← Chapters

မင်းရဲ့တောင်ထွတ်ကိုဖျက်ဆီးပြီး မင်းရဲ့သစ်ပင်ကိုဆွဲနှုတ်ပစ်မယ်

Vol. 84 Ch. 1171

မင်းရဲ့တောင်ထွတ်ကိုဖျက်ဆီးပြီး မင်းရဲ့သစ်ပင်ကိုဆွဲနှုတ်ပစ်မယ်

Vol. 84 Ch. 1171

အခန်း (၁၁၇၁) မင်းရဲ့တောင်ထွတ်ကိုဖျက်ဆီးပြီး မင်းရဲ့သစ်ပင်ကိုဆွဲနှုတ်ပစ်မယ်

စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်အောက်တွင် ပုံရိပ်ယောင်တောင်ထွတ်ပင်မအစီအရင်ကြီးမှာ ပြားချပ်သွားပြီး အဆုံးသတ်မှာတော့ ပြိုကျပျက်ဆီးသွားသည်။

ချီစွမ်းအားတိုင်လုံးကြီးများအားလုံး ပြိုကျပျက်ဆီးသွားပြီး ကြီးမားသော ဧရာမဝဲဂယက်ကြီး (၅)ခု ဖြစ်တည်လာကာ ပုံရိပ်ယောင်တောင်ထွတ်တစ်ခုလုံးသို့ လွှမ်းခြုံသွားသည်။ ပြင်းထန်သော မုန်တိုင်းကြီးကြောင့် တောင်ထွတ်ထက်တွင် ရှိနေသူများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။

ရန်ကျောက်ကဲက အေးဆေးစွာဖြင့်...

“ချင်းယွမ်ဧကရာဇ်မရှိတဲ့အတွက် မင်းတို့တွေကို ငါ တိုက်ခိုက်မှာ မဟုတ်ဘူး ၊ ဒါပေမဲ့ ပုံရိပ်ယောင်တောင်ထွတ်ကတော့ ဒီနေ့ပျက်ဆီးရမယ်”

ထို့နောက် သူက လက်နှစ်ဖက်နောက်ပစ်ပြီး တောင်ထွတ်ထိပ်သို့ အေးအေးဆေးဆေးပင် လမ်းလျှောက်သွားသည်။

ချန်းဧကရာဇ်၏ အဆက်အနွယ်များဖြစ်သော ပုံရိပ်ယောင်တောင်ထွတ်မှ တပည့်များ နောက်ပြန်လှည့်မကြည့်ဘဲ တောင်ပေါ်မှ တစ်ချိုးတည်း ထွက်ခွာသွားကြတော့၏။

ဤအခိုက်အတန့်တွင် တောင်တံခါးတွင် ဆက်နေမည်ဆိုပါက ပုံရိပ်ယောင်တောင်ထွတ်နှင့်အတူ သင်္ဂြိုခံရမည်ကို လူတိုင်း သိရှိသည်ပင်။

မည်သူမှ ရန်ကျောက်ကဲအား ကြမ်းကြမ်းတမ်းတမ်း ဆဲရေးတိုင်းထွာစကားပြောဆိုခြင်း မပြုကြပေ။ ထိုလူငယ်နှင့် တတ်နိုင်သမျှ အဝေးဆုံးတွင်‌ နေထိုင်ချင်ကြသည်။

ယခုအချိန်တွင် ရန်ကျောက်ကဲအား ကြမ်းကြမ်းတမ်းတမ်း သွားရောက်ပြောဆိုခြင်းက ရယ်စရာဟာသတစ်ခု ဖြစ်စေရုံသာမက အခန့်မသင့်လျှင် အသက်ပါ ဆုံးရှုံးသွားနိုင်သည်။

ရန်ကျောက်ကဲက အရေးမစိုက်ဟန်ဖြင့် ပုံရိပ်ယောင်တောင်ထွတ်၏ ပင်မအချက်အချာနေရာသို့ တန်းသွားလိုက်သည်။

ထိုနေရာတွင် ချင်းယွမ်ဧကရာဇ်၏ တာအိုကျောင်းတော် တည်ရှိလေသည်။

ရန်ကျောက်ကဲက ပတ်ဝန်းကျင်တစ်ခွင်မှ အစီအရင်အရံအတားများကို ဖြတ်ကျော်ပြီး အေးအေးလူလူပင် တာအိုကျောင်းတော်အနောက်ဘက်သို့ လမ်းလျှောက်သွားသည်။

ကျောင်းတော်အနောက်ဘက်ခြံဝန်းထဲတွင် မျှော်စင်ပမာမြင့်မားသည့် သစ်ပင်ကြီးတစ်ပင်ရှိနေပြီး မှိန်ဖျော့‌ဖျော့ အစိမ်းရောင်အလင်းတန်းများ တောက်ပနေသည်။

“ဂျင်စင်းအသီးပင်မဟုတ်တာ စိတ်မကောင်းစရာပဲ ၊ ကိုင်းကူးပြီးစိုက်ထားတဲ့အပင်တစ်ပင်ဖြစ်လို့ အငွေ့အသက်က စွမ်းအားနည်းပါးပေမယ့် ရှားပါးသစ်ပင်တော့ ဖြစ်နေဆဲပဲ”

ရန်ကျောက်ကဲ ရေရွတ်လိုက်သည်။

ထို့နောက် သူက လက်ကိုပင့်မြှောက်ပြီး ဆုပ်ကိုင်သည့်အသွင်သဏ္ဌန် ပြုလုပ်လိုက်သည်။

ကောင်းကင်ထက်မှ မမြင်ရသော ဧရာမလက်ကြီးတစ်ဖက် ထွက်ပေါ်လာပြီး မြင့်မားသော ရှေးဟောင်းသစ်ပင်အား အမြစ်မှတူးထုတ်လိုက်သကဲ့သို့ ဖြစ်သည်။

ထိုသစ်ပင်၏ အမြစ်ဖွဲ့စည်းပုံက ပုံရိပ်ယောင်တောင်ထွတ်တစ်ခုလုံးအား ဖြတ်သန်းပြီး မြေကြီးအတွင်း နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်နေပုံရသည်။

ရန်ကျောက်ကဲ၏ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ် နောက်ဆုံးလက်ဝါးရိုက်ချက်က အပျက်တရားဖြစ်စဉ်ကို အရှိန်မြှင့်ပေးခဲ့သည်။

ရန်ကျောက်ကဲ၏လှုပ်ရှားမှုအပြီးတွင် ပုံရိပ်ယောင်တောင်ထွတ်က ပြင်းထန်စွာ တုန်ခါသွားပြီး စတင် ပြိုကျစ ပြုလာသည်။

ရန်ကျောက်ကဲ ခြေထောက်တစ်ချက် ဖိနင်းလိုက်သည်နှင့် နှစ်ပေါင်းများစွာ နာမည်ကျော်ကြားခဲ့သော ခွန်လွန်တောင်မှ နတ်ဘုရား‌တောင်ထွတ်သည် မြေမှုံများအဖြစ် ပြိုကျသွားတော့သည်။

တိမ်တိုက်များအလယ် မတ်တတ်ရပ်နေသော ဝမ်ဖူနှင့် အားဟူတို့မှာ ခွန်လွန်တောင်ရှိ ပုံရိပ်ယောင်တောင်ထွတ် တည်နေရာတွင် မြေမှုံများ လွင့်ပျံသွားကြောင်း တွေ့မြင်လိုက်ကြရသည်။

သူ၏အရွယ်အစားထက်ပင် အဆထောင်ပေါင်းများစွာ ပိုမိုကြီးမားသော ရှေးဟောင်းသစ်ပင်ကြီးအား လက်ဖဝါးထက်တွင်ကိုင်ထားရင်း ရန်ကျောက်ကဲက အားဟူနှင့် ဝမ်ဖူတို့ မတ်တတ်ရပ်နေသည့်နေရာသို့ ပေါ့ပေါ့ပါးပါးပင် ပျံသန်းလာသည်။

ဝမ်ဖူက မချိပြုံးတစ်ချက်ပြုံးရင်း...

“ဂိုဏ်းတူညီလေး’ရန်’ ... မင်း အစီအရင်ပညာ အရမ်းတော်တယ်ဆိုတာ ငါ မေ့သွားတာပဲ”

တကယ်တော့ သူ မေ့လျော့ခြင်း မရှိပေ။

ဤနှစ်များအတွင်း ရန်ကျောက်ကဲက ဘက်ပေါင်းစုံမှ ထူးခြားသောစွမ်းရည်များအား ပြသခဲ့သည်ပင်။

သူ၏ကိုယ်ရည်ကိုယ်သွေးက ထူးခြားပြီး ပါရမီမြင့်မားရံသာမက သိုင်းသူတော်စင် နဝမအဆင့် ၊ အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့်မှာပင် အနက်ရောင်ပိုးသားဧကရာဇ်ကို အနိုင်ယူနိုင်ခဲ့သည်။

ထို့ပြင် လက်နက်ပစ္စည်း ၊ ရတနာပစ္စည်းများ ပြုလုပ်ရာတွင်လည်း လူအများ ရင်သပ်ရှုမောလောက်စေသည်အထိ ထူးချွန်လွန်းသည်။

သူ၏လက်တစ်ဖက်တည်းဖြင့် ထျန်းကျိခန်းမကို ဖန်တီးခဲ့ပြီး အထက်ဘုံကမ္ဘာမှ လူအများ၏နှလုံးသားကို ဖမ်းဆုပ်နိုင်ခဲ့သလို ပျောက်ဆုံးနေသော ရတနာပစ္စည်းများစွာကိုလည်း အထက်ဘုံကမ္ဘာဆီသို့ ပြန်လည်ဆောင်ကြဉ်းပေးခဲ့သည်။

သိုင်းကျင့်ကြံခြင်းဖြစ်စေ ၊ လက်နက်ပစ္စည်းပြုလုပ်ခြင်းဖြစ်စေ အချိန်နှင့်စွမ်းအင် များစွာလိုအပ်သည် အမှန်ပင်။

အလွန်ထက်မြက်ပြီး အလွန်ကြိုးစားသော အခြားသူများဆိုလျှင်ပင် ရန်ကျောက်ကဲတတ်မြောက်သည့် ပညာရပ်များထဲမှ တစ်ခုကို တတ်မြောက်နိုင်ပါက ကမ္ဘာတစ်ခုလုံးအား တုန်လှုပ်သွားစေနိုင်သည်။

သိုင်းပညာဖြစ်စေ ၊ လက်နက်ပြုလုပ်သည့်ပညာဖြစ်စေ ရန်ကျောက်ကဲက လူတိုင်းအား ငုံ့ကြည့်နိုင်စွမ်း ရှိသည်ပင်။

ထျန်းကျိခန်းမ မတည်ထောင်ခင်က ရန်ကျောက်ကဲ တောင်ပိုင်းနှင့်အရှေ့တောင်ပိုင်း ခရီးနှင်ခဲ့စဉ် မြစ်ဝါကိုးကွေ့အစီအရင်ဖြင့် အမတကူးပြောင်းခြင်း သိုင်းသူ‌တော်စင်အုပ်စုကို သတ်ဖြတ်ခဲ့ခြင်းမှာ ဝမ်ဖူ၏စိတ်ထဲတွင် မှေးမှိန်နေသည့် မှတ်ဉာဏ်အဖြစ်မှ ပြန်လည်ထွက်ပေါ်လာသည်။

ထိုစဉ်က ရန်ကျောက်ကဲမှာ နတ်ဘုရားသိမြင်ခြင်းအဆင့်မျှသာ ရှိသေး၏။

ရန်ကျောက်ကဲအနေဖြင့် သိုင်းပညာနှင့် ရတနာပစ္စည်း ပြုလုပ်သည့်ပညာကို သင်ယူခြင်းကပင် အလွန်အချိန်ပေးနေရပြီဖြစ်ရာ အခြားပညာရပ်များကို အာရုံစိုက်ရန် မည်သို့စွမ်းအားရှိနိုင်ပါမည်နည်း။

သို့သော် ယခုတော့ သူ၏အယူအဆ အလွန်မှားယွင်းကြောင်း ဝမ်ဖူ ဝန်ခံလိုက်ရသည်။

“မဟုတ်ဘူး... ငါ မမှားပါဘူး”

ဝမ်ဖူ မချိပြုံးပြုံးရင်း တွေးလိုက်သည်။

“တခြားသူတွေအတွက်ဆို ငါ့အယူအဆက မှန်ပါတယ် ၊ ဒါပေမဲ့ ဂိုဏ်းတူညီလေး’ရန်’ အတွက်ဆိုရင်တော့ မှားယွင်းနေတယ်”

ထိုအချိန် ရန်ကျောက်ကဲက ဝမ်ဖူကို ခေါင်းညိတ်ပြုံးပြရင်း...

“ဂိုဏ်းတူအစ်ကို’ဝမ်’ ... စောင့်နေရလို့ တောင်းပန်ပါတယ်”

ထို့နောက် သူက အားဟူကိုကြည့်ရင်း...

“ဒီအပင်ကို အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ်ကိုယူသွားပြီး အဖေ့ကို ပေးလိုက်ပါ ၊ သူ ဆက်လုပ်လိမ့်မယ်”

အပင်မှ သစ်သီးများကို ကျောက်စိမ်းကျောက်ဆောင်သည်လည်း သေချာပေါက် ဝေစုရရှိမည်ဖြစ်ရာ ရန်ကျောက်ကဲအနေဖြင့် ဝမ်ဖူကို မေးမြန်းနေစရာ မလိုတော့ပေ။

ရန်ကျောက်ကဲက လက်များကို ပင့်မြှောက်လိုက်ပြီး အတူတကွ ပေါင်းစည်းလိုက်ရာ မြင့်မားသော ရှေးဟောင်းသစ်ပင်ကြီးက ပျိုးပင်ငယ်လေးအဖြစ်သို့ ကျုံ့ဝင်သွားသည်။

အဖြူရောင်နှင့်အနက်ရောင် ယင်နှင့်ယန် စွမ်းအားက အပင်ငယ်အားလှည့်ပတ်သွားပြီး မူလအခြေအနေသို့ ပြန်မရောက်နိုင်အောင် ထိန်းချုပ်ထားသည်။

ထို့နောက် ရန်ကျောက်ကဲက ပျိုးပင်လေးအား အားဟူထံ ပေးလိုက်သည်။

အားဟူက ရိုးရှင်းစွာပြုံးရင်း ပျိုးပင်ငယ်ကိုလှမ်းယူလိုက်သည်။ သို့သော်သူ့မျက်လုံးများတွင် ငွေကြေးကို မက်မောသူတစ်ယောက်ပမာ လောဘတက်သည့်အလင်းရောင်များ တောက်ပလျှက် ရှိ၏။

သူက....

“သခင်လေး... အခု ချီလင်ကမ်းပါးကို သွားမှာလား”

ထိုစကားကြားတော့ ဝမ်ဖူ၏နှုတ်ခမ်းထောင့်များလှုပ်ရှားသွားပြီး မည်သည့်စကားမှ မဆိုဘဲ ရန်ကျောက်ကဲနှင့် အားဟူကို လှမ်းကြည့်လိုက်သည်။

ရန်ကျောက်ကဲက ပေါ့ပါးစွာပင် လက်တစ်ဖက်ဝှေ့ယမ်းရင်း...

“ချီလင်ကမ်းပါးကို မသွားသေးဘူး ၊ ငါတို့ အချိန်စောင့်ဖို့လိုသေးတယ်”

ရန်ကျောက်ကဲ၏ စကားပထမပိုင်းကိုကြားပြီး ဝမ်ဖူ စိတ်သက်သာရာရစွာ သက်ပြင်းချမိသော်လည်း စကားဒုတိယပိုင်းကြောင့် အံတင်းတင်းကြိတ်လိုက်မိသည်။

အားဟူက သိချင်စိတ်ဖြင့်...

“ဒါပေမဲ့ သခင်လေး... အခုချိန် တိဟွမ်မြေကမ္ဘာဧကရာဇ်လည်း မရှိဘူး ၊ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်လည်း တံခါးပိတ်ကျင့်ကြံနေတယ် ၊ မြေကမ္ဘာထိပ်တန်းအရှင်သခင်လည်း သေပြီဆိုတော့ ချီလင်ကမ်းပါးမှာ ခေါင်းဆောင်မရှိတော့ဘူး ၊ ဒီလိုအခွင့်အရေးမျိုးက ရခဲတယ် မဟုတ်ဘူးလား”

ထိုစကားကြားတော့ ဝမ်ဖူက မချိပြုံးပြုံးလိုက်ရင်း...

“တိဟွမ်မြေကမ္ဘာဧကရာဇ်က နက်ရှိုင်းနတ်ဘုရားတစ်ပါးပဲ ၊ သူနေထိုင်နဲ့နေရာမှာ သူကိုယ်တိုင်ပြုလုပ်ထားတဲ့ မဟာပင်မအစီအရင်နဲ့ တခြားအရံအတားတွေ အများကြီးရှိတယ် ၊ ငြိမ်သက်ခြင်းအဆင့်ရှိသောနက်ရှိုင်းနတ်ဘုရားတစ်ပါးဆိုတာက အစစ်အမှန်နတ်ဘုရားတစ်ပါးထက်ပိုပြီး တန်ခိုးစွမ်းအား ကြီးမားတယ် ၊ သူလုပ်ထားတဲ့အစီအရင်က သာမန်အဆင့်ပဲရှိတယ်ဆိုရင်တောင် သိုင်းသူတော်စင်တစ်ယောက်အနေနဲ့ ဖြိုခွင်းနိုင်မှာ မဟုတ်ဘူး ၊ တကယ်လို့ တိဟွမ်မြေကမ္ဘာဧကရာဇ် သေဆုံးသွားရင်တောင်မှ ဒီအစီအရင်က နှစ်ပေါင်းထောင်နဲ့ချီပြီး ဆက်လက်လည်ပတ်နေနိုင်သေးတယ် ၊ အဲဒီနောက်ပိုင်းမှ ငါတို့အတွက် အခွင့်အရေးရနိုင်မှာပဲ”

အားဟူက မျက်တောင်တစ်ချက်ခတ်လိုက်ပြီး ဝမ်ဖူကို ကြည့်လိုက်သည်။ ထို့နောက် သူက တစ်စုံတစ်ခုပြောရန် ဟန်ပြင်လိုက်သော်လည်း မပြောတော့ဘဲ ပါးစပ်ပိတ်နေလိုက်၏။

သို့သော် ဝမ်ဖူက အားဟူမပြောသည့် စကား၏အဓိပ္ပါယ်ကို နားလည်လိုက်ပြီး မချိပြုံးပြုံးလိုက်ပြန်သည်။

“မဟုတ်ဘူး... မူလဖွင့်လှစ်ဓားနဲ့ဆိုရင်တောင်မှ မဖြစ်နိုင်ဘူး ၊ နတ်ဘုရားတံခါးကို ဖွင့်လှစ်ထားတဲ့သူမဟုတ်ရင် ဒီဓားကို အသုံးပြုလည်း အလကားပဲ...”

အားဟူက တိုးတိတ်သည့်အသံဖြင့်...

“ဒါဖြင့် သခင်လေး လူသားအထွတ်ထိပ်အဆင့်ကို ရောက်သွားရင်ရော...”

ရန်ကျောက်ကဲက ပုံမှန်လေသံဖြင့်...

“ဝါဒ‌တောင်ဖွင့်ပွဲအခမ်းအနားတုန်းက ဆရာဦးလေး’ယွဲ့’ ထုတ်လွှတ်လိုက်တဲ့ ဓားအလင်းတန်းကို မင်း မြင်ဖူးတယ် မဟုတ်လား”

အားဟူက ခေါင်းညိတ်ရင်း...

“မြင်ဖူးတယ်... အရမ်းကို နက်နဲပြီးကြောက်စရာကောင်းတယ် ၊ ချင်းယွမ်ဧကရာဇ်နဲ့တခြားသူတွေ လုံးဝ မခုခံနိုင်ဘူး”

ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်ရင်း...

“ဒါတောင် ဆရာဦးလေး’ယွဲ့’ က ပညာကုန်သုံးသေးတာ မဟုတ်ဘူး”

သူက ဆက်ရှင်းပြသည်။

“နတ်ဘုရားလူသားကပ်ဘေးကို အောင်မြင်စွာဖြတ်ကျော်ထားတဲ့ အစစ်အမှန်နတ်ဘုရားတစ်ပါးကို သေမျိုးလူသားအဆင့်ပဲရှိသေးတဲ့ သိုင်းသူတော်စင်တစ်ယောက်က ထိခိုက်အောင် မလုပ်နိုင်ဘူး ၊ အဲဒီနတ်ဘုရားကို သိုင်းသူတော်စင်တစ်ယောက်က စိတ်တိုင်းကျ တိုက်ခိုက်လို့ရတယ် ၊ ဘောလုံးတစ်လုံးရိုက်သလို ရိုက်ပစ်မယ်ဆိုလည်း ရတယ် ၊ အစစ်အမှန်နတ်ဘုရားနဲ့ နက်ရှိုင်းနတ်ဘုရားကြားက ကွာခြားချက်ကလည်း အဲဒီအတိုင်းပဲ”

အားဟူက နားလည်ဟန် ထပ်ခါထပ်ခါ ခေါင်းညိတ်လိုက်သည်။

ရန်ကျောက်ကဲက...

“ဒါပေမဲ့ ... သိုင်းသူတော်စင်တစ်ယောက်က နက်ရှိုင်းနတ်ဘုရားတစ်ပါးကို သွားပြီးတိုက်ခိုက်မယ်ဆိုရင်တော့ တစ်စစီ ဖြစ်သွားလိမ့်မယ်”

အားဟူက ခေါင်းတစ်ချက်ကုတ်ရင်း စိတ်ရှုတ်ထွေးစွာဖြင့်...

“ဘာဖြစ်လို့လဲ...”

ရန်ကျောက်ကဲက...

“ဘာလို့လဲဆိုတော့... ‘အစစ်အမှန်နတ်ဘုရားက ယိုစိမ့်ခြင်းမရှိဘူး ၊ နက်ရှိုင်းနတ်ဘုရားက ငြိမ်သက်ခြင်းနဲ့ ပြည့်ဝတယ်’ ဆိုတဲ့ စကားကြောင့်ပဲ”

သူက ပြုံးရင်းဆက်ရှင်းပြသည်။

“ယိုစိမ့်ခြင်းမရှိတာနဲ့ ငြိမ်သက်ခြင်းပြည့်ဝတာက အစစ်အမှန်နတ်ဘုရားနဲ့ နက်ရှိုင်းနတ်ဘုရားကြားက သိသာထင်ရှားတဲ့ ခြားနားချက်ပဲ ၊ အဲဒါက ကျင့်ကြံခြင်းနဲ့ပတ်သက်တဲ့ နားလည်မှု ၊ စွမ်းရည် ၊ ထူးခြားရုပ်ခန္ဓာပိုင်ဆိုင်မှုတွေနဲ့ ဘာမှမဆိုင်ဘူး ၊ ကမ္ဘာလောကကြီးကို စတင်ဖန်းဆင်းကတည်းက လက်ခံရမယ့် အခြေခံမူတစ်ခုပဲ ၊ မင်းအနေနဲ့ ဒီစည်းမျဉ်းကနေ ဘယ်တော့မှ ရုန်းထွက်လို့ရမှာ မဟုတ်ဘူး ၊ မင်း ရုန်းထွက်နိုင်တယ်ဆိုရင်တောင် နက်ရှိုင်းနတ်ဘုရားတစ်ပါးက မင်းရဲ့ပြိုင်ဘက် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး”

All Chapters