ကြမ်းတမ်းသော သံလိုက်ဆွဲအား
Vol. 59 Ch. 789
အသံက မြေကြီးအောက်မှ ထွက်လာပြီး လျင်မြန်စွာ ပျံ့လွင့်လာ၏။ အသံက ခနဲ့နေသော လေသံအနေအထားဖြင့် ပြောလေသည်။ “ငါ့ကမ္ဘာဦးသစ်ပင်ကို ခုတ်ဖြတ်၊ ငါ့နှလုံးသားကို ဓားနဲ့ ထိုးစိုက်၊ ငါ့ရုပ်ခန္ဓာကို သိမ်းပိုက်ပြီး ဝိညာဉ်အတု ဖန်တီးထားတယ်ပေါ့လေ... ကမ္ဘာဦးသစ်ပင်က ပြိုလဲသွားတဲ့အချိန်မှာ အမြစ်မရှိတဲ့ သစ်ပင်ဖြစ်သွားတာ နှမြောစရာပဲ... အမြစ်မရှိတဲ့ သစ်ပင်ကနေ မွေးဖွားလာတဲ့ နင်က ဘယ်တော့မှ အမိကမ္ဘာမြေအသစ် ဖြစ်လာမှာမဟုတ်ဘူး... အတုက အမြဲ အတုပဲ ... ဘယ်တော့မှ အစစ် မဖြစ်နိုင်ဘူး”
ချင်မူမှာ ဤအသံကို ကြားလျှင် နဂါးချီလင်၏ ခေါင်းကို ဖြန်းခနဲ ချ၍ ခပ်တိုးတိုး ပြောလိုက်၏။ “ဖက်တီးနဂါး၊ လှည့်ပြေးတော့”
နဂါးချီလင်သည် ချက်ဆို နားခွက်က မီးတောက်၏။ သူက ချာခနဲ လှည့်၍ တင်ပါးနှင့်ဖနောင့် တစ်သားတည်းကျအောင် ပြေးတော့သည်။ မြေကြီးပေါ်၌ ဒူးထောက်နေသော ရေချီလင်မှာ ကြိုးကို ကိုင်ထားဆဲ ဖြစ်သောကြောင့် နဂါးချီလင်နောက်သို့ တရွတ်တိုက် ပါသွားလေသည်။ သူက ကြိုးကို မလွှတ်သေးပေ။
ကောင်ကင်နတ်အရှင်ယွီက အလျင်အမြန် ပြောလိုက်သည်။ “အားရွှေ ပြေး”
ရေချီလင် စိတ်နှင့်ကိုယ် ပြန်ကပ်သွားပြီး ကြိုးကို လွှတ်လိုက်သည်။ သူက ခန္ဓာကိုယ်ကို လှုပ်ခါ၍ ပုံသဏ္ဍာန်အစစ်သို့ ပြန်ပြောင်းကာ နဂါးချီလင်နောက် လိုက်သွားသည်။
ဖုန့်ချိုးယွင်က အလျင်အမြန် ပြောသည်။ “အသံက အမိကမ္ဘာမြေရဲ့ အသံလေ... ငါတို့ ဘာလို့ ထွက်ပြေးနေတာလဲ... ရပ်စမ်း အဲဒီအပျက်မလေး ချီရှားယွီနဲ့ ငါ စာရင်းရှင်းရမယ်”
သူမ ထိုသို့ပြောလိုက်သည့်အချိန်မှာပဲ မြေပြင်သည် ပြင်းပြင်းထန်ထန် လှုပ်ခတ်တုန်ရီလာ၏။ ပူဆွေးဝမ်းနည်းမှု ပြည့်နှက်နေသော အရွဲ့တိုက်ရယ်သံကြီးက မြေကြီးအောက်မှ ထွက်လာသည်။ “ငါ့ကို ဘာကြောင့် အမိကမ္ဘာမြေလို့ ခေါ်မှန်း နင် မသိပါဘူး... အမိကမ္ဘာမြေရဲ့စွမ်းအားက ပင်စည်နဲ့ သစ်ပင်ထိပ်ဖျားက လာတာမဟုတ်ဘူး... အမြစ်ကနေ လာတာ”
အသည်းအသန် ပြေးနေသော နဂါးချီလင်မှာ သူ့ခြေထောက်အောက်ရှိ မြေပြင် နှစ်ခြမ်းကွဲသွားသည်ကို မြင်လိုက်ရသည်။ တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် ကြီးမားသည့် အမြစ်ကြီးများက မြေကြီးအောက်၌ လှုပ်ရှားနေပြီး ညိုမည်းမည်းနဂါးကြီးများ လူးလွန့်နေသယောင် ထင်ရသည်။
ကျောက်စိမ်းမြို့တော်တစ်မြို့လုံး မြေကြီးအောက်သို့ ပြိုကျသွားသည်။ မြေပြင်ပေါ်တွင် ဒူးထောက်နေဆဲ ဖြစ်သော နတ်ဘုရားတစ်ပိုင်းများ၊ နတ်ဘုရားများနှင့် မိစ္ဆာများမှာ အချိန်မီ မတုံ့ပြန်နိုင်လိုက်သဖြင့် မြေအက်ကွဲကြောင်းများအထဲ ကျသွားကြသည်။ လူးလွန့်နေသော အမြစ်ကြီးများက သူတို့ကို ဖမ်းဆုပ်၍ မြိုချလိုက်ကြ၏။
နဂါးချီလင်၏ ခြေထောက်အောက်တွင် မီးလျှံတိမ်တိုက်များ ဖွဲ့တည်လာပြီး သူက အားလုံးကို သယ်၍ ကောင်းကင်ထက်သို့ ပျံတက်လိုက်သည်။
“ဒီကမ္ဘာပေါ်က လူသားတွေဟာ ကမ္ဘာဦးသစ်ပင် ကြီးမားတာကို သိပေမယ့် ကမ္ဘာဦးသစ်ပင်က အပေါ်ယံ အပိုင်းသေးသေးလေးတစ်ပိုင်းပဲ ရှိသေးတာ မေ့နေကြတယ်... တကယ် ကြီးမားတဲ့ အပိုင်းတွေက အမြစ်တွေပဲ၊ ကမ္ဘာဦးသစ်ပင်ထက် အဆတစ်ရာ ကြီးမားတဲ့ ကမ္ဘာဦးသစ်မြစ်တွေပဲ”
မြေကြီးအောက်မှ အသံသည် ဒေါသထွက်သထက် ထွက်လာ၏။ ငလျင်လှိုင်းဂယက်များကြောင့် ကျောက်စိမ်းမြို့တော်တစ်မြို့လုံး နစ်မြုပ်သွားပြီဖြစ်သည့်အပြင် ကောင်းကင်နန်းဆောင်များလည်း ကျွံကျနေကြချေပြီ။
မီးတောက်မီးလျှံများက မြေကြီးအောက်မှ တရှိန်ထိုး ပန်းထွက်လာကာ တိမ်တိုက်များဆီသို့ ထိုးတက်သွားကြသည်။ တောင်တန်းများထက်ပင် ပို၍ကြီးမားသည့် ချော်ရည်တိုင်လုံးများက ဒေါသအမျက်တချောင်းချောင်းဖြင့် တဝေါဝေါ လည်နေကြ၏။
ဖုန့်ချိုးယွင်မှာ ဤမြင်ကွင်းကို အကြောင်သား ငေးကြည့်နေသည်။ နတ်ဘုရားတစ်ပိုင်းများ၊ နတ်ဘုရားများနှင့် မိစ္ဆာများ ထိုတိုင်လုံးကြီးများအကြား၌ ပျံသန်းနေကြသည်ကို သူမ မြင်နေရသည်။ သူတို့က ကောင်းကင်နတ်သိုင်းမျိုးစုံ ထုတ်လွှတ်လျက် ထိုနေရာမှ လွတ်မြောက်ရန် ကြိုးစားနေကြသည်။
နဂါးချီလင်နှင့် ရေချီလင်၏ အမြန်နှုန်းမှာ အဆုံးစွန်ထိ မြန်နေပြီဖြစ်သော်လည်း ရုတ်တရက် သံလိုက်ဆွဲအား ပရမ်းပတာ ဖြစ်သွားသည်။ သူတို့၏ခန္ဓာကိုယ်များ အလွန်လေးလံလာသဖြင့် ဆက်လက်ပျံသန်းရန် ခက်ခဲလာ၏။
နတ်ဘုရားများဖြစ်စေ၊ မိစ္ဆာများဖြစ်စေ၊ ကျင့်ကြံသူများဖြစ်စေ မည်သူမဆို ပြုတ်ကျကုန်ကြသည်။ သူတို့သည် မြေကြီးပေါ်သို့ ပြုတ်ကျနေကြခြင်းမဟုတ်၊ သံလိုက်ဆွဲအား ပုံမှန်မဟုတ်သည့် နေရာဆီသို့ ပြုတ်ကျနေခြင်း ဖြစ်၏။ တချို့က ဦးစိုက်ကျွမ်းပြန်ကျနေသည်။ တချို့က မတ်တပ်ကျနေသည်။ တချို့က အလျားလိုက် ပြုတ်ကျနေလေသည်။
ရုတ်တရက် နတ်ဘုရားတစ်ပါးက သူတို့ဘေးမှ ပြုတ်ကျသွားသည်။ ထိုနတ်ဘုရားသည် လေအလယ်တွင် သံလိုက်ဆွဲအားကောင်းကင်နတ်သိုင်းတစ်ခုအား ဝင်တိုက်မိသွားကာ တမုဟုတ်ချင်း အသွေးအသားများ ပေါက်ကွဲကုန်၏။ သူ၏အရိုးနှင့်အသားမှာ တစစီ ကွဲထွက်သွားပြီးနောက် အရာအားလုံး အစိတ်စိတ်အမြွှာမြွှာ ဖြစ်သည့်တိုင်အောင် ဖိခြေခံလိုက်ရတော့သည်။ လေးလံသည့် အသားတုံးများက အောက်သို့ ပြုတ်ကျသွားသည့်အချိန် ပေါ့သော အတုံးများသည် အပေါ်၌ ပျံဝဲလျက် ကျန်ခဲ့၏။ သူ၏သေဆုံးမှုကား ဆိုးဝါးလွန်းပေသည်။
ထိုနတ်ဘုရားမှာ လေထဲ၌ ပြုတ်ကျနေရင်းတန်းလန်းသာ ရှိသော်လည်း အမာဆုံး သံနံရံဖြင့် တိုက်မိလိုက်သည့်အလား အသေဆိုးနှင့် သေသွားခဲ့၏။
ပတ်ဝန်းကျင်ရှိ နတ်ဘုရားများနှင့် ကောင်းကင်နတ်သိုင်းပညာရှင်များမှာလည်း မြေကြီးပေါ်သို့ မပြုတ်ကျဘဲ ဓာတ်ငါးပါး သံလိုက်ဆွဲအား ကောင်းကင်နတ်သိုင်းများနှင့် တိုက်မိကာ ပေါက်ကွဲကုန်ကြသည်။ သွေးများက အနီရောင်ပန်းပွင့်များ ပွင့်လန်းလာသကဲ့သို့ တဖွားဖွား လွင့်စင်ပြန့်ကြဲနေ၏။ ထိုမြင်ကွင်းမှာ ဝမ်းနည်းစရာကောင်းသော်လည်း လှပလွန်းသည်။
ချင်မူ အလေးအနက် ပြောလိုက်သည်။ “မမကြီးချိုးယွင်၊ ဘာလို့ ပြေးဖို့ လိုတာလဲ သိပြီလား”
ဖုန့်ချိုးယွင်မှာ ငေးငိုင်လျက်သာ ရှိသေးသည်။ မြေကြီးအောက်မှ အသံသည် တစ်ပိုင်းတစ ဝိညာဉ်နှင့် နှလုံးသားသာ ကျန်ခဲ့သော အမိကမ္ဘာမြေ၏အသံ ဖြစ်၏။ သို့သော် သူမက အမိကမ္ဘာမြေ၏ အရေးပါဆုံး ခန္ဓာကိုယ်အစိတ်အပိုင်းဖြစ်သော ကမ္ဘာဦးသစ်ပင်အမြစ်များကို ထိန်းချုပ်နေချေသည်။
ကမ္ဘာဦးဘုံထဲ၌ နစ်မြုပ်နေသော အမြစ်များမှာ တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် ကြီးမားပြီး မည်သည့်နေရာအထိ ဆန့်တန်းဖြာထွက်ပြီး မည်သည့်အနက်အထိ စိုက်ဝင်နေမှန်း မသိနိုင်ပေ။ သူမ၏မှော်စွမ်းအင်သည် စိတ်ကူးဖြင့် မှန်းဆမကြည့်နိုင်လောက်အောင် သိပ်သည်းအားကောင်း၏။
မြေမျက်နှာပြင်ထက်ရှိ ကမ္ဘာဦးသစ်ပင်အောက်တွင် အမိကမ္ဘာမြေနောက်တစ်ယောက်က ရုပ်ခန္ဓာနှင့်အတူ ရှိနေသည်။ ကောင်းကင်အထက်ထိ ဆန့်တန်းနေသော သူမ၏ ကမ္ဘာဦးသစ်ပင်သည် လင်းထိန်တောက်ပလာ၏။ နေရောင်များက ဖြာကျလာကာ လေပြင်ထဲတွင် ကခုန်နေကြရင်း မြေကြီးထဲသို့ တိုက်ခိုက်နေကြသည်။
အမိကမ္ဘာမြေနှစ်ယောက်လုံး ကောင်းကင်နတ်သိုင်းများ ထုတ်ဖော်နေကြပြီး ကျောက်စိမ်းမြို့တော်မှာတော့ အစအနပင် မကျန်တော့ပေ။ သံလိုက်ဆွဲအားများမှ ဖွဲ့တည်ထားသော မုန်တိုင်းတစ်လုံးသာ ကျန်ခဲ့တော့သည်။
ချင်မူက အခြေအနေကို ကြိုမြင်ခဲ့သဖြင့် အတော်လေး အန္တရာယ်ကင်းသေးသည်ဟု ဆိုရမည်။ သို့သော် သူလည်း ထူးဆန်းသော ဤသံလိုက်ဆွဲအားမျိုးနှင့် မရင်ဆိုင်နိုင်သဖြင့် နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်းကို အလျင်အမြန် အသက်သွင်းလိုက်ရသည်။ သူက အားလုံးကို ခေါ်၍ နေရာရွှေ့ပြောင်းလိုက်၏။
နောက်တခဏတွင် မိုင်တစ်ထောင်အကွာ၌ သူတို့ ပြန်ပေါ်လာကြသည်။
ထိုစဉ် သူတို့ခြေထောက်အောက်မှ သံလိုက်ဆွဲအား ပေါ်ထွက်လာပြီး သံလိုက်ဆွဲအား ကောင်းကင်အလင်းတန်းများက တဖျတ်ဖျပ် တောက်ပနေသည့် နေအလင်းတန်းများပမာ ကောင်းကင်တစ်လျှောက် ဖြတ်ပြေးယှက်သန်းသွား၏။ အလင်းရောင် ဖြတ်သွားသောနေရာတိုင်းတွင် မည်မျှသန်မာအားကောင်းသော နတ်ဘုရားဖြစ်စေ၊ နတ်ဘုရားတစ်ပိုင်းဖြစ်စေ ခန္ဓာကိုယ်များ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေကုန်ကြသည်။
အဝေးမှကြည့်လျှင် ဤနတ်ဘုရားများမှာ ထိုကောင်းကင်အလင်းတန်းများဆီသို့ ဝင်တိုက်နေသည့်အလားပင် ထင်ရသည်။
ဤသည်မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီးသာ ဖြစ်ပေသည်။
သို့သော် အမိကမ္ဘာမြေနှစ်ယောက်သည် ဤနတ်ဘုရားများကို တိုက်ရိုက်တိုက်ခိုက်နေခြင်းမဟုတ်။ မြေပေါ်နှင့် မြေအောက်ရှိ အမိကမ္ဘာမြေတို့၏ ကောင်းကင်နတ်သိုင်းများအကြား သူတို့အားလုံး မြေစာပင် ဖြစ်ကုန်ကြခြင်းပင်။ အမိကမ္ဘာမြေနှစ်ယောက်၏ စွမ်းရည်များက ကြောက်မက်ဖွယ်ရာကောင်းလွန်းသည် မဟုတ်ပါလော။ နှစ်ယောက်စလုံးက သံလိုက်ဆွဲအားကို ထိန်းချုပ်ကြသဖြင့် သူတို့တိုက်ခိုက်သည့်အခါ ကြမ်းတမ်းပြင်းထန်လှသော သံလိုက်အားလှိုင်းများက ပတ်ဝန်းကျင်ရှိ လူများအပေါ် ရိုက်ခတ်တော့သည်။
သံလိုက်ဆွဲအားသည် ကမ္ဘာပေါ်တွင် အခြေခံအကျဆုံး စွမ်းအားဖြစ်သည်။ ရှေးအကျဆုံးလည်း ဖြစ်သလို၊ ကြောက်စရာအကောင်းဆုံးလည်း ဖြစ်၏။ ဤစွမ်းအား၏ မူလပိုင်ရှင် အမိကမ္ဘာမြေကလည်း နတ်ကောင်းကင်ခန်းမအဆင့်နှင့် ဧကရာဇ်ပလ္လင်အဆင့်ကဲ့သို့ သိုင်းအဆင့်များဖြင့် နှိုင်းယှဉ်မရလောက်အောင် သန်မာအားကောင်းသည်။
ရှေးဟောင်းနတ်ဘုရားများအတွက် သိုင်းအဆင့်ဟူ၍ မရှိ။ မဟာတာအိုအပေါ် သူတို့၏ထိန်းချုပ်ခြယ်လှယ်နိုင်မှုက မည်မျှအားကောင်းသည်၊ မည်မျှအားနည်းသည် ဆိုသည့်အပေါ်၌သာ မူတည်သည်။ သူတို့၏စွမ်းအားကို သိုင်းအဆင့်ဖြင့် မတိုင်းတာပေ။
ချင်မူ နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်းကို အဆက်မပြတ် ထုတ်လွှတ်၍ ထွက်ပြေးနေသည်။ တခဏတွင်း သူကား မိုင်တစ်သောင်းကျော် ရွှေ့ပြောင်းပြီးချေပြီ။
တဖြည်းဖြည်း ကျင့်စဉ်စွမ်းအားများ ကုန်ခမ်းလာသဖြင့် ချင်မူမှာ မတတ်သာတော့ဘဲ နေရာရွှေ့ပြောင်းခြင်းကို ရပ်တန့်လိုက်ရသည်။ သူက နဂါးချီလင်ကို အရှိန်အသားကုန်မြှင့်ကာ ပြေးခိုင်းတော့သည်။
ဤနေရာရှိ သံလိုက်ဆွဲအားမှာ အတော်လေး ကြမ်းတမ်းနေသေးသော်လည်း သူတို့အတွက် အန္တရာယ်မှာ သိသိသာသာ လျော့နည်းသွားပြီဖြစ်သည်။ နဂါးချီလင်၏ သိုင်းအဆင့်က ချင်မူ့ထက် မြင့်မားသောကြောင့် ဤအတိုင်းအတာကို ရင်ဆိုင်နိုင်၏။
ချင်မူ အမိကမ္ဘာမြေနှစ်ယောက် တိုက်ခိုက်နေသော နေရာသို့ လှည့်ကြည့်လိုက်သည်။ ထိုနတ်ဘုရားမနှစ်ယောက်ကို သူ မမြင်ရတော့ပေ။ ကမ္ဘာဦးသစ်ပင်ဆီမှ ပစ်ချနေသော အလင်းတန်းများနှင့် မြေကြီးအောက်မှ ထိုးထွက်လာသည့် အမြစ်များကိုသာ မြင်ရသည်။
ထို့အပြင် ရှေးဟောင်းနတ်ဘုရားမနှစ်ပါး တိုက်ခိုက်နေသည့် သစ်ကိုင်းများ၊ သစ်မြစ်များအကြား၌ ပျံသန်းနေသော အဆင့်မြင့်သိုင်းပညာရှင်များလည်း ရှိသေး၏။ တစ်ချက်တစ်ချက် သူတို့မှာ သိုင်းကွက်တို့၏ ရိုက်ခတ်မှုကြောင့် ပေါက်ကွဲကုန်ကာ သွေးအခိုးအငွေ့များအဖြစ် ပျံလွင့်သွားတတ်သည်။
လွတ်မြောက်လာသူတိုင်းက ထူးခြားသော အစွမ်းအစများနှင့် အဆင့်မြင့်သိုင်းပညာရှင်များသာ ဖြစ်ကြ၏။
ရုတ်တရက် ဖုန့်ချိုးယွင်၏ မျက်ဝန်းများ အရောင်တောက်သွားသည်။ ဗျပ်စောင်းကြိုးများဖြင့် ဧရာမသစ်ကိုင်းကြီးများကို ခုတ်ဖြတ်နေသော ခေါင်းကိုးလုံး ဇာမဏီမီးငှက်တစ်ကောင်ကို သူမ မြင်လိုက်၏။ ထိုဇာမဏီမီးငှက်၏ ဗျပ်စောင်းသံစဉ်သင်္ကေတများက သံလိုက်ဆွဲအားကောင်းကင်နတ်သိုင်းများကို ပိုင်းဖြတ်ရင်း ထိုစစ်မြေပြင်မှ သူမ ထွက်သွားနိုင်အောင် လမ်းဖွင့်ပေးနေသည်။
“အပျက်မ ချီရှားယွီ”
ဖုန့်ချိုးယွင် ဒေါသထွက်သွားပြီး နဂါးချီလင်၏ ခေါင်းပေါ်မှ ပျံထွက်သွားသည်။ သူမသည် ဇာမဏီမီးငှက်တစ်ကောင် အသွင်ပြောင်းလျက် တောင်ပံတဖျတ်ဖျတ် ခက်ကာ ပျံသသန်းသွားတော့သည်။
“မမကြီးချိုးယွင် မလုပ်နဲ့”
ချင်မူ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “မြန်မြန်ပြန်လာပြီး ကျွန်တော့်ကို ကာကွယ်ပေးပါ... ကျွန်တော့်သိုင်းအဆင့်က သေခြင်းရှင်ခြင်းအဆင့်ပဲ ရှိသေးတာဗျ”
ဖုန့်ချိုးယွင်က အလွန်မြန်သဖြင့် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။ ဖုန့်ချိုးယွင်၏ သိုင်းအဆင့်က နတ်ကောင်းကင်ခန်းမအဆင့်၏ အထွတ်အထိပ်တွင် ဖြစ်သော်လည်း ချီရှားယွီသည် ဧကရာဇ်ပလ္လင်အဆင့်သို့ ရောက်နေသည်မှာ ကြာပြီဖြစ်၏။ သူမက ချီရှားယွီ၏ ပြိုင်ဘက်ဘက်မဟုတ်မှန်း သိသဖြင့် အမိကမ္ဘာမြေ ကမ္ဘာဦးဓားကို သူမနှင့်အတူ သယ်သွားလေသည်။
ချင်မူ့နဖူးမှ ချွေးပေါက်များ ကျလာသည်။ “အမိကမ္ဘာမြေက ကျွန်တော့်ဘေးကင်းလုံခြုံမှုအတွက် မမကြီးကို တာဝန်ပေးထားတာလေ”
သံလိုက်ဆွဲအားလှိုင်းများ အလိပ်လိုက် ဖြာထွက်လာနေပြီး နေရာဟင်းလင်းပြင်ကို ပုံပျက်ရှုံ့တွနေစေသည်။ တောင်တန်းများသည်လည်း လှိုင်းလုံးများသဖွယ် နိမ့်ချည်မြင့်ချည် ရွေ့လျားနေကြ၏။
ချင်မူ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို အလျင်အမြန် လှည့်ပတ်ကာ သူ့ကိုယ်သူ ကာကွယ်လိုက်ရသည်။ နတ်ဘုရားတစ်ပိုင်းများနှင့် နတ်ဘုရားများလည်း သူတို့ကို လိုက်မီလာကြကာ အရပ်လေးမျက်နှာသို့ ထွက်ပြေးနေကြသည်။ တစ်ချက်တစ်ချက် သံလိုက်ဆွဲအား ကောင်းကင်အလင်းတန်းများက တစ်ယောက်ယောက်ကို ထိမှန်သွားပြီး မျက်စိတစ်မှိတ်အတွင်း အသားလုံးသဖွယ် ကျုံ့သွားစေတတ်၏။ ထို့နောက်တွင် ဘန်းခနဲ ပေါက်ကွဲကာ သွေးမြူများ ဖြတ်သွားတတ်သည်။
ချင်မူမှာ အလင်းတန်းများဆီသို့ ရင်တထိတ်ထိတ်ဖြင့် လှည့်ကြည့်ရင်း နဂါးချီလင်ကို ရှောင်ခိုင်းနေရသည်။
ဤအခိုက်အတန့်တွင် အမိကမ္ဘာမြေနှစ်ယောက် တိုက်ခိုက်နေကြသော နေရာမှ ကြောက်မက်ဖွယ်ရာ လှိုင်းလုံးကြီးများ ဖြာထွက်လာတော့သည်။ မြေပြင်မှာ လေတွင် လှုပ်ခတ်နေသည့် အဝတ်စပမာ တုန်ခါလှုပ်ယမ်းနေပြီး တောင်တန်းများမှာ နိမ့်ချည်မြောက်ချည် ဖြစ်နေကြ၏။
တိုက်ပွဲ၏အလယ်ရှိ သံလိုက်ဆွဲအား အလင်းတန်းများက အလင်းလုံးကြီးပမာ စုဝေး၍ လျင်မြန်စွာ ကားထွက်လာနေသည်။ ၎င်း ဖြတ်သွားသော နေရာတိုင်းတွင် တောင်တန်းများမှာ မုန့်လုံးကို စက္ကူကပ်လိုက်သကဲ့သို့ အလင်းလုံးကြီး၌ ကပ်ငြိသွားကြ၏။
တုန်လှုပ်ချောက်ချားဖွယ်ရာ ထိုအလင်းလုံးကြီးက ကြောက်ခမန်းလိလိ အမြန်နှုန်းဖြင့် ပြန့်ကားလာကာ သူတို့နှင့် နီးကပ်လာချေပြီ။
၎င်း၏အမြန်နှုန်းသည် နဂါးချီလင် ပျံသန်းနေသောနှုန်းထက် အဆပေါင်းများစွာ မြန်၏။
ချင်မူ့ ခေါင်းမွှေးများ ထောင်လာသည်။ “ငါတို့ ဆက်ပြေးလို့မရတော့ဘူး... သေပြီးသား အမိကမ္ဘာမြေနဲ့ ပျက်စီးနေတဲ့ ရုပ်ခန္ဓာကနေ အသစ်ပြန်မွေးလာတဲ့ အမိကမ္ဘာမြေရဲ့ အစွမ်းအစတွေက ဒီလောက်တောင် ကြောက်စရာကောင်းရသလား... အစ်ကိုကြီး၊ ငါ့ကို စွမ်းအားငှားပေးဦး”
သူက မိုးမခသစ်ရွက်ကို ခွာ၍ အော်လိုက်သည်။ ယိုတု၏စွမ်းအား ပေါ်ထွက်လာသည်နှင့် သူ့ခန္ဓာကိုယ်မှာ အဆက်မပြတ် ဖောင်းကားလာပြီး ထူးဆန်းသော ယိုတုစကားသံသည်လည်း ပျံလွင့်လာ၏။
မလှမ်းမကမ်း၌ နတ်ဘုရားတစ်ပိုင်းများကို စောင့်ရှောက်နေသော ရှေးဟောင်းနဂါးမင်းနှင့် ကျန်ရှိသူများမှာ မလွတ်နိုင်တော့မှန်း မြင်လျှင် အော်ဟစ်လိုက်ကြ၏။ “အားလှိုင်းကို ခုခံဖို့ အားလုံး အတူတူ ပူးပေါင်းကြ”
အားလုံး၏ အရှိန်အဝါများ ပူးကပ်သွားကြကာ ကောင်းကင်နတ်သိုင်းများ ထုတ်ဖော်လိုက်ကြသည်။ ရှေးဟောင်းနဂါးမင်းက ဧရာမကြီးမားသော ခန္ဓာကိုယ်ကြီးဖြင့် နဂါးအိုကြီးအသွင် ပြောင်းသွားသည်။ သူ၏နဂါးကိုယ်က သူ့မျိုးနွယ်များကို တင်းတင်းကြပ်ကြပ် ဖက်လိုက်ကာ ပါးစပ်ဟ၍ နဂါးပုတီးစေ့တစ်လုံး ထွေးထုတ်၏။ နဂါးပုတီးစေ့သည် သံလိုက်ဆွဲအား ကောင်းကင်အလင်းတန်းများဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားပြီး ရှေးဟောင်းနဂါးမင်းက အော်ဟစ်လိုက်သည်။ “အားလုံး ဒီအမှတ်ကို အတူတူ တိုက်ခိုက်ကြ... ငါတို့ ဒီကောင်းကင်နတ်သိုင်းမှာ အပေါက်ကြီးဖောက်နိုင်ရင် အသက်ရှင်နိုင်လိမ့်မယ်... မဟုတ်လို့ကတော့ အားလုံး ဒီမှာ သေကြလိမ့်မယ်”
ကျန်အဆင့်မြင့်သိုင်းပညာရှင်များလည်း ထုတ်နိုင်သမျှ သိုင်းကွက်များ ထုတ်ဖော်၍ နဂါးပုတီးစေ့ဆီသို့ ပစ်လွှတ်လိုက်ကြသည်။
ချင်မူက နဂါးများနှင့် ကျန်ရှိသူများ၏ အရှေ့၌ ရပ်ကာ ကာကွယ်ပေးလိုက်သည်။ သူ၏လက်ခြောက်ဖက်က နိမ့်ချည်မြင့်ချည် လှုပ်ရှားရင်း အရှေ့သို့ လက်သီးတစ်ချက် ထိုးချလိုက်၏။
သံလိုက်ဆွဲအား ကောင်းကင်အလင်းတန်းများဖြင့် ဖွဲ့တည်နေသော အလင်းလုံးကြီးက တောင်များနှင့်အတူ သူတို့၏ကောင်းကင်နတ်သိုင်းများအား ဝင်တိုက်သွားသည်။ ထိုအလင်းလုံးကြီးကား တခဏ ရပ်သွားပြီးနောက် သူတို့ကို လွှမ်းခြုံသွားတော့သည်။
ချင်မူမှာ သူ့နားဘေးတွင် တောင်များ ပေါက်ကွဲကြေမွသွားသည့်အသံများ ကြားလိုက်ရပြီး ဧရာမအားလှိုင်းတစ်လှိုင်း၏ ပင့်မြှောက်ခြင်း ခံလိုက်ရသည်။ သူ့မှာ နောက်သို့ လွင့်ထွက်သွားတော့သည်။
သူ့တွင် ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် ရှိသည်မဟုတ်ပါလော။ သူက အမိကမ္ဘာမြေတို့ဆီမှ ကောင်းကင်နတ်သိုင်းအကြွင်းအကျန်ဖြင့် ဝင်တိုက်မခံရခင် နဂါးချီလင်ကို လက်တစ်ဖက်ဖြင့် ဆွဲပြီး ရေချီလင်ကို တစ်ဖက်ဖြင့် ဖွဲထားသည်။ ကျန်လက်များက ကောင်းကင်နတ်အရှင်ယွီနှင့် ကုန်းစွန်းယန်ကို ပွေ့ဖက်ထား၏။
နောက်ဆုံးတော့ ပုံပျက်တွန့်လိမ်နေသော တောင်တန်းများနှင့် မြေပြင်များ ပုံမှန်ပြန်ဖြစ်သွားသည်။ ချင်မူမှာ ခန္ဓာကိုယ်ကို ကွေးထားပြီး တောင်ကြီးတစ်လုံး၏အောက်၌ ပိနေသောကြောင့် တွားသွားထွက်လိုက်သည်။
ကုန်းစွန်းယန်၊ ကောင်းကင်နတ်အရှင်ယွီနှင့် ကျန်ရှိသူများမှာ သူ့ခန္ဓာကိုယ်အောက်မှ ကြောက်လန့်တုန်ရီစွာ ထွက်လာကြသည်။ ချင်မူ ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်အသွင်ကို ဖယ်ရှားကာ ပုံမှန်အရွယ်အစားသို့ ပြန်ချုံ့လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်ရှုရင်း ကြောက်စိတ်မပြေသေးပေ။
ဘေးဘယ်ညာရှိ တောင်တန်းများမှာ ဧရာမမုန်တိုင်းကြီးတစ်လုံး ဖြတ်သွားသကဲ့သို့ ပြိုကျပျက်စီးနေကြချေသည်။
သူတို့နှင့်အတူ ပူးပေါင်းခဲ့သည့် ရှေးဟောင်းနဂါးမင်းနှင့် ကျန်ရှိသူများ မည်သည့်နေရာသို့ လွင့်ထွက်သွားမှန်း မသိပေ။ ထိုနတ်ဘုရားတစ်ပိုင်းများသည် သက်ဆိုင်ရာမျိုးနွယ်များ၏ ဘိုးဘေးကြီးများ ဖြစ်ကြသည့်အပြင် အစွမ်းအစများက ဖုန့်ချိုးယွင်အောက် မနိမ့်ကျပေ။ အသေအပျောက် မရှိလောက်ဟု မျှော်လင့်ရသည်။
“ညီဆိုးလေး၊ မင့် ငါ့စွမ်းအားကို ငှားလိုက်လို့ ငါ တော်တော်ပင်ပန်းသွားပြီ”
ချင်စာလုံးမြေပြင်ထဲတွင် ချင်ဖုန်းကျင့်၏အရှိန်အဝါမှာ အားနည်းနေသည်။ သူက ဒေါသထွက်နေတော့သည်။ “အားပြန်ဖြည့်ဖို့ အဲဒီတစ္ဆေနတ်ဘုရားတွေကို စားပစ်ရမယ်”
ချင်မူသည် အမိကမ္ဘာမြေနှစ်ယောက်၏ ကောင်းကင်နတ်သိုင်းလှိုင်းဂယက်များကို ခုခံရန် သူ့စွမ်းအား ငှားယူခဲ့၏။ လှိုင်းဂယက်များက အလွန်ပြင်းထန်လှသဖြင့် ယိုတုဘုရင်လေးပင် မခံနိုင်ခဲ့ပေ။
ချင်မူ မိုးမခသစ်ရွက်ကို အလျင်အမြန် ပြန်ကပ်ပြီး အားလုံး၏ခန္ဓာကိုယ်များကို စစ်ဆေးလိုက်သည်။ သူ စိတ်သက်သာရာရသွား၏။ “အပေါ်ယံဒဏ်ရာတွေပဲ ရှိတယ်... ကြီးကြီးမားမား မထိခိုက်သွားဘူး”
ကုန်းစွန်းယန်က ကပျာကယာ ပြောသည်။ “အမိကမ္ဘာမြေကို မြန်မြန်သွားရှာရအောင်... အမိကမ္ဘာမြေအတုရဲ့ အစွမ်းအစတွေက အားကောင်းလွန်းတယ်... အမိကမ္ဘာမြေ အဆင်မှပြေပါ့မလားမသိဘူး”
ချင်မူ ခေါင်းမော့ကာ ပြောလိုက်၏။ “ပြန်သွားလို့မရတော့ဘူး... မြေကမ္ဘာနန်းတော်လည်း ကမ္ဘာဦးဘုံအောက်ထဲမှာ နစ်မြုပ်သွားလောက်ပြီ... မပျက်စီးရင်တောင်မှ ဘယ်မှာမှန်း ရှာမတွေ့နိုင်တော့ဘူး... အမိကမ္ဘာမြေ ကျွန်တော်တို့ကို လာရှာမှာပဲ စောင့်ရတော့မယ်... ဒီနေရာက ကြာကြာနေလို့ကောင်းတဲ့ နေရာမဟုတ်ဘူး... အတတ်နိုင်ဆုံး မြန်မြန် ထွက်သွားရမယ်... ဖက်တီးနဂါး၊ မင်း လမ်းလျှောက်နိုင်သေးလား”
ဖက်တီးနဂါးမှာ ကုန်းရုန်းထ၍ တစ်ခုခုပြောရန် ပြင်လိုက်စဉ် သူတို့အရှေ့ရှိ မြေပြင်ထဲသို့ ထောင့်တစ်ခုချိုးလျက် စိုက်ဝင်နေသော တောင်ထွတ်တစ်ခုဆီသို့ မော့ကြည့်လိုက်သည်။ သူ တိတ်ဆိတ်သွား၏။
ချင်မူလည်း သူကြည့်နေရာသို့ လှမ်းကြည့်လိုက်သည့်အခါ စောင်းလျက် စိုက်နေသည့် ထိုတောင်ထွတ်အပေါ်၌ မိန်းကလေးတစ်ယောက် ထိုင်နေသည်ကို မြင်လိုက်ရသည်။ သူမကား အခြားအမိကမ္ဘာမြေ၏ တပည့်မအပြင် တခြားမဟုတ်ပေ။
သူမ၏အဝတ်အစားများက သစ်လွင်နေပြီး ညစ်ပတ်နေခြင်းမရှိ။ လှိုင်းဂယက်များသည် သူမအပေါ် သက်ရောက်မှုမရှိသည့်အလား ချင်မူတို့လို ဖုန်သလဲများ ပေကျံမနေပေ။
ချင်မူက ပြုံးပြလိုက်ပြီး အေးအေးလူလူ ပြောလိုက်သည်။ “အစ်မတော်၊ ငါတို့က အမိကမ္ဘာမြေတွေရဲ့ တပည့်တွေပဲ ... ငါ အစ်မတော်ကို ဘယ်လိုခေါ်ရမှန်း မသိသေးဘူး”
မိန်းကလေးသည် မတ်တပ်ထပြီး အပြုံးတစ်ခုဖြင့် ဖြေ၏။ “အမိကမ္ဘာမြေရဲ့ တပည့်အနေနဲ့ ငါ ဂိုဏ်းသခင်ချင်ရဲ့ ဂုဏ်သတင်းအကြောင်း ကြားဖူးတာ ကြာပါပြီ... ဒီတစ်ခေါက် အပြင်ထွက်လာတဲ့ အကြောင်းရင်းက နင့်မှာ ဘယ်လိုအစွမ်းအစတွေရှိလဲ မြင်ချင်လို့ပဲ”
ချင်မူ ကျယ်လောင်စွာ ရယ်မောလျက် ညာလက်ကို အလျားလိုက် လွှဲလိုက်သည်။ သူ၏လက်ချောင်းငါးချောင်းက ဖြန့်ကားထားပြီး ဓားစက်လုံးသည် သူ့လက်ထဲ၌ ဓားပျံတစ်လက်အသွင် ဖွဲ့တည်သွား၏။ “ငါလည်း ရှေးခေတ်ကနေ ဒီနေ့အထိ တည်တံ့လာခဲ့တဲ့ ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ အစွမ်းအစတွေကို မြင်ချင်မိတယ်”
“ကောင်းကင်မဟာမိတ်အဖွဲ့ ဟုတ်လား”
မိန်းကလေးက တခစ်ခစ် ရယ်လေသည်။ “ဂိုဏ်းသခင်ချင် အထင်မှားနေပြီ... ငါ့နာမည်က ယန်ချီလင်း ... သူပုန်တွေ၊ သစ္စာဖောက်တွေနဲ့ ရှုပ်နေတဲ့ ကောင်းကင်မဟာမိတ်အဖွဲ့က မဟုတ်ဘူး”