← Chapters

နက္ခတ်ဧကရာဇ်နှင့်တွေ့ဆုံခြင်း

Vol. 84 Ch. 1178

နက္ခတ်ဧကရာဇ်နှင့်တွေ့ဆုံခြင်း

Vol. 84 Ch. 1178

အခန်း (၁၁၇၈) နက္ခတ်ဧကရာဇ်နှင့်တွေ့ဆုံခြင်း

မိန်းမပျိုဧကရာဇ် ‘ကျဲ့မင်ခုန်’ အချိန်ကြာမြင့်စွာ တိတ်ဆိတ်ငြိမ်သက်နေသည်။

ပြီးမှ သူမက မေးခွန်းထုတ်လာသည်။

“ချူးလီလီက မင်းကို စာတွေဘာတွေများ ပေးလိုက်သေးလား”

ရန်ကျောက်ကဲက တစ်ချက်မတုံ့ဆိုင်းဘဲ ခေါင်းခါယမ်းရင်း...

“ဘာမှ မပေးပါဘူး...”

ကျဲ့မင်ခုန်က ခေါင်းကို အနည်းငယ်မော့လိုက်သည်။ သူမ၏မျက်နှာက ခံစားချက်ကင်းမဲ့နေပြီး မျက်လုံးများကိုလည်း မှေးမှိတ်ထားသည်ဖြစ်ရာ ရန်ကျောက်ကဲအနေဖြင့် သူမ၏ခံစားချက်ကို သိမြင်ရန် ခက်ခဲသည်။

အချိန်အတန်ကြာမှ ကျဲ့မင်ခုန်က...

“ဆရာ့အနေနဲ့ မင်းတို့ ‘ရန်’ အိမ်တော်ကို ကူညီပေးဖို့ အဆင်ပြေမှာ မဟုတ်ဘူး”

ခဏနားပြီးမှ သူမက ဆက်ပြောသည်။

“သူ မကူညီချင်လို့ မဟုတ်ဘူး ၊ သူ့မှာ လုပ်စရာကိစ္စတွေ ရှိနေလို့ပါ”

ရန်ကျောက်ကဲက အလျှော့မပေးဘဲ မေးမြန်းလိုက်သည်။

“ဒါဖြင့် ကျွန်တော် နက္ခတ်ဧကရာဇ်နဲ့များ တွေ့ဆုံနိုင်မလားလို့ တွေးမိပါတယ် ၊ ဧကရာဇ်မင်းက မကူညီနိုင်ဘူးဆိုရင်တောင် အဘိုးရဲ့ အရင်းနှီးဆုံးမိတ်ဆွေဖြစ်တဲ့အတွက် ဂါရဝပြုချင်မိပါတယ်”

“တိဟွမ်မြေကမ္ဘာဧကရာဇ်နဲ့ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်တို့ရဲ့ ဖိအားကြီးမားလွန်းတဲ့အတွက် အချိန်တိုအတွင်း အကူအညီရဖို့ နက္ခတ်ဧကရာဇ်ကလွဲပြီး တခြားသူ မစဉ်းစားနိုင်ခဲ့ပါဘူး ၊ ဒါပေမဲ့ ကျွန်တော်စိတ်ပူနေရင်တောင် ဘာကိုမှ စိတ်လိုက်မာန်ပါလုပ်မှာ မဟုတ်ပါဘူး”

သူက လက်ဖဝါးနှစ်ဖက်ကို ဖြန့်ကားရင်း...

“ဒါကြောင့် ဖြစ်နိုင်ရင် နက္ခတ်ဧကရာဇ်နဲ့ တွေ့ခွင့်ရချင်မိပါတယ်”

စကားပြောရင်း ရန်ကျောက်ကဲမျက်ဝန်းများက အတွေးတစ်စဖြင့် လက်ခနဲတောက်ပသွားသည်။

“ပြီးတော့ ကျွန်တော့်တူလေး ‘ရှီကျွင်း’ နဲ့ သူ့အမေကလည်း ငရဲကိုးထပ်ရဲ့ လျှို့ဝှက်ချက်တစ်ခုနဲ့ ပတ်သက်နေတဲ့အတွက် စိတ်ပူပန်နေရပါတယ် ၊ နက္ခတ်ဧကရာဇ်ကလည်း ငရဲကိုးထပ်နဲ့ပတ်သက်နေတယ်ဆိုတော့... ဖြစ်နိုင်ရင် သူ့ဆီက အကြံဉာဏ်တွေလည်း လိုချင်မိပါတယ်”

ဝါဒတောင်ဖွင့်ပွဲအခမ်းအနားအပြီးတွင် မိန်းမပျိုဧကရာဇ် ‘ကျဲ့မင်ခုန်’ ၊ အရှေ့တောင်ထိပ်တန်းအရှင်သခင် ‘ချောင်ကျယ်’ ၊ အရှေ့မြောက်ထိပ်တန်းအရှင်သခင် ‘လျိုကျန်းကူ’ နှင့်အခြားသူများအားလုံး ရှီကျွင်းတို့သားအမိကို စစ်ဆေးကြည့်ခဲ့ကြသည်။

ထိုအချိန်ကတည်းက မိန်းမပျိုဧကရာဇ်က ငရဲကိုးထပ်နှင့်ပတ်သက်လျှင် အလွန်အကဲဆတ်ပြီး သတိထားပုံရကြောင်း ရိပ်မိခဲ့၏။ အခြားကိစ္စရပ်များစွာကို လျစ်လျူရှုလေ့ရှသော ကျဲ့မင်ခုန်သည် ငရဲကိုးထပ်နှင့်ပတ်သက်လျှင်တော့ သဘောထား အလွန်ကွာခြားကြောင်း သတိပြုခဲ့မိသည်။

ယခု နက္ခတ်ဧကရာဇ်၏ အခြေအနေနှင့် ဆက်စပ်တွေးတောမှုပြုလုပ်ရလျှင် သူ အာရုံခံမိသည်မှာ မှာယွင်းခြင်းမရှိကြောင်း သေချာစေသည်။

ထိုစကားကြားတော့ ကျဲ့မင်ခုန်က ရန်ကျောက်ကဲအား လှည့်ကြည့်လာသည်။

အတန်ကြာမှ သူမက ခေါင်းညိတ်ရင်း...

“ကောင်းပြီလေ... ဒါဖြင့် ငါနဲ့လိုက်ခဲ့ပါ”

သူမက ဆက်ပြောသည်။

“ဆရာက ရွှေစင်ထက်ယံအရှင်သခင်ရဲ့ အဆက်အနွယ်တွေကို အမြဲတမ်း ဂရုစိုက်တယ် ၊ မင်းက တိဟွမ်မြေကမ္ဘာဧကရာဇ်နဲ့ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်အပေါ် အပြစ်ပြုမိလို့ အထက်ဘုံကမ္ဘာက နှင်ထုတ်ခံရမယ်ဆိုရင် နောက်ပိုင်းမှာ ဆရာ့အနေနဲ့ မင်းကိုတွေ့ဆုံနိုင်ဖို့ မသေချာတော့ဘူး”

“မင်းအဖေကိုမတွေ့ရပေမယ့် မင်းကိုတွေ့ရရင်လည်း ဆရာ ဝမ်းသာမှာပါ ၊ ပြီးတော့ မင်းရဲ့ပြဿနာကို ဘယ်လိုဖြေရှင်းမလဲဆိုတာအတွက်လည်း လမ်းညွှန်ပေးနိုင်မယ်”

ပြောပြီးသည်နှင့် သူမ၏ခန္ဓာကိုယ်အား ရေခဲအလွှာဖြင့် တဖြည်းဖြည်းဖုံးလွှမ်းသွားပြီး ရေခဲရုပ်တုတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

တစ်ချိန်တည်းပင် လေထဲတွင် ပျံ့နှံ့နေသော ရေခဲများနှင့် နှင်းများ တဖြည်းဖြည်း စုစည်းသွားပြီး အလွန်ကြီးမားသော ရေခဲမြေကြီးတစ်ကောင် ဖြစ်တည်လာသည်။

နှင်းဖြူရေခဲမြွေကြီး၏ မျက်ဝန်းများက အနက်ရောင်လင်းလက်နေပြီး တကယ့်အသက်ရှင်နေသည့် မြွေကြီးတစ်ကောင်ပမာ ဖြစ်သည်။

ထို့နောက် ဧရာမ ရေခဲမြွေကြီးက ရေခဲရုပ်တုပမာ မိန်းမပျိုဧကရာဇ်ကို သူ၏ကျောထက်သို့ ခေါ်ဆောင်ပြီး ခန္ဓာကိုယ်ကိုဆန့်ကာ အဝေးသို့ ပျံသန်းထွက်ခွာသွားသည်။

ရန်ကျောက်ကဲက ကျဲ့မင်ခုန်အား လက်နှစ်ဖက်ဆုပ်ဂါရဝပြုရင်း...

“အခုလိုလမ်းပြပေးတာ ကျေးဇူးတင်ပါတယ် မိန်းမပျိုဧကရာဇ်”

ထို့နောက် သူမက ဧရာမ ရေခဲမြွေကြီး၏ ဦးခေါင်းထက်သို့ ခုန်တက်လိုက်ပြီး ကျဲ့မင်ခုန်ဘေးတွင် မတ်တတ်ရပ်လိုက်သည်။

သူတို့နှစ်ယောက် ရေခဲမြွေကြီးကို စီးနှင်ကာ အေးစိမ့်စမ်းချောင်းနယ်မြေမှ ထွက်ခွာလာကြသည်။

ရေခဲမြွေကြီးက အထက်ဘုံကမ္ဘာသို့ ပြန်ခြင်းမရှိဘဲ ငရဲကိုးထပ်ဆီသို့ ဦးတည်သွားခဲ့သည်။ ငရဲကိုးထပ်သို့ ဝင်ရောက်သည်နှင့် နတ်ဆိုးချီများက သိပ်သည်းလွှမ်းခြုံလာသည်။

မိန်းမပျိုဧကရာဇ်က အလွန်တည်ငြိမ်နေပြီး ရန်ကျောက်ကဲက စိတ်အာရုံစူးစိုက်လျှက် တည်ငြိမ်စွာပင် နတ်ဆိုးချီစွမ်းအားများကို ထိန်းချုပ်ထားသည်။

ပတ်ဝန်းကျင်ကိုငေးရင်း ရန်ကျောက်ကဲ စဉ်းစားခန်း ဖွင့်နေမိ၏။

သူက မြေကမ္ဘာထိပ်တန်းအရှင်သခင် ‘ဝမ်ကျန်းချန်’ ကို သတ်ဖြတ်လိုက်သည့်အတွက် မိန်းမပျိုဧကရာဇ်က မကျေမနပ်ဖြစ်ခြင်း ၊ ဒေါသဖြစ်ခြင်းမျိုး မရှိခဲ့ပေ။

ဤသည်က ရန်ကျောက်ကဲအတွက် တွေးစရာ ဖြစ်ခဲ့သည်။

ဝါစဉ်အရ ပြောမည်ဆိုလျှင် မိန်းမပျိုဧကရာဇ်က ဝမ်ကျန်းချန်ကို အဆင့်တူညီသူဟု သတ်မှတ်နိုင်သည်။ သို့သော် ထိုအတွက်ကြောင့်ဖြင့် သူတို့နှစ်ယောက်က ထူးခြားသည့်ဆက်ဆံရေးမျိုး မရှိခဲ့ပေ။

ကျဲ့မင်ခုန်က အေးစက်သောစိတ်နေစိတ်ထားရှိသူဖြစ်ရာ သူမနှင့် စကားစမြည်ပြောဆိုဖူးသူတစ်ယောက် သေဆုံးသွားသည်ကို အရေးမစိုက်ပေ။ ထို့ပြင် အထက်ဘုံကမ္ဘာတွင် ဖြစ်ပေါ်ခဲ့သော အပြောင်းအလဲများကိုလည်း သူမက အရေးမစိုက်ပေ။

မိန်းမပျိုဧကရာဇ်က ကြားနေရပ်တည်မည်လား ၊ သို့မဟုတ် သူ့ကိုကူညီများလား ရန်ကျောက်ကဲစိတ်ထဲ မရေမရာ ဖြစ်နေသည်။

ဟုတ်ပေ၏။

သူ့အနေဖြင့် ကျဲ့မင်ခုန်ကို ဆန့်ကျင်သည့် မည်သည့်အလုပ်ကိုမှ မပြုလုပ်မိရန် လိုအပ်သည်။

အရေးကြုံလျှင် မိန်းမပျိုဧကရာဇ်က ချီလင်ကမ်းပါးထက် ကျောက်စိမ်းကျောက်ဆောင်ဘက်မှ ရပ်တည်နိုင်သည့်ပုံစံရှိလေရာ အခြေအနေက မျှော်လင့်ထားသည်ထက် ကောင်းမွန်နိုင်သည်။

ပြီးတော့ နက္ခတ်ဧကရာဇ်က သူမကို တောင်းဆိုမည်ဆိုပါက မိန်းမပျိုဧကရာဇ်အနေဖြင့် ရန်ကျောက်ကဲကို သေချာပေါက် ကူညီပေမည်။

မိန်းမပျိုဧကရာဇ်၏ အကူအညီက တိဟွမ်မြေကမ္ဘာဧကရာဇ်နှင့် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်တို့၏ ဖိအားများကို ကိုင်တွယ်ဖြေရှင်းရန် အထောက်အကူ မဖြစ်နိုင်သော်လည်း သူမ၏တန်ခိုးစွမ်းအားက အခြားသော ဧကရာဇ်(၄)ပါးထက် သာလွန်သည်က အမှန်ပင်။

သို့ဆိုလျှင် အားကိုးရမည့် အဓိကပုဂ္ဂိုလ်က နက္ခတ်ဧကရာဇ်သာလျှင် ဖြစ်သည်။

ဧရာမ ရေခဲမြွေကြီးက သူတို့နှစ်ယောက်အား သယ်ဆောင်ပြီး ငရဲကိုးထပ်တွင် ရက်ပေါင်းများစွာ ခရီးနှင်ခဲ့သည်။ မိန်းမပျိုဧကရာဇ်၏ တစ်ချိန်လုံး ရေခဲအလွှာထဲတွင်ရှိနေပြီး လှုပ်ရှားခြင်းလည်းမရှိသလို စကားစမြည်ပြောဆိုခြင်းလည်း မရှိပေ။

တိုက်ခိုက်သည့်အချိန်တွင် သူမက ခက်ထန်ပြီး လွှမ်းမိုးနိုင်စွမ်း အပြည့်ရှိသည်။ နေ့စဉ်ဘဝတွင်တော့ သူမက ပြဿနာများစွာ၏အဝေးတွင် နေထိုင်လေ့ ရှိ၏။

ထို့ကြောင့် ငရဲကိုးထပ်မှ နတ်ဆိုးများနှင့်ရင်ဆိုင်တွေ့ရသည့်အခါ သူမက များသောအားဖြင့် ရှောင်ရှားသွားတတ်သည်။

တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ရက်ပေါင်းများစွာ ခရီးနှင်ပြီးသည့်နောက် အထက်ဘုံကမ္ဘာ၏ မြောက်ပိုင်းမှ တောင်ပိုင်းသို့ကျော်လွန်ပြီး ဝေးကွာသည့်အရပ်သို့ ရောက်ရှိလာပြီဟု ရန်ကျောက်ကဲ ခန့်မှန်းလိုက်သည်။

ထို့နောက် နတ်ဆိုးချီစွမ်းအားများအလယ် ခရီးနှင်နေသည့် ရေခဲမြွေကြီးသည် ရုတ်တရက် ငရဲကိုးထပ်မှ ထွက်ခွာသွားပြီး အခြားသော အေးစိမ့်စမ်းချောင်းနယ်မြေတစ်ခုသို့ ရောက်ရှိလာ၏။

သို့သော် ဤနေရာက အခြားသော အေးစိမ့်စမ်းချောင်းနယ်မြေများနှင့် တူညီခြင်း မရှိပေ။

အမှောင်ထုက နက်ရှိုင်းအုံ့မှိုင်းပြီး ထိုအမှောင်ထုထဲတွင် တစ်စုံတစ်ခု ရှိနေဟန်တူသည်။

“ရေခဲမြစ်တစ်ခုပဲ...”

ရန်ကျောက်ကဲ တွေးလိုက်၏။

ထို့နောက် သူတို့အမြင်အာရုံထဲ ဝင်ရောက်လာသည်က ရေခဲမြစ်တစ်စင်း တိုက်စားထားသော ကျယ်ပြန့်သော နှင်းလွင်ပြင်ကြီးတစ်ခု ဖြစ်သည်။

အေးစိမ်းစမ်းချောင်းနယ်မြေ၏ ရေခဲလွင်ပြင်တစ်ခု...။

သို့သော် ရေခဲများက ပုံမှန်အတိုင်းကြည်လင်နေခြင်းမျိုးမရှိဘဲ မှိုင်းညို့နက်မှောင်နေပြီး အလင်းပြန်ခြင်းလည်း မရှိသလို ရေခဲမြစ်၏ အရွယ်အစားနှင့် ထုထည်သည်လည်း တိုင်းတာမရနိုင်ပေ။

အစပိုင်းမှာတော့ မည်သည့်အေးစိမ့်မှုမှ မခံစားရသည်ဖြစ်ရာ နှင်းများနှင့်ရေခဲများက ပုံရိပ်ယောင်လေများလားဟု ထင်မှားစရာ ရှိသည်။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ အအေးဒဏ်က လွှမ်းမိုးလာပြီး သက်သောင့်သက်သာပင် မရှိတော့ပေ။

အေးစိမ့်မှုမြင့်တက်လာခြင်းက နှေးကွေးသော်လည်း ပြန်လည်လျော့ကျသွားခြင်းမရှိလေရာ ချီစွမ်းအားအသုံးပြုပြီး မည်မျှပင်နွေးထွေးအောင်ပြုလုပ်ပါစေ ပိုမိုးအေးစိမ့်လာခြင်းကိုသာ ခံစားရသည်။

အစပိုင်းတွင် အေးစိမ့်မှုက မသိသာသော်လည်း နောက်ပိုင်းတွင်တော့ အရိုးထဲထိတိုင်အေးခဲသွားပြီး ရုန်းကန်တွန်းလှန်ရန်ပင် အင်အားမရှိဘဲ အသက်သေဆုံးသည်အထိ ဖြစ်သွားနိုင်သည်။

အလွန်အမင်း အေးစက်နေခြင်းက စိတ်အနှောက်အယှက် အဖြစ်ရဆုံးအရာ မဟုတ်ပေ။ ချီစွမ်းအားအသုံးပြုပြီး နွေးထွေးလာရန် မည်မျှကြိုးစားပါစေ အရာမထင်ခြင်းက စိတ်အနှောက်အယှက်ဖြစ်စရာ ကောင်းလှသည်။

ထိုအချိန် တစ်လမ်းလုံး တိတ်ဆိတ်ငြိမ်သက်နေသည့် မိန်းမပျိုဧကရာဇ်က စကားဆိုလာသည်။

“ရောက်ပြီ...”

သူမ၏မျက်လုံးများ မဖွင့်သေးသော်လည်း ခန္ဓာကိုယ်အား ဖုံးအုပ်ထားသည့် ရေခဲအလွှာက လွင့်ပြယ်သွားကာ ဧရာမ ရေခဲမြွေကြီးသည်လည်း ပျောက်ကွယ်သွားသည်။

ရန်ကျောက်ကဲက မိန်းမပျိုဧကရာဇ်နောက် လမ်းလျှောက်လျှက် လိုက်ပါလာပြီး ရေခဲမြစ်နက်ရှိုင်းရာသို့ရောက်လာသည်။

ရေခဲမြစ်ကြောင့် ဖြစ်တည်နေသည့် ရေခဲလွင်ပြင်ကြီးက တိုင်းတာမရအောင် ကျယ်ပြန့်လွန်းသည်။ ရန်ကျောက်ကဲ ခန့်မှန်းချက်အရဆိုလျှင် အထက်ဘုံကမ္ဘာတစ်ဝက်ခန့်မကအောင်ပင် ကျယ်ပြန့်နိုင်၏။

ပတ်ဝန်းကျင်ကို အကဲခတ်လိုက်တော့ ဆိတ်သုဉ်းခြောက်ကပ်နေပြီး သစ်ပင် ၊ အဆောက်အဦနှင့် သက်ရှိများ တည်ရှိမှု အရိပ်အယောင်ပင် မတွေ့ရပေ။

ကျယ်ပြန့်သော ရေခဲလွင်ပြင်ကြီးတွင် ကမ္ဘာဦးကာလ၏ ဆိတ်သုဉ်းခြင်း အငွေ့အသက်ကို ခံစားရသည်။

ထို့ပြင် ရေခဲလွင်ပြင်က အလင်းရောင်နှင့် တောက်ပမှု လုံးဝမရှိသဖြင့် မိုးမြေမွေးဖွားမလာခင် ကနဦးကာလ ပရမ်းပတာ အခြေအနေ၏ တိတ်ဆိတ်မှုနှင့် အမှောင်ထုဆီသို့ ပြန်လည်ရောက်ရှိသွားသည့်အလား ခံစားရသည်။

ဤနေရာတွင် လူ့ယဉ်ကျေးမှု ၊ လူသားများ၏ဆင့်ကဲဖြစ်စဉ် တိုးတက်လာမှုများ မည်သည့်အရာကိုမှ သဲလွန်စလေးတစ်ခုပင် မတွေ့မြင်ရပေ။

မိန်းမပျိုဧကရာဇ်နောက်သို့လိုက်လာရင်း ရန်ကျောက်ကဲ ရေခဲတောင်ကြီးတစ်ခုခြေရင်းသို့ ရောက်ရှိလာသည်။

ထိုအချိန်တွင် လေထဲတွင် ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာသည်။

"မင်းနဲ့အတူပါလာတာ ဘယ်သူလဲ... မင်ခုန်"

ထိုအသံက ရေခဲမြစ်တစ်ခွင်လုံးတွင်ရှိနေသော ရေခဲနှင့် နှင်းများကြား အရပ်မျက်နှာအားလုံးမှ ထွက်ပေါ်လာသည့်အလား ထင်မှတ်ရသည်။

ထိုအသံကိုကြားတော့ မိန်းမပျိုဧကရာဇ်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။

“ဆရာ...”

သူမ၏မျက်နှာထက်တွင် ပုံမှန်မဟုတ်စွာပင် စိတ်ရှုပ်ထွေးမှု ၊ ပျောက်ဆုံးမှု ၊ ပျော်ရွှင်မှု ၊ ဝမ်းနည်းမှု ၊ မလိုလားမှု ၊ စိုးရိမ်ပူပန်မှုများ ရောထွေးလျှက် ရှိသည်။

သို့သော် ထိုခံစားချက်များက သူမ၏မျက်နှာထက်မှ စက္ကန့်ပိုင်းအတါင်းပျောက်ကွယ်သွားလေရာ ရန်ကျောက်ကဲ ထပ်မံမြင်တွေ့ရခြင်း မရှိတော့ပေ။

ကျဲ့မင်ခုန်၏မျက်နှာထက်တွင် ထိုသို့ စိတ်ရှုပ်ထွေးသည့်အမူအရာကို တွေ့မြင်ရသည်မှာ သူ့အတွက် ပထမဆုံးအကြိမ်ပင် ဖြစ်လေ၏။

All Chapters