အဆုံးမရှိသည့် ဒုက္ခ
Vol. 59 Ch. 788
ချင်စာလုံးမြေပြင်ထက်တွင်
မြေအောက်ဘုံအရှင်သခင်၊ ကောင်းကင်နယ်စားမင်း၊ ချိဧကရာဇ်နှင့် မဟာနေဧကရာဇ်တို့ ဗုဒ္ဓအိုကြီးတစ်ပါးနှင့်အတူ လက်ဖက်ရည်ကြမ်း သောက်နေကြသည်။ ရုတ်တရက် ကောင်းကင်မှာ လင်းထိန်သွား၍ ကောင်းကင်နယ်စားမင်းက ဟက်ခနဲ ရယ်လိုက်၏။ “ဗုဒ္ဓအိုကြီး၊ ခင်ဗျားက နိုးလာခဲတယ်ဆိုတော့ အခုလို အခြေအနေမျိုး မကြုံဖူးဘူးမလား...ကောင်းကင်သားတော်က မျက်ခုံးနှစ်ဖက်ကြားက မိုးမခသစ်ရွက်ကို ဖွင့်ပြီး ကျုပ်တို့ ထွက်သွားနိုင်အောင် လုပ်ပေးနေပြီ”
ဗြဟ္မဗုဒ္ဓသည် ကောင်းကင်ဆီသို့ မော့ကြည့်၍ သက်ပြင်းချ၏။ “ယိုတုသားတော်ကို ဖိနှိပ်ဖို့ ဒီနေရာမှာ အဆင့်မြင့်သိုင်းပညာရှင်တွေအများကြီး ရောက်နေပြီပဲ... ဒီတိုင်း ထွက်သွားလိုက်ရင် ပျင်းစရာကောင်းတာပေါ့”
အဝေးတွင် ချင်ဖုန်းကျင့်သည် ဝက်ခေါင်းလို ဖူးယောင်နေသော မျက်နှာဖြင့် တောင်တန်းများအကြား၌ ထိုင်နေ၏။ သူ၏ဖောင်းဖောင်းကားကား ခြေထောက်နှစ်ချောင်းက တင်ပျဉ်ခွေထားပြီး သူက ရင်ဘတ်အရှေ့၌ လက်ပိုက်ထားကာ ဆူပုပ်နေသည်။
သူတို့ကို ဖိနှိပ်ထားသည့် ဗုဒ္ဓအိုကြီးက ရုတ်တရက် နိုးလာခဲ့ပြီး ကောင်းကင်မှ ဆင်းသက်လာခဲ့လေသည်။ ချင်ဖုန်းကျင့်မှာ ဗုဒ္ဓအိုကြီးကို ရိုက်နှက်ရန် သွားသော်လည်း ချင်စာလုံးမြေပြင်ထဲရှိ အဆင့်မြင့်သိုင်းပညာရှင်ငါးယောက်၏ ဝိုင်းသမခြင်း ခံခဲ့ရသည်။ သူ့မှာ သားသတ်ဒယ်အိုးကို ထုတ်လွှတ်ရန်ပင် အချိန်မရလိုက်ဘဲ ရုပ်ပျက်ဆင်းပျက်ဖြစ်သည်အထိ အဆော်ခံလိုက်ရသည်။
ဤအကျဉ်းထောင်တွင် အဘိုးကြီးများက နေရာကောင်းကို သိမ်း၍ သူ့ကို တောင်တန်းများနေရာအထိ မောင်းထုတ်ခဲ့သည်။ ခေါင်းကြီးကြီးကလေးကြီးမှာ သူ့မြေကို မည်သို့ပြန်လုရမှန်း အကြံထုတ်နေသော်လည်း သားသတ်ဒယ်အိုးကို အဘိုးကြီးများ လုသွားပြီး ချော်ရည်ပူမြေအောက်ဘုံအရှင်သခင်က သိမ်းထားသဖြင့် ပြန်ယူမရပေ။
သားသတ်ဒယ်အိုးသာ သူ့လက်ထဲတွင် ရှိလျှင် ပြန်တိုက်ခိုက်နိုင်သေးသည်။
ခေါင်းကြီးကြီးကလေးကြီးသည် ကောင်းကင်ဆီသို့ မော့ကြည့်ကာ တွေးနေ၏။ ‘ဒီအဘိုးကြီးတွေနဲ့ ညီဆိုးလေးကို ဒီမှာ ဖမ်းချုပ်ပြီးရင် ငါ အပြင်ထွက်ပြီး ဇိမ်ခံနိုင်လိမ့်မယ်’
ရုတ်တရက် ချင်မူ၏အသိစိတ်အလျဉ်က ကောင်းကင်ထက်မှ ဆင်းသက်လာကာ မေးသည်။ “ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်... အမိကမ္ဘာမြေက အစစ်ဟုတ်ရဲ့လား ကြည့်... အမ် ဗုဒ္ဓကြီးလည်း နိုးနေပါလား”
သူ့အသိစိတ်အလျဉ်သည် မြေပြင်ပေါ် ဆင်းသက်၍ လူအသွင်ပြောင်းကာ အားလုံးကို နှုတ်ဆက်လိုက်၏။
ကောင်းကင်နယ်စားမင်းက အပြုံးတစ်ခုဖြင့် ပြောသည်။ “ဗုဒ္ဓအိုကြီး နိုးလာတာ မကြာသေးဘူး.. ကမ္ဘာဦးဘုံ ပွင့်လာပြီး မဟာမြို့ပျက်က ကမ္ဘာဦးဘုံအသွင် ပြောင်းသွားတဲ့အကြောင်း သူ ပြောတယ်... ဗုဒ္ဓဘုံရဲ့ ကောင်းကင်ဘုံအဆင့်နှစ်ဆယ်အနေနဲ့လည်း ကမ္ဘာဦးဘုံနဲ့ ချိတ်ဆက်သွားရုံအပြင် ရွေးစရာမရှိတော့လို့ သူလည်း နိုးလာတာတဲ့... ဗုဒ္ဓအိုကြီး နိုးလာလို့ တော်သေးတယ် မဟုတ်ရင် မင့်အစ်ကိုကြီး ဒီနေရာမှာ ဘုရင်လုပ်နေမှာ”
ချိဧကရာဇ်က ပြောလေသည်။ “ဗုဒ္ဓအိုကြီးက လက်ဖက်ရည်ကြမ်း ကောင်းကောင်းယူလာတယ်... ချင်သားတော်၊ လာ သောက်ကြည့်လှည့်”
ချင်မူ အလျင်အမြန် ခေါင်းယမ်းလိုက်၏။ “ကျွန်တော့်မှာ လက်ဖက်ရည်ကြမ်းသောက်ဖို့ အချိန်မရှိဘူး... ကျေးဇူးပြုပြီး အပြင်က အမိကမ္ဘာမြေက အစစ်ဟုတ်လား ကြည့်ပေးကြပါ... အမိကမ္ဘာမြေ သေခဲ့ရတဲ့နေရာဆီ ကျွန်တော် သွားတုန်းက အမိကမ္ဘာမြေရဲ့ တစ်ပိုင်းတစဝိညာဉ်ကို မြင်ခဲ့ရတယ်... သူ့မှာ မြေဝိညာဉ်ပဲ ကျန်တော့လို့ ချုံဧကရာဇ်တွေရဲ့ တော်ဝင်သင်္ချိုင်းကိုးခုနဲ့အတူ မြေအောက်နန်းတော်မှာ ပုန်းနေရတယ်... အဲဒါက အတုနဲ့မတူဘူး... ကျွန်တော် သူ ဝိညာဉ်ပြန်ဆင့်ခေါ်နိုင်အောင်တောင် ကူညီပေးခဲ့သေးတယ်... ဒါပေမဲ့ အခု အမိကမ္ဘာမြေနောက်တစ်ယောက် ပေါ်လာပြီ.. သူကလည်း အစစ်အတိုင်းပဲ”
“အဲဒီလို ဖြစ်ရပ်မျိုး ရှိတယ်လား”
အဘိုးကြီးများ ထ၍ ကောင်းကင်ထဲမှ လှမ်းကြည့်လိုက်ကြသည်။
သူတို့က ချင်မူ၏တတိယမျက်လုံးမှတစ်ဆင့် ကမ္ဘာဦးသစ်ပင်အောက်၌ တိတ်ဆိတ်စွာ ထိုင်နေသော အမိကမ္ဘာမြေထံ ကြည့်လိုက်ကြသည်။ ထိုရှေးဟောင်းနတ်ဘုရား၏ ခန္ဓာကိုယ်မှာ ကြီးမားလှသည့်အတွက် ကျန်နတ်ဘုရားများမှာ သူမနှင့်ယှဉ်လျှင် အတိုင်းထက်အလွန် သေးငယ်ကြနေ၏။
အမိကမ္ဘာမြေ၏ ရုပ်ခန္ဓာမှာ အလွန်ကြီးမားသော်လည်း ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်၏ ဧရာမခန္ဓာကိုယ်ကြီးများနှင့် မယှဉ်နိုင်သေးပေ။ သို့တိုင်အောင် တခြားနတ်ဘုရားများ၊ သတ္တဝါများနှင့် ယှဉ်သည့်အခါ သူမကား လွန်စွာကြီးမားနေသေးသည်။
“ဒါက အမိကမ္ဘာမြေ မှန်တယ်”
ချော်ရည်ပူမြေအောက်ဘုံအရှင်သခင်က ပြောသည်။ “မမှားဘူး... ငါ့မျက်လုံးတွေက သေခြင်းစာအုပ်စာအုပ်ထက် ပိုအားကောင်းလို့ ဝိညာဉ်ကို ထွင်းဖောက်မြင်နိုင်တယ်... သူ့ဝိညာဉ်က အမိကမ္ဘာမြေရဲ့ ဝိညာဉ်ပဲ”
ကောင်းကင်နယ်စားမင်းက ပြော၏။ “သူ့ရုပ်ခန္ဓာက အမှန်တကယ် အမိကမ္ဘာမြေရဲ့ ရုပ်ခန္ဓာပဲ... အတုသာဆို ငါ့ကောင်းကင်မျက်လုံးတွေကနေ လွတ်မြောက်နိုင်မှာမဟုတ်ဘူး... ချင်သားတော်၊ မင်း မြေကမ္ဘာနန်းတော်မှာ တွေ့ခဲ့တဲ့ အမိကမ္ဘာမြေက သေချာပေါက် အတုပဲ ဖြစ်မယ်”
ချင်မူမှာ ငေးငေးငိုင်ငိုင်ဖြင့် ခေါင်းယမ်းလိုက်သည်။ “ကျွန်တော်ကိုယ်တိုင် အမိကမ္ဘာမြေရဲ့ ဝိညာဉ်တွေကို ပြန်စုစည်းပေးခဲ့ပြီး ကောင်းကင်ဝိညာဉ်နဲ့ အသက်ဝိညာဉ်ရဲ့ ဝိညာဉ်အမှုန်တွေကို လမ်းညွှန်ပေးခဲ့သေးတယ်... အမိကမ္ဘာမြေမှာ တခြားဝိညာဉ်တွေ ရှိနေတာတော့ မဖြစ်နိုင်ဘူးမလား... အမိကမ္ဘာမြေမှာ ဝိညာဉ်နှစ်စုံစီ ရှိတာတော့ မဟုတ်လောက်ပါဘူး ဟုတ်တယ်မလား”
သူက ရုတ်တရက် သဘောပေါက်သွားပြီး အော်လိုက်မိသည်။ “အမိကမ္ဘာမြေက နဂါးဟန်ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်နတ်ဧကရီလား... သူက အမြွှာလား... ဒီအမိကမ္ဘာမြေက အကြီးလား၊ အငယ်လား”
ကောင်းကင်နယ်စားမင်း ခေါင်းယမ်းကာ ပြောလိုက်၏။ “မင်း အတွေးတွေ လွန်နေပြီ... အမိကမ္ဘာမြေက အမြွှာမရှိဘူး... ကောင်းကင်နတ်ဧကရီနဲ့ သူ့ညီမက သပ်သပ်... ပြီးတော့...”
သူက ဆက်မပြောတော့ပေ။ “ဘာပဲဖြစ်ဖြစ် သူတို့မဟုတ်ဘူး... ထူးဆန်းတယ်... ဒါက အမိကမ္ဘာမြေဆိုရင် ... မြေကမ္ဘာနန်းတော်မှာ မင်း ကူညီပေးခဲ့တဲ့ အမိကမ္ဘာမြေက ဘယ်သူများလဲ”
ချော်ရည်ပူမြေအောက်ဘုံအရှင်သခင်၏ အသံက အလွန်လေးနက်နေ၍ ချင်မူ့အား တုန်ရီသွားစေသည်။ “ချင်သားတော်၊ မင်း ဘယ်သူ့အတွက် ဝိညာဉ်ဆင့်ခေါ်ပေးခဲ့တာလဲ”
ချင်မူမှာ စိတ်ထဲတွင် တုန်လှုပ်သွားပြီး သစ်သားကြက်ရုပ်လေးလို တိတ်ဆိတ်သွားတော့သည်။ သူက ခက်ခက်ခဲခဲ မေးလိုက်လေသည်။ “ခင်ဗျားဆိုလိုတာက ကျွန်တော် အလှည့်စားခံလိုက်ရတာလား... မဖြစ်နိုင်ဘူးလေ... မြေကမ္ဘာနန်းတော်မှာ အမိကမ္ဘာမြေရဲ့ လက်အောက်ခံ နတ်ဘုရားတစ်ပိုင်းတွေ အများကြီး ရှိတယ်... ကျွန်တော် အလှည့်စားခံရရင် သူတို့လည်း အလှည့်စားခံနေရမှာပေါ့ ဟုတ်တယ်မလား... သူတို့အားလုံး အမိကမ္ဘာမြေ အသတ်ခံလိုက်ရတုန်းက မြေကမ္ဘာနန်းတော်မှာ အမိကမ္ဘာမြေနဲ့အတူ ဇာတ်မြုပ်နေခဲ့ကြတာတဲ့...”
အားလုံး မျက်မှောင်ကြုတ်ကုန်ကြ၏။
ချိဧကရာဇ်က ပြောသည်။ “ကမ္ဘာဦးသစ်ပင်ကနေ အမိကမ္ဘာမြေ နောက်တစ်ယောက် မွေးဖွားလာတာရော ဖြစ်နိုင်လား”
သူက ချင်မူ ဇဝေဇဝါ ဖြစ်သွားမှန်း မြင်လိုက်၍ ဆက်ပြောသည်။ “အမိကမ္ဘာမြေက ကမ္ဘာဦးသစ်ပင်ကနေ မွေးဖွားလာတာ... ချိမင်ခေတ်ကို ငါ တည်ထောင်ခဲ့တုန်းက သူ့ဆီ အလည်သွားခဲ့လို့ သူ့မူလအစကို သိခဲ့ရတာပဲ”
ကောင်းကင်နယ်စားမင်း ခေါင်းယမ်းလိုက်၏။ “ကမ္ဘာဦးသစ်ပင်က သေသွားပြီ... မူလအမိကမ္ဘာမြေနေရာမှာ အမိကမ္ဘာမြေနောက်တစ်ယောက် အစားထိုးမရဘူး... ချိဧကရာဇ်၊ မင်း ပြောနေတာက တမင်ခြောက်လှန့်နေတဲ့ ပျက်လုံးသက်သက်ပဲ”
“ပျက်လုံးမဟုတ်ဘူး”
ဗြဟ္မဗုဒ္ဓက ရုတ်တရက် ဝင်ပြောသည်။ “အဲဒီလိုနည်းလမ်းမျိုး တကယ် ရှိတယ်... အဲဒီနည်းလမ်းကို ငါ တီထွင်ခဲ့တာ”
အားလုံး သူ့ဆီသို့ လှမ်းကြည့်ကြ၍ ဗြဟ္မဗုဒ္ဓ သက်ပြင်းချလိုက်သည်။ “ငါ့ကျင့်စဉ်က နဂါးဟန်ခေတ်တုန်းက ရုပ်လုံးပေါ်လာခဲ့တယ်.... ရှင်းရှင်းပြောရရင် အိပ်မက်နဲ့ လမ်းစဉ်တက်လှမ်းဖို့ဆိုတာ စိတ်ကူးယဉ်ရာ ကျလွန်းတယ်... တကယ်တော့ အိပ်မက်တွေကနေတစ်ဆင့် ငါ့ကိုယ်ငါ ထောင်သောင်းချီ ပွားပြီး လေ့ကျင့်ပေးတာမျိုးပဲ... လူ့ပြည်ရဲ့အတွေ့အကြုံတွေ၊ အဆုံးမရှိတဲ့ ဒုက္ခတွေကို ခံစားပြီး ကျော်ဖြတ်ကြည့်တာမျိုးပေါ့... လူ့ပြည်တွေက ငါ့အတွက် အိပ်မက်တွေပဲ ဆိုပေမယ့် ငါ့ကိုယ်ပွားတွေကတော့ တကယ့် ယန်ဝိညာဉ်သုံးခု ပိုင်ဆိုင်ထားပြီး တကယ့် ရုပ်ခန္ဓာတွေနဲ့ တကယ့်အတွေ့အကြုံတွေကို ရင်ဆိုင်ရတယ်... သူတို့ရဲ့သိုင်းအခြေခံတွေ၊ အတွေ့အကြုံတွေနဲ့ တာအိုနှလုံးသားတွေက နောက်ဆုံးကျ ငါ့ဆီ ပြန်ရောက်လာကြပြီး ငါ့အိပ်မက်တွေ ဖြစ်လာကြတယ်”
ကောင်းကင်နယ်စားမင်းက ချီးကျူးလေသည်။ “ဗုဒ္ဓအိုကြီးက အဆုံးမရှိတဲ့ ဒုက္ခကပ်ဘေးတွေကို ကြုံတွေ့ပြီး လူ့ပြည်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့တော့ ဗုဒ္ဓရဲ့ကျမ်းစာတွေကို ကောင်းကင်နတ်ဘုံ လိုချင်တပ်မက်နေတာ မဆန်းပါဘူး”
ဗြဟ္မဗုဒ္ဓ ခေါင်းယမ်းကာ ပြောလိုက်၏။ “သူတို့က ငါ့ကျမ်းစာတွေထဲက ဗုဒ္ဓစိတ်ဉာဉ်ကို လိုချင်တာမဟုတ်ဘူး... ကောင်းကင်နတ်ဘုံအတွက် ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ်တွေကို စုဆောင်းချင်ရုံသက်သက်ပဲ... ပြည့်စုံတဲ့ ကောင်းကင်နတ်ဘုံဖြစ်လာဖို့ ရိုးရှင်းတဲ့ နည်းလမ်းတစ်ခု ရှိတယ်... အဲဒါက မတူညီတဲ့ ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ် ၃၆ ခုကို ရှာပြီး ကောင်းကင်နတ်ဘုံကျင့်စဉ်တစ်ခု ဖန်တီးလိုက်တာပဲ.... ကမ္ဘာပေါ်မှာ ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ်တွေက မနည်းပေမယ့် ထပ်နေတာတွေ ရှိတယ်... ဒါကြောင့် မတူညီတဲ့ ကျင့်စဉ် ၃၆ ခု ရှာဖို့က အင်မတန် ခက်ခဲတယ်... အိပ်မက်နဲ့ လမ်းစဉ်အဆင့် ဝင်ရောက်သွားတဲ့ ငါ့ရဲ့ အနန္တဒုက္ခကျမ်းစာက အဲဒီကျင့်စဉ် ၃၆ ခုထဲက ဖြစ်နေတယ်”
မဟာနေဧကရာဇ်က ရုတ်တရက် သဘောပေါက်သွားသဖြင့် မေးလိုက်၏။ “ဗုဒ္ဓအိုကြီး ၊ ဒီကျင့်စဉ်က အလောင်းကနေ ဝိညာဉ်အသစ် မွေးဖွားလာစေနိုင်တာလား”
ဗြဟ္မဗုဒ္ဓက ပြုံးတော်မူသည်။ “ပုံရိပ်ယောင် အိပ်မက်တစ်ခုကနေတောင် ဝိညာဉ်အသစ် မွေးဖွားလာနိုင်တယ်... အလောင်းကတော့ ပြောမနေနဲ့”
ကောင်းကင်နယ်စားမင်း သွေးတိုးစမ်းကြည့်လိုက်၏။ “ဒါပေမဲ့ ဗုဒ္ဓက ဒီကျင့်စဉ်ကို ဘယ်သူ့ကိုမှ မပေးခဲ့ဘူးလေ... ဗုဒ္ဓ ဟောပြောပေးခဲ့တဲ့ ဗုဒ္ဓကျမ်းစာအားလုံးက အိပ်မက်တွေထဲမှာ ဆင်ခြင်သုံးသပ်နိုင်ခဲ့တဲ့ တခြားကျမ်းစာတွေချည်းပဲ”
ဗြဟ္မဗုဒ္ဓက သက်ပြင်းချသည်။ “ပေးခဲ့ဖူးတယ်”
သူက တည်ငြိမ်အေးဆေးစွာ ဆိုသည်။ “နဂါးဟန်ခေတ်တုန်းက ကောင်းကင်နတ်အရှင်ယွင် ငါ့ကို တစ်ခါလာရှာပြီး လူသားမျိုးနွယ် ဒုက္ခရောက်နေတဲ့အကြောင်း ပြောပြဖူးတယ်... လူသားမျိုးနွယ်ရဲ့ မျှော်လင့်ချက်အတွက် အဆင့်မြင့်သိုင်းပညာရှင်တစ်ယောက် လိုအပ်တယ်တဲ့... သူက အစအနမကျန် ပျောက်ကွယ်သွားတဲ့ လူတွေအယောင်ဆောင်ချင်နေတာလေ... ဒါနဲ့ ငါလည်း သူ့ကို ပူပူနွေးနွေး ဖန်တီးထားလို့ မရင့်ကျက်သေးတဲ့ ကျင့်စဉ်ကို ပေးခဲ့မိတယ်... သူက ငါ့ကျင့်စဉ်ကို ကျင့်ကြံပြီး ကောင်းကင်နတ်အရှင်ယွီနဲ့ ကောင်းကင်နတ်ရှင်ချင်အယောင် ဆောင်ခဲ့သေးတယ်”
သူက ချင်မူ့ဆီသို့ တစ်ချက်ကြည့်ကာ ပြော၏။ “ကောင်းကင်နတ်အရှင်မူ အယောင်လည်း ဆောင်ခဲ့တယ်”
ချင်မူ့ရင်ထဲတွင် လှုပ်ခတ်သွားတော့သည်။ “ဗုဒ္ဓအိုကြီး ဆိုလိုတာက...”
“ကောင်းကင်နတ်အရှင်ယွင်ရဲ့ ပါရမီက အင်မတန် မြင့်မားတယ်... ငါနဲ့ တာအိုရသေ့ထက်အောင် မြင့်မားတယ်.. သူက ရှေးဟောင်းနတ်ဘုရားတွေဆီက ကောင်းချီးတွေ လက်ခံရရှိခဲ့တဲ့ ကောင်းကင်နတ်အရှင်ကိုးပါးထဲက တစ်ယောက်မလား... ငါ့ကျင့်စဉ်ကို လက်ခံပြီးတော့ သူက ပြည့်စုံအောင် မွမ်းမံခဲ့တယ်... သူ့ရဲ့ ထူးခြားတဲ့အတွေးတွေက ဖန်တီးသူဖြစ်တဲ့ ငါ့ထက်အောင် ပိုဆန်းကြယ်နေသေးတယ်”
ဗြဟ္မဗုဒ္ဓ ဆက်ပြောသည်။ “သူက ဒီကောင်းကင်နတ်အရှင်သုံးယောက်အသွင်ကို ချွတ်စွပ်တူတဲ့အထိ တုပနိုင်တယ်... ဒါကြောင့်လည်း လူသားမျိုးနွယ်အတွက် မျှော်လင့်ချက်တွေ ဆောင်ယူပေးနိုင်ခဲ့တယ်... ဒါပေမဲ့ သူလည်း နောက်ပိုင်း စစ်ပွဲမှာ သေဆုံးခဲ့ရတာပဲ... သူ အဆင့်မြှင့်ခဲ့တဲ့ ကျင့်စဉ်ကို တခြားတစ်ယောက်ဆီ ပေးခဲ့လား၊ မပေးခဲ့လား မပြောတတ်ဘူး”
ချင်မူ၏ရင်ထဲတွင် ပြင်းပြင်းထန်ထန် တုန်လှုပ်သွားပြီး ဗြဟ္မဗုဒ္ဓ ဆိုလိုသည်ကို နားလည်သွား၏။
တစ်စုံတစ်ယောက်က ဗြဟ္မဗုဒ္ဓ၏ကျင့်စဉ်မှ အခြေခံသော ကောင်းကင်နတ်သိုင်းကို ရရှိခဲ့ကာ အမိကမ္ဘာမြေနောက်တစ်ယောက် ဖန်ဆင်းခဲ့ခြင်း ဖြစ်ပေသည်။
“ကောင်းကင်မဟာမိတ်အဖွဲ့များလား” သူက တိုးညှင်းသောအသံဖြင့် မေးသည်။
ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ တိတ်ဆိတ်သွား၏။ စကားတစ်ခွန်းမျှ မဟပေ။
ဗြဟ္မဗုဒ္ဓက ပြောသည်။ “ကောင်းကင်မဟာမိတ်အဖွဲ့တော့ မဟုတ်တန်ဘူး... ကောင်းကင်နတ်အရှင်ယွင် သေသွားတော့ သူ အဆင့်မြှင့်ခဲ့တဲ့ ကျင့်စဉ်က ကောင်းကင်မဟာမိတ်အဖွဲ့ကနေ အပြင်ကို ပေါက်ကြားလာတာလည်း ဖြစ်နိုင်တယ်... ဖြစ်ပျက်ခဲ့တာတွေက ကြာလှပြီမဟုတ်လား... ကောင်းကင်မဟာမိတ်အဖွဲ့မှာ ဘာတွေဖြစ်ခဲ့လဲ ပြောဖို့ ခက်တယ်”
ချင်မူ အသာအယာ ခေါင်းညိတ်၍ အဘိုးကြီးများကို ကျေးဇူးတင်ကာ အသိစိတ်အလျဉ် ပြန်ရုတ်လိုက်သည်။
“ဗုဒ္ဓ သွားတော့မှာလား”
ကောင်းကင်နယ်စားမင်းက ကောင်းကင်သို့ ကြည့်ကာ မေးလိုက်သည်။ “အခုအချိန်က ထွက်သွားဖို့ အချိန်ကောင်းပဲ... ထွက်မသွားရင် ဒီကလေးက မိုးမခသစ်ရွက်ကို ပြန်ကပ်တော့မယ်”
ဗြဟ္မဗုဒ္ဓသည် ပြုံးလျက် မိန့်တော်မူ၏။ “နောင်တော်တို့တွေ မသွားရင် ကိုယ်တော်လည်း မသွားဘူး”
မဟာနေဧကရာဇ်က ရှက်သလို၊ ကြောက်သလို အမူအရာဖြင့် ပြောလေသည်။ “ကျုပ်တော့ ထွက်သွားချင်ပေမယ့် မသွားရဲဘူး...”
ချော်ရည်ပူမြေအောက်ဘုံအရှင်သခင်က သူ့ကို နှစ်သိမ့်သည်။ “မင်းက ဘယ်သွားနိုင်မှာမလို့လဲ... ယိုတုကိုပဲ ပြန်သွားမှာမဟုတ်လား... ယိုတုက ဒီနေရာထက် စိတ်ဝင်စားစရာ ပိုကောင်းလို့လား”
မဟာနေဧကရာဇ်၏ အမူအရာမှာ သွေးဆုပ်ဖြူလျော်သွားပြီး ညည်းညူ၏။ “ခင်ဗျားတို့တွေပဲ ဒီမှာ နေပျော်နေတာဗျ... ကျုပ်မှာ တစ်ရက်လေးတောင် မပျော်ဘူး... အဲဒီယိုတုသားတော်လေး ဘယ်အချိန် ကျုပ်ကို ထစားမလဲ ကြောက်နေရတာ....”
ချင်မူ တခဏ စောင့်နေလိုက်သည်။ ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်နှင့် ကျန်ရှိသူများ သူ၏တတိယမျက်လုံးမှ ထွက်မသွားကြောင်း သေချာမှ မိုးမခသစ်ရွက်ဖြင့် ပြန်ဖုံးလိုက်သည်။ ထို့နောက် အမိကမ္ဘာမြေကို တိတ်ဆိတ်စွာ မော့ကြည့်လိုက်၏။
သူ့အနောက်တွင် နတ်ဘုရားတစ်ပိုင်းများက ဒူးထောက်ပြီး တစ်ညီတစ်ညွတ်တည်း နှုတ်ဆက်နေကြလေသည်။ “အမိကမ္ဘာမြေကို ဂါဝရပြုပါတယ်... အမိကမ္ဘာမြေ သက်တော်အနန္တ ရှည်ပါစေ”
အခြားကမ္ဘာများမှ နတ်ဘုရားများနှင့် မိစ္ဆာများလည်း တုန်ရီစွာ ဒူးထောက်နေကြ၏။ သူတို့မှာ မဆင်မခြင် မလှုပ်ရှားရဲကြပေ။
ချုံဧကရာဇ်ခေတ်တွင် အမိကမ္ဘာမြေသည် ကမ္ဘာဦးဘုံ၏ အုပ်ချုပ်သူတစ်ပိုင်း ဖြစ်ခဲ့သည်။ ချုံဧကရာဇ်များက မြောက်ကောင်းကင်ဘုံကို အမည်အရ အုပ်ချုပ်ခဲ့သော်လည်း အမှန်တွင် ကမ္ဘာဦးဘုံ၏ တစ်ဝက်ကို ထိန်းချုပ်ထားသူမှာ သူမသာ ဖြစ်ပေသည်။
ထိုစဉ်တုန်းက မည်သူမှ သူမ၏အုပ်ချုပ်မှုအောက်တွင် မပုန်ကန်ရဲပေ။
မှန်သည်၊ တောင်ချုံဧကရာဇ်ကောင်းကင်ဘုံကတော့ ချွင်းချက်ပင်။ တောင်ချုံဧကရာဇ်ကောင်းကင်ဘုံက ကမ္ဘာဦးကောင်းကင်ဘုံကိုပင် နှစ်ခြမ်းပိုင်း၍ တောင်ပိုင်အား အုပ်စိုးခဲ့ကာ အမိကမ္ဘာမြေနှင့် ယှဉ်ပြိုင်ခဲ့သည်။
ဤကိစ္စ၏ နောက်ကွယ်အကြောင်းရင်းမှာ အပြင်သူများ သိနိုင်မည့်အရာ မဟုတ်ပေ။
အမိကမ္ဘာမြေကို ဒူးမထောက်သူများလည်း ရှိသည်။ ချင်မူ၊ ကုန်းစွန်းယန်၊ ဖုန့်ချိုးယွင်နှင့် နဂါးချီလင်တို့အားလုံး မတ်မတ်ရပ်နေကြသည်။ ရေချီလင်သာ ခေါင်းငုံ့ပြီး တုန်ရီနေလေသည်။ သူ့မှာ ခေါင်းမမော့ရဲပေ။
ဇာမဏီနတ်မင်းချီရှားယွီက အမူအရာပြောင်းလဲသွားပြီး ဗျပ်စောင်းကို မြှောက်လိုက်သည်။ လက်တစ်ဖက်ဖြင့် ဗျပ်စောင်းကို ဆုပ်ကိုင်လျက် ရပ်နေသော သူမ၏အသွင်အပြင်သည် ရဲဝင့်မှုအပြည့်ဖြင့် ရှိန်စဖွယ်ကောင်းနေ၏။ သူမက အမိကမ္ဘာမြေကို သူမနှင့်တန်းတူဖြစ်ကြောင်း ကြေညာထားသယောင်ပင်။
ကောင်းကင်ဓားမလော့ ဝိညာဉ်အစောင့်တပ်ဖွဲ့၏ လူငယ်များကို ဦးဆောင်လျက် သူမနောက်၌ ရပ်နေသည်။ သူတို့၏အရှိန်အဝါများက တရှိန်ထိုး ထွက်ပေါ်လာပြီး ကောင်းကင်ဓားမမှလည်း ဓားအော်သံများ ထွက်လာနေသည်။
သူတို့သည် ပြင်ပကောင်းကင်နတ်ဘုံမှ ဖြစ်ကြသော်လည်း ကောင်းကင်နန်းဆောင်တစ်ခုတည်းမှ မဟုတ်သဖြင့် တစ်ယောက်နှင့်တစ်ယောက် ထိတွေ့ဆက်ဆံမှု နည်းသည့်အပြင် တစ်ခါတရံ သဘောထားမတိုက်ဆိုင်မှုများ ရှိတတ်၏။ သို့သော် ယခုလို ရှေးဟောင်းနတ်ဘုရားတစ်ပါးနှင့် ရင်ဆိုင်ရသည့်အချိန်တွင် ပူးပေါင်းမှ ဖြစ်လိမ့်မည်။
ပိုင်ချွီအာလည်း ဒူးမထောက်ပေ။ သူမသည် တောင်ချုံဧကရာဇ်ကောင်းကင်နတ်ဘုံ၏ ပြည်သူတစ်ယောက် ဖြစ်သည့်အတွက် အမိကမ္ဘာမြေအား ဒူးထောက်စရာမလိုပေ။
စာပေသမားလည်း ဒူးမထောက်။ ခိုင်ဧကရာဇ်ခေတ်တွင် အမိကမ္ဘာမြေ မရှိတော့ပြီမဟုတ်ပါလော။ သူမသည် ခိုင်ဧကရာဇ်၏ရှေ့မှောက်၌ပင် ဒူးမထောက်ခဲ့ရာ အမိကမ္ဘာမြေအတွက် အဘယ်ကြောင့် ဒူးထောက်ရမည်နည်း။
မြင့်မားလှသော ကမ္ဘာဦးသစ်ပင်၏အောက်တွင် အမိကမ္ဘာမြေက ပုရွက်ဆိတ်လေးများကို ကြည့်နေသည့်အလား သူတို့အားလုံးကို ငုံ့ကြည့်နေသည်။ ကောင်းကင်နှင့် မြေပြင်မှ ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ အရှိန်အဝါသည် ကြီးမားပြီး ကြောက်စရာကောင်းလှသဖြင့် မည်သူမှ ပုန်ကန်ရန် မတွေးဝံ့ကြပေ။
အမိကမ္ဘာမြေက သူတို့ကို ကြည့်၍ စကားမပြောပေ။ သူမ တိတ်ဆိတ်နေလေလေ၊ နတ်ဘုရားများ ပိုမိုကြောက်ရွံ့လာလေလေ ဖြစ်နေတော့သည်။
“စိတ်ဝင်စားစရာပဲ”
ရုတ်တရက် ဟက်ခနဲ ရယ်လိုက်သံက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။ စာပေသမားက ယပ်တောင်ကို ခတ်ရင်းဖြင့် ပြုံးလျက် ပြော၏။ “စောစောက အမိကမ္ဘာမြေရဲ့ တပည့်အစစ် ဟုတ်မဟုတ် ပြိုင်ခဲ့ကြလို့ အတော်လေး ဂယက်ထခဲ့တယ်... လွီကျန်းရေ၊ အခုတော့ အမိကမ္ဘာမြေအတုနဲ့ အစစ်ကြား ပြိုင်တော့မယ် ထင်ပါရဲ့”
မြည်းမှာ အလွန်ပျော်နေသဖြင့် ပြုံးနေသည်။ “အန်း အန်း အန်”
မြည်း၏ရယ်သံက နားထဲ အလွန်စူးလှ၏။
ဤအချိန်တွင် အသံတစ်သံ ထွက်လာသည်။ “အမိကမ္ဘာမြေ အတုနဲ့အစစ်ကြား ပြိုင်လို့ မရဘူးလား”