မိစ္ဆာနတ်ဘုရားတစ်ပါးပမာ
Vol. 84 Ch. 1175
အခန်း (၁၁၇၅) မိစ္ဆာနတ်ဘုရားတစ်ပါးပမာ
နက္ခတ်ဧကရာဇ်ပျောက်ဆုံးမှုက ငရဲကိုးထပ်နှင့် ဆက်စပ်မှုအရှိဆုံး ဖြစ်သည်။ ဤသည်က သူ့ကိုရှာဖွေရာတွင် ဘောင်ကျဉ်းသွားစေနိုင်သည့် အလွန်အရေးပါသော သဲလွန်စလည်း ဖြစ်သည်။
သို့ပေသိ အခြားသော ဖြစ်နိုင်ခြေများစွာလည်း ရှိနေပါသေးသည်။
ငရဲကိုးထပ်တွင် ရှာဖွေရမည်ဆိုသောအခါ ရန်ကျောက်ကဲအနေဖြင့် အချိန်နှင့် ကြိုးစားအားထုတ်မှုများစွာ အသုံးပြုရမည်ဟု ရည်မှန်းထားပြီးသား ဖြစ်သည်။
ထိုသို့သောအခြေအနေမျိုးတွင် မှားယွင်းသည့်လူများနှင့် ပတ်သက်ချိတ်ဆက်မိခြင်းက အချိန်ကုန်လူပမ်း ဖြစ်သွားစေနိုင်သည်။
သို့သော် ရန်ကျောက်ကဲအတွက်တော့ နက္ခတ်ဧကရာဇ်ကို ရှာဖွေခြင်းက ဖန်းယွင်ရှန်းကို ရှာဖွေရခြင်းထက် ပိုမိုလွယ်ကူသည်။ အကြောင်းမှာ နက္ခတ်ဧကရာဇ်၏ ကျင့်ကြံခြင်းအဆင့်က ဖန်းယွင်ရှန်းထက် အဆပေါင်းများစွာ မြင့်မားသောကြောင့် ဖြစ်၏။
နက္ခတ်ဧကရာဇ်ကို ရှာဖွေရန်အတွက် ငရဲကိုးထပ်မှ မူမမှန်သည့်ကိစ္စရပ်အချို့ကို အာရုံစိုက်နိုင်လျှင် အဆင်ပြေသည်။
ထိုသို့ဆုံးဖြတ်ချက်ချပြီးသည်နှင့် ရန်ကျောက်ကဲက ငရဲကိုးထပ်နှင့်ဆက်သွယ်ထားသည့် အက်ကွဲကြောင်းတစ်ခုအား ရွေးချယ်လိုက်သည်။
ထိုဗလာနယ်အက်ကွဲကြောင်းက ပြန်ပိတ်တော့မည့်အနေအထားဖြစ်လေရာ အတွင်းထဲမှ နတ်ဆိုးချီစွမ်းအားများ စိမ့်ထွက်နေခြင်း သိပ်မရှိတော့ပေ။
သို့ဖြစ်ရာ ဤအက်ကွဲကြောင်းကို အခြားသူများ ရှာဖွေရန် ခက်ခဲပေမည်။ သို့သော် သဏ္ဌန်မဲ့မိစ္ဆာကျမ်းစာကို ကျင့်ကြံထားသည့် ရန်ကျောက်ကဲအတွက်တော့ အခက်အခဲ သိပ်မရှိလှပေ။
ရန်ကျောက်ကဲ နှင်းမုန်တိုင်းများအလယ်ပျံသန်းလာပြီး လေထုအဠယ်သို့လှမ်းဝင်ကာ လက်ချောင်းများကို အသာလှုပ်ရှားလိုက်သည်။
သူ၏လက်ချောင်းများထက်တွင် အနီရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး နတ်ဘုရားထောင်ချောက် ဓားအလင်းတန်းက မတည်ငြိမ်သော ဗလာနယ်အက်ကွဲကြောင်းကို ဖြတ်ကျော်သွားသည်။
လေထုထဲတွင် အက်ကွဲကြောင်းတစ်ခု ဖြစ်တည်လာပြီး ကမ္ဘာဖြတ်လမ်းကြောင်းတစ်ခု ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။
ရန်ကျောက်ကဲက ထိုလမ်းကြောင်းအတွင်းသို့ လှမ်းဝင်လိုက်၏။
သို့သော် သူက အထဲသို့လှမ်းမဝင်ခင် နောက်သို့တစ်ချက်လှည့်ကြည့်လိုက်ပြီး အဝေးတစ်နေရာဆီသို့ နှုတ်ဆက်သည့်အနေဖြင့် ခေါင်းတစ်ချက်ညိတ်ပြလိုက်သည်။
ရန်ကျောက်ကဲ ဗလာနယ်အက်ကွဲကြောင်းအတွင်း ဝင်ရောက်ပျောက်ကွယ်သွားသည်နှင့် ခါးကိုင်း ၊ မျက်လုံးမှုံဟန်ရှိသော အဘိုးအိုတစ်ယောက် ထို ကမ္ဘာဖြတ်လမ်းကြောင်း ဝင်ပေါက်နေရာသို့ ဖြည်းညင်းစွာ လမ်းလျှောက်လာသည်။
ထို အဘိုးအိုက မြောက်ပိုင်းထိပ်တန်းအရှင်သခင်ပင် ဖြစ်၏။
အဘိုးအိုက သူ့အရှေ့မှ အမှောင်ထုဝင်ပေါက်ကို လှမ်းကြည့်ရင်း သက်ပြင်းတစ်ချက်ချကာ တင်ပျဉ်ခွေထိုင်လိုက်သည်။
ရန်ကျောက်ကဲ ဝင်ရောက်သွားသည့်လမ်းကြောင်းက ငရဲကိုးထပ်သို့ တိုက်ရိုက် ဦးတည်ခြင်းမရှိသော်လည်း အေးစိမ့်စမ်းချောင်းတစ်ခုနှင့် ချိတ်ဆက်နေသည်ဖြစ်ရာ မြောက်ပိုင်းထိပ်တန်းအရှင်သခင်အနေဖြင့် အထူးသတိထားရမည်သာပင်။
မြောက်ပိုင်းကိုစောင့်ရှောက်ကာကွယ်သူအနေဖြင့် သူက မြောက်ပိုင်းဒေသတွင် အခြေစိုက်နေထိုင်ခဲ့သည်။ သူ၏ အဓိကတာဝန်မှာ အထက်ဘုံကမ္ဘာနှင့် ဆက်စပ်နေသော အေးစိမ့်စမ်းချောင်းများနှင့် ၎င်းတို့နောက်ကွယ်တွင်ရှိနေသည့် ငရဲကိုးထပ်အား စောင့်ကြည့်ရန် ဖြစ်သည်။
ထို့ကြောင့် သူက ရန်ကျောက်ကဲနှင့် တိုက်ရိုက်ဆက်သွယ်ခြင်းမရှိသော်လည်း မတော်တဆမှုများမဖြစ်ရလေအောင် သူ၏တာဝန်အတိုင်းလုပ်ဆောင်ရန် လိုအပ်သည်။
အဘိုးအိုက မှုံမှိုင်းသောမျက်ဝန်းများဖြင့် သူ့အရှေ့မှ ကမ္ဘာဖြတ်လမ်းကြောင်းကို တိတ်ဆိတ်စွာကြည့်ရင်း တီးတိုးရေရွတ်လိုက်သည်။
“တကယ့်ကို ဒုက္ခများတဲ့အချိန်တွေပါပဲ...”
မြောက်ပိုင်းထိပ်တန်းအရှင်သခင်က လမ်းကြောင်းကို စောင့်ကြည့်နေသည်ဆိုလျှင် ရန်ကျောက်ကဲအနေဖြင့် မည်သည့်စိုးရိမ်စရာမှ မရှိတော့ပေ။
ဗလာနယ်ဖြတ်လမ်းကြောင်းအတွင်းမှ အပြောင်းအလဲများ တဖြည်းဖြည်း တည်ငြိမ်လာသည့်အခါ သူ့အရှေ့တွင် ပေါ်လာသည့်အရာက အမှောင်ထု ဖြစ်သည်။
ကြယ်စင်ရောင်ပင်မရှိဘဲ ဗလာနယ်တစ်ခုလုံးတွင် အမှောင်ထု ကြီးစိုးလျှက် ရှိ၏။
မကြာမီ အမှောင်ထုထဲတွင် ထင်သာမြင်သာရှိလာပြီး အလွန်အမင်းညစ်ညမ်းသော ချီစွမ်းအားများ ထွက်ပေါ်လာသည်။
ငရဲကိုးထပ်တိုက်စားမှုကြောင့် ဖြစ်ပေါ်လာသော အေးစိမ့်စမ်းချောင်းနယ်မြေတစ်ခုသို့ ရောက်ရှိလာခြင်း ဖြစ်သည်။
ရန်ကျောက်ကဲက ရပ်တန့်ခြင်းမရှိဘဲ ပိုမိုနက်ရှိုင်းသောနေရာသို့ ဦးတည်လာခဲ့သည်။
ထိုနေရာတွင် “ငရဲကိုးထပ်” ရှိမည် ဖြစ်၏။
အတန်ကြာခရီးနှင်ပြီးနောက် ငရဲကိုးထပ်၏ ကြောက်မက်ဖွယ်အငွေ့အသက်များက ပိုမိုပြင်းထန်လာသည်။
အဆုံးသတ်မှာတော့ မှောင်မိုက်ပြီး ဆိတ်ငြိမ်သော အေးစိမ့်နယ်မြေကုန်ဆုံးသွားပြီး အနက်ရောင်အခိုးအငွေ့များနှင့် မီးတောက်မီးလျှံများတောက်ပနေသည့် နယ်မြေတစ်ခုအား တွေ့လိုက်ရသည်။
ထိုသို့ထိတ်လန့်ဖွယ်ရာမြင်ကွင်းက ကောင်းကင်နှင့်ပင်လယ်ပမာ အဆုံးမရှိ ကျယ်ပြန့်လှ၏။
ရန်ကျောက်ကဲက တစ်ချက်တုံ့ဆိုင်းခြင်းမရှိဘဲ နတ်ဆိုးချီများထဲသို့ ခြေလှမ်းလိုက်သည်။
တစ်ချိန်တည်းမှာပင် သူကျင့်ကြံထားသော မိစ္ဆာသိုင်းပညာရပ်များဖြစ်သည့် သဏ္ဌန်မဲ့မိစ္ဆာကျမ်းစာ ၊ ဆိတ်ညံမိုကြိုးရှစ်မျိုးလက်ဝါးသိုင်းနှင့် ဝိညာဉ်မိစ္ဆာလက်သီးသိုင်းပညာ (၆)ခုတို့က ပိုမိုပြင်းထန်လာပြီး အသက်ဝင်လာသည်။
“မိစ္ဆာတာအို အားကြီးလာရင် လမ်းမှန်တာအို အားနည်းသွားတယ်လို့ အားလုံးက ယုံကြည်ကြတယ် ၊ ဒါပေမဲ့ မိစ္ဆာတာအိုနဲ့ လမ်းမှန်တာအိုဆိုတာ ဒင်္ဂါးပြားရဲ့ ပန်းနဲ့ခေါင်းလိုပါပဲ ၊ အပြန်အလှန်မှီခိုနေပြီး အတူတကွ ဖွံ့ဖြိုးနေကြတာပါ”
သူ၏ မိစ္ဆာသိုင်းပညာများ အသက်ဝင်လာသဖြင့် ရန်ကျောက်ကဲက တုန်လှုပ်သွားခြင်း မရှိပေ။
သူ၏ ကျင့်ကြံခြင်းစွမ်းအားများ ပိုမိုတိုးတက်လာသည်နှင့်အမျှ မိစ္ဆာသိုင်းပညာများသည်လည်း ယခင်ကထက်ပိုပြီး မြင့်မားလာပုံရသည်။
ယခင်တစ်ခေါက် ငရဲကိုးထပ်သို့ လာရောက်စဉ်က ပိုးသားဧကရာဇ်နှင့် ချန်ချန်းဟွာကို တိုက်ခိုက်စဉ် သူက သဏ္ဌန်မဲ့ကောင်းကင်နတ်ဆိုး လူပြန်ဝင်စားသကဲ့သို့ ပြောင်းလဲခဲ့ပြီး ဖန်ဆင်းခြင်းမိစ္ဆာကျမ်းစာမှ ဆိတ်ညံမိုကြိုးရှစ်မျိုးလက်ဝါးသိုင်းကို အသုံးပြုခဲ့သည်။
ထိုနေ့တိုက်ပွဲကတည်းက သူ၏ မိစ္ဆာသိုင်းပညာ (၂)ရပ် တိုးတက်မှုက အလွန်တရာ လျှင်မြန်လာခဲ့သည်။
ယခု သူ ငရဲကိုးထပ်သို့ ထပ်မံရောက်ရှိလာတော့ ထိုသိုင်းပညာများ၏ မိစ္ဆာဆန်သည့် သဘောသဘာဝကို ပိုမိုလွယ်ကူစွာ နှိုးဆွနိုင်ခဲ့သည်။ ဤသည်မှာ ကျင့်ကြံခြင်းအဆင့် မြင့်မားလာပြီး တန်ခိုးစွမ်းအားလည်း ထက်မြက်လာသောကြောင့် ဖြစ်၏။
ထို့ကြောင့် သူ၏ခန္ဓာကိုယ်ထဲမှ မိစ္ဆာစွမ်းအားများက ဒီရေအလား မြင့်တက်လာခဲ့သည်။
သို့သော် ရန်ကျောက်ကဲအတွက် ပြဿနာမရှိပေ။
သူက ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ တန်ခိုးစွမ်းအားကို လှည့်ပတ်လိုက်ရာ အသက်ဝင်လာသော မိစ္ဆာသိုင်းပညာအားလုံး ချက်ချင်းပင် ငြိမ်သက်သွားသည်။
ရင်ကျောက်ကဲ ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး အနက်ရောင်နတ်ဘုရားရုပ်တုကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။
ထို့နောက် အနက်ရောင်နတ်ဘုရားရုပ်တုကြီးက လက်နှစ်ဖက်ကိုဆန့်တန်းပြီး ဖန်ဆင်းခြင်းမိစ္ဆာကျမ်းစာတွင် မှတ်တမ်းတင်ထားသော နက်နဲသည့် လျှို့ဝှက်သိုင်းပညာတစ်ရပ်ကို ထုတ်ဖော်လိုက်သည်။
ထိုပညာရပ်က မြေကမ္ဘာလျှို့ဝှက်စည်းတံဆိပ်ဖြစ်ပြီး ဖန်းဆင်းခြင်းအစွန်း(၈)ပါးဖြစ်သော ကောင်းကင် ၊ မြေကြီး ၊ လေ ၊ မိုးကြိုး ၊ ရေ ၊ မီး ၊ တောင် ၊ သမုဒ္ဒရာတို့မှ မြေကြီးနှင့်ပတ်သက်သည့် နက်ရှိုင်းသော သိုင်းပညာတစ်ရပ် ဖြစ်သည်။
ယခင်တစ်ချိန်က ကောင်းကင်ဘုံနန်းတော် စာကြည့်တိုက်ထဲတွင် မိစ္ဆာသိုင်းပညာများနှင့်ပတ်သက်ပြီး ပညာရပ်စုစည်းမှုတစ်ခု ရှိခဲ့သည်။ ထိုသိုင်းပညာများထဲတွင် သဏ္ဌန်မဲ့မိစ္ဆာကျမ်းစာက စွမ်းအားအကြီးမားဆုံး ဖြစ်၏။
ဖန်ဆင်းခြင်းမိစ္ဆာကျမ်းစာကတော့ ပျက်ဆီးနေပြီး ပြီးပြည့်စုံခြင်း မရှိပေ။
သို့သော် ကောင်းကင်ဘုံနန်းတော် စာကြည့်တိုက်ထဲတွင် ဖန်ဆင်းခြင်းအစွန်း (၈)ပါးမှ (၃)ပါးအကြောင်းကို စုစည်းထားသည်။
ဆိတ်ညံမိုကြိုးရှစ်မျိုးလက်ဝါးသိုင်းအပြင် မြေကမ္ဘာလျှို့ဝှက်စည်းတံဆိပ်သည်လည်း ထိုမိစ္ဆာသိုင်းပညာ (၃)ရပ်ထဲတွင် ပါဝင်သည်။
ယခု ရန်ကျောက်ကဲက သဏ္ဌန်မဲ့မိစ္ဆာကျမ်းစာကို အခြေခံပြီး နတ်ဘုရားရုပ်တုကြီးအဖြစ် အသွင်ပြောင်းကာ ငရဲကိုးထပ်နှင့် လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်လိုက်သည်။
ထို့နောက် မြေကမ္ဘာလျှို့ဝှက်စည်းတံဆိပ်၏ ထူးခြားသောတန်ခိုးစွမ်းအားကို ထုတ်ဖော်အသုံးပြုလိုက်၏။
ဤစည်းတံဆိပ်က အတွင်းအပြင်ချီစွမ်းအားနှစ်ခု ပေါင်းစပ်အသုံးပြုရသည့် သိုင်းပညာဖြစ်ပြီး နည်းလမ်းများစွာဖြင့် အသုံးပြုနိုင်သည်။
ထိုခဏတွင် ရန်ကျောက်ကဲက ငရဲမင်းတစ်ပါးပမာ မြေပြင်ထက်တွင် မလှုပ်မယှက်နိုင်နေသည်။ သူ့ကိုကြည့်ရသည်မှာ အလွန်တရာ တိတ်ဆိတ်ငြိမ်သက်ပြီး ဉာဏ်ပညာကြီးမားသည့် မိစ္ဆာနတ်ဘုရားတစ်ပါးပမာပင်။
ငရဲကိုးထပ်သို့ဆင်းသက်လာပြီး မိစ္ဆာလမ်းစဉ်လျှောက်လှမ်းရန် ရွေးချယ်ထားသည့် နတ်ဘုရားတစ်ပါးပမာ ဖြစ်သည်။
ဤသို့သောအခြေအနေတွင် ရန်ကျောက်ကဲအနေဖြင့် ငရဲကိုးထပ်အား ကြည့်မြင်နိုင်စွမ်း အလွန်တိုးတက်လာခဲ့သည်။
သို့သော် ဤနည်းလမ်းက ဖန်းယွင်ရှန်းကိုရှာဖွေရန်တော့ အလုပ်မဖြစ်ပေ။
အဘယ်ကြောင့်ဆိုသော် ရာဟုကြယ်ထက်ယံအရှင်သခင်၏ အရိပ်အောက်တွင် ဖန်းယွင်ရှန်းက အခြားသူများ ရှာမတွေ့နိုင်အောင် ငရဲကိုးထပ်နက်နဲရာသို့ ဆက်လက်ရွေ့လျားနေသောကြောင့် ဖြစ်၏။
နက္ခတ်ဧကရာဇ်ကတော့ ထိုသို့မဟုတ်ပေ။
သူက သတ်မှတ်ထားသော နေရရာတစ်ခုတွင် ရှိနေနိုင်သည်။
ဥပမာဆိုရသော... အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ ချောက်နက်ကြီးအောက်ခြေတွင် ငရဲကိုးထပ်အက်ကွဲကြောင်းကို ဖိနှိပ်ထားသည့် ထူးကဲယန်စည်းတံဆိပ်ကဲ့သို့ပင် နက္ခတ်ဧကရာဇ်သည်လည်း ငရဲကိုးထပ်အစွန်းတစ်နေရာတွင် တစ်စုံတစ်ခုကို နှိမ်နင်းနေပုံရသည်။
သို့မဟုတ် နက္ခတ်ဧကရာဇ်က ငရဲကိုးထပ်ပတ်ဝန်းကျင်ကို အသုံးပြုပြီး ရတနာပစ္စည်းတစ်ခုခု ပြုလုပ်ခြင်း သို့မဟုတ် လျှို့ဝှက်ကျင့်စဉ်တစ်ခုကျင့်ကြံခြင်း စသည်ဖြင့်လည်း ဖြစ်နိုင်သည်။
မဟုတ်ပါက ချူးလီလီအနေဖြင့် သူ့ထံသို့ သတင်းစကားပို့ဆောင်ပေးပါရန် တောင်းဆိုမည် မဟုတ်ပေ။
ချူးလီလီအနေဖြင့် ကျန့်ဟွမ်ဓားဧကရာဇ်နှင့် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်တို့က နက္ခတ်ဧကရာဇ်အား ရှာဖွေနိုင်ကြောင်း သေချာစွာ သိရှိထားပေမည်။
ထို့ကြောင့် ရန်ကျောက်ကဲသည်လည်း နက္ခတ်ဧကရာဇ်ကို ရှာဖွေရန် အနည်းငယ် မျှော်လင့်ခဲ့မိခြင်းသာပင်။
မဟုတ်ပါက ကောက်ရိုးပုံထဲ အပ်ပျောက်ရှာသလို ဖြစ်ပေမည်။ အကယ်၍ ကံကောင်းထောက်မပြီး နက္ခတ်ဧကရာဇ်နှင့် တွေ့ဆုံခွင့်ရရှိမည်ဆိုလျှင် ဖန်းယွင်ရှန်းကိုပင် အရင်ဆုံးရှာတွေ့နိုင်ဦးမည် ဖြစ်၏။
ယခုတစ်ကြိမ်တွင် သူက ငရဲကိုးထပ်သို့ဝင်ရောက်ရန်အတွက် ကျပမ်း အေးစိမ့်စမ်းချောင်းနယ်မြေတစ်ခုကို ရွေးချယ်ရသည့်အကြောင်းရင်းမှာ “ပြောင်းပြန်ရှာဖွေခြင်း” အစီအစဉ် ပြုလုပ်ရန် ဖြစ်၏။
ငရဲကိုးထပ်အတွင်းပိုင်းမှ အပြင်ဘက်သို့ ပြန်လည်ကြည့်ရှုခြင်း ဖြစ်သည်။
ငရဲကိုးထပ်အတွင်းပိုင်းမှ ပုံမှန်မဟုတ်သည့် အစွန်အဖျားနေရာများသို့ လှည့်လည်ကြည့်ရှုမည် ဖြစ်သည်။ သို့မှသာ ငရဲကိုးထပ်နှင့် အောက်ဘုံကမ္ဘာတစ်ခုခု ထိစပ်နေသည့် အစိတ်အပိုင်း သို့မဟုတ် အေးစိမ့်စမ်းချောင်းနယ်မြေတစ်ခုခုနှင့် ကပ်လျက်ရှိသော နေရာများတွင် နက္ခတ်ဧကရာဇ်အား ရှာဖွေတွေ့ရှိနိုင်မည် ဖြစ်သည်။
မြေကမ္ဘာလျှို့ဝှက်စည်းတံဆိပ်ကိုအသုံးပြုပြီး ရန်ကျောက်ကဲက ငရဲကိုးထပ် အနီးပတ်ဝန်းကျင်မှ သေးငယ်သော တုန်ခါမှုတိုင်းကို ဂရုတစိုက် အာရုံခံကြည့်နေသည်။
မြင်သာထင်သာသော တုန်ခါမှုများ ၊ မမြင်နိုင်သော နတ်ဆိုးချီစွမ်းအားများ၏ တုန်ခါမှုများ ၊ ဗလာနယ်နှင့် အချိန်ကာလတို့၏ တုန်ခါမှုများ။
မူမမှန်မှုတစ်ခုခု ရှိလာမည်ဆိုပါက သေချာပေါက် ရန်ကျောက်ကဲ၏ အာရုံခံမှုမှ လွတ်ထွက်သွားနိုင်မည် မဟုတ်ပေ။
အဆုံးသတ်မှာတော့...
အနက်ရောင်နတ်ဘုရားရုပ်တုကြီးက ရုတ်တရက် မျက်လုံးများပွင့်လာပြီး အဝေးတစ်နေရာဆီသို့ လှမ်းကြည့်လိုက်လေတော့၏။