကာ ကာကွယ်ပေးလိုက်တယ်။ ဘာပဲဖြစ်ဖြစ် ဘာရွန်က ပိုးကောင်အင်ပါယာရဲ့အရေးကြီးအဖွဲ့ဝင်တစ်ယောက်ပါ။ ဘာရွန်က ပါးစပ်ထဲက သွေးရည်ကြည်တွေကို အန်ထုတ်လိုက်ပြီး ပြောလိုက်တယ်။
“ဒီကောင်မလေးတွေလွှတ်ထားတဲ့ ဂြိုဟ်တုက ဒီလောက်စွမ်းအားကြီးမယ်ထင်မထားဘူး။ ရေဂင်သာရှိရင် ငါတို့အဲဒါကို ဖျက်ချဖို့လုပ်နိုင်မှာပဲ။” ဘာရွန်ရဲ့လေသံမှာ နောင်တတချို့ပါဝင်နေတယ်။ နည်းပညာအထူးပြု ပိုးကောင်ဗိုလ်ချုပ်သာ သူတို့ဘက်မှာရှိနေခဲ့ရင် ငြိမ်းချမ်းရေးမဟာမိတ်က ကျရှုံးပြီးတာကြာလောက်ပြီ။
“ကံကောင်းတာက အခုဒီတိုက်ပွဲမှာ သူတို့ကိုယ်တိုင်လည်း ငါတို့ကိုတိုက်ခိုက်နိုင်စွမ်းမရှိတော့ဘူး။ ယင်ကောင်၊ သူတို့ကို အဆုံးသတ်လိုက်တော့။”
ဘာရွန်က ယင်ကောင်ကို အမိန့်ပေးလိုက်တယ်။ အခုဖရာလီတာရဲ့ဝါးဖရိန်က ထိခိုက်သွားပြီဖြစ်လို့ တိုက်ပွဲမဝင်နိုင်တော့ဘူး။ ဂြိုဟ်ပတ်လမ်းအမြောက်က စွမ်းအားကြီးပေမဲ့ ဘာရွန်သတိလွတ်နေလို့သာ ထိအောင်ပစ်နိုင်ခဲ့တာ။ ပြီးတော့ အကန့်အသတ်မဲ့ ပစ်လွှတ်နိုင်မယ်လို့လည်း ဘာရွန်မရုံဘူး။ အခုရန်သူ့ဘက်မှာ ဆိုဖီယာတစ်ယောက်ပဲ တိုက်ခိုက်နိုင်တော့ပြီး ယင်ကောင်က ဆိုဖီယာထက် ပိုအစွမ်းထက်တယ်။ ဒီတော့ သူတို့စစ်ဆင်ရေးအောင်နိုင်သေးတယ်။
ဘုန်း.... ဘုန်း....
ဂီး... ဂရား.....
သူတို့တွေ ကိုယ့်စိတ်ကူးနဲ့ကိုယ်တွေးနေကြတုန်း ပိုးကောင်တွေရဲ့စစ်တပ်နောက်ကနေ ပေါက်ကွဲသံတွေထွက်ပေါ်လာပြီး အမြောက်ပိုးကောင်တွေရဲ့အော်သံ ထွက်ပေါ်လာပါတယ်။ တစ်ချိန်တည်းမှာပဲ ဘာရွန်ရဲ့ဦးမျှင်တွေ လှုပ်ရှားသွားပြီး မယုံနိုင်တဲ့မျက်နှာနဲ့ ပြောလိုက်ပါတယ်။
“ဘာ၊ ရန်သူ့လက်ရွေးစင်တပ်က ငါတို့ရှေ့တန်းကိုထိုးဖောက်ပြီး အမြောက်ပိုးကောင်တွေကို လိုက်ဖျက်ဆီးနေတယ်။ မဖြစ်ဘူး၊ အမြောက်ပိုးကောင်တွေက ငါတို့အတွက်အရေးကြီးတယ်။ သူတို့ပျက်စီးသွားရင် ဘုရင်မကို ထပ်ဖိအားပေးရဦးမယ်။ ဒါက လွယ်တဲ့ကိစ္စမဟုတ်ဘူး။ ပြန်ဆုတ်မယ်၊ ငါတို့တပ်ကို ပြန်ဖွဲ့စည်းပြီးမှလာမယ်။”
ယင်ကောင်က ဘာရွန်ရဲ့အမိန့်ကို လေးစားတဲ့အနေနဲ့ခေါင်းညိတ်လိုက်တယ်။ နောက်တော့ သူတို့တွေပြန်ဆုတ်ဖို့ပြင်တယ်။ စစ်မြေပြင်မှာ ပိုးကောင်တွေက စနစ်တကျပြန်ဆုတ်ခွာနေပြီး လူသားတွေကလည်း အင်အားသာလွန်မှုမရှိတဲ့အတွက် မလိုက်ဘဲ ခံစစ်ကိုသာ ပြန်လည်ဖွဲ့စည်းပါတယ်။ ဖလေရာတို့အဖွဲ့ကတော့ ရန်သူခေါင်းဆောင်တွေ သူတို့ကိုသတိမထားမိခင် သတိရှိရှိနဲ့ပြန်ဆုတ်လာနိုင်တယ်။ ဖရာလီတာက သူတို့ပြန်ရောက်လာတော့ အသိအမှတ်ပြုတဲ့အနေနဲ့ ခေါင်းညိတ်ပြတယ်။ ပိုးကောင်တွေက အဝေးကြီးကိုဆုတ်ခွာသွားတာမျိုးမဟုတ်ဘဲ မိုင်နည်းနည်းလောက်အကွာမှာ ရပ်ပြီးခံစစ်ပြင်တာတွေ့တော့ ဖရာလီတာက ခေါင်းခါလိုက်တယ်။
“ကြည့်ရတာ ငါတို့ပင်မစစ်တပ်နှစ်ခုက ဒီနေရာမှာအကြာကြီး ဆိုင်ထားကြရဦးမယ့်ပုံပဲ။ တဖြည်းဖြည်းကတုတ်ကျွင်းစစ်ပွဲနဲ့တူလာပြီ။”