မဟာနတ်ဆိုးတစ်ပါးကိုဖိနှိပ်ရန် နှစ်ထောင်ပေါင်းများစွာ
Vol. 84 Ch. 1180
အခန်း (၁၁၈၀) မဟာနတ်ဆိုးတစ်ပါးကိုဖိနှိပ်ရန် နှစ်ထောင်ပေါင်းများစွာ
နက္ခတ်ဧကရာဇ်အား ဖြစ်ကြောင်းကုန်စင်ပြောပြစဉ်တွင် ရန်ကျောက်ကဲက ဆင်ခြေများ ၊ အပိုစာသားများလုံးဝမပြောဘဲ ဓမ္မဓိဋ္ဌာန်ကျကျ တည်တည်ငြိမ်ငြိမ်ဖြင့် ပြောဆိုခဲ့သည်။
နက္ခတ်ဧကရာဇ်ကလည်း ရန်ကျောက်ကဲကို အချိန်ကြာကြာ မစောင့်ဆိုင်းစေဘဲ အဖြေပေးခဲ့သည်။
သူက တည်ငြိမ်စွာဖြင့်...
“ယင်ထျန်းရှ ၊ ဟူယွဲ့ရှင်း ၊ ပြီးတော့ မင်းတို့မိသားစုနဲ့ပတ်သက်ပြီး ချီလင်ကမ်းပါးရဲ့ သဘောထားကို ငါ ဘယ်တုန်းကမှ သဘောမတူခဲ့ပါဘူး”
ထို့နောက် သူက ခေါင်းတစ်ချက်ညိတ်လိုက်ပြီး ခေါင်းခါယမ်းလိုက်ပြန်သည်။
“စိတ်မကောင်းစရာက မင်းရဲ့ပြဿနာနဲ့ပတ်သက်ပြီး ငါဘာမှ လုပ်ပေးနိုင်တာ မရှိဘူး ၊ အရင်တုန်းကလည်း ငါ သူတို့ကို မကူညီနိုင်ခဲ့ဘူး ၊ အခုလည်း ငါမင်းကို မကူညီနိုင်ပြန်ဘူး”
မိန်းမပျိုဧကရာဇ်က နက္ခတ်ဧကရာဇ် ကူညီနိုင်မည်မဟုတ်ကြောင်း ကြိုတင်ပြောကြားထားပြီးဖြစ်လေရာ ယခုလိုကြားရသည့်အတွက် သူက အလွန်အမင်း စိတ်ပျက်သွားခြင်း မရှိပေ။
ရန်ကျောက်ကဲက နက္ခတ်ဧကရာဇ်ကိုကြည့်ရင်း...
“ဧကရာဇ်မင်း... ဒီနေရာက ထွက်သွားလို့မရဘူး ဖြစ်နေတာလား”
နက္ခတ်ဧကရာဇ်က တည်ငြိမ်စွာဖြင့်...
“အမှန်ပဲ...”
သို့သော် သူ၏မျက်ခုံးနှစ်ခုကြားတွင် အနာရွတ်တစ်ခုနှင့်ဆင်တူသည့် အက်ကွဲကြောင်းတစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။ ထိုအနာရွတ်ထဲတွင် မှိန်ဖျော့ဖျော့အပြာရောင်အလင်းတန်း တောက်ပနေသည်။
ထိုအနာရွတ်ထွက်ပေါ်လာသည်နှင့် ချက်ချင်းပင် ငရဲကိုးထပ်သို့ ပြန်ရောက်သွားသည့်အလား ရန်ကျောက်ကဲ ခံစားလိုက်ရ၏။
သူ့ပတ်ဝန်းကျင်မှ ရေခဲများဖုံးလွှမ်းနေသည့်လောကကြီးတစ်ခုလုံး ပြောင်းလဲသွားခြင်း မရှိသည့်တိုင် ကြောက်မက်ဖွယ်ရာ ပုံပျက်မှု ဖြစ်ပေါ်လာသည်။ တွင်းနက်ကြီးတစ်ခု ထွက်ပေါ်လာပြီး မိုးမြေတစ်ခုလုံးအား မျိုချတော့မည်အလား ထင်မှတ်ရသည်။
ရန်ကျောက်ကဲ မျက်ခုံးများကို တွန့်ချိုးရင်း...
“နက္ခတ်ဧကရာဇ်...”
ရေခဲတိုင်လုံးထဲတွင်ရှိနေသော ပုံရိပ်က အနည်းငယ်ပြုံးလိုက်ပြီး နဖူးထက်မှ အပြာရောင်အလင်းတန်း မှိန်ဖျော့သွားကာ အနာရွတ်သည်လည်း ပြန်လည်ကွယ်ပျောက်သွားပြီး မည်သည့်အက်ကွဲကြောင်းမှမရှိဘဲ ပြန်လည်ချောမွေ့သွားသည်။
“တခြားကိစ္စတွေ ဘယ်လိုပဲရှိနေပါစေ အတိတ်က ငါလုပ်ခဲ့တဲ့ရွေးချယ်မှုအတွက် ငါ တာဝန်ယူဖို့ လိုအပ်တယ်”
နက္ခတ်ဧကရာဇ်က တည်ငြိမ်စွာပင် ဆိုသည်။
“ဒီနေရာမှာ မတိုးသာ မဆုတ်သာဖြစ်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ငါလည်း ဘာမှလုပ်လို့မရဘူး”
ရန်ကျောက်ကဲ ပင့်သက်တစ်ချက်ရှိုက်လိုက်ရင်း...
“နက္ခတ်ဧကရာဇ်... ဧကရာဇ်မင်းဖိနှိပ်ထားတဲ့ နတ်ဆိုးသာ သာမန်မဟုတ်ဘူးပဲ”
နက္ခတ်ဧကရာဇ်က ခေါင်းညိတ်ရင်း...
“အမှန်ပဲ... ဒီ နတ်ဆိုးက ဒြပ်စင်ငါးပါးမှာ ရေပလ္လင်ကို ပိုင်ဆိုင်တဲ့ နတ်ဆိုးပဲ ၊ သူ နောက်ဆုံးအကြိမ်သေဆုံးသွားပြီးတဲ့နောက် ပြန်လည်မွေးဖွားဖို့ အခွင့်အလမ်း ရှာဖွေခဲ့တယ် ၊ ဒါပေမဲ့ သူ ပြန်လည်မွေးဖွားဖို့ ခြေတစ်လှမ်းဝေးနေသေးတယ် ၊ ဒီလိုအခြေအနေသာမဟုတ်ရင် ငါ သူ့ကို ဒီနေရာမှာ ဒီလိုထိန်းထားနိုင်မှာတောင် မဟုတ်ဘူး”
ရန်ကျောက်ကဲ သက်ပြင်းချလိုက်သည်။
“ဒါက တကယ်ပဲ...”
ဒြပ်စင်ငါးပါးတွင် ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးမှာ မိစ္ဆာနတ်ဘုရား (၁၂) ပါးမှ ထိပ်တန်းမဟာနတ်ဆိုး (၆) ပါးတွင် တစ်ပါးအပါအဝင်ဖြစ်ပြီး ကမ္ဘာပေါ်တွင် အစွမ်းထက်ဆုံး နတ်ဆိုးမျာထဲမှတစ်ယောက် ဖြစ်သည်။
အကယ်၍ ထိုနတ်ဆိုးသာ ပြန်လည်မွေးဖွားလာပြီး အထွတ်ထိပ်အခြေအနေသို့ ရောက်ရှိသွားမည်ဆိုလျှင် တာအိုဝါဒ၏ ကောင်းကင်ဘုံအရှင်များသည်ပင် သူ့ကို တားဆီးရန် ခက်ခဲပေမည်။
ရှေးခေတ်အချိန်ကတည်းက ရေခဲနတ်ဆိုး ၊ ရေနတ်ဆိုး ၊ နှင်းခဲနတ်ဆိုး ၊ သွေးနတ်ဆိုးကဲ့သို့သော မဟာနတ်ဆိုးကြီးများ ကမ္ဘာပေါ်တွင် တစ်ယော်ကပြီးတစ်ယောက် ထွက်ပေါ်လာခဲ့သည်။
ထိုနတ်ဆိုးများအားလုံးသည် ဒြပ်စင်ငါးပါးတွင် ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးများသာဖြစ်ပြီး သူတို့အများစု ကာလအတန်ကြာ လောကတစ်ခွင် လွှမ်းမိုးချုပ်ကိုင်ပြီး ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာ ဂုဏ်သတင်းများ ရှိခဲ့ကြသည်။
ထိပ်တန်းမဟာနတ်ဆိုး (၆) ပါးဆိုသည်က ကြောက်မက်ဖွယ် တန်ခိုးစွမ်းအားကို ပိုင်ဆိုင်ထားကြပြီး နတ်ဆိုးလောက၏ ခေါင်းဆောင်များလည်း ဖြစ်ကြသည်။
သူတို့အား သတ်ဖြတ်လိုက်သည့်တိုင် အခွင့်အရေးရသည်နှင့် လူပြန်ဝင်စားကာ ပြန်လည်မွေးဖွားနိုင်ကြသည်။
သို့သော် သူတို့ ပြန်လည်မွေးဖွားမလာခင် ၊ သို့မဟုတ် ပြန်လည်မွေးဖွားလာပြီး အထွတ်ထိပ်အဆင့်သို့ မရောက်ခင် အချိန်တစ်ခု လိုအပ်သည်။
ယင်းရှီယန် ဓားနတ်ဆိုးအဖြစ် အသွင်ပြောင်းသွားချိန်တွင် သူက ဓားနတ်ဘုရား ရန်ရှင်းထန်ကို ထပ်မံစိန်ခေါ်ခဲ့သည်။
ထိုအချိန်တါင် ယင်းရှီယန်၏ တန်ခိုးစွမ်းအားက မြင့်မားနေသော်လည်း ဒြပ်စင်ငါးပါးတွင် သတ္တုပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး အထွတ်ထိပ်အဆင့်သို့ ရောက်ရှိခြင်းနှင့် နှိုင်းယှဉ်နိုင်ခြင်း မရှိသေးပေ။
ရလဒ်အနေဖြင့် သတ္တုပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး ပြန်လည်မွေးဖွားလာသော်လည်း တစ်ဖန်ပြန်လည် ပျက်ဆီးသွားခဲ့လေသည်။
ကံကြမ္မာက ထိုသို့ပင် မသေချာသောအရာတစ်ခု ဖြစ်လာခဲ့သည်။
ထို့ပြင် မဟာနတ်ဆိုးများ၏ တန်ခိုးစွမ်းအားမြှင့်တက်မှု ကြာမြင့်ချိန်က သူတို့လူသားအဖြစ်ပြန်လည်ဝင်စားရန် သိမ်းပိုက်လိုက်သော လူသားကျင့်ကြံသူ၏ ကျင့်ကြံခြင်းအဆင့်နှင့်လည်း ဆက်စပ်နေသည်။
နတ်ဆိုးများ ပြန်လည်ဝင်စားရန် သိမ်းပိုက်လိုက်သော လူသားခန္ဓာက ကျင့်ကြံခြင်းအဆင့် မြင့်မားလေ အထွတ်ထိပ်အဆင့် နတ်ဆိုးတစ်ပါးဖြစ်လာရန် ယူရသောအချိန်ကာလ တိုတောင်းလေ ဖြစ်၏။
သုခဘုံမှ ဗုဒ္ဓအလင်းတန်းနှင့် ကျင့်ကြံနေသူများ ၊ အမတခုံရုံးမှ ရတနာအလင်းတန်းဖြင့် ကျင့်ကြံနေသူများ၏ ရုပ်ခန္ဓာကိုယ်အား သိမ်းပိုက်မည်ဆိုလျှင် သာမန်ထက်ပင် ကြာမြင့်ချိန် နည်းပါးသွားပေမည်။
သေချာသည့်အချက်မှာ ထို မဟာနတ်ဆိုးများက လူပြန်မဝင်စားခင်ကတည်းကပင် ကျင့်ကြံခြင်းစွမ်းအားများစွာ ပိုင်ဆိုင်ထားကြသည်ဖြစ်ရာ သင့်လျော်သော ပြန်လည်မွေးဖွားမှုကိုသာ ရှာဖွေနိုင်ခဲ့ပါက အချိန်တိုအတွင်း အထွတ်ထိပ်အဆင့်သို့ ရောက်ရှိသွားနိုင်သည်။
ကံကောင်းသည်မှာ သူတို့ပြန်လည်မွေးဖွားလာရန် ကိုက်ညီသည့် လူသားရုပ်ခန္ဓာများက အကန့်အသတ်ရှိနေခြင်း ဖြစ်၏။
ယခုအချိန်တွင် ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး လုံးဝပြန်ပေါ်မလာခြင်းမှာ နက္ခတ်ဧကရာဇ်က ထို နတ်ဆိုးဝိညာဉ်ကို ဖိနှိပ်ထားသောကြောင့် ဖြစ်၏။
ထို့ကြောင့်ပင် နက္ခတ်ဧကရာဇ်သည်လည်း ဤနေရာတွင် ပိတ်မိနေခဲ့သည်။
“ဒီနေရာက ငရဲကိုးထပ်နဲ့နီးတယ် ၊ နတ်ဆိုးဝိညာဉ်တွေ လွယ်လွယ်နဲ့ ပေါက်ပွားနိုင်တယ် ၊ ဒါပေမဲ့ ဧကရာဇ်မင်းက မဟာနတ်ဆိုးကို ဖိနှိပ်ဖို့အတွက် အထက်ဘုံကမ္ဘာအစား ဒီနေရာကို ရွေးချယ်ခဲ့တယ်”
ရန်ကျောက်ကဲ ရေရွတ်လိုက်သည်။
“ကြည့်ရတာ ဒီနေရာက ငရဲကိုးထပ်နဲ့ သေမျိုးလူသားလောကရဲ့ ချိန်ခွင်လျှာညှိယူဖို့ လွယ်ကူတယ်ထင်တယ် ၊ အလင်းနဲ့အမှောင် ဆုံချက်ရှိတဲ့ နေရာမျိုးပဲ”
ထိုစကားကိုကြားတော့ နက္ခတ်ဧကရာဇ်က ရန်ကျောက်ကဲကို သဘောကျစွာ ကြည့်လိုက်သည်။
“မင်းက အတော်ထက်မြက်တာပဲ ၊ ဒီလိုလူငယ်မျိုး တွေ့ရခဲတယ်”
ထို့နောက် သူက ခေါင်းခါယမ်းရင်း...
“လောလောဆယ်မှာ ရေပလ္လင်ကိုပိုင်ဆိုင်တဲ့နတ်ဆိုးက ပြန်လည်မွေးဖွားမယ့် လမ်းကြောင်းပေါ်မှာ ရောက်နေပြီ ၊ ပုံမှန်ဆိုရင် သူ ပြန်လည်မွေးဖွားလာမှာကို တားဆီးဖို့ဆိုတာ မဖြစ်နိုင်ဘူး”
“ဒါပေမဲ့ ငါ သူ့ကိုတားဆီးဖို့ အကောင်းဆုံးကြိုးစားခဲ့ပြီး ကံကောင်းစွာနဲ့ အောင်မြင်ခဲ့တယ် ၊ ငါ့အတွက် အထက်ဘုံကမ္ဘာမှာ နေထိုင်ရတာတော့ လွယ်ကူတာ အမှန်ပဲ ၊ ဒါပေမဲ့ ... တကယ်လို့များ ဒီနတ်ဆိုးက စိတ်ပြောင်းလဲပြီး ပြန်လည်မွေးဖွားလာဖို့ စွန့်လွှတ်လိုက်မယ်ဆိုရင်... ငရဲကိုးထပ်တစ်ခုလုံးကို နှိုးဆော်သလို ဖြစ်သွားပြီး အထက်ဘုံကမ္ဘာမှာ ကပ်ဘေးကြီးကျရောက်လိမ့်မယ်”
ထိုစကားကြားတော့ ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်သည်။
ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး ပြန်လည်မွေးဖွားမလာလျှင်တောင်မှ သူက ပြန်လည်မွေးဖွားလာမည့်အခွင့်အရေးအား စွန့်လွှတ်လိုက်မည်ဆိုလျှင် ငရဲကိုးထပ်တွင် အုံကြွမှုများ ဖြစ်လာပေမည်။ ထို အုံကြွမှုက အလွန်ကြီးမားသည်ဖြစ်ရာ အထက်ဘုံကမ္ဘာတစ်ခုလုံးအား ဝါးမျိုသွားနိုင်မည် ဖြစ်သည်။
နက္ခတ်ဧကရာဇ်က...
“သေမျိုးလူသားလောကနဲ့ ငရဲကိုးထပ်ချိတ်ဆက်နေတဲ့ ဒီနေရာမှာတော့ အထက်ဘုံကမ္ဘာအတွက် ခြိမ်းခြောက်မှု လျော့နည်းသွားနိုင်တယ် ၊ ပြီးတော့ ဒီ မဟာနတ်ဆိုးကြီးကလည်း အခုချိန်မှာ ပြန်လည်မွေးဖွားလာဖို့ကိုစွန့်လွှတ်ပြီး သူ့ကိုယ်သူစတေးခံမှာ မဟုတ်သေးဘူး”
အဘယ်ကြောင့်ဆိုသော ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးသည် ယခုအချိန် ပြန်လည်မွေးဖွားလာရန် စွန့်လွှတ်ပြီး သူ့ကိုယ်သူ စတေးခံမည်ဆိုပါက နက္ခတ်ဧကရာဇ်နှင့် အခြားသူများကို ခြိမ်းခြောက်မှု မဖြစ်စေနိုင်ကြောင်း သိရှိထားသည်။
နက္ခတ်ဧကရာဇ်က အထက်ဘုံကမ္ဘာတွင် နေထိုင်ခြင်းမရှိလေရာ သူ့ကိုယ်သူ စတေးခံလိုက်လျှင် အကျိုးအမြတ်ထက် အရှုံးသာရရှိနိုင်သည်။
ထို့ကြောင့် နှစ်ဘက်လုံးက မတိုးသာ မဆုတ်သာအခြေအနေ ရောက်နေကြခြင်းပင်။
ပြီးတော့ ဤအခြေအနေက နှစ်ထောင်ပေါင်းများစွာ ကြာမြင့်ခဲ့ပေပြီ။
အထက်ဘုံကမ္ဘာ၏ မူလ ဧကရာဇ် (၃)ပါးထဲတွင် တစ်ယောက်အပါအဝင်ဖြစ်သော နက္ခတ်ဧကရာဇ် ‘ချန်ရွှမ်ကျုန်း’ သည် အထက်ဘုံကမ္ဘာမှ ပျောက်ကွယ်သွားပြီးနောက်ပိုင်း သူ့ကို မည်သူမှ မတွေ့မြင်ကြရတော့ပေ။
သူက မဟာနတ်ဆိုးတစ်ပါးကို ဖိနှိပ်ရန်အတွက် ဆိတ်သုဉ်းသောနေရာတစ်ခုတွင် နှစ်ထောင်ပေါင်းများစွာကို တစ်ရက်ပမာ နေထိုင်လျှက် ရှိသည်။
ရန်ကျောက်ကဲ သက်ပြင်းချလိုက်မိသည်။
သူက အဆိုးဆုံးအတွက်အတွက် ပြင်ဆင်ထားပြီးဖြစ်သော်လည်း အနည်းငယ်တော့ စိတ်ဓာတ်ကျသလို ဖြစ်သွားသည်။
မျှော်လင့်ထားသည့်အတိုင်းပင် နက္ခတ်ဧကရာဇ်က ကူညီနိုင်ခဲ့ခြင်း မရှိပေ။
သူက မကူညီချင်သောကြောင့် မဟုတ်ပေ။ ဤသို့သောနေရာမျိုးတွင် ပိတ်မိနေသည်ဖြစ်ရာ အခြားမည်သည့်အလုပ်ကိုမှ မလုပ်နိုင်တော့သည်မှာ သဘာဝကျသည်။
ရန်ကျောက်ကဲက...
“ရေပလ္လင်ကိုပိုင်ဆိုင်တဲ့နတ်ဆိုးက မိစ္ဆာနတ်ဘုရား (၁၂)ပါးထဲက တစ်ပါးပဲ ၊ နတ်ဆိုးအပေါင်းရဲ့ ခေါင်းဆောင်လည်း ဖြစ်တယ် ၊ သူ ပြန်လည်မွေးဖွားတဲ့ကိစ္စက ငရဲကိုးထပ်က နတ်ဆိုးတွေကို အတော်လေး လှုပ်လှုပ်ရှားရှားဖြစ်စေမယ်လို့ ကျွန်တော်ထင်ပါတယ်”
သူက လေးနက်စွာဖြင့် ဆက်ပြောသည်။
“ဆိုတော့ ... ဒီနေရာမှာ ဧကရာဇ်မင်းတစ်ယောက်တည်းဆိုရင် အင်အားနည်းနေမယ် မဟုတ်ဘူးလား”
နက္ခတ်ဧကရာဇ်က ခေါင်းခါယမ်းရင်း...
“ကိစ္စမရှိဘူး ၊ လောလောဆယ်မှာ ရေပလ္လင်နတ်ဆိုးက ပြန်လည်မွေးဖွားဖို့ စွန့်လွှတ်ပြီးသူ့ကိုယ်သူ စတေးခံမှာ မဟုတ်သေးဘူး ၊ ဒါဆိုရင် ငရဲကိုးထပ်က တခြားနတ်ဆိုးတွေနဲ့လည်း အဆက်အသွယ်လုပ်လို့ မရနိုင်ဘူး”
ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးမှာလည်း လောလောဆယ် အဆင်မပြေသည့်အနေအထားတွင်ရှိနေသည်။
သူက ပြန်လည်မွေးဖွားမည့်လမ်းကြောင်းပေါ်သို့ ရောက်ရှိနေသော်လည်း လမ်းတစ်ဝက်တွင် ရပ်တန့်နေပြီး မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်နိုင်ခဲ့ပေ။
ရန်ကျောက်ကဲက ပေါ့ပါးသည့်လေသံဖြင့်...
“ဧကရာဇ်မင်း တစ်ခုလောက်မေးလို့ရမလား... ရေပလ္လင်နတ်ဆိုး လူပြန်ဝင်စားဖို့အတွက် ပြီးပြည့်စုံတဲ့ ရုပ်ခန္ဓာပိုင်ရှင်က ဧကရာဇ်မင်းလား”
ထိုမေးခွန်းကိုကြားတော့ ရေခဲတိုင်လုံးကြီးထဲတွင်ရှိနေသည့် နက္ခတ်ဧကရာဇ်က စိတ်အနှောက်အယှက်ဖြစ်သွားဟန် မရှိပေ။
“အမှန်ပဲ... ငါ့ရဲ့ရုပ်ခန္ဓာက ရေပလ္လင်နတ်ဆိုး လူပြန်ဝင်စားဖို့ အသင့်တော်ဆုံးပဲ”
ထို့စကားကြားတော့ ချူးလီလီသည်လည်း ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး ပြန်လည်မွေးဖွားရန်အတွက် သင့်တော်သည့် ရုပ်ခန္ဓာဖြစ်လေမည်လားဟု ထုတ်ဖော်မေးမိလုနီးပါး ဖြစ်သွားသည်။ သို့သော် သူက စကားများကို အချိန်မီ မျိုသိပ်လိုက်နိုင်သည်။
အတိတ်တစ်ချိန်က နက္ခတ်ဧကရာဇ် ၊ မိန်းမပျိုဧကရာဇ်နှင့် ချူးလီလီတို့ကြား မည်သို့သောအရာများ ဖြစ်ပျက်ခဲ့ကြောင်း ရန်ကျောက်ကဲ အတော်လေး သိချင်နေသော်လည်း ယခုကဲ့သို့ကိစ္စမျိုး သွားရောက်မေးမြန်းခြင်းက ရိုင်းရာကျသည်။
ပြီးတော့ ယနေ့ နက္ခတ်ဧကရာဇ်ထံမှ သတင်းအချက်အလက် အတော်များများကိုလည်း သိရှိခဲ့ပြီးပြီ မဟုတ်ပါလား။
ဘိုးဘေးများ၏ဆက်ဆံရေးကောင်းမွန်မှုကြောင့် မိသားစုချင်း ရင်းနှီးကြသည့်တိုင် ရန်ကျောက်ကဲအနေဖြင့် မမေးသင့်သည့်အရာများ ရှိနေဆဲ ဖြစ်သည်။
ရန်ကျောက်ကဲက မျက်တောင်တစ်ချက်ခတ်လိုက်ရင်း...
“မိန်းမပျိုဧကရာဇ်သာ ခေါ်မလာရင် ကျွန်တော်လည်း ဧကရာဇ်မင်းနဲ့ တွေ့နိုင်မှာ မဟုတ်ဘူး ၊ ဒါပေမယ့် မိန်းမပျိုဧကရာဇ်မှာ တခြားဖြေရှင်းစရာ အရေးကြီးကိစ္စတွေ ရှိနေတဲ့ပုံပဲ ၊ တကယ်တော့ သူက ကျွန်တော့်ကို ဒီနေရာကို လိုက်ပို့ပေးဖို့ ရည်ရွယ်မထားခဲ့ဘူး”
ခဏမျှတိတ်ဆိတ်သွားပြီးမှ နက္ခတ်ဧကရာဇ်က ရန်ကျောက်ကဲပြောသည့်စကားကို အရေးမစိုက်ဘဲ စကားလမ်းကြောင်းပြောင်းလိုက်သည်။
“ငါ မင်းကို မကူညီနိုင်ပေမယ့်....”
တွေးတွေးဆဆဖြင့် သူက ဆက်ပြောသည်။
“မင်း အထက်ဘုံကမ္ဘာက ထွက်မသွားချင်ဘူးဆိုရင်တော့... မင်းကို ကူညီနိုင်မယ့်သူတစ်ယောက် ရှိတယ်”