← Chapters

ယိုစိမ့်ခြင်းမရှိ အစစ်အမှန်နတ်ဘုရားနှင့် ငြိမ်သက်ခြင်းပြည့်ဝသော နက်ရှိုင်းနတ်ဘုရား

Vol. 84 Ch. 1172

ယိုစိမ့်ခြင်းမရှိ အစစ်အမှန်နတ်ဘုရားနှင့် ငြိမ်သက်ခြင်းပြည့်ဝသော နက်ရှိုင်းနတ်ဘုရား

Vol. 84 Ch. 1172

အခန်း (၁၁၇၂) ယိုစိမ့်ခြင်းမရှိ အစစ်အမှန်နတ်ဘုရားနှင့် ငြိမ်သက်ခြင်းပြည့်ဝသော နက်ရှိုင်းနတ်ဘုရား

အားဟူက သိုင်းပညာ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သူဖြစ်ပြီး ရန်ကျောက်ကဲနောက်သို့ လိုက်နေသည်ဖြစ်ရာ သူ၏ အသိပညာနှင့်ဗဟုသုတက ရွယ်တူတန်းတူများထက် ပိုမိုသာလွန်သည်။

သူက ခဏမျှမျက်မှောင်ကြုံ့လိုက်ပြီးနောက် တွေးတွေးဆဆဖြင့် မေးခွန်းထုတ်လိုက်သည်။

“ယိုစိမ့်ခြင်းမရှိဆိုတဲ့အဓိပ္ပါယ်က ထိခိုက်မှုမရှိနိုင်ဘူးဆိုတဲ့အဓိပ္ပါယ်ဖြစ်ပြီး ငြိမ်သက်ခြင်းနဲ့ပြည့်ဝတယ်ဆိုတာက ဘယ်အရာကမှ မနှောက်ယှက်နိုင်ဘူးလို့ ဆိုလိုတာပေါ့ ...”

ဝမ်ဖူက သက်ပြင်းချရင်း...

“အမှန်ပဲ... ယိုစိမ့်ခြင်းမရှိဆိုတဲ့အဓိပ္ပါယ်က ထိခိုက်မှုမရှိနိုင်ဘူးဆိုတဲ့အဓိပ္ပါယ်ဖြစ်ပြီး ငြိမ်သက်ခြင်းနဲ့ပြည့်ဝတယ်ဆိုတာက ဘယ်အရာကမှ မနှောက်ယှက်နိုင်ဘူးဆိုတဲ့ အဓိပ္ပါယ်ပဲ”

သူက ဆက်ပြောသည်။

“ဒီနေရာမှာ ငြိမ်သက်ခြင်းနဲ့ပြည့်ဝတယ်ဆိုတဲ့အဓိပ္ပါယ်က သေမျိုးလူသားလောကရဲ့ တည်ရှိမှုအားလုံးက သူ့ကို မနှောက်ယှက်နိုင်ဘူးလို့ ဆိုလိုတာပဲ”

အားဟူက ခေါင်းတစ်ချက်ကုတ်ရင်း...

“ဒါဖြင့် တိုက်ခိုက်တာပဲဖြစ်ဖြစ် ခံစစ်ပဲဖြစ်ဖြစ် နက်ရှိုင်းနတ်ဘုရားတွေကို ဒုက္ခမပေးနိုင်ဘူးလို့ဆိုလိုတာလား”

ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်ရင်း...

“အမှန်ပဲ...”

သူက ဆက်ပြောသည်။

“တိုက်ပွဲတစ်ပွဲမှာ သိုင်းသူတော်စင်တစ်ယောက်က အစစ်အမှန်နတ်ဘုရာတးစ်ပါးကို ထိခိုက်အောင် မလုပ်နိုင်ဘူး ၊ ခံစစ်ဖြစ်ဖြစ် တိုက်စစ်ဖြစ်ဖြစ် ထိရောက်မှာ မဟုတ်ဘူး ၊ နှစ်ဘက်ကြား တန်ခိုးစွမ်းအား ကွာခြားမှု ကြီးမားလွန်းတော့ သိုင်းသူတော်စင်တစ်ယောက်အနေနဲ့ အစစ်အမှန်နတ်ဘုရားတစ်ပါးကို ဘယ်လိုမှ ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး”

ထိုစကားကြားတော့ စိတ်မသက်မသာဖြစ်သွားဟန်ရှိသော ဝမ်ဖူ၏မျက်နှာကိုကြည့်ရင်း ရန်ကျောက်ကဲက ပြုံးလိုက်သည်။

“ဒါပေမဲ့... သိုင်းသူတော်စင်တိုင်း မလုပ်နိုင်တာမျိုးတော့ မဟုတ်ဘူး ၊ အခွင့်အရေးဆိုတာတော့ ရှိနိုင်ပါသေးတယ်”

“ဒါကြောင့် မကြာခဏ ငါတို့တွေပြောကြတာ ... အစစ်အမှန်နတ်ဘုရားတစ်ပါး သေမျိုးလူသားလောကကို ရောက်ရှိလာရင် ပြိုင်ဘက်ကင်းဖြစ်နိုင်ပေမယ့် အချိန်တိုင်းတော့ မဟုတ်ဘူးတဲ့”

“ဒါပေမဲ့ နက်ရှိုင်းနတ်ဘုရားဆိုရင်တော့ သေချာပေါက် ပြိုင်ဘက်ကင်းပဲ”

ရန်ကျောက်ကဲက လက်တစ်ဖက် ဝှေ့ယမ်းရင်း...

“နက်ရှိုင်းနတ်ဘုရားတစ်ပါးကို တိုက်စစ်ဆင်ဖို့မပြောနဲ့ ခံစစ်နဲ့ ခုခံကာကွယ်မယ်ဆိုရင်တောင် မင်းရဲ့ ခံစစ်က ဘယ်လောက် ခိုင်ခံ့တင်းကျပ်နေပါစေ သူ အသက်တစ်ချက်ရှူသွင်းလိုက်တာနဲ့ မင်းရဲ့ ခံစစ်စွမ်းအား အားလုံး ပျောက်ကွယ်သွားမှာပဲ”

“ယိုစိမ့်ခြင်းမရှိ အစစ်အမှန်နတ်ဘုရားဆိုတာက သေမျိုးလူသားတွေကြောင့် ထိခိုက်မှု မရှိနိုင်ဘူး ၊ ဒါပေမဲ့ ငြိမ်သက်ခြင်းနဲ့ပြည့်ဝတဲ့ နက်ရှိုင်းနတ်ဘုရားဆိုတာကတော့ သေမျိုးလူသားတွေကြောင့် ဘာအနှောက်အယှက်မှ မဖြစ်နိုင်ဘူးလို့ ဆိုလိုတာပဲ”

အားဟူက တစ်ချက်တွေးလိုက်ရင်း...

“လက်စသတ်တော့... ‘ငြိမ်သက်ခြင်းနဲ့ပြည့်ဝတယ်’ ဆိုတဲ့အဓိပ္ပါယ်က ဒါကိုး...”

ရန်ကျောက်ကဲက ရယ်မောရင်း...

“ဟုတ်တယ်... ငါ စောစောက ပြောခဲ့သလိုပဲ...”

သူက ဆက်ပြောသည်။

“ဒီနေရာမှာ ပြောရမယ်ဆိုရင်... အစစ်အမှန်နတ်ဘုရားတစ်ပါးကို ဖိနှိပ်နိုင်တဲ့ သိုင်းသူတော်စတင်တစ်ယောက်ရှိတယ် ဆိုပါစို့  ၊ သူ့အနေနဲ့ နက်ရှိုင်းနတ်ဘုရားတစ်ပါးကို သွားပြီးတိုက်ခိုက်မယ်ဆိုရင်တော့ တစ်ချက်တည်းနဲ့ ရိုက်ချခံရမှာပဲ ၊ အစစ်အမှန်နတ်ဘုရားဆိုရင်မှာ ပြန်ပြီးတိုက်ခိုက်ဖို့ အခွင့်အရေး ရရင်ရဦးမယ် ၊ သိုင်းသူတော်စင်ဆိုရင်တော့ အခြေအနေဆိုးကုန်လိမ့်မယ်”

“မင်း လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ဒါက ကမ္ဘာဦးဖန်ဆင်းကတည်းက ဖြစ်တည်လာတဲ့ အခြေခံနိယာမပဲ ၊ မင်း လက်မခံချင်ဘူးဆိုရင်တောင် လက်ခံရလိမ့်မယ်”

ရန်ကျောက်ကဲက လက်ဖဝါးနှစ်ဖက် ဖြန့်ကားရင်း...

“ဒါပေမဲ့ သိုင်းသူတော်စင်တစ်ယောက်က အစစ်အမှန်နတ်ဘုရားတစ်ပါးကို အနိုင်ယူတယ်ဆိုတာ ကျင့်ကြံသူအများစုအတွက် ပုံမှန်မဟုတ်တဲ့ကိစ္စပဲ”

ထိုစကားကြားတော့ ဝမ်ဖူကက ချောင်းတစ်ချက်ဟန့်လိုက်ပြီး အားဟူက ရယ်ကျဲကျဲ လုပ်နေသည်။

ရန်ကျောက်ကဲနှုတ်ခမ်းများ တွန့်ကွေးသွားပြီး...

“နည်းနည်းကြွားသလို ဖြစ်သွားပြီထင်တယ်...”

သူက ဆက်ပြောသည်။

“ပြီးတော့ အစစ်အမှန်နတ်ဘုရားတွေနဲ့ ဧကရာဇ်တွေကြားမှာလည်း တန်ခိုးစွမ်းအားပြင်းထန်တဲ့သူ တန်ခိုးစွမ်းအားနည်းပါးတဲ့သူဆိုပြီး ကွဲပြားမှုတွေ ရှိနေသေးတယ်”

“အဆင့်တူတွေထဲမှာ တန်ခိုးစွမ်းအားသာလွန်တဲ့ အစစ်အမှန်နတ်ဘုရားတစ်ပါးက နက်ရှိုင်းနတ်ဘုရားတစ်ပါးကို ဖိနှိပ်ဖို့ အခွင့်အရေးရကောင်းရနိုင်တယ် ၊ ဒါပေမဲ့ သူလည်း နက်ရှိုင်းနတ်ဘုရားတစ်ပါးကို ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး ၊ ဒါပေမဲ့ သိုင်းသူတော်စင်တစ်ယောက်လိုမျိုးတော့ တစ်ချက်တည်းနဲ့ ရိုက်ချခံရမှာ မဟုတ်ဘူး”

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“ဒါပေမဲ့ အစစ်အမှန်နတ်ဘုရားတစ်ပါးက နက်ရှိုင်းနတ်ဘုရားတစ်ပါးကို ဖိနှိပ်နိုင်ဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူး ၊ ဒီလိုကိစ္စမျိုးက သိုင်းသူ‌တော်စင်တစ်ယောက်က အစစ်အမှန်နတ်ဘုရားတစ်ပါးကို ဖိနှိပ်နိုင်တာထက်တောင် သမိုင်းတစ်လျှောက် ရှားပါးသေးတယ် ၊ နက်ရှိုင်းနတ်ဘုရားဆိုတာကလည်း သာမန်မှ မဟုတ်တာပဲလေ”

ကျင့်ကြံခြင်းအဆင့် ပိုမိုမြင့်မားလာလေ အဆင့်ကျော်ပြီး အနိုင်ယူတိုက်ခိုက်နိုင်ခြင်းက ရှားပါးလာလေ ဖြစ်သည်။

အမှန်တော့ ထိုသို့သော ဖြစ်ရပ်မျိုးက မရှိသလောက်ပင် ဖြစ်သည်။

ဝမ်ဖူက အားဟူကိုကြည့်ကာ သက်ပြင်းချရင်း...

“အဲဒါကြောင့် မူလဖွင့်လှစ်ဓားနဲ့တောင် ချီလင်ကမ်းပါးကို မချိုးဖျက်နိုင်ဘူလို့ ပြောတာပေါ့”

သူက ဆက်ပြောသည်။

“မူလဖွင့်လှစ်ဓားက အမတမှော်ဝင်ဓားဆိုပေမယ့် ယိုစိမ့်ခြင်းမရှိတဲ့ အဆင့်မှာပဲရှိသေးတယ် ၊ ဒါကြောင့် နက်ရှိုင်းနတ်ဘုရားတစ်ပါးရဲ့ နေထိုင်ရာကို ထိခိုက်အောင် မလုပ်နိုင်ဘူး ၊ တိဟွမ်မြေကမ္ဘာဧကရာဇ်က လောလောဆယ် ချီလင်ကမ်းပါးမှာ မရှိဘူးဆိုပေမယ့်... အုပ်စိုးရှင် (၅)ပါးနဲ့အဆင့်တူတဲ့ ကျင့်ကြံသူတစ်ယောက်ယောက်က မူလဖွင့်လှစ်ဓားကို ဆွဲကိုင်ထားမယ်ဆိုရင်တော့ ချီလင်ကမ်းပါးကို ဖျက်ဆီးပစ်နိုင်လိမ့်မယ် ၊ ဂိုဏ်းတူညီလေး’ရန်’ ပုံရိပ်ယောင်တောင်ထွတ်ကို ဖျက်ဆီးပစ်သလိုမျိုး ၊ အထက်ရပ် ‘ချန်’ မြောက်ဖေးတောင်ထွတ်ကို ဖျက်ဆီးပစ်သလိုမျိုးပေါ့”

“ဒါပေမဲ့ သိုင်းသူတော်စင်အဆင့် ကျင့်ကြံသူတစ်ယောက်ကတော့ အမတမှော်ဝင်ပစ္စည်းတစ်ခုကို ထိန်းချုပ်နိုင်ရင်တောင်မှ နက်ရှိုင်းနတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ တောင်တံခါးကို ချိုးဖျက်နိုင်မှာ မဟုတ်ဘူး ၊ တကယ်တော့ သိုင်းသူတော်စင်တစ်ယောက်ဆိုတာက အမတမှော်ဝင်ပစ္စည်းတစ်ခုရဲ့ စွမ်းအားကိုတောင် အပြည့်အဝ ထုတ်ဖော်နိုင်တာ မဟုတ်ဘူးလေ ၊ သူတို့ကြားက တန်ခိုးစွမ်းအားက ချောက်နက်ကြီးတစ်ခုခြားသလောက် ကွာခြားလွန်းတယ်”

အားဟူက ခေါင်းတစ်ချက်ကုတ်ရင်း...

“ဒါဖြင့် အဲဒီအတွက် အကြောင်းရင်း ရှိရမှာပေါ့”

ရန်ကျောက်ကဲက ရယ်မောရင်း...

“အကြောင်းရင်းကတော့ နက်ရှိုင်းနတ်ဘုရားတစ်ပါးဖြစ်လာဖို့ မလွယ်ကူလို့ပဲ”

သူက ဆက်ရှင်းပြသည်။

“နတ်ဘုရားတံခါးကို ဖွင့်လှစ်ပြီး အစစ်အမှန်နတ်ဘုရားဖြစ်လာပြီးတဲ့နောက် နက်ရှိုင်းနတ်ဘုရားအဆင့်ကို တက်ရောက်ချင်တယ်ဆိုရင် ကပ်ဘေးတစ်ခုကို ထပ်ပြီး ဖြတ်သန်းရလိမ့်မယ် ၊ အဲဒီမှာ ကျရှုံးသွားရင်တော့ အသက်ဆုံးရပြီး ကျင့်ကြံထားသမျှ အကုန်အလကား ဖြစ်သွားလိမ့်မယ်”

အစစ်အမှန်နတ်ဘုရားအဆင့်မှ နက်ရှိုင်းနတ်ဘုရားအဆင့်သို့ တက်ရောက်ခြင်းမှာ သိုင်းသူတော်စင်အဆင့်မှ အစစ်အမှန်နတ်ဘုရားအဆင့်သို့ တက်ရောက်ခြင်းကဲ့သို့ အလွန်တရာ ခက်ခဲသောကြောင့် ဖြစ်သည်။

ထို့ကြောင့် ဝမ်ဖူက ထိုအဆင့် (၂)ဆင့်အား နိယာမတစ်ခုအဖြစ် နှိုင်းယှဉ်ပြောပြခြင်း ဖြစ်သည်။

ရန်ကျောက်ကဲက...

“သိုင်းသူတော်စင်အဆင့်ကနေ နတ်ဘုရားအဆင့်ကို တက်လှမ်းမယ်ဆိုရင် နတ်ဘုရားလူသားကပ်ဘေးကို ရင်ဆိုင်ရတယ်”

သူက ဆက်ရှင်းပြသည်။

“အစစ်အမှန်နတ်ဘုရားအဆင့်ကနေ နက်ရှိုင်းနတ်ဘုရားအဆင့်ကို တက်လှမ်းချင်တယ်ဆိုရင်တော့ အတိုင်းအဆမဲ့ကပ်ဘေး ဒါမှမဟုတ် သမ္မာတရားကပ်ဘေးကို ရင်ဆိုင်ရတယ် ၊ အဲဒီကပ်ဘေးကို မကျော်လွှားနိုင်ရင်တော့ အသက်သေဆုံးပြီး အချည်းနှီးပျောက်ကွယ်သွားရမှာပဲ”

“ဒါပေမဲ့ နက်ရှိုင်းနတ်ဘုရားတစ်ပါးက ရှေ့ဆက်ကျင့်ကြံမယ်ဆိုရင်တော့ ဘာကပ်ဘေးကိုမှ ကျော်ဖြတ်စရာ မလိုတော့ဘူး”

“နောက်ပိုင်းကိစ္စက ကျင့်ကြံခြင်းနဲ့ပဲ သက်ဆိုင်သွားပြီ... ၊ အားဟူ ... မင်းက အခု နတ်ဘုရားအဆင့်နဲ့ အလှမ်းဝေးသေးတယ် ၊ ဒါကြောင့် ဒီအကြောင်းတွေကို တစ်ခါမှ ပြောမပြခဲ့တာပဲ ၊ ငါတို့ သေမျိုးလူသားကျင့်ကြံသူအဆင့်မှာ ကျင့်ကြံထားတဲ့ ကြယ်တာရာချီစွမ်းအားအနှစ်သာရက နတ်ဘုရားအဆင့်ကိုတက်လှမ်းတဲ့အခါ အမတချီစွမ်းအားအဖြစ် ပြောင်းလဲသွားတယ်”

“အမတချီစွမ်းအားလို့ ခြုံပြီးပြောပေမယ့် တကယ်တမ်းမှာ အမတချီစွမ်းအား (၅)မျိုးရှိတယ် ၊ အဲဒါကို အမှန်တရား (၅)မျိုးလို့လည်း ခေါ်တယ်”

“အဲဒီ အမတချီစွမ်းအား (၅)မျိုးရဲ့ အမည်တွေကတော့ ဖြောင့်မတ်ခြင်းချီစွမ်းအား ၊ ပြောင်းလဲခြင်းချီစွမ်းအား ၊ တောက်ပခြင်းချီစွမ်းအား ၊ မိစ္ဆာချီစွမ်းအားနဲ့ နက်ရှိုင်းချီစွမ်းအားတို့ပဲ ဖြစ်တယ် ၊ ဒီချီစွမ်းအားတွေက တစ်ခုနဲ့တစ်ခု မတူညီကြဘူး”

“ဖြောင့်မတ်ခြင်းချီစွမ်းအားက ဖြောင့်မတ်ခြင်းလို့ဆိုပေမယ့် တန်းတူညီမျှခြင်း ၊ တရားမျှတခြင်းကို ပြောတာ မဟုတ်ဘူး ၊ ဖြောင့်မတ်ခြင်းချီစွမ်းအားဆိုတာ မတုန်လှုပ်ဘဲ တည်ငြိမ်တဲ့အခြေအနေကို ပြောတာ ၊ မပြောင်းလဲတဲ့ ကမ္ဘာဦးကာလ ဖန်ဆင်းခြင်းတရားလိုပဲ မယိမ်းယိုင်တာကို ဆိုလိုတာ”

ပြောင်းလဲခြင်းချီစွမ်းအားကတော့ ဖြောင့်မတ်ခြင်းချီစွမ်းအားနှင့် ဆန့်ကျင်ဘက် ဖြစ်သည်။ ထို ချီစွမ်းအားက အချိန်နှင့်အမျှစီးဆင်းနေပြီး လွတ်လပ်စွာပြောင်းလဲနေသည်။ ထိုအရာက ပုံသဏ္ဌန်မရှိသလို ရပ်တန့်ခြင်းလည်းမရှိဘဲ ကမ္ဘာဦးကာလ ဖန်ဆင်းခြင်းတရား၏ ပြောင်းလဲခြင်းနှင့် အသွင်ကူးပြောင်းခြင်းအား ကိုယ်စားပြုသည်။

ယေဘူယျအားဖြင့်ဆိုရလျှင် အသက်ဓာတ်၏အလှည့်အပြောင်းများ ၊ ဖန်ဆင်းခြင်းဆိုင်ရာ ပြောင်းလဲမှုများသည် စကြာဝဠာဖြစ်တည်လာသည်မှအချိန်မှ အစပြုပြီး အမြဲတစေ ရှေ့သို့ ဆက်လက်ရွေ့လျားပြောင်းလဲနေပြီး ဖွံ့ဖြိးတိုးတက်မှုဖြစ်စဉ်တွင် ပါဝင်နေသည်။

သို့သော် ပြောင်းလဲခြင်းတရားကို မျှတမှုရှိစွာ ၊ စည်းချက်ညီစွာ ထိန်းသိမ်းရန်အတွက် ဖြောင့်မတ်ခြင်းတရား လိုအပ်သည်။ တည်ငြိမ်မှုမရှိဘဲ ပြောင်းလဲခြင်းတစ်ခုတည်းသာရှိနေမည်ဆိုလျှင် ကမ္ဘာဦးကာလ ဖန်ဆင်းခဲ့သောမိုးမြေတစ်ခွင်သည် အလျှင်အမြန်ဖရိုဖရဲဖြစ်သွားပြီး ပုံပျက်လုနီးပါးဖြစ်သွားကာ အဆုံးသတ်တွင် ပြိုလဲသွားပေမည်။

တောက်ပခြင်းချီစွမ်းအားကတော့ တောက်ပပြီး ကျက်သရေရှိသော ၊ ဂုဏ်အသရေကို မြှင့်တင်ပေးသော ချီစွမ်းအားဖြစ်ပြီး ကမ္ဘာဦးကာလ ဖန်ဆင်းခြင်းတရား၏ တက်ကြွတောက်ပပြီး လှပသောဘက်ခြမ်းအား ကိုယ်စားပြုသည်။

တည်ငြိမ်မှုမှ ပြောင်းလဲခြင်း ၊ ပြောင်းလဲခြင်းမှ တည်ငြိမ်မျုသို့ ကူးပြေင်းသည့်အချိန်ကာလများတွင် ဤ တောက်ပခြင်းချီစွမ်းအားက အကောင်းမြင်သည့်ဘက်တွင်ရှိနေသည်။ ဤသည်ကို တောက်ပခြင်းချီစွမ်းအား၏ အလှတရားဟု ခေါ်ဆိုပေ၏။

မိစ္ဆာချီစွမ်းအားကတော့ အကြမ်းဖက်မှု ၊ ရာဇဝတ်မှုကျူးလွန်ခြင်းများနှင့် လူသားများ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရခြင်းဆိုသော ဘေးဥပဒ်နှင့် ကံဆိုးခြင်း အရှိန်အဝါများကို ဖြစ်ပေါ်စေသည်။ ကမ္ဘာဦးကာလဖန်ဆင်းခြင်းတရားကြောင့် ဖြစ်တည်လာသော မိုးနှင့်မြေတွင် ပြိုလဲခြင်း ၊ ပျက်ဆီးယိုယွင်းခြင်းကို ကိုယ်စားပြုပြီး အဆုံးသတ်တွင် အပျက်တရားဘက်သို့ ဦးတည်သွားစေသည်။

မိစ္ဆာချီစွမ်းအားက တောက်ပခြင်းချီစွမ်းအားနှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး ပြောင်းလဲခြင်းနှင့် တည်ငြိမ်ခြင်းတရားအား အဆိုးဘက်မှ အကျိုးသက်ရောက်မှုများကို ထင်ဟပ်စေသည်။

ကမ္ဘာပေါ်တွင် ရန်လိုမုန်းတီးမှုများ ၊ ကပ်ဘေးများနှင့် ကံဆိုးမိုးမှောင်ကျမှုများ ကြီးဆိုးလာပြီး နောက်ဆုံး ကမ္ဘာပျက်ကပ် ကာလသို့ရောက်ရှိသည်အထိ ဤ မိစ္ဆာချီစွမ်းအားက ဆက်လက်တည်ရှိနေမည် ဖြစ်သည်။

နက်ရှိုင်းချီစွမ်းအားကတော့ ပျော့ပြောင်းမှုနှင့် ငြိမ်သက်မှု ၊ လှုပ်ရှားမှုနှင့် တည်ငြိမ်မှု ၊ အကောင်းနှင့်အဆိုး အရာခပ်သိမ်းချိတ်ဆက်မှု၏ အလယ်ဆုံမှတ် ဗဟိုချက်နှင့် ဆင်တူသည်။ အခြားသော အမတချီစွမ်းအား (၄)ခုကို သဟဇာတဖြစ်အောင် ဖြန့်ကျက်ပေးသည့် ချီစွမ်းအားဟု ခေါ်ဆိုနိုင်၏။

ရန်ကျောက်ကဲက...

“သိုင်းသူတော်စင်အဆင့်နဲ့ အောက်ပိုင်းအဆင့်ကျင့်ကြံသူတွေလည်း အဲဒီ အမတချီစွမ်းအားတွေကို စုပ်ယူနိုင်စွမ်းရှိကြတယ် ၊ အဲဒီ အမတချီစွမ်းအားတွေက ကျင့်ကြံခြင်းအတွက် အများကြီး အကျိုးရှိတယ် ၊ ဒါပေမဲ့ အခြေခံတော့မကျဘူး ၊ သင့်တော်တဲ့ပမာဏလောက် စုပ်ယူမယ်ဆိုရင် ပြဿနာမရှိပေမယ့် အရမ်းများသွားရင်တော့ ရုပ်ခန္ဓာက ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး”

သူက ဆက်ပြောသည်။

“လူသားနတ်ဘုရားကပ်ဘေးကို ကျော်ဖြတ်အောင်မြင်ပြီး နတ်ဘုရားတံခါးကို တွန်းဖွင့်နိုင်ပြီဆိုရင် ကျင့်ကြံသူတစ်ယောက်ရဲ့ ကြယ်တာရာချီစွမ်းအားအနှစ်သာရကို အမတချီစွမ်းအားအဖြစ် ပြောင်းလဲနိုင်ပြီ”

“ကြယ်တာရာချီစွမ်းအားအနှစ်သာရက အမတချီစွမ်းအားအဖြစ် ပြောင်းလဲသွားပြီး ခန္ဓာကိုယ်တစ်လျှောက် လှည့်ပတ်သွားလိမ့်မယ် ၊ ဒါကြောင့် ကြယ်တာရာချီစွမ်းအားအနှစ်သာရပဲ လည်ပတ်နေသေးတဲ့ ကျင့်ကြံသူတွေက အစစ်အမှန်နတ်ဘုရားတစ်ပါးကို ထိခိုက်အောင်မလုပ်နိုင်ဘူး ၊ ဒါကို ယိုစိမ့်ခြင်းမရှိလို့ ခေါ်တာပဲ”

“ဒါပေမဲ့ အစစ်အမှန်နတ်ဘုရားတစ်ပါးရဲ့ ချီစွမ်းအားက အမတချီစွမ်းအား (၅)မျိုးထဲက တစ်မျိုးကိုပဲ ပိုင်ဆိုင်ထားသေးတာ ၊ အဲဒါကလည်း တစ်ယောက်နဲ့တစ်ယောက် မတူညီကြဘူး”

ရန်ကျောက်ကဲက လက်ညှိုးတစ်ချောင်းထောင်လိုက်ပြီးနောက် လက်ခလယ်ကိုပါ ထောင်လိုက်သည်။

“အမတချီစွမ်းအားတစ်မျိုးတည်းကိုပဲ ပိုင်ဆိုင်ထားကြတဲ့ အစစ်အမှန်နတ်ဘုရားတွေက သူတို့ ခန္ဓာကိုယ်ထဲမှာ ဒုတိယ‌မြောက် အမတချီစွမ်းအားကို ကျင့်ကြံနိုင်ပြီဆိုရင်... ၊ ပြီးတော့ သမ္မာတရားကပ်ဘေးကို ကျော်ဖြတ်နိုင်ပြီဆိုရင် သူတို့က အဲဒီ ချီစွမ်းအားနှစ်ခုကို ပေါင်းစပ်ပြီး အမတချီစွမ်းအားကို အမတချီစွမ်းအားအုပ်စုအဖြစ် ပြောင်းလဲနိုင်ပြီလို့ ပြောလို့ရတယ် ၊ ဒါကို နက်ရှိုင်းနတ်ဘုရားအဆင့် တက်ရောက်ပြီလို့ ခေါ်တယ်”

All Chapters