အစစ်အမှန်နတ်ဘုရားအဆင့်မှနက်ရှိုင်းနတ်ဘုရားအဆင့်သို့သွားရာလမ်း
Vol. 84 Ch. 1173
အခန်း (၁၁၇၃) အစစ်အမှန်နတ်ဘုရားအဆင့်မှနက်ရှိုင်းနတ်ဘုရားအဆင့်သို့သွားရာလမ်း
ရန်ကျောက်ကဲက လက်ညှိုးနှင့်လက်ခလယ်ကိုထောင်ထားရင်း...
“ချီစွမ်းအားနှစ်ခုပေါင်းစပ်တယ်ဆိုတာ ချီစွမ်းအား တစ်ခုနဲ့အခြားတစ်ခု ပေါင်းစပ်တာမျိုးနဲ့ မတူဘူး ၊ ဒီဖြစ်စဉ်က တစ်ခုကနေ အများကို ပေါင်းစပ်တာဖြစ်လို့ အနှစ်သာရခြားနားချက်က ဝန်ရိုးစွန်းနှစ်ခုလိုပဲ ကွာခြားတယ်”
အမတချီစွမ်းအားကို သန့်စင်ပြီး အမတချီစွမ်းအားကို အမတချီစွမ်းအားအုပ်စုအဖြစ်ပြောင်းလဲခြင်းက ကြယ်တာရာချီစွမ်းအားအနှစ်သာရကို အမတချီစွမ်းအားဖြစ် ပြောင်းလဲခြင်းနှင့် ဆင်တူသည်။
ကျင့်ကြံခြင်းတစ်ဆို့ခြင်းအားကျော်လွှားပြီးနောက် အမတချီစွမ်းအားနှစ်ခုပေါင်းစပ်ကာ အမတချီစွမ်းအားအုပ်စုကို အောင်မြင်စွာကျင့်ကြံနိုင်သည့် နက်ရှိုင်းနတ်ဘုရားတစ်ပါးသည် အမတချီစွမ်းအားတစ်ခုတည်းကိုသာကျင့်ကြံထားသည့် အစစ်အမှန်နတ်ဘုရားတစ်ပါးကြောင့် ဘယ်သောအခါမှ ထိခိုက်နိုင်မည် မဟုတ်ပေ။
သိုင်းသူတော်စင်တစ်ယောက်က အစစ်အမှန်နတ်ဘုရားတစ်ပါးကို ထိခိုက်အောင် မလုပ်နိုင်သည်နှင့် အတူတူပင် ဖြစ်သည်။
ကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်ထဲတွင် အမတချီစွမ်းအား ဖြစ်တည်နေသည်ဆိုလျှင် သေမျိုးလူသားတို့ရရှိသော ထိခိုက်ဒဏ်ရာများမှ ကင်းလွတ်မည် ဖြစ်သည်။
အမတချီစွမ်းအားအုပ်စုကိုပိုင်ဆိုင်ထားလျှင်တော့ ထိုကျင့်ကြံသူကို မည်သူကမှာ နှောက်ယှက်နိုင်တော့မည် မဟုတ်ပေ။
နက်ရှိုင်းနတ်ဘုရားတစ်ပါး၏ အမတချီစွမ်းအားအုပ်စုက တိုက်စစ်ဖြစ်စေ ခံစစ်ဖြစ်စေ အလွယ်တကူ ချေမှုန်းနိုင်စွမ်း ရှိသည်။
ထို့ကြောင့် နက်ရှိုင်းနတ်ဘုရားတစ်ပါးအတွက် သေမျိုးလူသားများဆိုသည်က ‘ငြိမ်သက်ခြင်းနှင့်ပြည့်ဝသော’ နတ်ဘုရားများ ဖြစ်နေတတ်သည်ပင်။
အခြားနည်းဖြင့်ဆိုရလျှင် နက်ရှိုင်းနတ်ဘုရားတစ်ပါးသည် သေမျိုးလူသားများ၏လက်ချက်ကြောင့် ဘယ်သောအခါမှ ပျက်ဆီးသွားမည် မဟုတ်ပေ။
“သခင်လေးပြောတာ... အမတချီစွမ်းအားနှစ်ခုပေါင်းလိုက်ရင် ချီစွမ်းအားတစ်ခုကနေ အုပ်စုအဖြစ်ပြောင်းလဲသွားတာနော် ၊ ချီစွမ်းအားနှစ်ခုအဖြစ်ပြောင်းလဲသွားတာ မဟုတ်ဘူး”
အားဟူမျက်နှာက တည်ကြည်လေးနက်နေပြီး ရန်ကျောက်ကဲ၏စကားများမှ တစ်စုံတစ်ခုကို သင်ယူနေဟန် ရှိသည်။
သူ့စကားကိုကြားတော့ ရန်ကျောက်ကဲနှင့် ဝမ်ဖူတို့နှစ်ယောက်လုံး ပြုံးလိုက်ကြသည်။
ဝမ်ဖူက ထိုစကားကို အတည်ပြုပေးသည်။
“အမှန်ပဲ... အစစ်အမှန်နတ်ဘုရားနဲ့ နက်ရှိုင်းနတ်ဘုရားကြား အဓိကခြားနားချက်က အမတချီစွမ်းအားတစ်ခုတည်းပိုင်ဆိုင်တာနဲ့ အမတချီစွမ်းအားအုပ်စု ပိုင်ဆိုင်တာပဲ ၊ အမတချီစွမ်းအားအုပ်စုဆိုတာ အမတချီစွမ်းအားနှစ်ခုတည်းကိုပဲ ဆိုလိုတာ မဟုတ်ဘူး”
ပြောရင်း ဝမ်ဖူက ရန်ကျောက်ကဲလုပ်သကဲ့သို့ သူ့လက်ချောင်းများကို ဆန့်တန်းလိုက်သည်။
“ဆိုတော့... နက်ရှိုင်းနတ်ဘုရားတွေက အမတချီစွမ်းအား (၃)ခု ဒါမှမဟုတ် (၄)ခုကို သန့်စင်နိုင်မယ်ဆိုရင် သူတို့ရဲ့ တန်ခိုးစွမ်းအား အများကြီး မြင့်တက်လာလိမ့်မယ် ၊ ဒါကြောင့် သူတို့က အမတချီစွမ်းအားအုပ်စုကို သန့်စင်ပြီး အမတချီစွမ်းအားတိုးပွားအောင် ကျင့်ကြံတဲ့နယ်ပယ်ထဲမှာ ရှိနေတယ်”
သူက လက်ငါးချောင်းထောင်ပြရင်း...
“နက်ရှိုင်းနတ်ဘုရားတစ်ပါးက ချီစွမ်းအား (၄)မျိုးကို သန့်စင်ပြီး ပဉ္စမမြောက်ချီစွမ်းအားကို သန့်စင်တဲ့အခါ ကပ်ဘေးတစ်ခုနဲ့ ရင်ဆိုင်ရလိမ့်မယ်”
“အဲဒီကပ်ဘေးကို ကျော်ဖြတ်နိုင်ရင်တော့ နက်ရှိုင်းနတ်ဘုရားအဆင့်နဲ့ လုံးဝ မတူကွဲပြားတဲ့ နယ်ပယ်အသစ်တစ်ခုကို ရောက်သွားလိမ့်မယ်”
ရန်ကျောက်ကဲက ပြုံးလျှက် ဆက်ပြောသည်။
“အမတချီစွမ်းအား (၅)ခုကို တစ်ခုတည်းအဖြစ်ပေါင်းစည်းနိုင်ရင် ချီစွမ်းအား (၅)ခုက မူလချီစွမ်းအားအဖြစ်ပြောင်းလဲသွားလိမ့်မယ် ၊ ဆိုလိုတာက အမတချီစွမ်းအား ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်ရှိသွားတဲ့ သဘောပဲ ၊ ဒါဆိုရင် လုံးဝမတူတဲ့ နယ်ပယ်အသစ်တစ်ခုကို ခြေချနိုင်လိမ့်မယ်”
အားဟူက နှုတ်ခမ်းတစ်ချက်သပ်လိုက်ရင်း...
“နားလည်သလိုလိုတော့ ရှိလာပြီ...”
ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်ရင်း ဆက်ပြောသည်။
“နက်ရှိုင်းနတ်ဘုရားတစ်ပါး နေထိုင်တဲ့နေရာမှာ ပြုလုပ်ထားတဲ့ အစီအရင်အရံအတားတွေကို အစစ်အမှန်နတ်ဘုရားတစ်ပါးတောင်မှ မချိုးဖျက်နိုင်ဘူး ၊ ဒါပေမဲ့ အဲဒီ အစစ်အမှန်နတ်ဘုရားက အရမ်းတန်ခိုးစွမ်းအားမြင့်မားနေရင်တော့ အချိန်တစ်ခု ပေးနိုင်မယ်ဆိုရင် အခွင့်အရေးရနိုင်တယ် ၊ ဘာလို့လဲဆိုတော့ သူက နက်ရှိုင်းနတ်ဘုရားတစ်ပါးနဲ့ တိုက်ခိုက်တာမဟုတ်ဘဲ နက်ရှိုင်းနတ်ဘုရားတစ်ပါးရဲ့ နေရာကို တိုက်ခိုက်တာမို့လို့ပဲ”
“သိုင်းသူတော်စင်တစ်ယောက်ဆိုရင်တော့ ယိုစိမ့်ခြင်းမရှိအဆင့်ရှိတဲ့ အမတမှော်ဝင်ပစ္စည်းတစ်ခုရှိနေရင်တောင် သူ ဘာမှ တတ်နိုင်မှာ မဟုတ်ဘူး ၊ တကယ်တော့ သိုင်းသူတော်စင်ဆိုတာက ကြယ်တာရာချီစွမ်းအားအနှစ်သာရကိုပဲ ကျင့်ကြံထားနိုင်သေးတာလေ ၊ အမတချီစွမ်းအားကိုမှ မကျင့်ကြံနိုင်သေးတာ”
“ငြိမ်သက်ခြင်းပြည့်ဝတဲ့အဆင့်ရှိတဲ့ အမတမှော်ဝင်ပစ္စည်းတစ်ခုရှိနေရင်တောင် သိုင်းသူတော်စင်အဆင့်နဲ့ အဲဒီပစ္စည်းကို ကိုင်ဆောင်နိုင်မှာ မဟုတ်ဘူး ၊ ပြီးတော့ သိုင်းသူတော်စင်တစ်ယောက်လက်ထဲမှာ ဒီလိုပစ္စည်းမျိုးလည်း မရှိနိုင်ဘူးလေ”
အားဟူက ခေါင်းတစ်ချက်ကုတ်ရင်း ရုတ်တရက် မေးလိုက်သည်။
“သခင်လေး... အမတချီစွမ်းအား (၅)ခုကို မူလအဖြစ်ပြောင်းလဲတယ်ဆိုတာက တာအိုနိယာမတစ်ခု မဟုတ်လား ၊ ဒါဆို ငရဲကိုးထပ်က နတ်ဆိုးတွေနဲ့ ဗုဒ္ဓဘာသာကျင့်ကြံသူတွေကရော ဘယ်လိုကျင့်ကြံကြမှာလဲ”
ရန်ကျောက်ကဲက ပြုံးလျှက် ခေါင်းညိတ်ရင်း...
“ဟုတ်ပြီ... မေးခွန်းကောင်းပဲ”
“တာအိုဝါဒနဲ့ ဗုဒ္ဓဘာသာက အပေါ်ယံကွာခြားမှုရှိပေမယ့် အသေးစိတ်မှာတော့ သိပ်မကွာခြားဘူး ၊ ဘယ်ဝါဒမဆို ကျင့်ကြံခြင်းမှာ အကုန်လုံး အခြေခံအတူတူပဲ”
ရန်ကျောက်ကဲက သိမ်မွေ့စွာပြုံးရင်း ရှင်းပြသည်။
“အစပိုင်းတုန်းက ဗုဒ္ဓဘာသာရဲ့ ကျင့်စဉ်လမ်းက တာအိုဝါဒနဲ့ မတူညီဘူး ၊ အဲဒီ ကျင့်ကြံခြင်းလမ်းစဉ်က လောကရဲ့လက်တွေ့ဘဝနဲ့ ပိုမိုနီးစပ်ပြီး သစ္စတရားကို ရှာဖွေတဲ့ နည်းလမ်းမျိုးပဲ ၊ အနှစ်သာရကတော့ အမှီခိုကင်းကင်း နေထိုင်နိုင်ဖို့ပဲ”
“ဒါပေမဲ့ လမ်းတွေအားလုံးက တူညီတဲ့အဆုံးသတ်ကိုပဲ ရောက်ကြတာပဲလေ ၊ ဘာလို့လဲဆိုတော့ လူတိုင်းက သစ္စာတရားကို ရှာဖွေနေကြတာပဲ မဟုတ်ဘူးလား”
ရန်ကျောက်ကဲက လက်တစ်ဖက်ဝှေ့ယမ်းရင်း ဆက်ပြောသည်။
“ဒါကြောင့် ဗုဒ္ဓဘာသာကျောင်းတော်တွေကို လေ့လာကြည့်မယ်ဆိုရင် တာအိုဝါဒနဲ့ ကွဲပြားတယ်ဆိုပေမယ့် အခြေခံမှာ တူညီမှုတွေများပါတယ်”
“ငရဲကိုးထပ်လည်း အတူတူပဲ ၊ သူက တာအိုဝါဒနဲ့ ပိုပြီးဆင်တူတယ် ၊ အထူးသဖြင့် ကျင့်ကြံခြင်းအဆင့်တွေကို အဓိပ္ပါယ်ဖွင့်ဆိုရာမှာပေါ့ ၊ ပြီးတော့ နယ်ပယ်အလိုက် စည်းမျဉ်းစည်းကမ်းတွေရှိတယ် ၊ မင်းအနေနဲ့ ဒီစည်းမျဉ်းတွေကို သဘောမကျဘူးဆိုရင်တောင် မလွန်ဆန်ဘဲ လိုက်နာရမှာပဲ”
“အရင်က ငါပြောခဲ့သလိုပဲ... သိုင်းကျင့်ကြံသူတွေဆိုတာ အမြဲတမ်း လေ့လာသင်ယူနေရတဘ် ၊ သဘာဝတရားရဲ့ စည်းမျဉ်းတွေက ကမ္ဘာဦးကာလ ဖန်ဆင်းခြင်းစတင်ကတည်းက စကြာဝဠာတစ်ခုလုံးမှာ လည်ပတ်နေတယ် ၊ ကိုယ်တိုင်မလွတ်မြောက်နိုင်သေးသရွေ့ အဲဒီစည်းမျဉ်းတွေကို လိုက်နာရမှာပဲ”
“မင်းရဲ့ ကိုယ်ပိုင်စည်းမျဉ်းတွေ ချမှတ်နိုင်တဲ့အထိ တန်ခိုးစွမ်းအား မကြီးမားသေးရင် တခြားသူတွေရဲ့ စည်းမျဉ်းကိုပဲလိုက်နာရမှာ ဓမ္မတာပဲ မဟုတ်လား”
“ဒါပေမဲ့ ကိုယ်ပိုင်စည်းမျဉ်းတွေချမှတ်နိုင်ပြီဆိုရင်တော့ အဲဒါက စည်းမျဉ်းသာမက အမှန်တရား ဖြစ်လာလိမ့်မယ် ၊ ဒါဆိုရင် လောကကို ကျော်လွန်သွားတယ်လို့ ခေါ်တယ် ၊ အဲဒီလိုအခြေအနေမျိုးရောက်လို့ကတော့ အစစ်အမှန်နတ်ဘုရားမပြောနဲ့ နက်ရှိုင်းနတ်ဘုရားတောင်မှ မင်းကို လက်ဖျားနဲ့တို့ရဲမှာ မဟုတ်တော့ဘူး”
ထိုစကားများကိုကြားတော့ အားဟူက ခေါင်းညိတ်ရင်း...
“နားလည်ပါပြီ သခင်လေး”
ထို့နောက် တစ်စုံတစ်ခုကိုတွေးမိဟန်ဖြင့် ခေါင်းတစ်ချက်ကုတ်ကာ မေးမြန်းလိုက်သည်။
“သခင်လေး... မိန်းမပျိုဧကရာဇ်က အထက်ဘုံကမ္ဘာက အုပ်စိုးရှင် (၅)ပါးထဲမှာ အတော်ဆုံးလို့ပြောကြတယ် ၊ ဆိုတော့... သူက နက်ရှိုင်းနတ်ဘုရားအဆင့်ကိုရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာလား”
ရန်ကျောက်ကဲက ခေါင်းခါယမ်းရင်း...
“မဟုတ်နိုင်သေးဘူး...”
သူက ဆက်ပြောသည်။
“ကျူတောပင်လယ်ဒေသမှာ မိန်းမပျိုဧကရာဇ်တိုက်ခိုက်တာကို တစ်ခါမြင်တွေ့ဖူးတယ် ၊ အဲဒါကို ကြည့်ခြင်းအားဖြင့် သူက နက်ရှိုင်းနတ်ဘုရားအဆင့်ကိုတက်ရောက်ဖို့ အဆင်သင့်မဖြစ်သေးဘူး ၊ သူ့အနေနဲ့ သမ္မာတရားကပ်ဘေးကို ကျော်ဖြတ်နိုင်မှာ မဟုတ်သေးဘူး”
ရန်ကျောက်ကဲက ဝမ်ဖူကို လှမ်းကြည့်ရင်း...
“သူ အတော်ဆုံးဖြစ်ရတဲ့အကြောင်းရင်းက သူက အဆင့်တူတွေထဲမှာ ပြိုင်ဘက်ကင်းဖြစ်လို့ပဲ... ဟုတ်တယ်မလား”
ဝမ်ဖူက...
“ငါလည်း မသေချာဘူး ၊ ဆရာလည်း အဲဒီအကြောင်းကို သေချာရှင်းမပြဖူးဘူး”
သူက စိတ်ခံစားချက်အပြည့်ဖြင့် သက်ပြင်းချရင်း...
“ဘာပဲဖြစ်ဖြစ် အစစ်အမှန်နတ်ဘုရားအဆင့်ကနေ နက်ရှိုင်းနတ်ဘုရားအဆင်ကိုရောက်ဖို့ဆိုတာ မလွယ်ပါဘူး ၊ နက်ရှိုင်းနတ်ဘုရားအဆင့်ရောက်ဖို့ဆိုတာ အခက်အခဲတွေ အများကြီးပဲ ၊ သမ္မာတရားကပ်ဘေးကိုဖြတ်ကျော်ဖို့ဆိုတာ တော်ရုံအားထုတ်မှုနဲ့ မရနိုင်ဘူးလေ”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“အမှန်ပဲ... လွယ်တဲ့အထဲတော့ မပါဘူး”
အထက်ဘုံကမ္ဘာမှ အစစ်အမှန်နတ်ဘုရားများဖြစ်သော အုပ်စိုးရှင် (၅)ပါးအကြောင်း ရန်ကျောက်ကဲက အနည်းငယ်သာ သိရှိသည်။
သူတို့ကြားတွင် ချင်းယွမ်ဧကရာဇ် ၊ ပိုးသားဧကရာဇ်တို့က ရန်ကျောက်ကဲနှင့် ပတ်သက်ဆက်နွယ်ခဲ့သောကြောင့် သူတို့လျှောက်လှမ်းမည့် ကျင့်စဉ်လမ်းကို အနည်းငယ် ခန့်မှန်းနိုင်ခဲ့သည်။
အနက်ရောင်ပိုးသားဧကရာဇ်နှင့် အဖြူရောင်ပိုးသားဧကရာဇ် မည်သူအနိုင်ရမည်ဆိုသည်ကတော့ တခြားကိစ္စ ဖြစ်သည်။
ခံစားချက်ကင်းမဲ့သည့်လမ်းကိုရွေးချယ်ထားသည့် အနက်ရောင်ပိုးသားဧကရာဇ် အနိုင်ရပါက ဖုထင်နှင့်မန်ဝမ်ကို အရင်ဆုံးသတ်ဖြတ်ပြီး ထိုက်ယိဟွာတိမ်တိုက်နှင့် ထိုက်ယိလက်သီးသိုင်းကို ရယူမည် ဖြစ်သည်။
ဤနည်းအားဖြင့် ဒုတိယမြောက် အမတချီစွမ်းအားကို သန့်စင်နိုင်ပြီး သမ္မာတရားကပ််ဘေးကိုဖြတ်ကျော်ကာ အမတချီစွမ်းအားကို အမတချီစွမ်းအားအုပ်စုအဖြစ်သို့ ပြောင်းလဲနိုင်မည် ဖြစ်၏။
ထိုသို့မဟုတ်ဘဲ မိုက်မဲစွာဖြင့် သမ္မာတရားကပ်ဘေးကို ဖြတ်ကျော်ရန် စွန့်စားပါက သေခြင်းအပြင် တခြားမရှိပေ။
ခံစားချက်ရှိသည့်လမ်းစဉ်သို့လိုက်သော အဖြူရောင်ပိုးသားဧကရာဇ်ကတော့ ပိုပြီး စိတ်မကောင်းစရာအခြေအနေ ဖြစ်သည်။
သူ့အနေဖြင့် အနက်ရောင်ပိုးသားဧကရာဇ်အား သတ်ဖြတ်နိုင်သည့်တိုင် ရှေ့ဆက်ရမည့်လမ်းကြောင်း မည်သို့ရှိမည်ကို မသိနိုင်သေးပေ။
ချင်းယွမ်ဧကရာဇ်သည်လည်း နက်ရှိုင်းနတ်ဘုရားအဆင့်သို့တက်ရောက်နိုင်ရန် အလှမ်းဝေးကွာနေသေးသည်။
ထို့ကြောင့် နှောင်းပိုင်းမြေကမ္ဘာကျမ်းစာက သူ့အတွက် အရေးကြီးနေခြင်း ဖြစ်၏။
နှောင်းပိုင်းမြေကမ္ဘာကျမ်းစာကို ရရှိပါက သမ္မာတရားကပ်ဘေးကိုဖြတ်ကျော်ပြီး နက်ရှိုင်းနတ်ဘုရားအဆင့်သို့ တက်ရောက်နိုင်မည်ဟု မသေချာသော်လည်း မျှော်လင့်ချက်တော့ ရှိလာပေမည်။
ရန်ကျောက်ကဲက...
“ဓားသိုင်းကျင့်ကြံသူတွေကတော့ တိုက်ခိုက်ရေး ကျွမ်းကျင်ကြတာ အမှန်ပဲ ၊ ဒါပေမဲ့ ရှေ့ဆက်တိုးတက်ဖို့ကျတော့ သိပ်မရှိဘူး”
သူက သက်ပြင်းတစ်ချက်ချရင်း...
“ဆရာဦးလေး’ယွဲ့’ က တိဟွမ်မြေကမ္ဘာဧကရာဇ်နဲ့ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်ကို အမီလိုက်ဖို့ဆိုတာ လွယ်မယ်မထင်ဘူး”
ဝမ်ဖူက မချိပြုံးပြုံးရင်း...
“ဆရာ အထက်ဘုံကမ္ဘာကို အမြန်ပြန်လာနိုင်ဖို့ မျှော်လင့်မိတယ်”
ရန်ကျောက်ကဲက ဝမ်ဖူကို လက်နှစ်ဖက်ဆုပ် ဂါရဝပြုရင်း...
“ကောင်းပြီလေ... ဒီမှာပဲလမ်းခွဲကြတာပေါ့ ၊ ဂရုစိုက်ကြပါ ဂိုဏ်းတူအစ်ကို’ဝမ်’ နဲ့ အားဟူ... ၊ ကိစ္စရှိရင် အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ်ကို တန်းသွားလို့ရပါတယ်”
ဝမ်ဖူက ခေါင်းညိတ်ရင်း...
“မင်းလည်း ဂရုစိုက်ပါ ညီလေး’ရန်’”
အားဟူကလည်း ခေါင်းညိတ်ရင်း...
“သခင်လေး စိတ်ချပါ ၊ သခင်လေးပေးတဲ့သစ်ပင်ကို အိမ်တော်သခင်ဆီ အမြန်ဆုံး ပို့ပေးပါ့မယ်”
သူက ဆက်ပြောသည်။
“အဲဒီကိစ္စပြီးတာနဲ့ မြောက်ပိုင်းနက်ရှိုင်းကောင်းကင်ပြည်နယ်ကိုလိုက်လာပြီး သခင်လေးအတွက် တာဝန်ထမ်းဆောင်ပါ့မယ်”
ရန်ကျောက်ကဲ သူတို့နှစ်ယောက်အား နှုတ်ဆက်ပြီးသည်နှင့် အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားပြီး မြောက်ဘက်သို့ ဦးတည်ထွက်ခွာသွားသည်။
ဖန်းယွင်ရှန်းကို ရှာဖွေသည့်ခရီးစဉ် ပြီးဆုံးသည့်နောက် မြောက်ပိုင်းနက်ရှိုင်းကောင်းကင်ပြည်နယ်သို့ နောက်တစ်ကြိမ် ထပ်မံရောက်ရှိခဲ့ခြင်းပင် ဖြစ်လေသည်။