← Chapters

ရေစင်ထက်ယံအရှင်သခင်

Vol. 84 Ch. 1179

ရေစင်ထက်ယံအရှင်သခင်

Vol. 84 Ch. 1179

အခန်း (၁၁၇၉) ရေစင်ထက်ယံအရှင်သခင်

ကျဲ့မင်ခုန် ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး စိတ်တည်ငြိမ်အောင်ကြိုးစားကာ ရေခဲတောင်ကြီးအား ဂါရဝပြုလိုက်သည်။

“တပည့် ဆရာ့ကို ဂါရဝပြုပါတယ်”

ခဏအတွင်းပင် သူမ၏မျက်နှာအမူအရာက ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

စောစောက ရန်ကျောက်ကဲတွေ့မြင်လိုက်ရသော ကျဲ့မင်ခုန်၏ မျက်နှာအမူအရာပြောင်းလဲမှုမှာ ထင်ယောင်ထင်မှားဖြစ်သည်လားဟုပင် ထင်မှတ်ရသည်။

ရန်ကျောက်ကဲက မျက်လွှာချထားပြီး မလိုအပ်သော လှုပ်ရှားမှုများ မပြုလုပ်တော့ပေ။

မိန်းမပျိုဧကရာဇ်က သူမ မျက်နှာပျက်ယွင်းသည်ကို တခြားသူ မြင်စေချင်မည်မဟုတ်ကြောင်း ရန်ကျောက်ကဲ နားလည်သည်။

ထို့ကြောင့် ရန်ကျောက်ကဲက မကြည့်သင့်သည်ကိုမကြည့် ၊ မပြောသင့်သည်ကို မပြောဘဲနေထိုင်ရန် ဆုံးဖြတ်လိုက်သည်။

“ဒါပေမဲ့...”

ရန်ကျောက်ကဲစိတ်ထဲ သံသယများ ဝင်လာသည်။

“ငါ အမြင်မှားတာများလား ၊ မိန်းမပျိုဧကရာဇ်ရဲ့မျက်နှာမှာ အပြစ်ရှိသလိုခံစားချက်မျိုးနဲ့ စိတ်မသက်မသာ ခံစားရတာတွေ မြင်လိုက်ရသလိုပဲ”

အဘယ့်ကြောင့် သူမက အပြစ်ရှိခြင်းနှင့် စိတ်မသက်မသာဖြစ်ခြင်းများ ခံစားရပါသနည်း။

နက္ခတ်ဧကရာဇ်၏ လက်ရှိအခြေအနေက ကျဲ့မင်ခုန်နှင့် ဆက်စပ်နေသည်လား ၊ သို့မဟုတ် သူမကြောင့် နက္ခတ်ဧကရာဇ်က ဤသို့သောအခြေအနေသို့ ကျရောက်ရသည်လား။

ရန်ကျောက်ကဲ မျက်မှောင်တစ်ချက်ကြုံ့ရင်း အတွေးပေါင်းများစွာ စိတ်ထဲဖြတ်သန်းသွားသည်။

ကျဲ့မင်ခုန်က ရေခဲတောင်ကြီးကိုကြည့်ရင်း‌ လေးစားစွာဖြင့် ပြောလိုက်သည်။

“တပည့်နဲ့အတူပါလာတဲ့သူက ရွှေစင်ထက်ယံအရှင်သခင်ရဲ့ မြေးပါ”

ထိုစကားကိုကြားတော့ ရန်ကျောက်ကဲကလည်း ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး ရေခဲတောင်ထွတ်ကြီးကို ဂါရဝပြုရင်း...

“ဘိုးဘေး ‘ရန်ရှင်းထန်’ ရဲ့ အဆက်အနွယ် ရန်ကျောက်ကဲ နက္ခတ်ဧကရာဇ်ကို ဂါရဝပြုပါတယ်...”

“ရှင်းထန်ရဲ့ မြေးလား...”

အသံက ယခင်ကလိုပင် တည်ငြိမ်နေပြီး လေသံပြောင်းလဲခြင်း လုံးဝ မရှိပေ။

သို့သော် ဧရာမရေခဲတောင်ကြီး အနည်းငယ် တုန်ခါသွားပြီး တောင်ခြေမှ ရေခဲများပွင့်သွားကာ ဥမင်လမ်းကြောင်းတစ်ခု ထွက်ပေါ်လာသည်။

“ဝင်သွားလိုက်ပါ...”

ကျဲ့မင်ခုန်က ရန်ကျောက်ကဲအား ပြောလိုက်သည်။

“ရွှေစင်ထက်ယံအရှင်သခင်ရဲ့ မျိုးဆက်တွေ အန္တရယ်ကင်းကင်းရှိနေတာကိုတွေ့ရတော့ ဆရာက အရမ်းဝမ်းသာပြီး မင်းကို တွေ့ချင်နေတယ်”

ရန်ကျောက်ကဲ အံ့အားသင့်သွားဟန်ဖြင့်...

“မိန်းမပျိုဧကရာဇ်ရော ကျွန်တော်နဲ့အတူ မလိုက်ခဲ့ဘူးလား”

ကျဲ့မင်ခုန်က ခဏမျှတိတ်ဆိတ်နေပြီးမှ ခေါင်းခါယမ်းရင်း...

“လောလောဆယ် ငါလိုက်လို့မဖြစ်ဘူး ၊ ဒါကြောင့် မင်းဟာမင်းပဲ သွားလိုက်ပါ ၊ ဥမင်ထဲကို တည့်တည့်ဝင်သွားပြီး ရေခဲတောင်အောက်ခြေကိုရောက်ရင် ဆရာနဲ့ တွေ့ပါလိမ့်မယ်”

ရန်ကျောက်ကဲ ခေါင်းတစ်ချက်ညိတ်လိုက်ပြီး...

“ကောင်းပါပြီ... ဒါဖြင့် နောက်မှတွေ့ပါမယ် မိန်းမပျိုဧကရာဇ်”

ထို့နောက် သူက မည်သည့်စကားမှ ဆက်မပြောတော့ဘဲ ဥမင်ထဲသို့ လမ်းလျှောက်ဝင်သွားသည်။

တကယ်တမ်း နက္ခတ်ဧကရာဇ်နှင့် တွေ့ရမည်ဆိုပြန်တော့လည်း ရန်ကျောက်ကဲ စိတ်များ ရှုပ်ထွေးနေပြန်သည်။

ရေခဲတောင်အောက်သို့ သူနှင့်အတူလိုက်ရန် ငြင်းဆန်လိုက်သည့်အချိန်တွင် ကျဲ့မင်ခုန်၏ တန်ခိုးစွမ်းအားအတက်အကျ ရုတ်တရက် လှုပ်ခါသွားသည်ကို သူ အာရုံခံမိသည်။

ဤသည်က ပုံမှန်မဟုတ်ပေ။

သူမက တစ်စုံတစ်ခု ကြံစည်ထားခြင်းမျိုးလား.....။

ထိုအချိန်က သူ၏ခြေထောက်အောက်မှ သံမဏိကဲ့သို့မာကျောသော ရေခဲပြင်သည်ပင် လှုပ်ခါသွားသည့်အလား ခံစားခဲ့ရသည်။

“နေဦး နေဦး... နက္ခတ်ဧကရာဇ်က ငါ့ကို ရှင်းပစ်ချင်နေတာများလား... ၊ ငါ့ကို လုပ်ကြံဖို့ သူက တမင်သက်သက် ဒီလိုကြံစည်နေတာလား မသိဘူး”

ရန်ကျောက်ကဲ စိတ်ထဲမှ ရေရွတ်လိုက်သည်။

ရန်ကျောက်ကဲက အခြားသူများအပေါ် အတော်လေး ယုတ်မာခဲ့ဖူးသည်ဖြစ်ရာ သူ့ကို ပြန်လည်ယုတ်မာမည် ၊ ပူးပေါင်းကြံစည်မည်ကို အမြဲတမ်း သတိထားတတ်သူ ဖြစ်၏။

သို့သော် သူ မည်သို့ပင်တွေးကြည့်ပါစေ တစ်ဖက်လူ၏အကြံအစည်ကို စဉ်းစားမရနိုင် ဖြစ်နေရသည်။

နက္ခတ်ဧကရာဇ်နှင့် မိန်းမပျိုဧကရာဇ်က တိဟွမ်မြေကမ္ဘာဧကရာဇ်နှင့် သဘောထားတူညီသည်ဟု မဆိုနိုင်ပေ။

သွေးပူတတ်သော ကျဲ့မင်ခုန်၏ စိတ်နေစိတ်ထားအရ သူမသာ တိဟွမ်မြေကမ္ဘာဧကရာဇ်ကို ထောက်ခံမည်ဆိုလျှင် ရန်ကျောက်ကဲကို အစောကြီးကတည်းက တိုက်ခိုက်သတ်ဖြတ်ပစ်မည်ပင်။

ရန်ကျောက်ကဲစိတ်ထဲ သို့လော သို့လောများ ဖြစ်ပေါ်လာသည်။

“နက္ခတ်ဧကရာဇ်က ဘာကို ချိတ်ပိတ်ထားတာလဲ ၊ မိန်းမပျိုဧကရာဇ်က သူ့ဆရာကို ဒီနေရာမှာ မထားချင်တော့လို့ သူ့အစားတာဝန်ထမ်းပေးဖို့ စတေးခံလူတစ်ယောက်ရှာဖွေနေတာလား ၊ ငါများကံဆိုးပြီး ရွေးချယ်ခံလိုက်ရပြီလား မသိဘူး”

“အဲဒါ ဖြစ်နိုင်တယ်...”

“နေပါဦး...  အဲဒီလိုလည်း ဟုတ်မယ့်ပုံ မပေါ်ပါဘူး....”

စိတ်ထဲရောက်တက်ရာရာများတွေးနေသော်လည်း ရန်ကျောက်ကဲမျက်နှာကတော့ တည်ငြိမ်နေသည်။ သူက ရေခဲတောင် ဥမင်လမ်းအတိုင်း တစ်ဆင့်ချင်းလျှောက်လှမ်းလာပြီး ရေခဲတောင်အောက်ခြေသို့ ရောက်ရှိလာသည်။

တစ်ချိန်လုံးမှောင်မိုက်နေသော နေရာက ရုတ်တရက် တောက်ပလာသည်ကို တွေ့ရသည်။

ကမ္ဘာဦးကာလတွင် စတင်ထွက်ပေါ်လာသည့်အလင်းတန်းက မိုးမြေတစ်ခွင်လုံးအား တောက်ပစေသည့်အလား ဖြစ်သည်။

ရန်ကျောက်ကဲ သေသေချာချာ ကြည့်လိုက်တော့ လမ်းအဆုံးတွင် ငွေရောင်လှိုင်းလုံးများ ရိုက်ခတ်နေသည့် ကျယ်ပြန့်သော ရေပြင်ကြီးကို တွေ့လိုက်ရသည်။

ရေပြင်ကြီးက သမုဒ္ဒရာတစ်စင်းပမာ ကျယ်ပြန့်လွန်းသည်။ ဤသည်က ရေခဲတောင်အောက်ခြေမှ ရေခဲပင်လယ်ကြီး ဖြစ်ဟန်တူ၏။

ရန်ကျောက်ကဲက ရပ်နားခြင်းမရှိဘဲ ရေပြင်ထက်သို့ခြေလှမ်းလိုက်ပြီး ဆက်လက်လမ်းလျှောက်လာခဲ့သည်။

မကြာမီ အဝေးတစ်နေရာတွင်ရှိနေသော ဧရာမ ရေခဲတိုင်လုံးကြီးကို တွေ့လိုက်ရသည်။ ထိုတိုင်လုံးကြီးက အောက်ခြေမှ ရေခဲပင်လယ်ကြီးအား တည်ငြိမ်စေရန် ထောက်ပံ့ထားသည့်အလား အလွန်ကြီးမားပြီး ခမ်းနားထည်ဝါလွန်းသည်။

ရေခဲတိုင်လုံးကြီးက ရေခဲတောင်ထိပ်ဖျားသို့ ထိုးဖောက်ဝင်ရောက်ပြီး ရေခဲပင်လယ်ပြင်အောက်ခြေ နက်ရှိုင်းရာအထိ နစ်မြုပ်နေကာ ဗဟိုဝင်ရိုးတစ်ခုပမာ ရေခဲမြစ်တစ်ခုလုံးကို ချိတ်ဆက်ပေးထားသည်။

ထိုရေခဲတိုင်လုံးကြီးထဲတွင် လူရိပ်တစ်ခု ရှိနေသည်။

ရေခဲတိုင်လုံးကြီးအနားသို့ ရောက်ရှိလာသည့်အခါ ရန်ကျောက်ကဲက လှမ်းမျှော်ကြည့်လိုက်သည့်တိုင် မြင်ကွင်းက မှုံဝါးနေပြီး တစ်ဖက်လူ၏ ရုပ်သွင်ကို ရှင်းရှင်းလင်းလင်း တွေ့မြင်ရခြင်း မရှိပေ။

ဟုတ်ပေ၏။

ရေခဲလွှာက ရန်ကျောက်ကဲ၏ အမြင်အာရုံကို တားဆီးနိုင်သည် မဟုတ်ပေ။

ဤသို့ဖြစ်ရသည်မှာ အေးစိမ့်စမ်းချောင်းတစ်ခုလုံးအား အေးခဲသွားစေပြီး ငရဲကိုးထပ်လမ်းကြောင်းကို ပိတ်ဆို့ထားသည့် နတ်ဘုရားတစ်ပါး၏ တန်ခိုးစွမ်းအားကြောင့် ဖြစ်၏။

“ရှင်းထန်ရဲ့ မြေးလား... မင်းရုပ်သွင်က ရှင်းထန်နဲ့ မတူဘူး ၊ ကြည့်ရတာ ထိုက်ယိဟွာတိမ်တိုက်ကြောင့်ဖြစ်မယ်ထင်တယ်”

ရေခဲတိုင်လုံးကြီးအတွင်းမှ အသံထွက်ပေါ်လာပြီး တိုင်လုံးကြီးအတွင်းမှ ပုံရိပ်သည်လည်း ပိုမိုရှင်းလင်းပြတ်သားလာသည်။

ထိုပုံရိပ်က အသက် (၂၀)ပင်ပြည့်ဟန်မတူသေးသည့် လူငယ်တစ်ယောက်ဖြစ်ပြီး ရန်ကျောက်ကဲနှင့် သက်တူရွယ်တူအလား ထင်မှတ်ရသည်။

သို့သော် သူ၏မျက်ဝန်းများကတော့ ငယ်ရွယ်နုပျိုသောရုပ်သွင်နှင့် မလိုက်ဖက်စွာ ဘဝကံကြမ္မာအပြောင်းအလဲများစွာကြောင့် ရင့်ကျက်တည်ငြိမ်လျှက် ရှိသည်။

မျက်လုံးမျက်ခုံး တစ်ခုချင်းကြည့်လျှင် သူ့ရုပ်သွင်က သာမန်မျှသာဖြစ်သော်လည်း အားလုံးပေါင်းစပ်လိုက်လျှင်တော့ ကြည့်ကောင်းပြီး ချောမောခန့်ငြားသောမျက်နှာမျိုးကို ပိုင်ဆိုင်ထားသည်။

သူ၏အသွင်အပြင်က အေးဆေးတည်ငြိမ်ပြီး အပြာနုရောင်တွင် အဖြူစင်းများပါသော ဝတ်စုံကို ဝတ်ဆင်ထား၏။

ထိုသူက ရေခဲတိုင်လုံးထဲမှာပင် ရှိနေသည့်တိုင် ယခုတော့ ထိုသူ၏ရုပ်သွင်ကို ရန်ကျောက်ကဲ ရှင်းရှင်းလင်းလင်း တွေ့မြင်ရပေပြီ။

လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် နက္ခတ်ဧကရာဇ်၏ အလင်းပုံရိပ်ကို ရန်ကျောက်ကဲ တွေ့မြင်ဖူးသော်လည်း ယခုမှပင် ပထမဆုံးအကြိမ် လူချင်းတွေ့မြင်ရခြင်း ဖြစ်သည်။

အထက်ဘုံကမ္ဘာတွင် ကျန့်ဟွမ်ဓားဧကရာဇ် ‘ယွဲ့ကျန့်ပေ’ ဧကရာဇ်မဖြစ်ခင်က နက္ခတ်ဧကရာဇ်က ဧကရာဇ် (၃)ပါးတွင် တစ်ပါးအပါအဝင် ဖြစ်ခဲ့သည်။

ယခု ထို နက္ခတ်ဧကရာဇ်က ရန်ကျောက်ကဲရှေ့တွင် မတ်တတ်ရပ်နေပေပြီ။

ပြီးတော့ ထိုသူက ခွန်လွန်အထင်ကရ (၉)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော “ရေစင်ထက်ယံအရှင်သခင်” ‘ချန်ရွှမ်ကျုန်း’ လည်း ဖြစ်သည်။

ရန်ကျောက်ကဲက နက္ခတ်ဧကရာဇ်အား ဦးညွှတ်လိုက်ပြီး...

“နက္ခတ်ဧကရာဇ်ကို ဂါရဝပြုပါတယ်”

နက္ခတ်ဧကရာဇ်၏မျက်နှာအမူအရာက အလွန်တည်ငြိမ်ပြီး သူ့ထံမှ တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက်၏ အခြားသူများအပေါ် လွှမ်းမိုးနိုင်စွမ်းရှိသည့် တုန်လှုပ်ဖွယ်ရာ အငွေ့အသက်များထွက်ပေါ်နေခြင်း မရှိပေ။

သူက ရန်ကျောက်ကဲအား ခြေဆုံးခေါင်းဆုံး အကဲခတ်ရင်း...

“မင်းက ရှင်းထန်ရဲ့မြေးလား... ဒါဖြင့် ထိုက်ယိဟွာတိမ်တိုက်က မင်းအဖေဆီမှာပေါ့ ၊ မင်းရဲ့အဖေရော သက်ရှိထင်ရှား ရှိသေးလား”

ထိုစကားကြားတော့ ရန်ကျောက်ကဲစိတ်ထဲ တစ်ချက်လှုပ်ရှားသွားသည်။

နက္ခတ်ဧကရာဇ်၏စကားများကိုကြည့်ရသည်မှာ သူတို့သားအဖအကြောင်း ယခင်အချိန်က ကြားဖူးထားသည်မှလွဲပြီး တခြားဘာမှ မသိရှိသေးကြောင်း ဖော်ပြနေသည်။

ဝါဒတောင်ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ပြီးသည်မှာ နှစ်ပေါင်း အတန်ကြာခဲ့ပြီဖြစ်သည်။ သို့သော် ရန်ကျောက်ကဲတို့သားအဖအကြောင်းကို နက္ခတ်ဧကရာဇ်အား မည်သူမှ အသိမပေးခဲ့ကြပေ။

ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က တံခါးပိတ်ကျင့်ကြံနေပြီး တိဟွမ်မြေကမ္ဘာဧကရာဇ်နှင့် ကျန့်ဟွမ်ဓားဧကရာဇ်တို့က အထက်ဘုံကမ္ဘာသို့ ပြန်ရောက်လာခြင်း မရှိသေးပေ။ ထို့ကြောင့် နက္ခတ်ဧကရာဇ်ကို သတင်းပေးနိုင်မည် မဟုတ်ပေ။

မြေကမ္ဘာထိပ်တန်းအရှင်သခင် ‘ဝမ်ကျန်းချန်’ ကတော့ ရန်ကျောက်ကဲတို့သားအဖ နောက်ခံအင်အားနည်းလေ ကောင်းလေဟု တွေးတောမည်ဖြစ်ရာ နက္ခတ်ဧကရာဇ်ကို အကြောင်းကြားမည့်သူ မဟုတ်ပေ။

ဆိုတော့ မိန်းမပျိုဧကရာဇ်ကရော....။

“မိန်းမပျိုဧကရာဇ်က တမင်သက်သက် မပြောဘဲထားတာလား... ဒါမှမဟုတ် ဒီနှစ်တွေအတွင်းမှ သူနဲ့ နက္ခတ်ဧကရာဇ် မတွေ့ဖြစ်ကြဘဲ ဒီနေ့မှ ပထမဆုံးအကြိမ် တွေ့ဖြစ်ကြတာလား”

ရန်ကျောက်ကဲက နက္ခတ်ဧကရာဇ်အား သူနှင့် သူ့အဖေအကြောင်း ၊ မကြာသေးမီနှစ်များအတွင်း အထက်ဘုံကမ္ဘာအခြေအနေနှင့် သူတို့၏အတွေ့အကြုံများကို ပြောပြရင်း စိတ်ထဲတွင်လည်း အတွေးနယ်ချဲ့လျှက် ရှိသည်။

ရန်ကျောက်ကဲက ရန်ရှင်းထန်၏ အဆက်အနွယ်ဖြစ်ကြောင်း ထိုက်ယိဟွာတိမ်တိုက်ဖြင့် သက်သေမပြနိုင်ခဲ့သည့်တိုင် မိန်းမပျိုဧကရာဇ်ကိုယ်တိုင် ခေါ်ဆောင်လာခဲ့သဖြင့် နက္ခတ်ဧကရာဇ်က သံသယဝင်ခြင်း လုံးဝ မရှိပေ။

ရေစင်ထက်ယံအရှင်သခင်က စကားသိပ်မပြောပေ။ ရံဖန်ရံခါ မေးခွန်းအနည်းငယ်သာ မေးမြန်းတတ်သည်။

သူ စကားမပြောမီတွင်လည်း ရန်ကျောက်ကဲ စကားပြောပြီးသည်အထိ စောင့်ဆိုင်းလေ့ရှိပြီး အချိန်အများစုတွင် ငြိမ်သက်စွာ နားထောင်နေတတ်သည်။

နောက်ဆုံး ရန်ကျောက်ကဲ စကားပြောခြင်း ပြီးဆုံးသွားတော့မှ သူက ခေါင်းတစ်ချက်ညိတ်ရင်း...

“ရှင်းထန်မှာ မြေးတောင်ရှိနေပြီဆိုတော့ ငါလည်း စိတ်ချပါပြီ ၊ ပြီးတော့ အခုဆိုရင် ရှင်းထန်နဲ့ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက တာအိုရောင်းရင်း ‘တိချင်းလျန်’ လည်း အေးအေးချမ်းချမ်း အနားယူနိုင်တော့မှာပါ”

ရန်ကျောက်ကဲက သိမ်မွေ့စွာဖြင့်...

“အဘိုးနဲ့အဘွားက အစောကြီးကတည်းက ဆုံးပါးသွားတော့... ကျွန်တော်နဲ့ အဖေလည်း သားသမီးဝတ္တရား မကျေပွန်နိုင်တာ စိတ်မကောင်းစရာပါပဲ”

ရန်ကျောက်ကဲကို အကဲခတ်ပြီးနောက် နက္ခတ်ဧကရာဇ်က ချီးကျူးစကားဆိုလိုက်သည်။

“အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့် ၊ သိုင်းသူတော်စင် နဝမအဆင့်ပဲ ရှိသေးတယ်... ၊ မူလဖွင့်လှစ်ဓားကို အသုံးပြုပြီး ယင်ယန်တောင်နဲ့မြစ်ရေကားချပ်ကို အကာအကွယ်ယူထားတဲ့ ဝမ်ကျန်းချန်ကို သတ်ပစ်နိုင်ခဲ့တာ တကယ့်ကို ထူးခြားတာပဲ”

ရန်ကျောက်ကဲကတော့ ချီးကျူးစကားအပေါ် တုံ့ပြန်ခြင်းမပြုဘဲ နက္ခတ်ဧကရာဇ်၏ ဆုံးဖြတ်ချက်ကိုသာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့လေသည်။

All Chapters