← Chapters

ရူးချင်ယောင်ဆောင်

Vol. 84 Ch. 1177

ရူးချင်ယောင်ဆောင်

Vol. 84 Ch. 1177

အခန်း (၁၁၇၇) ရူးချင်ယောင်ဆောင်

မိန်းမပျိုဧကရာဇ် ‘ကျဲ့မင်ခုန်’ က သူမ၏မျက်လုံးများကို မှေးမှိတ်ထားဆဲဖြစ်ပြီး လုံးဝ ဖွင့်လှစ်ခြင်း မရှိသေးပေ။

နှင်းအလွှာဖြင့် ဖုံးကာထားသည့် သူမ၏မျက်နှာက ခံစားချက်ကင်းမဲ့လျှက် ရှိသည်။

သူမ၏လက်ဝါးစောင်းက ဓားတစ်လက်ပမာ လေထုကို ခုတ်ပိုင်းချလိုက်သည်။

ထိုအခါ ငြိမ်သက်ဧကရာဇ်၏ ရေစွမ်းအားမှ အသွင်ပြောင်းထားသော နဂါးနှင့်ကျားနှစ်ကောင်သည် ရေခဲပန်းပုရုပ်တုများအဖြစ်သို့ တမဟုတ်ချင်းပြောင်းလဲသွားကာ ခါးလယ်မှ ထက်ပိုင်းပြတ်အက်ကွဲသွားသည်။

မိန်းမပျိုဧကရာဇ်က ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး လေဖြင့်ဖန်ဆင်းထားသော နဂါးနှင့်ကျားကို လက်ဝါးစောင်းဖြင့် ထပ်မံခုတ်ပိုင်းချလိုက်ပြန်သည်။

ဤသည်ကိုမြင်တော့ ငြိမ်သက်ဧကရာဇ်က ထိတ်လန့်သွားခြင်းမရှိဘဲ သူ၏လက်များကို ဝှေ့ယမ်းလိုက်ရာ ကျားနှင့်နဂါး ပုံရိပ်ယောင် (၄)ခု ထပ်မံထွက်ပေါ်လာပြီး မိန်းမပျိုဧကရာဇ်အား ဆက်လက်တိုက်ခိုက်လိုက်သည်။

တိုက်ခိုက်နေရင်း ငြိမ်သက်ဧကရာဇ်က ရန်ကျောက်ကဲအား တွေ့ရှိသွားသည်။ သို့သော် အံ့အားသင့်သွားခြင်းမျိုး မရှီခဲ့ပေ။

ခဏမျှ စဉ်းစားပြီးနောက် ငြိမ်သက်ဧကရာဇ်က ရယ်မောရင်း စကားဆိုလိုက်သည်။

“တာအိုရောင်းရင်း ‘ကျဲ့’ ... ဒီနေ့တော့ ဒီလောက်ပဲ...”

ထို့နောက် သူက လက်နှစ်ဖက်ဆန့်ထုတ်လိုက်ရာ မြေ ၊ ရေ ၊ လေ ၊ မီး နဂါးနှင့် ကျား ပုံရိပ်ယောင်များက မိန်းမပျိုဧကရာဇ်ထံသို့ ဝင်ရောက်သွားသည်။

ထို့နောက် လေစွမ်းအားဖြင့် ဖန်ဆင်းထားသော နဂါးနှင့်ကျားက ငြိမ်သက်ဧကရာဇ်၏ ခြေထောက်အောက်သို့ ရောက်ရှိသွားပြီး အလွန်လျှင်မြန်သောအရှိန်အဟုန်ဖြင့် အေးစိမ့်စမ်းချောင်းနယ်မြေ အဝေးတစ်နေရာသို့ ရောက်ရှိသွားသည်။

ငြိမ်သက်ဧကရာဇ် ထွက်ခွာမသွားမီ သူ့အား အဓိပ္ပါယ်ပါပါ တစ်ချက်ကြည့်သွားလေရာ ရန်ကျောက်ကဲ မျက်လုံးများကို မှေးစင်းလိုက်မိသည်။

ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောခြင်းမျိုးမရှိသော်လည်း ကောင်းရွှယ်ပေါ်နှင့် လုန်ဟန့်ဟွာတို့ထံမှ ရန်ကျောက်ကဲ အရိပ်အမြွက် သိရှိခဲ့သည်မှာ __ ငြိမ်သက်ဧကရာဇ်က အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင် တည်ထောင်သူ ဆရာဘွားဘွားနောက်သို့ အမြဲတမ်း လိုက်လေ့ရှိသည်။

တည်ထောင်သူဆရာဘွားဘွားက ဝူတန့်မယ်တော် အဆက်အနွယ်ဖြစ်ပြီး ငြိမ်သက်ဧကရာဇ်က သူတော်စင်မ ‘ကျင်းလင်’ ၏ အဆက်အနွယ်ဖြစ်သော်လည်း သူက တည်ထောင်သူ ဆရာဘွားဘွားကိုသာ အမြဲတမ်း ထောက်ခံခဲ့သည်။

ထို့ပြင် ငြိမ်သက်ဧကရာဇ်က တိမ်လွှာခွင်းဧကရာဇ်နှင့်လည်း ရင်းနှီးသော ဆက်ဆံရေးရှိသူဖြစ်ရာ အထက်ဘုံကမ္ဘာအပေါ် အလွန်တရာ ရန်လိုသူတစ်ယောက်ဖြစ်ကြောင်း အငြင်းပွားဖွယ် မရှိပေ။

နှစ်ပေါင်းများစွာတစ်လျှောက် သူက အထက်ဘုံကမ္ဘာမှ တန်ခိုးစွမ်းအားရှင်များနှင့် တိုက်ပွဲပေါင်းများစွာ ရင်ဆိုင်တိုက်ခိုက်ခဲ့သည်။

ငြိမ်သက်ဧကရာဇ်ကိုကြည့်ရင်း ရန်ကျောက်ကဲစိတ်ထဲ အတွေးပေါင်းများစွာ ဖြတ်သန်းသွားသည်။

ငြိမ်သက်ဧကရာဇ်နှင့် တိမ်လွှာဧကရာဇ်တို့အုပ်စုအနေဖြင့် အထက်ဘုံကမ္ဘာတွင် ကြီးမားသောပဋိပက္ခတစ်ခုဖြစ်လျှင် သို့မဟုတ် အုပ်စုနှစ်ခြမ်းကွဲသွားသည်ကို တွေ့မြင်လျှင် အလွန်ဝမ်းမြောက်ပျော်ရွှင်ပေလိမ့်မည်။

ရန်ကျောက်ကဲတို့ ‘ရန်’ အိမ်တော် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့ လာရောက်မည်ဆိုပါကလည်း သူတို့အနေဖြင့် လက်မခံနိုင်စရာ မရှိပေ။

အထက်ဘုံကမ္ဘာ အတွင်းပိုင်းကွဲပြဲမှုများဖြစ်လေ သူတို့က သဘောကျလေ ဖြစ်သည်။

အထူးသဖြင့် သူတို့နှင့် ရန်ငြိုးရန်စရှိသော ကျန့်ဟွမ်ဓားဧကရာဇ် ‘ယွဲ့ကျန့်ပေ’ အထက်ဘုံကမ္ဘာတွင် ပြဿနာဖြစ်ပါက ငြိမ်သက်ဧကရာဇ်နှင့် တိမ်လွှာခွင်းဧကရာဇ်တို့ သေချာပေါက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြပေမည်။

သို့ဖြစ်ရာ သူတို့ ရည်မှန်းချက် အောင်မြင်ရန်အတွက် ရန်ကျောက်ကဲတို့အုပ်စုအား နက္ခတ်ဧကရာဇ် ကူညီပေးခြင်းမှ တားဆီးရန်လိုအပ်ကြောင်း ရှင်းရှင်းလင်းလင်း သိရှိထားကြသည်။

နက္ခတ်ဧကရာဇ် ကြားမဝင်မှသာ ကျန့်ဟွမ်ဓားဧကရာဇ် ဒုက္ခရောက်ရမည် မဟုတ်ပါလား။

သို့ဖြစ်ရာ သူတို့အနေဖြင့် အများကြီးလုပ်စရာမလိုပေ။ ရန်ကျောက်ကဲနှင့် ချူးလီလီ အဆက်အသွယ်ရှိကြောင်း မိန်းမပျိုဧကရာဇ် ကျဲ့မင်ခုန်အား လျှို့ဝှက်သတင်းပေးလိုက်ရုံဖြင့် ရန်ကျောက်ကဲအတွက် ခက်ခဲသွားမည်ဖြစ်ပြီး စီစဉ်ထားသမျှ ပျက်ဆီးသွားပေမည်။

ချူးလီလီက ဆရာဖြစ်သူ နက္ခတ်ဧကရာဇ်ထံ စာတစ်စောင်ပို့ပေးပါရန် ရန်ကျောက်ကဲထံ အပ်နှင်းထားသည့်ကိစ္စ သူတို့ မသိရှိသော်လည်း ချူးလီလီနှင့် အဆက်အသွယ်ရှိသည်ဆိုကတည်းက ရန်ကျောက်ကဲ ပြဿနာတက်မည် ဖြစ်သည်။ အထူးသဖြင့် ရန်ကျောက်ကဲက နက္ခတ်ဧကရာဇ်အား ရှာဖွေနေသော အချိန်မျိုးတွင် ဖြစ်သည်။

ဟုတ်ပေ၏။

ဤသို့ပြုလုပ်ခြင်းက ရန်ကျောက်ကဲနှင့် ရန်တိအပေါ် အပြစ်ပြုခြင်း ဖြစ်လေရာ ကိုယ့်ဒုက္ခကိုယ်ရှာသလို ဖြစ်မည် အမှန်ပင်။

သို့ပေသိ ရန်ကျောက်ကဲတို့သားအဖက သိုင်းသူတော်စင် အဆင့်မျှသာ ရှိကြသေးသည်။

မည်သို့ပင်ဖြစ်စေ အချိန်ကြာလာသည်နှင့်အမျှ ‘ရန်’ သားအဖ၏ လက်စားချေမှုကို မည်သူမှ ခံနိုင်ရည်မရှိသည်ဖြစ်ရာ ငြိမ်သက်ဧကရာဇ်နှင့် တိမ်လွှာဧကရာဇ်တို့အတွက် အမြတ်ထက် အရှုံးထွက်မည်မှာ သေချာသည်။

ထို့ပြင် သူတို့က ရန်ကျောက်ကဲတို့သားအဖနှင့် ရန်ငြိုးရန်စ မရှိပါဘဲ တမင်သက်သက် သွားရောက်နှောက်ယှက်သလို ဖြစ်နေသည် မဟုတ်ပါလား။

သို့ရာတွင် ငြိမ်သက်ဧကရာဇ်ထွက်ခွာမသွားခင် ရန်ကျောက်ကဲကိုကြည့်သွားသောအကြည့်ကြောင့် ရန်ကျောက်ကဲစိတ်ထဲ စနိုးစနောင့်ဖြစ်သွားပြီး မကောင်းသည့်အငွေ့အသက်ကို ခံစားလိုက်ရသည်။

“ဖြစ်နိုင်တာကတော့...”

အချိန်တစ်ခဏအတွင်း ရန်ကျောက်ကဲစိတ်ထဲ အတွေးပေါင်းများစွာ ဖြတ်သန်းသွားသည်။

မိန်းမပျိုဧကရာဇ် ကျဲ့မင်ခုန်က ငြိမ်သက်ဧကရာဇ်ကို လိုက်လံတိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိကြောင်း သိလိုရတော့ ရန်ကျောက်ကဲက ထိုသူထွက်ခွာသွားသည်ကို ဤအတိုင်း မတ်တတ်ရပ် ကြည့်နေခဲ့သည်။

မိန်းမပျိုဧကရာဇ်က လက်ပိုက်လိုက်ပြီး‌ မှေးမှိတ်ထားသောမျက်ဝန်းများဖြင့် ရန်ကျောက်ကဲဘက်သို့ လှည့်လာသည်။

“မင်း ဘာလို့ ဒီကိုရောက်လာတာလဲ... မင်း ဇနီးကို ထပ်လာရှာတာလား”

သူမက ခဏနားပြီးမှ ဆက်ပြောသည်။

“ကြည့်ရတာ မင်းတို့ ထျန်းကျိခန်းမ လေလံပွဲလည်း ပြီးသွားလောက်ပြီထင်တယ် ၊ ငါ့မှာ အရေးကြီးကိစ္စတွေရှိနေလို့ ရောက်မလာနိုင်ခဲ့ဘူး...”

ရန်ကျောက်ကဲက ရွှေစင်ထက်ယံအရှင်သခင် ‘ရန်ရှင်းထန်’ ၏ မြေးဖြစ်သည်။ ထို့ကြောင့် မိန်းမပျိုဧကရာဇ်က ကတိပျက်ရသည့်အကြောင်းရင်းကို ရှင်းပြတောင်းပန်နေခြင်း ဖြစ်၏။

ရန်ကျောက်ကဲကတော့ သူမ၏စကားများကိုကြားသည်နှင့် မိန်းမပျိုဧကရာဇ်အနေဖြင့် အထက်ဘုံကမ္ဘာမှအဖြစ်အပျက်များကို မသိရှိသေးကြောင်း သဘောပေါက်သွားသည်။

ခဏမျှ စဉ်းစားပြီးနောက် ရန်ကျောက်ကဲက အမှန်အတိုင်း ဝန်ခံလိုက်သည်။

“ပွင့်ပွင့်လင်းလင်းပြောရရင်... ကျွန်တော် ဒီတစ်ခေါက် ငရဲကိုးထပ်ကိုလာတာ နက္ခတ်ဧကရာဇ်ကို လာရှာတာပါ...”

ငြိမ်သက်ဧကရာဇ်နှင့် တိုက်ပွဲပြီးဆုံးသွားသည်နှင့် ရေခဲအလွှာများက မိန်းမပျိုဧကရာဇ်၏ ခန္ဓာကိုယ်အား တဖြည်းဖြည်း ပြန်လည်ဖုံးလွှမ်းသွားသည်။

သို့သော် ရန်ကျောက်ကဲ၏ အဖြေစကားကြားသည်နှင့် သူမခန္ဓာကိုယ်အား ဖုံးလွှမ်းနေသော ရေခဲများ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

သူမက မျက်ခုံးများတွန့်ချိုးရင်း...

“မင်းက ငါ့ဆရာကို ရှာချင်တာလား”

ရန်ကျောက်ကဲက ပွင့်ပွင့်လင်းလင်းပင် ရှင်းပြလိုက်၏။

“အဖေက အမေ့ကိုကယ်တင်ဖို့အတွက် အရှေ့ပိုင်းထိပ်တန်းအရှင်သခင် တာအိုဆရာ ‘ထျန်းယိ’ ကို သတ်လိုက်တယ်...”

ခဏနားပြီးမှ သူက ဆက်ပြောသည်။

“ပြီးတော့ ကျွန်တော်လည်း မြေကမ္ဘာထိပ်တန်းအရှင်သခင် ဝမ်ကျန်းချန်ကို သတ်ပစ်လိုက်ပြီ...”

တာအိုဆရာ ‘ထျန်းယိ’ သတ်ဖြတ်ခံရသည့်သတင်းကြားသိချိန် မိန်းမပျိုဧကရာဇ်၏ မျက်နှာအမူအရာ ပြောင်းလဲသွားခြင်း မရှိပေ။

သို့သော် ရန်ကျောက်ကဲက မြေကမ္ဘာထိပ်တန်းအရှင်သခင်ကို သတ်ဖြတ်လိုက်ကြောင်း ကြားသိချိန်မှာတော့ သူမက မျက်မှောင်တစ်ချက်ကြုံ့ရင်း...

“ယင်ဟွမ်လျှို့ဝှက်ဧကရာဇ် တံခါးပိတ်ကျင့်ကြံနေတုန်းပဲလား...”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“ဟုတ်ပါတယ်...”

ထို့နောက် သူက ဖြစ်ကြောင်းကုန်စင် ဇာတ်လမ်းတစ်ပုဒ်လုံးအား မိန်းမပျိုဧကရာဇ်သိရှိစေရန် မခြွင်းမချန် ရှင်းပြလိုက်သည်။

သူပြောသည်ကို နားထောင်ပြီးနောက် မိန်းမပျိုဧကရာဇ်က ခေါင်းညိတ်ရင်း...

“ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က တိဟွမ်မြေကမ္ဘာဧကရာဇ်ဘက်က ရပ်တည်ပေးမှာပဲ... ၊ အင်း... မင်း ငါ့ဆရာကို ရှာချင်တာ မထူးဆန်းတော့ပါဘူး”

ထိုစကားကိုကြားတော့ ရန်ကျောက်ကဲက အခွင့်အရေးကို လက်လွှတ်မခံဘဲ...

“နက္ခတ်ဧကရာဇ် ဘယ်မှာရှိလဲဆိုတာ မိန်းမပျိုဧကရာဇ်များ သိနိုင်မလား... ၊ သူ ကျွန်တော်တို့ကို အကူအညီပေးနိုင်မလား မသိဘူး”

“ငါ့ဆရာ ကူညီနိုင်မှာ မဟုတ်ဘူး”

မိန်းမပျိုဧကရာဇ်၏ တိုက်ရိုက်အငြင်းစကားက ရန်ကျောက်ကဲအား စိတ်ပျက်သွားစေလောက်သည်။

ထို့နောက် သူမက ရန်ကျောက်ကဲကို စကားပြောခွင့်မပေးဘဲ ရုတ်တရက် မေးလိုက်၏။

“ကျန့်ဟွမ်ဓားဧကရာဇ် အထက်ဘုံကမ္ဘာကို ပြန်မရောက်သေးဘဲ ငါ့ဆရာ အသက်ရှင်နေသေးတယ်ဆိုတဲ့အကြောင်းနဲ့ သူ ငရဲကိုးထပ်မှာ ရှိတယ်ဆိုတဲ့အကြောင်း မင်း ဘယ်လိုလုပ်သိတာလဲ”

သူမက ခဏမျှ စဉ်းစားရင်း...

“မင်းအမေဆီက သတင်းကြားတာလား ၊ ဒီကိစ္စကို သူ မသိဘူးလို့ ထင်ခဲ့မိတာ”

ထို့နောက် မိန်းမပျိုဧကရာဇ်က တည်ငြိမ်စွာဖြင့်...

“ပြီးတော့ မြေကမ္ဘာထိပ်တန်းအရှင်သခင်က နှုတ်လုံတဲ့လူတစ်ယောက်ပဲ ၊ သူ့စိတ်ထဲမှာ တိုက်ပွဲအနိုင်ရပြီး မင်းကို သေလူလို့သတ်မှတ်ထားမယ်ဆိုရင်တောင် ဆရာ့အကြောင်း ဘယ်တော့မှ ပြောပြမှာ မဟုတ်ဘူး”

သူမက ရန်ကျောက်ကဲကိုကြည့်ရင်း...

“လွန်ခဲ့တဲ့နှစ်ပိုင်းက မင်း အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို သွားခဲ့သေးတယ်လို့ သတင်းကြားတယ် ၊ အဲဒီမှာ ချူးလီလီနဲ့ တွေ့ခဲ့သေးလား”

မိန်းမပျိုဧကရာဇ်၏ မှေးမှိတ်ထားသော မျက်ဝန်းအစုံက သူ့ကို စူးစိုက်ကြည့်နေသကဲ့သို့ရှိလေရာ ရန်ကျောက်ကဲ မချိပြုံးပြုံးလိုက်မိသည်။

စောစောက သူတွေးထားသည်များ အမှန်တကယ် ဖြစ်ပျက်လာခဲ့ပေပြီ။

ကျဲ့မင်ခုန်က အကြောင်းအရာများစွာကို မျက်ကွယ်ပြုထားပြီး စိတ်မဝင်စားသလိုနေထိုင်သည်မှာ သူမက ပါဝင်ပတ်သက်လိုခြင်း မရှိသောကြောင့် ဖြစ်သည်။

တကယ်တော့ သူမက အကြောင်းအရာများစွာကို ကောင်းကောင်းသိရှိပြီး ထိုအရာများနှင့် မဆက်နွယ်လိုခြင်းသာ ဖြစ်သည်။

တကယ်၍ သူမက တစ်စုံတစ်ခုနှင့်ပတ်သက်ပြီး အဖြေရှာရန် ဆုံးဖြတ်ချက်ချလိုက်သည့်အခါမျိုးတွင် အခြားသူများထက်ပိုပြီး အကဲဆတ်တတ်လေသည်။

ငြိမ်သက်ဧကရာဇ်က သူမအကြောင်းကို ကောင်းကောင်းသိပုံရသည်။ ထို့ကြောင့် သူမကို လှုံ့ဆော်ရန် စကားလုံးများပင် အသုံးပြုရန် မလိုခဲ့ပေ။

ရန်ကျောက်ကဲ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့သွားရောက်သည့်ကိစ္စ အထက်ဘုံကမ္ဘာမှ တန်ခိုးစွမ်းအားရှင်အများစု သိရှိကြသည်။ သို့ပေသိ အသေးစိတ်အချက်အလက်များကိုတော့ မသိရှိခဲ့ကြပေ။

သို့ဖြစ်ရာ ကျဲ့မင်ခုန်သည်လည်း အသေးစိတ်အချက်အလက်များကို သိရှိရန် မဖြစ်နိုင်ပေ။

ယခုလည်း သူမက အခြေအနေများကို မှန်းဆပြီး စကားပြောဆိုနေခြင်းဖြစ်လေရာ ချူးလီလီနှင့်တွေ့ဆုံခဲ့ခြင်းမရှိဟု ရန်ကျောက်ကဲ မျက်စိမှိတ်ပြီး ငြင်းဆိုနိုင်သည်။

နက္ခတ်ဧကရာဇ်အကြောင်း သိရှိသွားခြင်းနှင့်ပတ်သက်ပြီး ဝမ်ကျန်းချန်ထံမှ သတင်းရရှိသည်ဟု အကြောင်းပြနိုင်သည်။ မြေကမ္ဘာထိပ်တန်းအရှင်သခင်က သေဆုံးသွားပြီဖြစ်ရာ လူသေတစ်ယောက်က သက်သေပြနိုင်မည် မဟုတ်တော့ပေ။

ထို့ပြင် မိခင်ဖြစ်သူ ရွှယ်ချူးချင်ထံမှ သတင်းရရှိသည်ဟုလည်း ပြောဆိုနိုင်သည်။ မိခင်ဖြစ်သူက သူ့အတွက်ဆိုလျှင် စကားလိမ်ပေးမည်ပဲ ဖြစ်၏။

သို့သော် နောက်ပိုင်း အလိမ်ပေါ်သွားမည်ကိုးစိုးရိမ်သဖြင့် ရန်ကျောက်ကဲက ချူးလီလီနှင့်တွေ့ဆုံခဲ့သည့်အကြောင်း ငြင်းဆန်ရန် ဝန်လေးနေခဲ့သည်။

သို့သော် ကျဲ့မင်ခုန်၏ မေးခွန်းကိုကြားသည့်အခါ ရန်ကျောက်ကဲက အလွန်တရာ အံ့အားသင့်သွားသည့်အမူအရာ ဟန်ဆောင်လိုက်သည်။

“အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကိုရောက်တုန်းက ကျွန်တော် အကြီးအကဲ’ချူး’ နဲ့ ဆုံခဲ့တယ်လေ...”

သူ့အနေဖြင့် ရူးချင်ယောင်ဆောင်ရုံသာ ရှိသည်။

ဟုတ်ပေ၏။

ချူးလီလီက စာပို့ခိုင်းလိုက်သည့်ကိစ္စကိုတော့ မည်သည့်နည်းနှင့်မှ ပြော၍ မဖြစ်ပေ။

ချူးလီလီကိုယ်တိုင်သာ ဖွင့်မပြောလျှင် ကျဲ့မင်ခုန်အနေဖြင့် ဤကိစ္စကို မည်သည့်နည်းနှင့်မှ မသိနိုင်သလို အတည်ပြုရမည့်သက်သေလည်း မရှိနိုင်ပေ။

အကြီးအကဲ’ချူး’ မှာလည်း ကြည့်ရသလောက် ယုံကြည်စိတ်ချရသူဖြစ်ပြီး ဤသို့သောမိုက်မဲသည့်အလုပ်များကို ပြုလုပ်မည့်သူ မဟုတ်ပေ။

ထို့ကြောင့် ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်...

“အကြီးအကဲ’ချူး’ က အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှာနေတာ မိန်းမပျိုဧကရာဇ်လည်း သိတာပဲ မဟုတ်ဘူးလား... ကျွန်တော်က အကြီးအကဲ’ချူး’ နဲ့ ဧကရာဇ်မင်းကို ဂိုဏ်းတူညီအစ်မတွေလို့ ထင်နေတာ...”

All Chapters