← Chapters

နက္ခတ်ဧကရာဇ်အားရှာဖွေခြင်း

Vol. 84 Ch. 1174

နက္ခတ်ဧကရာဇ်အားရှာဖွေခြင်း

Vol. 84 Ch. 1174

အခန်း (၁၁၇၄) နက္ခတ်ဧကရာဇ်အားရှာဖွေခြင်း

ယွင်ကဲတောင် ၊ ရွှမ်လျိုကျောင်းတော်။

ဤနေရာက အထက်ဘုံကမ္ဘာ နယ်မြေ (၁၀)ခု အရှင်သခင်များတွင် တစ်ပါးအပါအဝင်ဖြစ်သည့် မြောက်ပိုင်းထိပ်တန်းအရှင်သခင်၏ တာအိုနယ်မြေ ဖြစ်သည်။

ယခု ရန်ကျောက်ကဲ ဤနေရာသို့ ရောက်ရှိလာခဲ့သည်။

သို့သော် သူက ရွှမ်လျိုကျောင်းတော်သို့ တိုက်ရိုက်မသွားဘဲ ယွင်ကဲတောင်အပြင်ဘက်ရှိ မြို့ငယ်လေးတစ်မြို့ဆီသို့ သွားရောက်ခဲ့သည်။

ခွန်လွန်တောင် ၊ နန်ကောင်းတောင်ထွတ် ၊ ချီလင်ကမ်းပါးနှင့် ဝါဒ‌တောင်က တရားဝင် ရန်သူများဖြစ်ခဲ့ကြပြီဖြစ်ရာ သူ့အနေဖြင့် ရွှမ်လျိုကျောင်းတော်သို့ တိုက်ရိုက်သွားရောက်မည်ဆိုလျှင် မဟာမိတ်စုဆောင်းသည်ဟု မလွဲမသွေ သံသယဝင်ခံရဖွယ် ရှိသည်။

အထက်ဘုံကမ္ဘာက ရွှယ်ချူးချင်အား လိုက်လံဖမ်းဆီးနေချိန်တွင် မြောက်ပိုင်းထိပ်တန်းအရှင်သခင်က သူ့တပည့်များအား ဝင်မပါရန် တားမြစ်ခဲ့သည်။ ထို့ကြောင့် ရန်ကျောက်ကဲရော ရွှယ်ချူးချင်ပါ အလွန်အမင်း ကျေးဇူးတင်ခဲ့ကြသည်။

ထို့ကြောင့် လက်ရှိအချိန်တွင် ရန်ကျောက်ကဲက မြောက်ပိုင်းထိပ်တန်းအရှင်သခင်ကို အခက်တွေ့အောင် မပြုလုပ်လိုပေ။

မြောက်ပိုင်းထိပ်တန်းအရှင်သခင်က ကမ္ဘာ့အရေးများတွင် ပါဝင်လိုခြင်းမရှိဘဲ သီးခြားနေလိုသည်ဖြစ်ရာ ရန်ကျောက်ကဲအနေဖြင့် သူ့ကို မနှောက်ယှက်သင့်ပေ။

သူ့ဘက်က ကျေးဇူးပြန်ပြီး သိတတ်ရမည်ဟု ရန်ကျောက်ကဲ ယူဆထားသည်။

ယခုနှစ်များအတွင်း ရွှယ်ချူးချင်၏အဖြစ်အပျက်များကို နက္ခတ်ပညာဖြင့် တွက်ချက်ကြည့်မည်ဆိုလျှင် မြောက်ပိုင်းထိပ်တန်းအရှင်သခင်အနေဖြင့် ယိုးမင်ဧကရာဇ်အကြောင်းကိုလည်း အနည်းအကျဉ်း သိရှိနားလည်ပေမည်။

သူက ယွင်ကဲတောင်သို့ မသွားသည့်တိုင် ရွှမ်လျိုကျောင်းတော်မှ မြောက်ပိုင်းထိပ်တန်းအရှင်သခင်ကတော့ ရန်ကျောက်ကဲ ရောက်ရှိလာကြောင်း သေချာပေါက် သိရှိပေမည်။

သို့ဖြစ်ရာ မြောက်ပိုင်ထိပ်တန်းအရှင်သခင်အနေဖြင့် မကြာမီ တုံ့ပြန်မှုတစ်ခု ပြုလုပ်မည် ဖြစ်သည်။

မြို့ငယ်လေးသို့ ရောက်ရှိလာပြီးသည့်နောက် ရန်ကျောက်ကဲက သွားလာလှုပ်ရှားနေကြသော လူစုလူဝေးများကို ငြိမ်သက်စွာ စောင့်ကြည့်နေခဲ့သည်။

တစ်ချိန်က ဤနေရာတွင် ဖန်းယွင်ရှန်း ခြေချခဲ့မည်ကို တွေးမိသောအခါ ရှုမျှော်ခင်းများနှင့် မြို့ငယ်လေးအတွင်း စီးဆင်းနေသောလူအများကို တိတ်ဆိတ်စွာငေးကြည့်ရင်း ရန်ကျောက်ကဲ အတွေးထဲ နစ်မျောပျောက်ဆုံးသွားသည်။

ခဏအကြာတွင် သူ သတိပြန်ဝင်လာပြီး လှည့်ကြည့်လိုက်တော့ အဝါရောင်ဝတ်ဆင်ထားသော မိန်းကလေးတစ်ယောက် သူ့ဆီလျှောက်လာကြောင်း တွေ့လိုက်ရသဖြင့် ရန်ကျောက်ကဲ ပြုံးပြလိုက်သည်။

သူမက ရွှမ်လျိုကျောင်းတော်မှ တပည့်တစ်ယောက်ဖြစ်ပြီး ရန်ကျောက်ကဲနှင့်လည်း အတော်လေး ရင်းနှီးသည်။

အခြားသူ မဟုတ် ၊ ‌မြေက်ပိုင်းထိပ်တန်းအရှင်သခင် ‘ကွမ်းခဲ့’ ၏ မြေးမလေး ‘ကွမ်းယွိလော်’ ပင် ဖြစ်၏။

ရန်ကျောက်ကဲက ပြုံးလျှက် နှုတ်ဆက်လိုက်သည်။

“’ကွမ်း’ မိန်းကလေး... မတွေ့တာ ကြာပြီနော်”

ကွမ်းယွိလော် အနားရောက်လာပြီး ရန်ကျောက်ကဲအား ယခုမှ ပထမဆုံးအကြိမ် တွေ့ဆုံဖူးသလို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။

ရန်ကျောက်ကဲက ပြုံးရင်း...

“မင်း ငါ့ကို ဒီလိုကြည့်တာ ပထမဆုံးအကြိမ်တော့ မဟုတ်ဘူးနော်”

ကွမ်းယွိလော်က မျက်တောင်လေးများ ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း...

“ရှင့်ကိုတွေ့တိုင်း အမြဲတမ်း လူသစ်တစ်ယောက်နဲ့တွေ့ရသလို ခံစားရတယ်”

သူမက ဆက်ပြောသည်။

“ကောင်းကင်ဘုံကဆင်းသက်လာတဲ့နတ်ဘုရား... ရှင်... တကယ်ပဲ... ချီလင်ကမ်းပါးက အကြီးအကဲ’ဝမ်’ ကို သတ်လိုက်တာလား”

ရန်ကျောက်ကဲက တည်ငြိမ်စွာပင် ခေါင်းညိတ်ရင်း...

“ဟုတ်တယ်...”

ကွမ်းယွိလော်မှာ တုန်လှုပ်နေပြီး မယုံကြည်နိုင် ဖြစ်နေသေးသည်။

ရန်ကျောက်ကဲက...

“ဒါနဲ့ ယွင်ရှန်းသတင်း ဘာကြားရသေးလဲ”

အမှန်တော့ ကွမ်းယွိလော်နှင့် ရန်ကျောက်ကဲ ခင်မင်ခဲ့ရသည့်အကြောင်းရင်းမှာ ဖန်းယွင်ရှန်းကြောင့် ဖြစ်သည် မဟုတ်ပါလား။

လက်ရှိ အခြေအနေများက တင်းမာနေသည်ဖြစ်ရာ ရွှမ်လျိုကျောင်းတော်မှ အခြားတပည့်တစ်ယောက် ရန်ကျောက်ကဲအား လာရောက်တွေ့ဆုံပါက မြောက်ပိုင်းထိပ်တန်းအရှင်သခင်အနေဖြင့် ရန်ကျောက်ကဲဘက်သို့ပါသည်ဟု သံသယဝင်ခံရဖွယ် ရှိသည်။

သို့သော် ကွမ်းယွိလော်ကတော့ ရန်ကျောက်ကဲနှင့် ရင်းနှီးပြီးသား ဖြစ်လေရာ မြောက်ပိုင်းထိပ်တန်းအရှင်သခင်ကို တစ်ဖက်ရန်သူက လူသိရှင်ကြား စွပ်စွဲတိုက်ခိုက်ရန် မဖြစ်နိုင်ပေ။

ကွမ်းယွိလော်က ရုတ်တရက် စိတ်ပျက်လက်ပျက် ဖြစ်သွားဟန်ဖြင့်...

“အစ်မ’ဖန်း’ နဲ့ပတ်သက်ပြီး ဘာသတင်းမှ မရသေးဘူး”

သူမသည်လည်း ဖန်းယွင်ရှန်းကို အတော်လေး သတိရနေမိသည်။

သို့သော် ရန်ကျောက်ကဲက ဖန်းယွင်ရှန်းအား ပိုပြီး လွမ်းဆွတ်နေမည်ဟု ခံစားမိသဖြင့် သူမက ရန်ကျောက်ကဲရှေ့တွင် ခံစားချက်များကို ထိန်းသိမ်းထားခဲ့သည်။

သို့သော် ရန်ကျောက်ကဲက တည်ငြိမ်စွာပင် သူမကို နှစ်သိမ့်စကားဆိုလိုက်၏။

“ယွင်ရှန်း အဆင်ပြေမှာပါ ၊ လူကောင်းတွေကို ကောင်းကင်ဘုံက မျက်နှာသာပေးတတ်ပါတယ်”

ကွမ်းယွိလော်က...

“အင်း... ကျွန်မလည်း သိပါတယ် ၊ စိတ်မကောင်းစရာက အစ်မ’ဖန်း’ အခု ဘယ်ရောက်နေလဲဆိုတာ ကျွန်မ အဘိုးတောင်မှ ခြေရာမခံနိုင်ဘူး ဖြစ်နေတယ်”

သူမက သက်ပြင်းချလိုက်ပြီးနောက် အသိစိတ်စုစည်းကာ ရန်ကျောက်ကဲအား တည်ကြည်လေးနက်စွာဖြင့် ကြည့်လိုက်သည်။

ထို့နောက် သူမက ခပ်တိုးတိုးလေသံဖြင့်...

“ကျွန်မ အိမ်ကထွက်မလာခင် အဘိုးက စကားတစ်ခွန်းမှာလိုက်တယ်”

သူမက ဆက်ပြောသည်။

“လူတစ်ယောက် သူ့ကိုရှာဖို့ ဒီနေရာကို ရောက်လာတယ် ၊ ဒါပေမဲ့ သူ ဘယ်မှာလဲဆိုတာ ဘယ်သူမှ အတိအကျ မသိဘူး”

ထိုစကားက အဆုံးမရှိ အစမရှိဖြစ်နေသော်လည်း ရန်ကျောက်ကဲကတော့ အဓိပ္ပါယ်ကို ချက်ချင်း သဘောပေါက်လိုက်သည်။

မြောက်ပိုင်းထိပ်တန်းအရှင်သခင်၏ ပုံစံက အချိန်မရွေးသေဆုံးတော့မည့် အဘိုးအိုတစ်ယောက်ပမာ ဖြစ်သည်။

သို့သော် သူ၏စိတ်ကတော့ အမြဲတမ်း ကြည်လင်ရှင်းလင်းပြီး အကြောင်းအရာအတော်များများကို ပြတ်ပြတ်သားသား သိမြင်နိုင်စွမ်း ရှိ၏။

လက်ရှိတွင် ခွန်လွန်‌တောင် နန်ကောင်းတောင်ထွတ် ၊ ချီလင်ကမ်းပါးနှင့် ဝါဒတောင်က တရားဝင် ပဋိပက္ခဖြစ်နေကြသည်။ ကျန့်ဟွမ်ဓားဧကရာဇ်က ဝါဒတောင်ကိုနောက်ခံပေးထားသော်လည်း သူ့အနေဖြင့် တိဟွမ်မြေကမ္ဘာဧကရာဇ်နှင့် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်ကို တပြိုင်တည်းရင်ဆိုင်ရမည်ဖြစ်ရာ မလွဲမသွေ ဖိအားများကို ခံစားရပေမည်။

သို့ဖြစ်ရာ ရန်ကျောက်ကဲတို့အုပ်စုအနေဖြင့် အစီအစဉ်တစ်ခုခု ပြုလုပ်ရန် ကြိုးစားရမည် ဖြစ်၏။

အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ ရွှမ်ဟွမ်ဧကရီနှင့် လုန်ချွမ်ဧကရာဇ်တို့သည်လည်း သူ့ကို ကူညီကောင်းကူညီနိုင်ပေမည်။

သို့သော် ဖြစ်လာမှသာ ကူညီပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက အထက်ဘုံကမ္ဘာအရေးတွင် ဝင်ပါမည်ဆိုပါက အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်သည်။

ကျန့်ဟွမ်ဓားဧကရာဇ်သည်လည်း ထိုကိစ္စနှင့်ပတ်သက်ပြီး စိတ်ကျေနပ်မည် မဟုတ်ပေ။

သူက ရွှမ်ဟွမ်ဧကရီနှင့် လုန်ချွမ်ဧကရာဇ်တို့နှင့် ခင်မင်သော်လည်း အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ အခြားသော အကြီးအကဲများနှင့် ဆက်ဆံရေးဆိုးရွားလှသည်။

သို့ဖြစ်ရာ အခြားကမ္ဘာတစ်ခုမှ အကူအညီရှာဖွေခြင်းထက် အထက်ဘုံကမ္ဘာမှ တန်ခိုးစွမ်းအားရှင်တစ်ယောက်ကို ရှာဖွေခြင်းက ရန်ကျောက်ကဲတို့အုပ်စုအတွက် ပိုပြီးအဆင်ပြေနိုင်သည်။ ထိုသို့ဆိုလျှင် သူတို့အနေဖြင့် လူတစ်ယောက်ကိုသာ စဉ်းစားမိမည်မှာ သေချာသည်။

ကျ့န်ဟွမ်ဓားဧကရာဇ် ဧကရာဇ်တစ်ပါး ဖြစ်မလာခင်တွင် နက္ခတ်ဧကရာဇ်က ဧကရာဇ် (၃)ပါးထဲတွင် တစ်ပါးအပါအဝင် ဖြစ်ခဲ့သည်။

နက္ခတ်ဧကရာဇ်ဆိုသည်က ယခင်တစ်ချိန်က ခွန်လွန်အထင်ကရကိုးပါးတွင် တစ်ပါးအပါအဝင်ဖြစ်သည့် ရေစင်ထက်ယံအရှင်သခင်ဖြစ်ပြီး ရန်ကျောက်ကဲ၏အဘိုး ရွှေစင်ထက်ယံအရှင်သခင် ‘ရန်ရှင်းထန်’ နှင့် အလွန်တရာ ခင်မင်ကြသည်။

မကြာသေးမီနှစ်များအတွင်း အထက်ဘုံကမ္ဘာမှလူများက နက္ခတ်ဧကရာဇ်အား တဖြည်းဖြည်းမေ့လျော့လာကြသော်လည်း မြောက်ပိုင်းထိပ်တန်းအရှင်သခင်ကတော့ သူ့ကို မေ့လျော့ခြင်း မရှိပေ။

နက္ခတ်ဧကရာဇ်ပျောက်ဆုံးမှုအကြောင်း သိရှိထားသော အတွင်းသိများထဲတွင် မြောက်ပိုင်းထိပ်တန်းအရှင်သခင်က တစ်ယောက်အပါအဝင် ဖြစ်သည်။

အထက်ဘုံကမ္ဘာ၏ နယ်မြေ (၁၀)ခု အရှင်သခင်များထဲတွင် သက်ကြီးဝါကြီးတစ်ဦးဖြစ်သော‌ မြောက်ပိုင်းထိပ်တန်းအရှင်သခင်က နက္ခတ်ဧကရာဇ်နဲ့ တွေ့ဆုံခဲ့ရဖူးသည်။ ထိုဧကရာဇ်သည် အဆုံးသတ်တွင် မြောက်ပိုင်းနှင်းလွင်ပြင်များဆီတွင် ပျောက်ကွယ်သွားကြောင်းကိုလည်း သိရှိခဲ့သည်။

မြောက်ပိုင်းနက်ရှိုင်းကောင်းကင်ပြည်နယ်၏ အရှင်သခင်ဖြစ်သော ‘ကွမ်းခဲ့’ အနေဖြင့် အခြားသော ထိပ်တန်းအရှင်သခင်များထက် ထိုအကြောင်းကို ပိုပြီး သိရှိလေသည်။

သို့သော် ရန်ကျောက်ကဲကို သူ ကူညီပေးနိုင်သည်က ဒီလောက်ပဲ ဖြစ်သည်။

နက္ခတ်ဧကရာဇ် ပျောက်ဆုံးမှု၏ တိကျသောအကြောင်းရင်းနှင့် အသေးစိတ်အချက်အလက်များကို သူကိုယ်တိုင်လည်း သေချာသိရှိခြင်း မရှိပေ။

ထို့ကြောင့်သူက...

““လူတစ်ယောက် သူ့ကိုရှာဖို့ ဒီနေရာကို ရောက်လာတယ် ၊ ဒါပေမဲ့ သူ ဘယ်မှာလဲဆိုတာ အတိအကျ ဘယ်သူမှ မသိဘူး”

ဟူ၍သာ ပြောဆိုခဲ့ခြင်း ဖြစ်၏။

ထိုစကားက နက္ခတ်ဧကရာဇ်ကိုရှာဖွေရန် မလုံလောက်သော်လည်း မြောက်ပိုင်းထိပ်တန်းအရှင်သခင်၏ စကားအရိပ်အမြွက်ကို ရန်ကျောက်ကဲ နားလည်သည်။

နက္ခတ်ဧကရာဇ်ပျောက်ဆုံးမှုသည် ငရဲကိုးထပ်နှင့် သေချာပေါက် ဆက်စပ်နေရမည်ပင်။

အထက်ဘုံကမ္ဘာတွင် နက္ခတ်ဧကရာဇ်ပျောက်ဆုံးသွားသည့်အမှန်တရားကို အသေးစိတ်သိရှိသူ အနည်းငယ်သာ ရှိသည်။ နာမည်တပ်ပြီးပြောရမည်ဆိုလျှင် ဧကရာဇ် (၃)ပါး ၊ မိန်းမပျိုဧကရာဇ်နှင့် သေဆုံးသွားပြီဖြစ်သော ဝမ်ကျန်းချန်တို့သာလျှင် ဖြစ်နိုင်၏။

အခြားသူများဆိုလျှင်တော့ အခြားသောထိပ်တန်းအရှင်သခင်များကို မဆိုထားနှင့် လွှမ်းခြုံဧကရာဇ်နှင့် ချင်းယွမ်ဧကရာဇ်တို့သည်ပင် ထိုအကြောင်းအရာများကို အသေးစိတ် သိရှိကြမည် မဟုတ်ပေ။

မြောက်ပိုင်း နက်ရှိုင်းကောင်းကင်ပြည်နယ်ကို စောင့်ကြည့်နေရသော မြောက်ပိုင်းထိပ်တန်းအရှင်သခင်သည်သာ သဲလွန်စအနည်းငယ်ကို သိရှိခြင်း ဖြစ်၏။

“အသေးစိတ်မသိရလည်း ဒီလောက်သိရ မဆိုးပါဘူး ၊ တကယ်တော့ ဘယ်သူမှ အသေးစိတ်ကို မသိကြဘူးလေ”

ရန်ကျောက်ကဲ တွေးလိုက်သည်။

“ငါက နက္ခတ်ဧကရာဇ်ကို အကူအညီတောင်းမယ်ဆိုတာ သူတို့ဘက်က ရိပ်မိရင်တောင်မှ ငါ့ကိုတားဆီးဖို့အတွက် စွန့်စားရဲကြမှာ မဟုတ်ဘူး”

တိဟွမ်မြေကမ္ဘာဧကရာဇ်က အထက်ဘုံကမ္ဘာသို့ ပြန်မလာသေးသလို ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က တံခါးပိတ်ကျင့်ကြံလျှက် ရှိသည်။ ပြဿနာရှာမည့် ဝမ်ကျန်းချန်ကို ရန်ကျောက်ကဲကိုယ်တိုင် သတ်ဖြတ်လိုက်ပြီ ဖြစ်၏။

သို့ဖြစ်ရာ လောလောဆယ် ရန်ကျောက်ကဲကို တားဆီးမည့်သူ တစ်ယောက်မှ မရှိပေ။

မရေရာသည့်ကိစ္စတစ်ခုမှာ ‘မူလကောင်းကင်ကျမ်းစာ’ ကို ကျင့်ကြံထားသဖြ့် အတိတ်နှင့်အနာဂတ်ကို သိမြင်နိုင်သော အထက်ရပ်ထိပ်တန်းရှင်သခင် ချန်ချန်းဟွာ ဖြစ်သည်။

သို့သော် နက္ခတ်ဧကရာဇ်၏ ကျင့်ကြံခြင်းစွမ်းအားက ပိုးသားဧကရာဇ်ထက် များစွာသာလွန်လေရာ ချန်ချန်းဟွာအနေဖြင့် နက္ခတ်ဧကရာဇ်၏တည်နေရာကိုဖော်ထုတ်ရန် အခွင့်အလမ်း မရှိသလောက်နည်းပါးသည်။

ချန်ချန်းဟွာအနေဖြင့် ဝမ်ကျန်းချန်ထံမှ ချူးလီလီအကြောင်း ကြားသိထားသဖြင့် နက္ခတ်ဧကရာဇ် ပျောက်ဆုံးမှုက ငရဲကိုးထပ်နှင့် ပတ်သက်နေကြောင်း သိရှိနေနိုင်သည်။ သို့သော် သူက ရန်တိ၏ဓားချက် ထိမှန်ခံထားရသည်ဖြစ်ရာ အနားယူပြီး ‌ဆေးကုသရန် အချိန်ယူရပေဦးမည်။

ထို့ကြောင့် လောလောဆယ်တွင် ရန်ကျောက်ကဲအနေဖြင့် နက္ခတ်ဧကရာဇ်ကို အနှောက်အယှက်ကင်းကင်း ရှာဖွေနိုင်သည်။

သူ အစိုးရိမ်ဆုံးအချက်မှာ မိန်းမပျိုဧကရာဇ် ကျဲ့မင်ခုန်၏ ရပ်တည်ချက် ဖြစ်သည်။ သူမ ရုတ်တရက် စိတ်ပြောင်းမသွားလောက်ဟုတော့ တွေးထင်ထားမိသည်။

ကွမ်းယွိလော်ကိုနှုတ်ဆက်ပြီးနောက် ရန်ကျောက်ကဲ မြို့ငယ်လေးမှ ထွက်ခွာသွားပြီး မြောက်ပိုင်းဒေသ ရေခဲပြင်နှင့် နှင်းလွင်ပြင်များရှိရာသို့ ခြေချခဲ့သည်။

နှင်းမုန်တိုင်းများအလယ် လမ်းလျှောက်လာရင်း ရန်ကျောက်ကဲ၏မျက်လုံးများမှ အနီရောင်အလင်းတန်းများ တောက်ပလာသည်။

ထို့နောက် သူ၏မျက်ဝန်းများမှ အနီရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး လေထုကို ထိုးခွင်းသွားသည်။

အဝေးတွင်ရှိသော အနီးတွင်ရှိသော ၊ ပြန့်ကျဲနေသော  သိပ်သည်းနေသော အချင်းချင်း ယှက်နွယ်နေသည့် အနက်ရောင်မျဉ်းကြောင်းများကို ရန်ကျောက်ကဲ တတ်နိုင်သမျှ ရှာဖွေကြည့်ရှုနေသည်။

ထိုအနက်ရောင်မျဉ်းကြောင်းများက ဗလာနယ်အက်ကွဲကြောင်းများ ဖြစ်ကြသည်။

ထိုဗလာနယ်အက်ကွဲကြောင်းများက အထက်ဘုံကမ္ဘာ ကောင်းကင်ယံထက်မှ ကမ္ဘာဖြတ်လမ်းကြောင်းများနှင့် မတူညီဘဲ မတည်မငြိမ်ဖြစ်နေပြီး ဖြစ်တည်လာလိုက် ၊ ပြန်လည်ပျောက်ကွယ်သွားလိုက်ဖြစ်နေသည်။

သို့ဆိုလျှင် နက္ခတ်ဧကရာဇ်ကို မည်သို့ ရှာဖွေနိုင်မည်နည်း။

ဖန်းယွင်ရှန်းအား ရှာဖွေစဉ်က ရှာဖွေစဉ်က မြောက်ပိုင်းထိပ်တန်းအရှင်သခင်၏ အကူအညီဖြင့် တိကျသည့် တည်နေရာတစ်ခုအား တွေ့ရှိခဲ့သည်။

သို့သော် ယခုကဲ့သို့အခြေအနေမျိုးတွင် ဗလာနယ်အက်ကွဲကြောင်းတိုင်းကို လိုက်လံစစ်ဆေးကြည့်ရမည်ဆိုလျှင် ရန်ကျောက်ကဲအနေဖြင့် ဆယ်စုနှစ် ရာစုနှစ်များစွာ အချိန်ကြာမြင့်သွားနိုင်ပေ၏။

All Chapters