← Chapters

ခွန်လွန်အထင်ကရ(၉)ပါး

Vol. 84 Ch. 1181

ခွန်လွန်အထင်ကရ(၉)ပါး

Vol. 84 Ch. 1181

အခန်း (၁၁၈၁) ခွန်လွန်အထင်ကရ(၉)ပါး

နက္ခတ်ဧကရာဇ်၏စကားကိုကြားတော့ ရန်ကျောက်ကဲက နားမလည်သလို ဟန်ဆောင်လိုက်သည်။

ထို့နောက် သူက...

“ကျွန်တော့်အမေက မုယောက်ကြယ်စင်ထက်ယံအရှင်သခင်ရဲ့ အဆက်အနွယ်ဆိုပေမယ့် မုယောက်ကြယ်စင်ထက်ယံအရှင်သခင် အခု ဘယ်ရောက်နေလဲ သူလည်း မသိပါဘူး”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ အမေပြောတာတော့... မုယောက်ကြယ်စင်ထက်ယံအရှင်သခင်က နေဝန်းထက်ယံအရှင်သခင် ၊ လဝန်းထက်ယံအရှင်သခင်တို့နဲ့ ခင်မင်တယ်တဲ့”

နက္ခတ်ဧကရာဇ်က ခေါင်းခါယမ်းရင်း...

“တာအိုရောင်းရင်း’ရှောက်’ ကို ရှာဖွေမယ်ဆိုရင်တော့ မင်းအတွက် ခက်ခဲလိမ့်မယ်”

သူက ဆက်ပြောသည်။

“လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက သူ့ကိုရှာဖို့ကြိုးစားခဲ့တဲ့သူတွေ အများကြီးပဲ ၊ ဒါပေမဲ့ ဘယ်သူမှ သူ့အကြောင်း သဲလွန်စ မရခဲ့ကြဘူး... ၊ အဲဒီအချိန်တုန်းက...”

ခဏနားပြီးမှ နက္ခတ်ဧကရာဇ်က ဆက်ပြောသည်။

“သူ အပြင်းအထန် ဒဏ်ရာရပြီး ပျောက်သွားတာ ၊ အခုချိန်ထိ ပျောက်ဆုံးနေတုန်းပဲ ၊ ဘယ်သူမှ သတင်းမကြားရဘူး”

ရန်ကျောက်ကဲ မချိပြုံးပြုံးမိတော့မလို ဖြစ်သွားသည်။

နက္ခတ်ဧကရာဇ်က ‘တာအိုရောင်းရင်း ‘ရှောက်’ ‘ ဟု ခေါ်ဆိုသူမှာ ခွန်လွန်အထင်ကရ (၉)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော “မုယောက်ကြယ်စင်ထက်ယံအရှင်သခင်” ဖြစ်သည်။

သူမက ရွှယ်ချူးချင်၏ ဘိုးဘေးဆရာသခင်ဖြစ်ပြီး ထုန်းမင်ဧကရာဇ် ဟူယွဲ့ရှင်း၏ ဆရာလည်း ဖြစ်သည်။

မုယောက်ကြယ်စင်ထက်ယံအရှင်သခင် ‘ရှောက်ကျွင်းဟွမ်’......။

အထက်ဘုံကမ္ဘာကိုတည်ထောင်ခဲ့သော ခွန်လွန်အထင်ကရ (၉)ပါးတွင် မိန်းကလေး (၃)ယောက်ပါရှိပြီး ‘ရှောက်ကျွင်းဟွမ်’ က ထိုမိန်းကလေးများထဲမှတစ်ယောက် ဖြစ်သည်။

ခွန်လွန်အထင်ကရ (၉)ပါးတွင် သူမက မရေမတွက်နိုင်သော အတတ်ပညာများကို တတ်မြောက်ပြီး ပါရမီလည်း အလွန်မြင့်မားသည်။

မဟာကပ်ဘေးကြီးမှ လွတ်မြောက်လာကြသော လက်တစ်ဆုပ်စာ တာအိုကျင့်ကြံသူများသည် ယနေ့ခေတ်အထိ ရပ်တည်နိုင်သည်မှာ ကံကောင်းသည်ဆိုသော်ငြား ၊ မဟာကပ်ဘေးကြီးကြောင့် သိုင်းပညာအမွေအနှစ်များစွာနှင့် ရတနာပစ္စည်းများစွာ လွင်ပြယ်ပျောက်ပျက်ခဲ့ရသည်။

နောက်ပိုင်းမျိုးဆက်များက ဘိုးဘေးအမွေအနှစ်များကို ပြန်လည်ရှာဖွေကြပြီး ထူးခြားသောသိုင်းပညာများ ၊ ရတနာပစ္စည်းများနှင့် အခြားသောအရာများစွာကို ပြန်လည်ရယူရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့ကြသည်။

သို့သော် ဤသည်က ရှည်လျားပြီး ခက်ခဲသောလုပ်ငန်းစဉ်တစ်ခု ဖြစ်ပေသည်။

ရန်ကျောက်ကဲက ထျန်းကျိခန်းမကို တည်ထောင်ပြီး လောကတွင် ပျောက်ဆုံးသွားပြီဖြစ်သော ရတနာပစ္စည်းများစွာကို ပြန်လည်ထုတ်ဖော်ခဲ့ခြင်းက အထက်ဘုံကမ္ဘာတစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။

ရန်ကျောက်ကဲမတိုင်ခင်က အထက်ဘုံကမ္ဘာတွင် ရှားပါးရတနာများ ၊ အထွေထွေအသိပညာဗဟုသုတများနှင့် သိုင်းပညာရပ်များစွာတို့ကို ထုတ်ဖော်ခဲ့သူမှာ မုယောက်ကြယ်စင်ထက်ယံအရှင်သခင် ‘ရှောက်ကျွင်းဟွမ်’ ဖြစ်သည်။

သူမ၏ သုတေသနာပြုချက်များနှင့် ကြိုးပမ်းမှုများက အမှန်တကယ် အကျိုးဖြစ်ထွန်းခဲ့သည်ပင်။

ရှောက်ကျွင်းဟွမ် ပျောက်ဆုံးသွားပြီးနောက် ထိုသို့ သုတေသနပြုမှုများ အရှိန်အဟုန်နှေးကွေးသွားခဲ့လေရာ လူအများ စိတ်မကောင်း ဖြစ်ခဲ့ကြရသည်။

ဤသည်မှာ ရန်ကျောက်ကဲနှင့် ထျန်းကျိခန်းမတို့ အရှိန်အဟုန် မြင့်တက်မလာခင်အထိပင် ဖြစ်လေသည်။

ထို့ပြင် ရှောက်ကျွင်းဟွမ်က ခွန်လွန်အထင်ကရကိုးပါးတွင် အစီအရင်ပညာနှင့် အဂ္ဂိရတ်ပညာ အကျွမ်းကျင်ဆုံး ဖြစ်သည်။

သူမ ပြန်လည်ရှာဖွေ ပြုပြင်ထားသည့် အစီအရင်များ ၊ ဆေးညွှန်းများသည် ယနေ့အချိန်ထိ အထက်ဘုံကမ္ဘာမှလူပေါင်းများစွာကို အကျိုးပြုနေဆဲ ဖြစ်သည်။

ရှောက်ကျွင်းဟွမ်၏ အဂ္ဂိရတ်ပညာကျွမ်းကျင်မှုက ခွန်လွန်အထင်ကရ (၉)ပါးတွင် အတော်ဆုံးဖြစ်ကြောင်း အသိအမှတ်ပြု ခံခဲ့ရသည်။ မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် တာအိုကျင့်ကြံသူများအလယ်တွင် သူမက အဂ္ဂိရပတ်ပညာ အတော်ဆုံး ဖြစ်၏။

ရန်ကျောက်ကဲ၏မိခင် ရွှယ်ချူးချင် အစီအရင်ပညာကျွမ်းကျင်ခြင်းနှင့် အခြားသော အသိပညာများကြွယ်ဝခြင်းမှာ တည်ထောင်သူဆရာဘွားဘွား ‘ရှောက်ကျွင်းဟွမ်’ ၏ အသိပညာ အခြေခံများကြောင့် ဖြစ်သည်။

ရှောက်ကျွင်းဟွမ်၏ အသိပညာမြင့်မားမှုကြောင့် ရွှယ်ချူးချင် ၊ သူမ၏ဆရာနှင့် သူမ၏ဆရာဘွားဘွား ‘ဟူယွဲ့ရှင်း’ တို့သည်လည်း ထိုကဏ္ဍတွင် အားကောင်းသူများ ဖြစ်လာကြသည်။

သို့သော် ရှောက်ကျွင်းဟွမ်က အစောကြီးကတည်းက ပျောက်ကွယ်သွားခဲ့သည်ဖြစ်ရာ ဟူယွဲ့ရှင်းမှာ ဆရာဖြစ်သူထံမှ အရာအားလုံးကို သင်ယူရန် အခွင့်အရေး မရရှိခဲ့ပေ။

နောက်ပိုင်းတွင် ရွှယ်ချူးချင်က အစီအရင်ပညာတွင် ထူးချွန်သောစွမ်းရည်ကို ပြသခဲ့လေရာ သူမသည် တည်ထောင်သူဆရာဘွားဘွား ‘ရှောက်ကျွင်းဟွမ်’ ၏ စွမ်းရည်ကို ပြန်လည်ရရှိခဲ့ကြောင်း လူအများ တွေးထင်မိသည်အထိ ဖြစ်ရသည်။

နက္ခတ်ဧကရာဇ်၏ စကားများကိုကြားပြီးနောက် မုယောက်ကြယ်စင်ထက်ယံအရှင်သခင် သေဆုံးသွားနိုင်ပြီဖြစ်ကြောင်း ရန်ကျောက်ကဲ နားလည်လိုက်သည်။

နက္ခတ်ဧကရာဇ်က ဆက်ပြောသည်။

“တာအိုရောင်းရင်း ‘ကောင်း’ ကတော့... ငရဲကိုးထပ်မှာ ပုန်းအောင်းနေတယ် ထင်တာပဲ ၊ ဒါပေမဲ့ မင်းပြောတဲ့စကားအရဆိုရင်တော့ သူ ထွက်သွားပြီထင်တယ်”

“သူ့မှာ ကိုယ်ပိုင်အစီအစဉ်တွေ ရှိပုံရတယ် ၊ ငါ ခန့်မှန်းတာ မမှားဘူးဆိုရင် သူက အထက်ဘုံကမ္ဘာအခြေအနေတွေကို အမြဲတမ်း အာရုံစိုက်နေလိမ့်မယ်”

“အခု အဖြစ်အပျက်တွေကို သိပြီးတာနဲ့ မင်းမတောင်းဆိုရင်တောင် သူက ဝင်ပါမှာ သေချာတယ် ၊ ဒါပေမဲ့ သူ ဘယ်လိုမျိုး ဝင်ပါမလဲဆိုတာတော့ ငါလည်း မပြောတတ်ဘူး”

ရန်ကျောက်ကဲ တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။

တကယ်တော့ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်သည်လည်း နက္ခတ်ဧကရာဇ်ကဲ့သို့ပင် နေဝန်းထက်ယံအရှင်သခင်အကြောင်း ဝေဖန်သုံးသပ်ခဲ့ဖူးသည်။

ကောင်းဟန်နှင့်ပတ်သက်ပြီး သူတို့၏မျတ်ချက်များက အနည်းငယ်ကွဲပြားသည်မှလွဲပြီး များစွာတူညီသည်။

“ပြီးတော့ တာအိုရောင်းရင်း’လင်’...”

အံ့သြစရာကောင်းစွာပင် ထိုနေရာအရောက်တွင် နက္ခတ်ဧကရာဇ်က အချိန်ကြာမြင့်စွာ စကားပြောခြင်းကို ရပ်တန့်လိုက်သည်။

“သူက တာအိုရောင်းရင်း’ကောင်း’ နဲ့ အရမ်းရင်းနှီးတယ် ၊ ဒါပေမဲ့ သူက တစ်ယောက်တည်းနေရတာ သဘောကျတဲ့သူဆိုတော့ သူ့စိတ်ထဲဘာတွေးနေမလဲ ဘယ်သူမှ မသိနိုင်ဘူး”

တာအိုရောင်းရင်း’လင်’ ဟု ပြောလိုက်သည့်ခဏတွင် ရန်ကျောက်ကဲစိတ်ထဲ ပုံရိပ်တစ်ခုအား ပြန်လည်မြင်ယောင်လာသည်။

ရုပ်သွင်ကို အတိအကျ တွေ့မြင်ရခြင်းမရှိဘဲ အရိပ်တစ်ခုမျှသာတွေ့မြင်ခဲ့ရသည့်တိုင် ထိုပုံရိပ်က သူ့စိတ်ထဲ အလေးအနက် စွဲလန်းနေသေးသည်။

အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ကောင်းကင်နန်းတော်တိုင်လုံးကြီးကို ရယူစဉ်က တစ်ခါ ၊ ငရဲကိုးထပ်ချိတ်ပိတ်သည့်အချိန် ထူးကဲယန်စည်းတံဆိပ်ကို ရယူခဲ့စဉ်ကတစ်ခါ ထိုပုံရိပ်ကို တွေ့မြင်ခဲ့ရဖူးသည်။

ထိုမိန်းမပျိုက ထူးကဲယင်သရဖူကို ဆောင်းနှင်းထားသော်လည်း နောက်ဆုံး အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ထိုသရဖူကို ထားရစ်ခဲ့သည်။

တာအိုရောင်းရင်း’လင်’ ဆိုသူက အခြားသူမဟုတ် ၊ ခွန်လွန်အထင်ကရ (၉)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော ‘လဝန်းထက်ယံအရှင်သခင်’ ပင် ဖြစ်သည်။

ခွန်လွန်အထင်ကရ (၉)ပါး၏ မိန်းကလေး (၃)ယောက်တွင် မုယောက်ကြယ်စင်ထက်ယံအရှင်သခင် ‘ရှောက်ကျွင်းဟွမ်’ ၊ ရာဟုကြယ်ထက်ယံအရှင်သခင် ‘ကျန်းရွှင်ဟွား’ တို့နှင့်အတူ နာမည်ကျော်ကြားသော လဝန်းထက်ယံအရှင်သခင် ‘လင်ချင်း’ ပင် ဖြစ်၏။

နက္ခတ်ဧကရာဇ်က ခေါင်းတစ်ချက်ခါယမ်းရင်း...

“တာအိုဝါဒဖွံ့ဖြိုးတိုးတက်မှုနဲ့ပတ်သက်ပြီး တာအိုရောင်းရင်း’ရှောက်’ က တာအိုရောင်းရင်း‌‌’ကောင်း’ ၊ တာအိုရောင်းရင်း’လင်’ တို့နဲ့ တူညီတဲ့သဘောထားရှိပေမယ့် သူတို့က သိပ်ပြီးမရင်းနှီးကြဘူး”

သူက ဆက်ပြောသည်။

“တကယ်တော့ တာအိုရောင်းရင်း’ရှောက်’ က တာအိုရောင်းရင်း’ကျန်း’ နဲ့ အရမ်းရင်းနှီးကြတယ်”

“တာအိုဝါဒဖွံ့ဖြိုးတိုးတက်မှုနဲ့ပတ်သက်ရင် သူမနဲ့ တာအိုရောင်းရင်း’ကျန်း’ က အမြင်မတူကြပေမယ့် သူတို့က မောင်နှမရင်းချာတွေလိုတောင် ခင်ခင်မင်မင် နေထိုင်ခဲ့ကြတာ”

တာအိုရောင်းရင်း’ကျန်း’ ဆိုသည်က မြေကမ္ဘာထက်ယံအရှင်သခင်တစ်ဖြစ်လဲ တိဟွမ်မြေကမ္ဘာဧကရာဇ် ‘ကျန်းရှန်’ ကို ပြောခြင်း ဖြစ်သည်။

သူက မဟာကပ်ဘေးကြီးမှ လွတ်မြောက်လာသည့် တာအိုကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ခွန်လွန်အထင်ကရ (၉)ပါးတွင် အသက်အရွယ် အကြီးဆုံးလည်း ဖြစ်သည်။

နက္ခတ်ဧကရာဇ်၏ စကားများကိုနားထောင်ရင်း ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်သည်။

ဆက်ဆံရေးကောင်းမွန်သည့်လူနှစ်ယောက် အဓိကပြဿနာတစ်ခုတွင် သဘောထားကွဲလွဲသည်မှာ တွေ့ရခဲသည့်ကိစ္စ ဖြစ်သည်။

သဘောထားကွဲလွဲမှုကြီးထွားလာပါက မည်မျှ ခင်မင်ရင်းနှီးသူများဖြစ်ပါစေ လမ်းခွဲကြရမည်သာပင်။

နက္ခတ်ဧကရာဇ်က ဖြည်းညင်းစွာဖြင့်...

“တာအိုရောင်းရင်း’ကျန်း’ အကြောင်းကိုတော့ မင်းသိပြီးသားပါလေ... ၊ ဒါပေမဲ့ တာအိုရောင်းရင်း’ရှောက်’ နဲ့ နက်ရှိုင်းတဲ့ဆက်နွယ်မှုရှိတဲ့ တခြားတစ်ယောက်ရှိနေသေးတယ်”

ရန်ကျောက်ကဲက...

“မီးလျှံထက်ယံအရှင်သခင်လား...”

နက္ခတ်ဧကရာဇ်က ခေါင်းညိတ်ရင်း...

“အမှန်ပဲ... ၊ ဒါပေမဲ့ သူတို့ကြားက ဆက်ဆံရေးက ဘယ်လိုမျိုးလဲဆိုတာ ငါ သိပ်မသိဘူး ၊ ဒါပေမဲ့ သူက တာအိုရောင်းရင်း’ရှောက်’ ကို ဒီနှစ်ပိုင်းတစ်လျှောက်လုံး အဆက်မပြတ် ရှာဖွေနေခဲ့တယ်”

“သူတို့ကြားက ရန်ငြိုးကြောင့်လား ၊ တခြားကိစ္စကြောင့်လားဆိုတာတော့ ငါလည်း မပြောတတ်ဘူး”

နက္ခတ်ဧကရာဇ်က ရန်ကျောက်ကဲကိုကြည့်ရင်း...

“ဒါပေမဲ့ တာအိုရောင်းရင်း’ကောင်း’ နဲ့ တာအိုရောင်းရင်း’လင်’ တို့ကို အကူအညီတောင်းတာထက်ဆာရင် တာအိုရောင်းရင်း’စော’ ကို အကူအညီတောင်းတာက ဖြစ်နိုင်ခြေရှိတဲ့ နည်းလမ်းတစ်ခုပဲ”

တာအို‌ရောင်းရင်း’စော’ ဆိုသည်က မီးလျှံထက်ယံအရှင်သခင် ‘စောမင်ကျန့်’ ကို ပြောခြင်း ဖြစ်သည်။

ခဏမျှ စဉ်းစားပြီးနောက် ရန်ကျောက်ကဲက မိခင်ဖြစ်သူ၏ ‘ဖန်းဝေ့အစီအရင်’ အကြောင်း နက္ခတ်ဧကရာဇ်ကို ပြောမပြတော့ရန် ဆုံးဖြတ်လိုက်သည်။

ထို့နောက် သူက မေးမြန်းလိုက်၏။

“မီးလျှံထက်ယံအရှင်သခင် ပြင်ပဗလာနယ်ထဲမှာ ပျောက်ကွယ်သွားတာ နှစ်ပေါင်းထောင်နဲ့ချီနေပြီ ၊ သူ့ကို ဘယ်လိုရှာဖွေရမလဲဆိုတာ ဧကရာဇ်မင်းများ သိနိုင်မလား”

“မသိဘူး...”

နက္ခတ်ဧကရာဇ်က ဆိုသည်။

“ဒါပေမဲ့ ငါ့မှာ သဲလွန်စတစ်ခုရှိတယ် ၊ မင်း ကြိုးစားကြည့်လို့ရတယ်”

ရန်ကျောက်ကဲက စမ်းသပ်မေးမြန်းလိုက်သည်။

“အဲဒီသဲလွန်စက အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်လား...”

နက္ခတ်ဧကရာဇ်က ပြုံးလိုက်ရင်း...

“မဟုတ်ဘူး... ဒါပေမဲ့ သူနဲ့လည်း သက်ဆိုင်တယ် ၊ ဘာလို့လဲဆိုတော့ အဲဒီသဲလွန်စက သူတို့ရဲ့ မွေးရပ်မြေ ဖြစ်နေလို့ပဲ”

နက္ခတ်ဧကရာဇ်၏စကားကြောင့် ရန်ကျောက်ကဲ အံ့အားသင့်သွားပြီး...

“သူတို့... သူတို့ရဲ့ မွေးရပ်မြေ ဟုတ်လား....”

“ဟုတ်တယ်... သူတို့နှစ်ယောက်လုံးက လူသားတစ်ဝက် နဂါးတစ်ဝက်တွေလေ...”

အတိတ်သို့ ပြန်လည်တမ်းတသည့် အမူအရာတစ်ခု နက္ခတ်ဧကရာဇ်၏မျက်နှာထက်တွင် ဖြတ်သန်းသွားသည်။

“အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်အထဲမှာ မိစ္ဆာဝိညာဉ်တစ်ခု ချိတ်ပိတ်ထားတယ်ဆိုတာ မင်း သိပြီးပြီ မဟုတ်လား”

“တကယ်တော့ သူ့ကို မိစ္ဆာဝိညာဉ်လို့ သတ်မှတ်လို့မရဘူး ၊ နဂါးတစ်ဝက်ဝိညာဉ်လို့ပြောရင် ပိုပြီးသင့်တော်တယ် ၊ သူက လူသားနဲ့နဂါး သွေးနှောဖြစ်လို့ နဂါးမျိုးနွယ်တွေက သူ့ကို ဝိုင်းပြီး အနိုင်ကျင့်ခဲ့ကြတယ် ၊ အဲဒါကြောင့် သူက နဂါးမျိုးနွယ်တွေကို အရမ်းမုန်းတီးနေတာ”

“သူ့ကိုယ်သူ လက်နက်တစ်ခုထဲမှာ ချိတ်ပိတ်ထားခဲ့တာတောင်မှ နဂါးတွေအားလုံးကို သတ်ဖြတ်ပစ်ချင်နေတုန်းပဲ ၊ နောက်ဆုံးတော့ သူ့ကို အေးစက်တဲ့ ရှေးဟောင်းချောက်နက်ကြီးထဲမှာ စည်းတံဆိပ်ခတ်ခဲ့ကြတယ်”

ရန်ကျောက်ကဲက မေးစေ့ကို ပွတ်သပ်ရင်း...

“မီးလျှံထက်ယံအရှင်သခင်ကရော နဂါးမျိုးနွယ်တွေနဲ့ ရန်ငြိုးမရှိဘူးလား”

နက္ခတ်ဧကရာဇ်က ခေါင်းခါယမ်းရင်း...

“သူက အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်နဲ့ မတူဘူး...”

ရန်ကျောက်ကဲက မျက်လုံးများ မှေးစင်းရင်း ရေရွတ်လိုက်သည်။

“မွေးရပ်မြေ... ဟုတ်လား”

***

ခွန်လွန်အထင်ကရ (၉)ပါး

နေဝန်းထက်ယံအရှင်သခင် ‘ကောင်းဟန်’

လဝန်းထက်ယံအရှင်သခင် ‘လင်ချင်း’ (မိန်းကလေး)

ရွှေစင်ထက်ယံအရှင်သခင် ‘ရန်ရှင်းထန်’

မြေကမ္ဘာထက်ယံအရှင်သခင် ‘ကျန်းရှန်’ (တိဟွမ်မြေကမ္ဘာဧကရာဇ်)

ရေစင်ထက်ယံအရှင်သခင် ‘ချန်ရွှမ်ကျုန်း’ (နက္ခတ်ဧကရာဇ်)

မီးလျှံထက်ယံအရှင်သခင် ‘စောမင်ကျန့်’

လျှို့ဝှက်ခြင်းထက်ယံအရှင်သခင် ‘ယန်ချဲ့’ (ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်)

မုယောက်ကြယ်စင်ထက်ယံအရှင်သခင် ‘ရှောက်ကျွင်းဟွမ်’ (မိန်းကလေး)

ရာဟုကြယ်ထက်ယံအရှင်သခင် ‘ကျန်းရွှင်ဟွား’ (မိန်းကလေး)

All Chapters