ထိတ်လန့်နေသော ဖျက်စီးရေးသမားချင်
Vol. 59 Ch. 787
ချင်မူအတွက် ထိုညသည် လွန်ခဲ့သောနှစ်အနည်းငယ်က ည ဖြစ်သော်လည်း ထိုမိန်းကလေးအတွက်မူ နှစ်လေးသောင်းတိုင်တိုင် ကြာမြင့်ခဲ့ပြီဖြစ်သည်။
ချင်မူ့ကို စိတ်ရှုပ်ထွေးစေသည်မှာ နှစ်လေးသောင်းတိုင် ကုန်လွန်သွားသော်လည်း ပိုင်ချွီအာက သူ သူမနှင့် ပထမဆုံးတွေ့ခဲ့စဉ်ကအတိုင်းပင်။ ပြောင်းလဲသွားခြင်း မရှိပေ။
သူမသည် အသက်ကြီးမလာခဲ့ဘဲ ထိုညတုန်းက ပိုင်ဖန်းရုံမြို့တွင် သူ ဆုံတွေ့ခဲ့သော တက်ကြွလက်ကြွနှင့် ချစ်စရာကောင်းသော မိန်းကလေးသာ ဖြစ်နေသေး၏။ သူမ၏လှပသော ဆံနွယ်လေးများက နဂါးချိုသေးသေးလေးများကို ဖုံးအုပ်ထားလေသည်။
ပြောင်းလဲသွားသည်က သူမ၏အဟန့်အထည် ဖြစ်သည်။
ပိုင်ချွီအာ မည်သည့်အရာများကို ကျော်ဖြတ်ခဲ့ရမှန်း သူ မသိသော်လည်း သူ၏ရှက်ရွံ့မှု၊ နူးညံ့သိမ်မွေ့မှုတို့ ပျောက်ကွယ်သွားချေပြီ။ သူမအသွင်သည် အကြောက်တရားမဲ့ပြီး သတ္တိရှိရှိ ဦးဆောင်ဝံ့သော အသွင်သို့ ပြောင်းလဲသွားခဲ့၏။
နေမထွက်ခင် သူက သူမနှင့် ချုံဧကရာဇ်၏ပြည်သူများအား အသက်ဆက်ရှင်နိုင်ရန် အားပေးခဲ့သော တွန်းအား ဖြစ်လာခဲ့ကြောင်း ချင်မူ မသိပေ။ နေထွက်ပြီးနောက် ဤအားနည်းသော ပြည်သူများကို ဦးဆောင်၍ အသက်ဆက်ရှင်နိုင်မည့်လမ်း ရှာဖွေနိုင်အောင် သူမအတွက် တွန်းအားဖြစ်စေခဲ့သောတစ်ယောက်မှာလည်း သူသာ ဖြစ်ကြောင်း ချင်မူ မသိပေ။
နှစ်လေးသိုင်းကြာ ဝေးကွာခဲ့သော်လည်း နှစ်ယောက်စလုံး ပထမဆုံးစတွေ့ခဲ့သည့် အချိန်တုန်းကအတိုင်း ပုံပန်းသွင်ပြင်မပြောင်းလဲသွားကြပေ။ ချင်မူက အရွယ်ရောက်လာပြီး ပိုင်ချွီအာ၏အဟန့်အထည် ပြောင်းလဲသွားရုံသာ ရှိသည်။
ချင်မူက ပြုံးလိုက်ပြီး တစ်ဖက်ရှိ မိန်းကလေးလည်း ပြုံးသည်။
ထို့နောက် နှစ်ယောက်သား ဆန့်ကျင်ဘက်လိင်ကို ယခုမှ မြင်တွေ့ဖူးသော ကောင်လေးနှင့် ကောင်မလေးသဖွယ် အကြည့်လွှဲလိုက်ကြသည်။ တစ်ယောက်နှင့်တစ်ယောက် ဆက်၍စိုက်ကြည့်နေလျှင် နှစ်ယောက်စလုံး ရှက်ရွံ့လာလိမ့်မည်။
ချင်မူမှာ အားပြန်ပြည့်လာသကဲ့သို့ စိတ်ထဲ ကြည်လင်လန်းဆန်းသွားသည်။ သူက အပြုံးတစ်ခုဖြင့် ပြောလေသည်။ “အမိကမ္ဘာမြေရဲ့ တပည့်ဖြစ်တဲ့ ငါက မင်းတို့တွေကို သက်သေပြရဦးမယ်ဟုတ်လား... ဟာသပဲ... ဘယ်လောက်သနားကောင်းလိုက်သလဲ... ငါ့မှာလည်း အမိကမ္ဘာမြေဆီက ကောင်းချီးရှိတယ်”
သူ့ခေါင်းအနောက်ရှိ ရောင်ခြည်စက်ဝန်းက ဖြည်းညင်းစွာ ကွန့်မြူးနေပြီး အမိကမ္ဘာမြေ၏ စွမ်းအင် ကိန်းဝပ်နေသည်။
“ပြီးတော့ ကမ္ဘာဦးသစ်ပင်ကနေ မွေးဖွားလာတဲ့ ကမ္ဘာမြေမှုန်တာအိုသစ်သီးလည်း ရှိတယ်”
ချင်မူက အေးအေးဆေးဆေး လှည့်ကြည့်ကာ တည်ငြိမ်စွာ ပြောသည်။ “ငါ့ဘေးက အခြွေအရံတွေကတော့ မြင်ဖူးကြမယ်ထင်ပါတယ်... ဒီရတနာတွေကိုလည်း အမိကမ္ဘာမြေကိုယ်တိုင် သွန်းလုပ်ထားတာ... ငါ့မှာ ဒါတွေ ရှိတယ်... မင်းမှာ ဘာရှိလို့လဲ”
မိန်းကလေး၏ အမူအရာက မပြောင်းလဲသွားပေ။ သူမက လှောင်သလို ပြုံးလိုက်သည်။ “ဖုန့်ချိုးယွင်မဟုတ်လား... ဖုန့်ချိုးယွင်က အမိကမ္ဘာမြေကို သစ္စာဖောက်ခဲ့တာ ကြာပြီ... ဖုန့်ချိုးယွင်နဲ့ ဇာမဏီမီးငှက်မျိုးနွယ်ရဲ့ သစ္စာဖောက်မှုကြောင့်သာ မဟုတ်ရင် အမိကမ္ဘာမြေ အဲဒီလောက် ဒဏ်ရာအပြင်းအထန် ရခဲ့မှာမဟုတ်ဘူး... ကျွန်မပြောတာမှန်လား အစ်မတော်ဖုန်း ရှင့်”
ဖုန့်ချိုးယွင်မှာ အသားများတဆတ်ဆတ် တုန်သည်အထိ ဒေါသထွက်သွားသည်။ “ငါ့ကို စော်ကားနေတာပဲ ၊ မိန်းကလေး နင့်ကို ငါ တစစီ စုတ်ဖြဲပစ်မယ်”
ချင်မူက လက်မြှောက်ကာ ခပ်တိုးတိုး ပြောလိုက်၏။ “မမကြီးချိုးယွင်၊ စိတ်အေးအေးထားပါ... ဒီမှာ နတ်ဘုရားတစ်ပိုင်းတွေ အများကြီးရှိတယ်... မမကြီး စိတ်မထိန်းနိုင်ရင် အားလုံးက မမကြီးကို ပစ်မှတ်ထားပြီး အသုံးချကြလိမ့်မယ်”
ဖုန့်ချိုးယွင်မှာ ထိတ်လန့်သွားပြီး ကပျာကယာ နောက်လှည့်ကြည့်လိုက်သည်။ အမှန်ပင် သူမကို မယုံသင်္ကာဟန်ဖြင့် ကြည့်နေကြသော နတ်ဘုရားတစ်ပိုင်းများစွာ မြင်လိုက်ရ၏။
မိန်းကလေးသည် အပြုံးတစ်ခုဖြင့် ပြောလေသည်။ “ဖုန့်ချိုးယွင်က အမိကမ္ဘာမြေကို သစ္စာဖောက်ခဲ့ပေမယ့် အမိကမ္ဘာမြေအပေါ် သစ္စာစောင့်သိတဲ့လူတွေ ရှိသေးလို့ သူ အသက်ချမ်းသာရာရခဲ့တာပဲ... သစ္စာဖောက်တွေကလည်း အများကြီးရှိတယ်... နင့်လက်ထဲက ရတနာတွေက အမိကမ္ဘာမြေရဲ့ ရတနာဟုတ်မဟုတ် ဘယ်လိုသက်သေပြမလဲ”
ချင်မူက ဧကရာဇ်ပလ္လင်အရှေ့ရှိ မိန်းကလေးကို ကြည့်၍ လှောင်ပြုံးပြုံးလိုက်သည်။ “ဓား”
သူ လက်ကမ်းလိုက်သည့်အခါ ဖုန့်ချိုးယွင်မှာ အနည်းငယ် ကြောင်သွားသည်။ သူမမှာ အလျင်အမြန် သတိပြန်ကပ်သွားပြီး အမိကမ္ဘာမြေ ကမ္ဘာဦးဓားကို သူ့လက်ထဲ ထည့်ပေးလိုက်၏။ “သတိထား၊ အရမ်းလေးတယ်”
ချင်မူ ပြုံးလိုက်ပြီး အမိကမ္ဘာမြေ ကမ္ဘာဦးဓားထဲသို့ ချီစွမ်းအင်ပို့လွှတ်လိုက်သည်။ နတ်ဓားမ၏ စွမ်းအား တမုဟုတ်ချင်း အသက်ဝင်လာကာ သံလိုက်ဆွဲအားများ အုံကြွလာတော့သည်။ ဖွဲ့တည်လာသော ကောင်းကင်အလင်းတန်းများကို ပကတိမျက်စိဖြင့်ပင် မြင်နေရ၏။
ညည်းတွားသံများ ထွက်လာပြီး နတ်ကောင်းကင်ခန်းမထဲရှိ သိုင်းပညာရှင်အားလုံး ပြင်းထန်သော ဖိအားကို ခံစားလိုက်ကြရသည်။
ဤသစ်သားဓားဆီမှ စွမ်းအားသည် စွမ်းအားအပြည့်အဝ မဟုတ်သေးပေ။ တစ်စိတ်တစ်ပိုင်းသာ ရှိသေးသည်။ ယင်းက ကမ္ဘာဦးဘုံ၏ မြေပြင်ကဲ့သို့ လေးလံသော စွမ်းအားပိုင်ဆိုင်ထားသည့် သံလိုက်ဆွဲအား ဖြစ်၏။
အမိကမ္ဘာမြေက ဤဓားဖြင့် ကောင်းကင်ဘုံများ၊ ကမ္ဘာလောကများကို ဖိနှိပ်နိုင်ခဲ့သည်မဟုတ်ပါ၏လော။
ချင်မူမှာ သစ်သားဓား၏ အလေးချိန် ကြီးမားလာသည်ကို ခံစားလိုက်ရပြီး မ,မနိုင်လုဆဲဆဲ ဖြစ်သွားသည်။ ချီစွမ်းအင်တချို့ ပြန်နုတ်ယူလိုက်သည့်အခါမှ မ,နိုင်သွား၏။
သူက သစ်သားဓားကို ဒေါင်လိုက်မြှောက်လိုက်သည်။
မိန်းကလေး၏ ပတ်၀န်းကျင်ရှိ အခြွေအရံများက မျက်ခုံးပင့်၍ သူ့ကို တားတော့မည့်အချိန် မိန်းကလေးက ပြုံးလိုက်သည်။ သူမ လက်ညှိုးထောင်လိုက်သည့်အခါ သူမဘေးရှိ အမျိုးသမီးများမှာ မည်သို့မှ မလှုပ်ရှားရဲတော့ပေ။
ချင်မူက ဓားကို သူမ၏မျက်ခုံးနှစ်ဖက်ကြားသို့ ထိုးစိုက်ကာ ရပ်တန့်လိုက်သည်။ ထွက်ပေါ်လာသည့် သံလိုက်ဆွဲအားလှိုင်းများကြောင့် ခန်းမတစ်ခုလုံး ယိမ်းခါသွား၏။
အပြင်၌ တဝုန်းဝုန်းမြည်သံများ ကြားလိုက်ရ၍ တံခါး၀၌ ရပ်နေကြသည့် နတ်ဘုရားများနှင့် နတ်ဘုရားတစ်ပိုင်းများမှာ ခန်းမထဲမှ ပျံထွက်သွားကြသည်။
အားလုံး ကောင်းကင်ယံဆီ ပျံတက်ကာ ခန်းမ၏အနောက်သို့ ကြည့်လိုက်ကြသည်။ ချင်မူ ဓားဖြင့် ထိုးစိုက်လိုက်ပြီးနောက်တွင် မြေပြင်ဆီမှ တောင်တန်းများ မတ်စောက်စွာ မြောက်တက်လာ၍ ထစ်ချုန်းမြည်ဟည်းသံများ တရစပ် ဆူညံနေတော့သည်။ သူ့ဓား၏ စွမ်းအားသည် နတ်ကောင်းကင်ခန်းမ၏ အနောက်ရှိ အရာအားလုံးအား ဖောက်ခွဲပစ်နိုင်သည့်အလား အလွန်တရာ အံ့အားသင့်ဖွယ်ကောင်းလှ၏။
ကျောက်စိမ်းမြို့တော်၏အတွင်းတွင် မြေကြီးအောက်မှ တောင်တန်းကြီးများ မြောက်တက်လာသဖြင့် ခန်းမနန်းဆောင်များ အစိတ်စိတ်အမွမွ ပြိုကွဲကုန်သည်။ တောင်တန်းများက အရပ်လေးမျက်နှာသို့ ဆန့်ထွက်သွားရင် ရှေးဟောင်းကောင်းကင်နတ်ဘုံပျက်အား စိစိညက်ညက် ကြေမွသွားစေသည်။
ဓားချက်တစ်ချက်တည်းက ကျောက်စိမ်းမြို့တော်၏ ဆယ်ပုံတစ်ပုံကို ဖျက်ဆီးပစ်လိုက်ချေပြီ။
“ဒါက အမိကမ္ဘာမြေရဲ့ ကမ္ဘာဦးဓားပဲ”
ရှေးဟောင်းနတ်ဘုရားတစ်ပါးက အော်ဟစ်သည်။ “ဒီဓားက ကမ္ဘာလောကတွေကို ဖိနှိပ်နိုင်တဲ့ဓား.... ရှေးဟောင်းနဂါးမင်း ဟုတ်တယ်မလား”
ရှေးဟောင်းနဂါးမင်းလည်း အံ့အားသင့်နေပြီး သူ့အသံမှာ အနည်းငယ်အက်ကွဲနေသည်။ “ဟုတ်တယ်... ဒီဓားပဲ... အမိကမ္ဘာမြေက ဒါက ကမ္ဘာဦးသစ်ပင်သားနဲ့ သွန်းလုပ်ထားတဲ့ဓား... ဒီထဲမှာ အမိကမ္ဘာမြေရဲ့ နတ်စွမ်းအင် ကိန်း၀ပ်နေတယ်... အမိကမ္ဘာမြေအသက်ရှင်တုန်းက လူကိုယ်တိုင် ဆင်းသက်လာစရာတောင် မလိုဘူး... ဒီဓားနဲ့ လူတစ်ယောက် လွှတ်လိုက်ဖို့ပဲ လိုတယ်...ကမ္ဘာဦးဓား ဓားအိမ်ထဲက ထွက်လာတာနဲ့ ကမ္ဘာလောကအားလုံး ကြောက်လန့်ပြီး အညံ့ခံကြရတယ်....
“အညံ့မခံရတဲ့လူတွေကတော့....”
ကမ္ဘာဦးဘုံ၏ ကောင်းကင်ထက်ရှိ မိစ္ဆာနတ်ဘုရားတစ်ပါးက အေးစက်စက် ပြောလိုက်သည်။ “ဒီသစ်သားဓား သတ်တာခံရတယ်”
စာပေသမားက မြည်းကို ဦးဆောင်၍ ထွက်လာကာ ကျောက်စိမ်းမြို့တော်၏ ဆယ်ပုံတစ်ပုံကို ဖျက်ဆီးခဲ့သော တောင်တန်းများအား မြင်လျှင် မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။
ဤအခိုက်အတန့်တွင် အမိကမ္ဘာမြေကမ္ဘာဦးဓားကို ကိုင်ထားသည့် ချင်မူမှာ စိုးရိမ်ထိတ်လန့်နေ၏။ ဤဓားက ကျောက်စိမ်းမြို့တော်ထဲရှိ ခန်းမများကို ဖျက်ဆီးသွားခဲ့ကြောင်းကို သူ မမြင်ပေ။
‘ဘာလို့ ဒီဓားရဲ့ စွမ်းအားက ဒီလောက်အားနည်းနေတာလဲ... စောစောက စွမ်းအားအပြည့် မထည့်လိုက်လို့လား... နောက်တစ်ခေါက် ထပ်စမ်းကြည့်မယ်’
ထို့နောက် သူက သစ်သားဓားကို မြှောက်၍ နောက်တစ်ကြိမ် ထိုးစိုက်လိုက်သည်။
ကြောက်မက်ဖွယ်ရာ ကောင်းကင်အလင်းတန်းများ ဖြာထွက်လာသဖြင့် ခန်းမထဲရှိ နေရာဟင်းလင်းပြင်မှာ တဝုန်းဝုန်း လှုပ်ခါသွား၏။
‘အသံတွေက အားကောင်းပေမယ့် ဒီအမိကမ္ဘာမြေ ကမ္ဘာဦးဓားမှာ စွမ်းအားမပါသလိုပဲ... နတ်ကောင်းကင်ခန်းမကိုတောင် မဖျက်စီးနိုင်ဘူး... မဟုတ်မှ အတုကြီးများလား’
ချင်မူ့နဖူးမှ ချွေးများကျလာပြီး အကြိမ်ပေါင်းများစွာ ထိုးစိုက်လိုက်သည်။
ခန်းမအပြင်တွင် စာပေသမားနှင့် မြည်းပင် တုန်လှုပ်ချောက်ချားနေ၏။ သူတို့မှာ ကျောက်စိမ်းမြို့တော်ကို တအံ့တဩ ကြည့်နေကြလေသည်။
ကြောက်မက်ဖွယ်လှိုင်းဂယက်များ ပျံ့နှံ့လာ၍ မြေကြီးထဲမှ မတ်စောက်သော တောင်တန်းကြီးများ မြောက်တက်လာသည်။ နန်းတော်များ၊ ခန်းမများမှာ လေပေါ် မြောက်တက်ကုန်ကြကာ အစိတ်စိတ်အမြွှာမြွှာ ပျက်စီးကြေမွကုန်ကြ၏။
တောင်တန်းတစ်တန်းစီကား မိုင်တစ်ထောင် ရှည်လျားနေသည်။
မျက်စိတစ်မှိတ်အတွင်း ကျောက်စိမ်းမြို့တော်မှာ အနည်းနှင့်အများ ပျက်စီးသွားချေပြီ။
‘တကယ့် ဖျက်စီးရေးသမားပဲ ... ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ သူ့အကြောင်း စုံစမ်းတုန်းက သူ့ကို ဖျက်စီးရေးသမားချင်လို့ ခေါ်ကြတာ အံ့ဩစရာမရှိဘူး’
စာပေသမား၏ နဖူးမှ ချွေးများကျလာသည်။ “လွီကျန်း၊ ပြင်ပကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်ဓားမလော့ စောစောက ဘာပြောလိုက်တာလဲ မင်း ကြားလား”
မြည်းက ခေါင်းညိတ်လိုက်ပြီး အလွန်လေးနက်သော အမူအရာရှိသည်။ “ဟွီး”
“ကောင်းကင်ဓားမလော့က သူ့လက်ကို ဖျက်စီးရေးသမားချင် ဖြတ်လိုက်တာလို့ ပြောတယ်”
စာပသေမားမှာ မြည်းကို ပြောနေသော်လည်း သူမဘာသာ ရေရွတ်နေသယောင် ထင်ရ၏။ သူမက အသံနှိမ့်ကာ ပြောလေသည်။ “ဒါမဲ့ သူ့လက်ကို ချုံဧကရာဇ်လောကသခင်ခန္ဓာ ဖြတ်ပစ်ခဲ့တာလို့လည်း ပြောဖူးတယ်မလား... ထူးဆန်းတယ်... ချုံဧကရာဇ်လောကသခင်ခန္ဓာနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ လောကသခင်ခန္ဓာက တစ်ယောက်ထဲလား... ဒါဆို ချုံဧကရာဇ် ဓားနတ်ဘုရားရဲ့ ဓားကွက်တွေက...”
သူမ၏မျက်လုံးများ ပြူးကျယ်သွားပြီး ကပျာကယာ ခေါင်းယမ်းလိုက်သည်။ “မဖြစ်နိုင်ဘူး... လုံးဝမဖြစ်နိုင်ဘူး”
ဝုန်း
မြေကြီးဆီမှ မိုင်တစ်ထောင်ရှည်လျားသော တောင်တန်းကြီးနောက်တစ်ခု မြောက်လာပြီး တခြားတောင်တန်းများအကြား တိုးဝင်သွားသဖြင့် ကျောက်စိမ်းမြို့တော်မှာ တသိမ့်သိမ့် တုန်ခါနေတော့သည်။
အားလုံး နတ်ကောင်းကင်ခန်းမထဲသို့ ကမန်းကတန်း ပြန်ဝင်ကာ နဂါးချီလင်၏ ခေါင်းပေါ်၌ ရပ်နေသော လူငယ်ထံ ကြောက်လန့်တုန်လှုပ်စွာ ကြည့်လိုက်ကြသည်။
လူငယ်က သူ့ဘေးရှိ အခြွေအရံ ဖုန့်ချိုးယွင်ထံ ဓားပြန်ပေးလိုက်သည်။ ထို့နောက် ခေါင်းအနောက်ရှိ ရောင်ခြည်စက်ဝန်းထဲ၌ အပင်ပေါက်လေးတစ်ပင်နှင့် အခြွေအရံဘက်သို့ လှည့်လိုက်၏။ “အရပ်ခြောက်မျက်နှာ မူလဓား ပေး”
အားလုံ သွေးများ အေးစက်သွားကြတော့သည်။
ကုန်းစွန်းယန်က မြင်းမြီးယပ်ကို ချင်မူ့လက်ထဲ ထည့်ပေးလိုက်သည်။ ချင်မူ မြင်းမြီးယပ်ကို လှုပ်ခါ၍ စွမ်းအား ထုတ်ဖော်တော့မည့်အချိန် ရှေးဟောင်းနဂါးမင်းမှာ အလျင်စလို လှမ်းအော်လိုက်ရသည်။ “သခင်လေးချင်၊ စမ်းသပ်စရာ မလိုတော့ပါဘူး... မင်း ဆက်ပြီးစမ်းသပ်နေရင် ကျောက်စိမ်းမြို့တော် ပျောက်ကွယ်သွားလိမ့်မယ်... ဒီရတနာတွေက အမိကမ္ဘာမြေရဲ့ အထွတ်အမြတ်ရတနာတွေဆိုတာ သံသယဝင်စရာမလိုပါဘူး”
ကျန်နတ်ဘုရားတစ်ပိုင်းများလည်း ကပျာကယာ ခေါင်းညိတ်ကြသည်။ “ဒါတွေက အမိကမ္ဘာမြေရဲ့ ရတနာတွေမှန်း သေချာပါတယ်... သခင်လေးချင်၊ မစမ်းသပ်ပါနဲ့တော့”
ချင်မူမှာ ဇဝေဇဝါ ဖြစ်နေ၏။ ‘ဒါတွေက အမိကမ္ဘာမြေရဲ့ ရတနာတွေမှန်း သူတို့ ဘယ်လိုသိလဲ... ငါ ခြောက်ကြိမ်၊ ခုနစ်ကြိမ် ထိုးစိုက်ခဲ့တာတောင် စွမ်းအားတစ်စက်မှ မခံစားခဲ့ရဘူး’
သို့သော် ဤသည်က သူတို့၏သံသယများကို ဖယ်ရှားပေးလိုက်ပြီ၍ သူ့အတွက် အလုပ်ဖြစ်ပေသည်။
ချင်မူ မြင်းမီးယပ်ကို ကုန်းစွန်းယန်ဆီ ပြန်ပေးလိုက်သည့်အခါမှ ရှေးဟောင်းနဂါးမင်းနှင့် ကျန်နတ်ဘုရားတစ်ပိုင်းများ စိတ်သက်သာရာရသွားသည်။ ရှေးဟောင်းနဂါးမင်းက ချင်မူ့ကို ပြောလေသည်။ “သခင်လေးချင်၊ မင်းက အမိကမ္ဘာမြေရဲ့ တပည့်ဆိုတော့ အမိကမ္ဘာမြေ ဘယ်မှာလဲ မေးလို့ရမလား... “
ဖုန့်ချိုးယွင်က မတွေးဘဲ ပြန်ဖြေလိုက်၏။ “အမိကမ္ဘာမြေ ဒဏ်ရာအပြင်းအထန် ရထားတယ်... အခုထက်ထိ...”
ချင်မူ့အမူအရာ အနည်းငယ်ပြောင်းလဲသွားပြီး သူမလက်ကို ကပျာကယာ လှမ်းဆွဲလိုက်သည်။
ဖုန့်ချိုးယွင်မှာ သူ၏ရည်ရွယ်ကို နားမလည်ပေ။ ရုတ်တရက် သူမစိတ်ထဲသို့ ချင်မူ၏ ဦးနှောက်လှိုင်းများ ဝင်ရောက်လာသည်။ “မမကြီးချိုးယွင်၊ အမိကမ္ဘာမြေရဲ့ အခြေအနေကို ထုတ်မပြောနဲ့... ဒီနတ်ဘုရားတစ်ပိုင်းတွေက ကောင်းတာတွေ မဟုတ်ဘူး”
ဖုန့်ချိုးယွင် အရိုးထဲ စိမ့်အေးသွားပြီး နတ်ဘုရားတစ်ပိုင်းများဆီသို့ ကြည့်လိုက်မိသည်။
ရှေးဟောင်းနဂါးမင်းနှင့် ကျန်ရှိသူများသည် ချုံဧကရာဇ်ခေတ်တုန်းက မျိုးနွယ်စုကြီးများ၏ ခေါင်းဆောင်များ ဖြစ်ကြ၍ သန်မာအားကောင်းကြ၏။ အမိကမ္ဘာမြေ အသက်ရှိစဉ်တုန်းက သူမ၏ဂုဏ်ကျက်သရေနှင့် ဩဇာအာဏာသည် အလွန်ကြီးမားခဲ့သဖြင့် မျိုးနွယ်အားလုံး အသက်ရှူမချောင်ခဲ့ပေ။
အမိကမ္ဘာမြေ အသက်ရှိသည့်အချိန်တွင် သူတို့ ပုန်ကန်ရဲမည်မဟုတ်။ အမိကမ္ဘာမြေ သေဆုံးသွားမှသာ သူတို့အားလုံး ဝန်ထုပ်ဝန်ပိုးများဆီမှ လွတ်မြောက်သွားလိမ့်မည်။
ထို့ကြောင့် အမိကမ္ဘာမြေ ဒဏ်ရာအပြင်းအထန် ရထားမှန်း သိလျှင် သူတို့သည် အမိကမ္ဘာမြေကို သေချာပေါက် ဖယ်ရှားပစ်ကြလိမ့်မည်။
ဖုန့်ချိုးယွင် ဤအချက်ကို တွေးမိသည့်အခါ နဖူးမှ ချွေးပေါက်များ ကျလာတော့သည်။ ‘ရှေးဟောင်းနဂါးမင်းနဲ့ ကျန်တဲ့လူတွေက ငါ့ဆီကနေ သတင်းနှိုက်နေတာကိုး....’’
ရှေးဟောင်းနဂါးမင်းက စိတ်ပူနေသောအမူအရာဖြင့် မေး၏။ “အစ်မတော်ဖုန်း၊ အမိကမ္ဘာမြေရဲ့ ဒဏ်ရာတွေ ဘယ်လိုအခြေအနေရှိလဲ... ကျုပ်တို့ဝန်မင်းတွေအားလုံး အမိကမ္ဘာမြေရဲ့ သတင်းကို နားစွင့်ပြီး စိတ်ပူနေကြတာပါ... အခု အမိကမ္ဘာမြေရဲ့ တပည့်နဲ့လည်း ကြုံတောင်ကြုံခဲ တွေ့ရပြီဆိုတော့ ကျုပ်တို့ အမိကမ္ဘာမြေကို သွားဂါဝရပြုရမှ ဖြစ်မယ်”
ဖုန့်ချိုးယွင် ခေါင်းနပန်းကြီးလာသည်။
ရုတ်တရက် ချင်မူက တဟားဟား ရယ်လေသည်။ “ရှေးဟောင်းနဂါးမင်း၊ စိတ်အေးအေးထားပါဦး... ကျုပ်တို့မှာ အရေးကြီးတဲ့ကိစ္စတွေ ရှိနေတယ်... အစ်မတော် ဘာတွေပြောစရာရှိသေးလဲ... ဘာကြောင့် အမိကမ္ဘာမြေရဲ့ တပည့်အယောင်ဆောင်တာလဲ... ဘာကို လိုချင်တာလဲ”
သူက စကားလမ်းကြောင်း လွှဲလိုက်၍ အားလုံး၏အာရုံသည် မိန်းကလေးအပေါ် ရောက်သွား၏။
မိန်းကလေးက တခစ်ခစ် ရယ်သည်။ “နင်တို့သစ္စာဖောက်တွေက အမိကမ္ဘာမြေရဲ့ ရတနာတွေကို ခိုးပြီး သူ့တပည့်အယောင်ဆောင်တယ်... ဘာမှမသိတဲ့လူတွေကတော့ နင် လှည့်စားတာ ခံရမှာပဲ... ကောင်းကင်တန်ခိုးရှင်ဂိုဏ်းသခင်ချင်၊ နင်က တကယ်ကို ဂိုဏ်းသခင်ချင် ပီသပါပေတယ်”
ချင်မူ ပြုံးလိုက်သည်။
မိန်းကလေးက အေးအေးလူလူ ပြော၏။ “ဒါပေမဲ့ နင် ကြိုက်သလောက် ရှင်းပြနိုင်တယ်... အမှန်တရားကိုတော့ ဘယ်တော့မှ မပြောင်းလဲနိုင်ဘူး”
သူမက ရုတ်တရက် ဦးညွတ်အရိုအသေပေးကာ ပြောလေသည်။ “အမိကမ္ဘာမြေ ၊ ကျေးဇူးပြုပြီး ဆင်းသက်လာပါ”
သူမ ထိုသို့ပြောလိုက်သည့်အချိန်မှာပဲ တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် လေးလံသော အရှိန်အဝါတစ်ခု ဆင်းသက်လာသည်။
ကမ္ဘာဦးဘုံ၏ မြေထုကြီးပမာ လေးလံကာ အဆုံးမရှိသည့် ချောက်နက်ကြီးပမာ နက်ရှိုင်းသော ထိုအရှိန်အဝါသည် ကျောက်စိမ်းမြို့တော်တစ်မြို့လုံးကို လွှမ်းခြုံသွား၏။
အကုန်လုံး သဘာဝနတ်ဘုရား၏စွမ်းအားဖြင့် စိုးမိုးခံလိုက်ရပြီး သူတို့ပတ်ဝန်းကျင်ရှိ နေရာဟင်းလင်းပြင်လည်း လေးလံလာကြောင်း ခံစားလိုက်ရသည်။
နတ်ကောင်းကင်ခန်းမမှာ တမုဟုတ်ချင်း အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားသဖြင့် မရေမတွက်နိုင်သော ကျောက်တုံးများ မြောက်တက်လာတော့သည်။ ခေါင်မိုး၊ နံရံများ၊ တိုင်များနှင့် ကြမ်းခင်များလည်း မြောက်ကြွလာကာ အဝေးသို့ လွင့်ထွက်ကုန်သည်။
ခန်းမတစ်ခုလုံး ပျောက်ကွယ်သွားပြီး အားလုံး ရပ်နေသည့်နေရာသာ ကျန်ခဲ့၏။
သူတို့၏ခြေထောက်အောက်၌ တောင်တန်းများ ထိုးထွက်လာကာ အရပ်လေးမျက်နှာသို့ ဆန့်တန်းသွားကြသည်။
တောင်တန်းများမှာ မြင့်မားလွန်းသောကြောင့် တိမ်တိုက်များနှင့်ပင် ထိကြနေသည်။
သို့သော် သေသေချာချာ ကြည့်လိုက်သည့်အခါမှ တောင်တန်းများမဟုတ်ကြောင်း သဘောပေါက်လိုက်၏။ ၎င်းတို့ကား ပြိုင်ဘက်ကင်းအောင် ထူထဲတုတ်ခိုင်လှသော အမြစ်များ ဖြစ်ချေသည်။
အဆင့်မြင့်သိုင်းပညာရှင်များ ခက်ခက်ခဲခဲ ခေါင်းမော့ကြည့်လိုက်သည့်အခါ ကောင်းကင်နှင့် မြေပြင်အကြား ရပ်တည်နေသော ရှေးဟောင်းသစ်ပင်ကြီးတစ်ပင် မြင်လိုက်ရ၏။ အမြစ်များက ကမ္ဘာဦးဘုံ၏ မြေကြီးထဲသို့ စိုက်ဝင်နေကြသည်။ သစ်ပင်ကြီး၏ပင်စည်ပေါ်ရှိ သွေးကြောများမှာ သဘာဝတာအိုအမှတ်အသားများအလား ထင်ရပေသည်။
သစ်ပင်ကြီး၏ ပင်စည်မှာ အလွန်ကြီးထွားလှ၍ မြင့်းမိုရ်တောင်နှင့် တည်ဆောက်ထားသကဲ့သို့ ဖြစ်နေသည်။ မြင်းမိုရ်တောင်ထက်ပင် ကြီးမားလှပြီး သစ်ပင်ကြီး၏ သစ်ပင်ပင်စည်နှင့် သစ်ပင်ထိပ်ဖျားအကြားတွင် လွင့်မျောနေသော ကမ္ဘာလောကများကို မြင်ရနိုင်၏။
ထိုမျှခမ်းနားသော မြင်ကွင်းကား ရင်သပ်ရှုမောဖွယ်ကောင်းပေသည်။
သစ်ပင်အောက်၌ မိန်းကလေးက ဦးညွှတ်အရိုအသေပေးလိုက်သည်။ “အမိကမ္ဘာမြေ ကျေးဇူးပြုပြီး”
သစ်ပင်၏ထိပ်ဖျားအောက်မှ နတ်ဘုရားမတစ်ပါး ဆင်းသက်လာသည်။ သူမသည် ခြေဗလာဖြင့် မြေကြီးပေါ်သို့ ညင်ညင်သာသာ ဆင်းသက်လိုက်၏။
အမိကမ္ဘာမြေမှာ ကောင်းကင်နှင့်မြေကြီးမှ မွေးဖွားလာသော နတ်ဘုရားတစ်ပါး ဖြစ်ပြီး ကမ္ဘာမြေကြီး၏အထူအမြင့်ကို ကိုယ်စားပြုသည်။ သူမက သက်ရှိသတ္တဝါများကို ဖွားမြင်ပေးခဲ့သူလည်း ဖြစ်သည့်အတွက် အခြားသူများ မတုပနိုင်သည့် အဟန့်အထည်မျိုး ရှိသည်။
သူမ၏ရုပ်ရည်သွင်ပြင်က အမိကမ္ဘာမြေဘုရားကျောင်းတွင် ချင်မူ မြင်ခဲ့ရသော အမိကမ္ဘာမြေနတ်ဘုရားရုပ်တုနှင့် ချွတ်စွပ်တူလေသည်။
ချင်မူ၏မျက်စွန်းထောင့်စွန်းများ တွန့်သွားသည်။ သူက ဖုန့်ချိုးယွင်ဆီသို့ ကြည့်ပြီးနောက် အမိကမ္ဘာမြေကို မော့ကြည့်နေသော မိန်းကလေးထံ လှမ်းကြည့်လိုက်သည်။ ချင်မူ ဇဝေဇဝါ ဖြစ်နေလေသည်။
မြေကမ္ဘာနန်းတော်တွင် အမိကမ္ဘာမြေ၏ တစ်ပိုင်းတစဝိညာဉ်ကို မြင်တွေ့ခဲ့ရသော်လည်း သူ့ရင်ထဲရှိ အသံတစ်သံက ဤအမိကမ္ဘာမြေသည် အတုမဟုတ်သည့်အကြောင်း ပြောနေ၏။
‘ငါ ထင်ထားတာထက် အများကြီး ရှုပ်ထွေးနေတာပဲ... ငါတို့က ဒီကို ချီရှားယွီကို သတ်ဖို့လာတာမဟုတ်လား... ဖုန့်ချိုးယွင် မမကြီးချီကို တိုက်ခိုက်ပြီး သူ့ကြောင့် သေသွားတဲ့အချိန် ငါ ဒီရတနာတွေနဲ့ ထွက်ပြေးနိုင်မှာလေ... အခြေအနေတွေက ဘာလို့ ရှုပ်ထွေးကုန်ပြီး ထူးဆန်းနေတာလဲ”
ချင်မူမှာ ခေါင်းကိုက်လာပြီး မျက်ခုံးနှစ်ဖက်ကြားရှိ မိုးမခသစ်ရွက်အား တိတ်တိတ်လေး ဖွင့်လိုက်သည်။