နက္ခတ်ဧကရာဇ်ထံမှညွှန်ကြားချက်
Vol. 84 Ch. 1182
အခန်း (၁၁၈၂) နက္ခတ်ဧကရာဇ်ထံမှညွှန်ကြားချက်
“ဟုတ်တယ် မွေးရပ်မြေပဲ...”
နက္ခတ်ဧကရာဇ်က ဖြည်းညင်းစွာ ဆိုသည်။
“အဲဒီနေရာပျက်ဆီးသွားပေမယ့် ပြန်ရှာဖို့ ထိုက်တန်ပါတယ်”
“ဒါပေမဲ့ မင်း သတိထားဖို့တော့လိုတယ် ၊ ဒီနှစ်တွေတစ်လျှောက်မှာ လူပေါင်းများစွာက တာအိုရောင်းရှင်း’ရှောက်’ ကို လိုက်ရှာနေသလို တာအိုရောင်းရင်း’စော’ ကိုလည်း လိုက်ရှာနေခဲ့ကြတယ်”
သူက ရန်ကျောက်ကဲကို ကြည့်ရင်း...
“အမတခုံရုံးတည်ရှိတဲ့အကြောင်း မင်းသိပြီးသားဆိုရင် ငါဘာကိုရည်ညွှန်းတယ်ဆိုတာ မင်းနားလည်မှာပါ”
ရန်ကျောက်ကဲက နက္ခတ်ဧကရာဇ်ကို ဦးညွှတ်ရင်း...
“လမ်းညွှန်ပေးတာ ကျေးဇူးတင်ပါတယ် ဧကရာဇ်မင်း”
အထက်ဘုံကမ္ဘာမှ လူများသာမက ပြင်ပဗလာနယ်ထဲတွင် လှည့်လည်သွားလာနေသည့် နေဝန်းထက်ယံအရှင်သခင် ‘ကောင်းဟန်’ သည်ပင် မီးလျှံထက်ယံအရှင်သခင် မည်သည့်နေရာသို့ရောက်နေကြောင်း အနီးကပ်အာရုံစိုက်လျှက် ရှိသည်။
အမတခုံရုံးမှ လူများသည်ပင် သူ့ကို ရှာဖွေနေကြသည် မဟုတ်ပါလား။
နက္ခတ်ဧကရာဇ်ပြောပြသော လိပ်စာနှင့်မြေပုံလမ်းကြောင်းများကို ချရေးမှတ်သားပြီးနောက် ရန်ကျောက်ကဲက ရေခဲတိုင်လုံးကြီးအတွင်းမှ ရေစင်ထက်ယံအရှင်သခင်ကို လှမ်းကြည့်လိုက်ပြီး တိုးလျသည့်လေသံဖြင့် စကားဆိုလိုက်သည်။
“ဧကရာဇ်မင်း... ကျွန်တော် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကိုရောက်တုန်းက အကြီးအကဲ’ချူး’ နဲ့ ဆုံခဲ့တယ် ၊ သူ့ကြောင့်ပဲ ဧကရာဇ်မင်း သက်ရှိထင်ရှားရှိနေသေးတယ်ဆိုတာ သိခွင့်ရခဲ့တာပါ...”
မိန်းမပျိုဧကရာဇ် အတူလိုက်ပါလာခြင်းမရှိသည့်အတွက် ရန်ကျောက်ကဲအနေဖြင့် သူ၏စကားများအတွက် စိတ်ပူစရာ မရှိပေ။
ပြီးတော့ ဤနေရာတွင် ပြောဆိုသမျှ ၊ ဖြစ်ပျက်သမျှ အရာအားလုံးကို မိန်းမပျိုဧကရာဇ်အနေဖြင့် သိရှိနိုင်မည် မဟုတ်ပေ။
“လီလီလား...”
နက္ခတ်ဧကရာဇ်က တစ်ချက်ပြုံးရင်း ဆိုသည်။
“သူ အဆင်ပြေရဲ့လား”
“ကျွန်တော်နဲ့တွေ့တုန်းကတော့ အကြီးအကဲ’ချူး’ အရာအားလုံး အဆင်ပြေနေပါတယ်”
ရန်ကျောက်ကဲက နက္ခတ်ဧကရာဇ်၏ မျက်နှာအမူအရာကို အကဲခတ်ရင်း ဆိုသည်။
သူ၏မိခင် ရွှယ်ချူးချင်ထံမှ သိရှိရသောသတင်းအရ ချူးလီလီက ငရဲကိုးထပ်နှင့် ဆက်စပ်နေဖွယ် ရှိသည်။
သို့သော် ယခု မျက်မြင်အခြေအနေအရ မဟာနတ်ဆိုးတစ်ပါးနှင့် ရှေ့တိုးမရ နောက်ဆုတ်မရ ပိတ်မိနေသည်မှာ နက္ခတ်ဧကရာဇ် ဖြစ်နေခဲ့သည်။
သို့ဖြစ်ရာ နောက်ကွယ်တွင် လျှို့ဝှက်ချက်တစ်ခု ရှိမည်လားဟု ရန်ကျောက်ကဲ ခန့်မှန်းမိသည်။
နက္ခတ်ဧကရာဇ်က...
“သူ့အခြေအနေ ဘယ်လိုလဲ ၊ အေးအေးဆေးဆေးပဲလား...”
“သူ အဆင်ပြေပါတယ်...”
ရန်ကျောက်ကဲက ပြန်ဖြေသည်။
“ဒီလိုပြောရင် ရိုင်းရာကျမလားတော့ မသိဘူး... ဒါပေမဲ့ အကြီးအကဲ’ချူး’ က အရမ်းကို... တက်ကြွသက်ဝင်နေတာပဲ ၊ ပြောရရင် မြီးကောင်ပေါက်မလေး ကျနေတာပဲ”
“ဒါပေမဲ့ သူက ဧကရာဇ်မင်းကိုတော့ သတိရနေတဲ့ပုံပါပဲ...”
“လီလီရဲ့စိတ်ထားက အမြဲတမ်း အဲဒီအတိုင်းပဲ...”
နက္ခတ်ဧကရာဇ်က ခေါင်းခါယမ်းလျှက် ပြုံးရင်း ဆိုသည်။
“ဘယ်တော့မှ ရင့်ကျက်မလာတဲ့ ကလေးမလေးတစ်ယောက်လိုပဲ ၊ ဒါပေမဲ့ သူ ဆယ်ကျော်သက်အရွယ်ရောက်လာတော့ အများကြီးအတွေးအခေါ်တွေ ကောင်းလာတယ်”
အခွင့်အရေးရသည်နှင့် ရန်ကျောက်ကဲက စကားဆိုလိုက်သည်။
“သူက အထက်ဘုံကမ္ဘာကိုယူသွားပေးဖို့ ကျွန်တော်နဲ့အတူ စာတစ်စောင်ပေးလိုက်တယ် ၊ စာထဲမှာ ဘာပါလဲတော့ မသိပါဘူး”
“ဒါပေမဲ့ ဆရာဦးလေး’ယွဲ့’ ပဲဖြစ်ဖြစ် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်ကိုပဲဖြစ်ဖြစ် အဲဒီစာကို လွှဲပြောင်းပေးဖို့ မှာလိုက်ပါတယ် ၊ ကြည့်ရတာ ဧကရာဇ်မင်းဆီပေးဖို့ ရည်ရွယ်ခဲ့တာ ဖြစ်နိုင်ပါတယ်”
နက္ခတ်ဧကရာဇ်က ခေါင်းညိတ်ရင်း...
“ဒါဖြင့် တစ်ချက်ကြည့်ရအောင်...”
ရန်ကျောက်ကဲက ကျောက်စိမ်းပြားလေးတစ်ခုကို ထုတ်ယူလိုက်ပြီး ကြယ်တာရာချီစွမ်းအားအနှစ်သာရကို အသုံးပြုကာ ရေခဲတိုင်လုံးကြီးအနီးသို့ ပို့ဆောင်ပေးလိုက်သည်။
ရေခဲတိုင်လုံးကြီးအတွင်းမှ မမြင်ရသော ဆွဲငင်အားတစ်ခုထွက်ပေါ်လာပြီး ကျောက်စိမ်းပြားလေးက လေထဲသို့ပျံတက်သွားပြီး ရေခဲတိုင်လုံးကြီးအတွင်း ဝင်ရောက်သွားသည်။
နက္ခတ်ဧကရာဇ်က လက်တစ်ဖက်ပင့်မြှောက်လိုက်ပြီး ကျောက်စိမ်းပြားလေးအား ဖမ်းယူလိုက်ပြီး အထဲမှစာကို ဖတ်ရှုလိုက်သည်။
ထို့နောက် သူက အနည်းငယ် ပြုံးလိုက်ရင်း...
“လီလီက တကယ်အတွေးအခေါ်ကောင်းတာပဲ...”
ရန်ကျောက်ကဲက...
“စာပြန်ဦးမလား ဧကရာဇ်မင်း... ကျွန်တော် ပြန်ယူသွားပေးပါ့မယ်”
နက္ခတ်ဧကရာဇ်က ခေါင်းခါယမ်းရင်း...
“စာမပြန်တော့ဘူး... အမှာစကားပဲပါးလိုက်တော့မယ် ၊ မင်းပဲ လီလီကို ပြောပြလိုက်ပါ ၊ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှာ အေးအေးဆေးဆေး ကျင့်ကြံနေပါ ၊ ငါ့အတွက် စိတ်ပူစရာမလိုဘူး ၊ အားလုံးအဆင်ပြေတယ်လို့ ပြောလိုက်ပါ”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“နားလည်ပါပြီ... ကျွန်တော် အကြီးအကဲ’ချူး’ ကို ပြောပြလိုက်ပါ့မယ်”
ထို့နောက် သူက အခွင့်အရေးကို အသုံးချလိုက်ပြီး သိချင်သည့်အချက်ကို မေးလိုက်သည်။
“နက္ခတ်ဧကရာဇ်... ကျွန်တော် နားမလည်တာလေးတစ်ခုလောက် မေးလို့ရမလား ၊ အကြီးအကဲ’ချူး’ ဒီစာကိုပေးလိုက်တုန်းက ဆရာဦးလေး’ယွဲ့’ ဒါမှမဟုတ် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်ကို ပေးပါလို့ ပြောခဲ့တယ် ၊ ဒါပေမဲ့ သူက တိဟွမ်မြေကမ္ဘာဧကရာဇ်နဲ့ မိန်းမပျိုဧကရာဇ်ကို ဘာလို့မပေးခိုင်းရတာလဲ”
“လီလီက အမြဲတမ်း တာအိုရောင်းရင်း’ကျန်း’ ကို ကြောက်တယ်လေ...”
နက္ခတ်ဧကရာဇ် ပြုံးလိုက်သော်လည်း သူ၏မျက်ဝန်းများက အနည်းငယ် တုန်ခါသွားသည်။
“မင်ခုန်နဲ့ကတော့ တချို့ကိစ္စလေးတွေရှိတယ် ၊ လီလီ စိတ်ပူတာကို ငါ နားလည်ပေးနိုင်ပါတယ်”
ရန်ကျောက်ကဲ မည်သည့်မေးခွန်းမှ ထပ်မမေးတော့ပေ။
“ကျွန်တော် နားလည်ပါပြီ...”
အကြောင်းရင်းကို တိတိကျကျ မသိရသည့်တိုင် အခြေအနေကိုတော့ သဘောပေါက်သွားပေပြီ။
မိန်းမပျိုဧကရာဇ်ရှေ့တွင် ချူးလီလီအကြောင်း မပြောသည်က အကောင်းဆုံးပင် ဖြစ်သည်။
ထို့အတူပင် ချူးလီလီရှေ့တွင်လည်း မိန်းမပျိုဧကရာဇ် ကျဲ့မင်ခုန်အကြောင်း အများကြီးမပြောသည်က အကောင်းဆုံးသာပင်။
အချိန်အတန်ကြာစဉ်းစားပြီးသည့်နောက် ရန်ကျောက်ကဲက သူ့ခေါင်းထဲအမြဲထည့်ထားသည့် ရှီကျွင်းတို့သားအမိအကြောင်း နက္ခတ်ဧကရာဇ်အား ပြောပြလိုက်သည်။
သူ၏စကားများကိုကြားတော့ နက္ခတ်ဧကရာဇ်က တစ်ချက်စဉ်းစားလိုက်ရင်း...
“ဒီကိစ္စမျိုး ရှိသလား...”
သူက ဆက်ပြောသည်။
“ငါကိုယ်တိုင် မျက်စိနဲ့မြင်တာမဟုတ်တော့ တိကျတဲ့ကောက်ချက်ချဖို့ ခက်ခဲတယ် ၊ ဒါပေမဲ့ မင်းနဲ့မင်ခုန်က အနီးစပ်ဆုံး ကောက်ချက်ချကြည့်စေချင်တယ် ၊ ကြည့်ရတာတော့ မင်းရဲ့တူလေးနဲ့သူ့အမေရဲ့ ရုပ်ခန္ဓာကို အသုံးချပြီး မဟာနတ်ဆိုးတွေ ပြန်လည်မွေးဖွားလာဖို့ ဖြစ်နိုင်ခြေများတယ် ၊ ဒီကိစ္စက မရိုးရှင်းဘူး”
“ဒါပေမဲ့ ဒီကိစ္စက ဘယ်အဆင့်ရောက်နေပြီလဲ ဘယ်ကဖြစ်လာတာလဲဆိုတာ မျက်စိနဲ့မမြင်ဘဲ ပြောဖို့ခက်တယ်”
“စိတ်မကောင်းစရာပဲ... စိတ်မကောင်းစရာပဲ...”
ရန်ကျောက်ကဲ နားလည်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
ရေပလ္လင်နတ်ဆိုး ပြန်လည်မွေးဖွားမည်ကို ဖိနှိပ်ထားရသော နက္ခတ်ဧကရာဇ်အတွက် မည်သည့်လှုပ်ရှားမှုမှ မလုပ်နိုင်သည်မှာ စိတ်မကောင်းစရာပင် ဖြစ်သည်။
ရှီကျွင်းတို့သားအမိကို ဤနေရာသို့ ခေါ်ဆောင်လာပါက အခန့်မသင့်၍ မဟာနတ်ဆိုးများ လှုပ်ရှားလာပြီး အတူတကွ ဝိုင်းဝန်းတိုက်ခိုက်ကြမည်ဆိုလျှင် နက္ခတ်ဧကရာဇ်တစ်ယောက်တည်းဖြင့် ၎င်းတို့အားလုံးကို နှိမ်နင်းနိုင်မည် မဟုတ်ပေ။
ပြီးတော့ အခြား မဟာနတ်ဆိုးများကို မဆိုထားနှင့် ၊ ရေပလ္လင်နတ်ဆိုး ပြန်လည်မွေးဖွားလာမည့် ဖြစ်စဉ်ကပင် သေမျိုးလူသားလောကအတွက် ကပ်ဘေးတစ်ခု ဖြစ်နေပေပြီ။
ရန်ကျောက်ကဲက...
“အကြီးအကဲ’ချူး’ က ကျွန်တော့်ကို နတ်ဆိုးချိတ်ပိတ်ရေစင် ပေးလိုက်တယ် ၊ ဒီနှစ်တွေအတွင်း ကျွန်တော် အဲဒီရေစင်ကို သုတေသန ပြုနေခဲ့တယ်”
“အခုတော့ တိုးတက်မှုတစ်ခုရလာပြီ ၊ အဲဒီရေစင်ကိုအသုံးပြုပြီး မဟာကပ်ဘေးကြီးမတိုင်ခင်က ယန္တရားပညာအချို့ကို ပြန်လည်ဖန်တီးနိုင်မယ်ဆိုရင် မဟာနတ်ဆိုးတွေကိုနှိမ်နင်းဖို့ အထောက်အကူ ဖြစ်နိုင်တယ်”
ထိုစကားကြားတော့ နက္ခတ်ဧကရာဇ် အံ့အားသင့်သွားပြီး...
“အိုး... ဟုတ်လား”
သူတို့စကားပြောနေသည့်အချိန်အတွင်း နက္ခတ်ဧကရာဇ်အနေဖြင့် ရန်ကျောက်ကဲအကြောင်းကို အပြည့်အဝ မသိရှိနိုင်ပေ။ သို့သော် အနှီလူငယ်က လေးနက်သည့်ကိစ္စရပ်များတွင် စကားနှင့်အလုပ် ညီတတ်ကြောင်း သူ တွေ့ရှိခဲ့ပြီး ဖြစ်သည်။
ထို့ကြောင့် ရန်ကျောက်ကဲက မဟာနတ်ဆိုးများကိုဖိနှိပ်ရန် ယန္တရားပညာပြန်လည်ဖန်တီးနိုင်မည်ဟု ပြောသည့်အခါ ထိုစကားသည် အခြေအမြစ်မရှိသောစကားမဟုတ်ကြောင်း သိနိုင်၏။
စကားပြောနေစဉ် နက္ခတ်ဧကရာဇ်အနေဖြင့် ထျန်းကျိခန်းမအကြောင်း မသိရှိသော်လည်း ရန်ကျောက်ကဲက ထူးထူးခြားခြား ဗဟုသုတကြွယ်ဝသူဖြစ်ပြီး သာမန်လူငယ်များနှင့် လုံးဝမတူညီကြောင်း ရိပ်မိခဲ့သည်။
ရန်ကျောက်ကဲက...
“ကျွန်တော့်ရဲ့ တူလေးနဲ့ သူ့အမေပြဿနာကို ဖြေရှင်းပေးချင်လို့ ဒီနှစ်တွေမှာ အများကြီး သုတေသနတွေ လုပ်ခဲ့ပါတယ် ၊ အောင်မြင်မှုရခဲ့တာတွေ ရှိပေမယ့်... အဲဒါတွေက မလုံလောက်သေးပါဘူး”
ထို့နောက် သူက ရေစင်ထက်ယံအရှင်သခင်အား လက်နှစ်ဖက်ဆုပ် ဦးညွှတ်ဂါရဝပြုလိုက်ရင်း...
“ဒီတော့... ရေပလ္လင်နတ်ဆိုးကို နှစ်ထောင်ပေါင်းများစွာ တားဆီးထားခဲ့တဲ့ ဧကရာဇ်မင်းရဲ့ အတွေ့အကြုံကိုများ ကျွန်တော့်ကို ပြောပြနိုင်မလား မျှော်လင့်မိတယ် ၊ အဲဒီကနေ ကျွန်တော် တစ်ခုခု သင်ယူနိုင်ပါလိမ့်မယ်”
“ရတာပေါ့...”
နက္ခတ်ဧကရာဇ်က ချက်ချင်းပင် သဘောတူလိုက်ပြီး ရန်ကျောက်ကဲကို ပြောပြလိုက်သည်။
စကားပြောဆိုရင်း ရန်ကျောက်ကဲက ရေခဲတိုင်လုံးကြီးထဲတွင်ရှိနေသော နက္ခတ်ဧကရာဇ်ကို စိတ်မကောင်းဟန်ဖြင့် ကြည့်လိုက်မိသည်။
နက္ခတ်ဧကရာဇ်ထံမှ သဲလွန်စအချို့ ရရှိထားပြီးဖြစ်သော်လည်း ချန်ရွှမ်ကျုန်းအနေဖြင့် ဤနေရာမှထွက်ခွာရန် အချိန်ကြာပေဦးမည်။ နှစ် ၊ လ ၊ ရက် မည်မျှစောင့်ရမည်ကို မည်သူမှ မသိနိုင်ပေ။
နောက်ဆုံးတော့ ရန်ကျောက်ကဲ နက္ခတ်ဧကရာဇ်ကို ဦးညွှတ်ဂါရဝပြုလိုက်ပြီး နှုတ်ဆက်စကားဆိုကာ ပြန်လည်ထွက်ခွာလာခဲ့သည်။
ထွက်ခွာသွားသော ရန်ကျောက်ကဲ၏ကျောပြင်ကိုကြည့်ရင်း နက္ခတ်ဧကရာဇ်အကြည့်များ ဝေးကွာသွားပြီး အတွေးထဲ နစ်မျောသွားသည်။
ထွက်ခွာသွားသော ရန်ကျောက်ကဲ၏ပုံရိပ်သည် အခြားသူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားသည်။
ခါးတွင်ဓားရှည်တစ်လက်ချိတ်ဆွဲထားသည့် မာနကြီးပြီးတည်ငြိမ်သောလူငယ်တစ်ယောက် ...။
ရွှေစင်ထက်ယံအရှင်သခင် ‘ရန်ရှင်းထန်’ ၏ ပုံရိပ်သာပင်...။
ထိုစဉ်အချိန်က ရန်ရှင်းထန်ထွက်ခွာသွားသည်ကို ဤသို့ပင် လှမ်းကြည့်ရင်း ကျန်ရစ်ခဲ့သော်လည်း ထိုနှုတ်ဆက်ခွဲခွာမှုက ထာဝရဖြစ်သွားမည်ဟု မည်သူသိနိုင်ပါမည်နည်း။
ရှန်ရှင်းထန်ရုပ်သွင်အပြင် နောက်ထပ် ပုံရိပ်တစ်ခုသည်လည်း နက္ခတ်ဧကရာဇ်စိတ်အာရုံတွင် ထင်ဟပ်လာသည်။
ထိုပုံရိပ်အကြောင်းစဉ်းစားမိတော့ သူ ပို၍ပင် စိတ်မကောင်း ဖြစ်ရသည်။
သူ့ဘဝတွင် ရင်းနှီးသောမိတ်ဆွေအနည်းငယ်သာရှိသော်လည်း သူတို့အားလုံး တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားကြပြီး ယခုတော့ သူတစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။
ရန်ရှင်ထန်က အဆင်ပြေသေးသော်လည်း တခြားမိတ်ဆွေတစ်ယောက်ကတော့ အဆင်မပြေခဲ့ပေ။ အဘယ်ကြောင့်ဆိုသော ထိုမိတ်ဆွေကို သူ့လက်ဖြင့် ကိုယ်တိုင် သတ်ဖြတ်ခဲ့ရသောကြောင့် ဖြစ်သည်။
ရေစင်ထက်ယံအရှင်သခင် ‘ချန်ရွှမ်ကျုန်း’ မျက်လုံးများကို မှေးမှိတ်လိုက်သည့်တိုင် အတိတ်မှ ဖြစ်ရပ်များက သူ၏စိတ်အာရုံထဲ ထင်ရှားစွာ ထွက်ပေါ်လာသည်____။
***
အတိတ်ပုံရိပ်များတွင် __
“ရွှမ်ကျုန်း... ငါနဲ့လိုက်ခဲ့ပါ ၊ ငရဲကိုးထပ်တည်ရှိမှုက ဒီလောကရဲ့ ကံကြမ္မာပဲ ၊ မာန်တက်နေတဲ့ စန်းချင်းသုံးပါး တာအိုကျင့်ကြံသူတွေအားလုံး ငရဲကိုးထပ်အောက်မှာ ကျဆုံးရမှာပဲ”
သက်လတ်ပိုင်းလူရွယ်တစ်ယောက်က အော်ဟစ်ရယ်မောရင်း ပြောဆိုနေသည်။
“ဗုဒ္ဓဆိုတာလည်း သက်ရှိတိုင်းကို လိုက်မကယ်နိုင်ပါဘူးကွာ ၊ တာအိုဝါဒလည်း အတူတူပဲ ၊ နတ်ဆိုးတွေကပဲ လူတွေအားလုံးကို ကယ်တင်နိုင်မှာ ၊ ငရဲကိုးထပ်ကိုရောက်ရင် မင်းအားလုံးနားလည်သွားလိမ့်မယ် ၊ တကယ့်လွတ်လပ်မှုက ဘာလဲဆိုတာ သိသွားလိမ့်မယ်”
ထို့နောက်သူက နဖူးထက်မှ ရေခဲပြာရောင် နတ်ဆိုးသင်္ကေတကို လက်ညှိုးညွှန်ပြရင်း နှုတ်ခမ်းများတွန့်ကွေးကာ ပြုံးလိုက်သည်။
“ရွှမ်ကျုန်း... မင်းသာ ငရဲကိုးထပ်ကိုလိုက်မယ်ဆိုရင် ငါယူထားတဲ့ ရေပလ္လင်နတ်ဆိုးနေရာကို ပေးမယ်ကွာ...”