အတိတ်အကြောင်းတရား ပစ္စုပ္ပန်အကျိုးတရား
Vol. 84 Ch. 1183
အခန်း (၁၁၈၃) အတိတ်အကြောင်းတရား ပစ္စုပ္ပန်အကျိုးတရား
“ငါနဲ့အတူ ငရဲကိုးထပ်ကိုလိုက်ခဲ့ပါ ရွှမ်ကျုန်း... ၊ ငါတို့ အဲဒီကပြန်လာရင် အထက်ဘုံကမ္ဘာမှာ အရာအားလုံး အသစ်ပြန်စလို့ ရပြီ”
“မလုပ်နဲ့... မဖြစ်နိုင်ဘူး”
ဗလာနယ်ထဲတွင် အလင်းတန်းများ တောက်ပသွားသည်။
တစ်ဆက်တည်းပင် အကန့်အသတ်မရှိသော လေထုက အေးခဲသွားပြီး မှောင်မိုက်သည့်စကြာဝဠာက ထာဝရအေးခဲသည့် နှင်းလွင်ပြင်အဖြစ် ပြောင်းလဲသွားသည်။
ဗလာနယ်ထဲတွင် တောက်ပသွားသောအလင်းတန်းများက ထာဝရငြိမ်းသတ်သွားသည့်ပမာ ထင်မှတ်ရသည်။
ချန်ရွှမ်ကျုန်းက သူ၏လက်ဖဝါးကို ဓားတစ်လက်ပမာ ရှေ့သို့ခုတ်ပိုင်းချလိုက်သည်။
သူ၏လက်ဝါးစောင်းရိုက်ချက်အောက်တွင် မရေမတွက်နိုင်သော ရေခဲမှုံများ အက်ကွဲလွင့်ပျံသွားသည်။
သူ့အရှေ့ရှိ သက်လတ်ပိုင်းလူရွယ်မှ အသွင်ပြောင်းထားသော ရေခဲရုပ်တုအပေါ်ပိုင်းမှာ လုံးဝ အက်ကွဲသွားပြီး အောက်ပိုင်းမှာလည်း အမှုန့်ဖြစ်သွားသည်။
ချန်ရွှမ်ကျုန်းက ဝမ်းနည်းခြင်း ၊ ပျော်ရွှင်ခြင်း အလျဉ်းကင်းမဲ့သည့် မျက်ဝန်းများဖြင့် သူ့အရှေ့မှ ဖြစ်ပျက်ခဲ့သမျှကို တိတ်ဆိတ်စွာ ကြည့်နေသည်။
သက်လတ်ပိုင်းလူရွယ်၏ ခန္ဓာကိုယ်ထဲသို့ ‘ရေခဲနတ်ဆိုး’ အဖြစ် ပြန်လည်ဝင်စားလာသော ရေပလ္လင်နတ်ဆိုးမှာ ပြန်လည်မွေးဖွားလာသည့်တိုင် အချိန်တိုတောင်းနေသေးသည်။
သို့သော် ရေပလ္လင်နတ်ဆိုး ပြန်လည်မွေးဖွားလာသည်နှင့် သိုင်းသူတော်စင်အဆင့်ရှိသော သက်လတ်ပိုင်းလူရွယ်မှာ ချက်ချင်းပင် နတ်ဘုရားအဆင့်သို့ တက်ရောက်သွားခဲ့သည်။
သို့ရာတွင် အချိန်တိုတောင်းသေးသည့်အတွက် သူ၏တန်ခိုးစွမ်းအားက လုံလောက်ခြင်း မရှိသေးပေ။
လူပြန်ဝင်စားလာသည့် မဟာနတ်ဆိုးကို သုတ်သင်လိုက်နိုင်သည့်တိုင် ချန်ရွှမ်ကျုန်း ပျော်ရွှင်ခြင်း မရှိခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် သူ၏ မိတ်ဆွေရင်းတစ်ယောက်ကို သတ်ဖြတ်ခဲ့ရသည် မဟုတ်ပါလား။
ရွှေစင်ထက်ယံအရှင်သခင် ရန်ရှင်းထန် ကွယ်လွန်သွားပြီးသည့်နောက် ထိုသူက သူ၏တစ်ယောက်တည်းသော မိတ်ဆွေ ဖြစ်သည်။
ချန်ရွှမ်ကျုန်းက ခံစားချက်ကင်းမဲ့သည့်မျက်နှာဖြင့် ရုပ်တုတစ်ခုပမာ စကြာဝဠာအလယ်ဗဟိုတွင် မတ်တတ်ရပ်နေခဲ့သည်။
အချိန်အတန်ကြာပြီးနောက် သူ့မျက်ဝန်းများ တုန်ခါသွားပြီး နောက်သို့ ခေါင်းလှည့်ကြည့်လိုက်သည်။
စောစောက ဖြစ်ပွားခဲ့သောတိုက်ပွဲနှင့် လက်လှမ်းမမီသောနေရာ ဗလာနယ်ထဲတွင် ရေခဲတောင်တစ်ခု ငြိမ်သက်စွာ လွင့်မျောလျှက် ရှိသည်။
ထိုရေခဲတောင်ထိပ်တွင် ရေခဲနှင့် နှင်းများကို အသုံးပြုပြီး ခမ်းနားထည်ဝါသော နန်းတော်တစ်ခု တည်ဆောက်ထားသည်။
ချန်ရွှမ်ကျုန်းက ထိုရေခဲတောင်ရှိရာသို့ ပျံသန်းထွက်ခွာသွားပြီး နန်းတော်ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။
ရုတ်တရက်...
နန်းတော်အတွင်းမှ ထူးဆန်းသည့်သားရဲငယ်လေးများ အများအပြား ပျံသန်းထွက်လာပြီး ကလေးမလေးတစ်ယောက်က သူတို့နောက်မှပြေးလိုက်လာကာ သားရဲငယ်လေးများဖြင့် ဆော့ကစားလျှက် ရှိသည်။
ချန်ရွှမ်ကျုန်းကိုတွေ့တော့ မိန်းကလေးငယ်လေးက အံ့အားသင့်သွားပြီး မိဘများသင်ပြပေးထားသည့်အတိုင်း လူကြီးလေးတစ်ယောက်ပမာ ဦးညွှတ်ဂါရဝပြုလိုက်သည်။
“ဦးလေး’ချန်’ မင်္ဂလာပါ...”
“တော်သေးတာပေါ့...”
ချန်ရွှမ်ကျုန်း ပါးစပ်ဟလိုက်ပြီး တစ်ခုခုပြောရန် ကြိုးစားလိုက်သည်။ သို့သော် အဆုံးသတ်မှာတော့ ထိုစကားတစ်ခွန်းသာ ထွက်လာခဲ့သည်။
သူမက ခေါင်းလေးကို အသာငဲ့စောင်းရင်း စူးစမ်းသည့်ဟန်လေးဖြင့် ချန်ရွှမ်ကျုန်းကို ကြည့်လိုက်သည်။
ရုတ်တရက်...
ချန်ရွှမ်ကျုန်းစိတ်ထဲ တစ်စုံတစ်ခုကို အာရုံခံမိပြီး သူ၏မျက်နှာက တည်ကြည်လေးနက်သွားသည်။ သူက ကလေးမလေး၏ လက်တစ်ဖက်ကိုဖမ်းဆုပ်လိုက်ပြီး အင်္ကျီလက်ကို လိပ်တင်လိုက်သည်။
ကလေးမလေး၏လက်ပေါ်တွင် အလင်းရောင်မှိန်မှိန်တောက်ပနေသည့် အင်းသင်္ကေတတစ်ခုကို တွေ့မြင်ရသည်။
ထိုအင်းသင်္ကေတက မည်သည်ထူးခြားချက်မှ ရှိဟန်မတူသော်လည်း တောက်ပနေသည့်အလင်းရောင်က လူတစ်ယောက်အသက်ရှူနေသည့်ပမာ စည်းချက်ညီညီရှိနေသည်။
အိပ်ပျော်နေသည့်လူသားတစ်ယောက် ထွက်လေဝင်လေ ရှူရှိုက်နေသည့်အလား ဖြစ်သည်။
“အရူး... မင်းက တကယ့်အရူးပဲ... မင်းရဲ့ သမီးလေးကိုတောင်မှ...”
ချန်ရွှမ်ကျုန်းစိတ်ထဲ ဒေါသများ လှိုက်တက်လာသည်။
မိန်းကလေးငယ်လေးက စိတ်ရှုတ်ထွေးသွားဟန်ဖြင့်...
“ဦးလေး’ချန်’ ... အဖေရောဟင်...”
“..........”
ချန်ရွှမ်ကျုန်း ခဏမျှ တိတ်ဆိတ်နေပြီးမှ ပျော့ပြောင်းသည့်အသံဖြင့်...
“သမီးရဲ့အဖေက အဝေးတစ်နေရာကို ခရီးထွက်သွားတယ် ၊ သမီးဆီလာနိုင်မှာ မဟုတ်သေးဘူး”
“အဖေက သမီးကို သူနဲ့အတူခေါ်သွားမယ်လို့ ပြောထားပြီးတော့...”
မိန်းကလေးငယ်လေးက တီးတိုးရေရွတ်လိုက်သည်။
ဖခင်ဖြစ်သူက တစ်နေရာသို့ခရီးထွက်မည်ဟု သူမကို ပြောခဲ့ဖူးသည်။
သို့သော် ထိုနေရာက ချန်ရွှမ်ကျုန်းပြောသည့် ‘အဝေးတစ်နေရာ’ နှင့် မတူညီကြောင်းကိုတော့ မိန်းကလေးငယ်လေး နားမလည်နိုင်ရှာသလို ချန်ရွှမ်ကျုန်းကလည်း ရှင်းပြရန် ဆန္ဒမရှိပေ။
“ဦးလေး’ချန်’ ... သမီးကို အဖေ့ဆီခေါ်သွားပေးပါနော်...”
မိန်းကလေးငယ်လေးက သူ့အရှေ့မှ ငွေရောင်ဆံပင်များပိုင်ရှင်လူငယ်ကို မျှော်လင့်ချက်ကြီးစွာဖြင့် ခေါင်းမော့ကြည့်ရင်း ပြောလာသည်။
ကလေးမလေး၏လက်ပေါ်မှ အင်းသင်္ကေတကိုကြည့်ရင်း ချန်ရွှမ်ကျုန်း အချိန်ကြာမြင့်စွာ တိတ်ဆိတ်ငြိမ်သက်နေမိသည်။
နောက်ဆုံးတော့ သူက ကလေးမလေးကို ဖခင်ဖြစ်သူထံ ခေါ်မသွားခဲ့ပေ။ သူနေထိုင်ရာ အထက်ဘုံကမ္ဘာ ၊ ကျောက်စိမ်းကောင်းကင်တောင်ထွတ်သို့ ခေါ်ဆောင်လာခဲ့သည်။
နှစ်ဝက်ခန့်ကြာပြီးသည့်နောက်...
တိဟွမ်မြေကမ္ဘာဧကရာဇ်နှင့် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်တို့ ပြင်ပဗလာနယ်ထဲမှ ပြန်လာကြပြီး အဖြစ်အပျက်များကို သိရှိသွားကြသည်။
ကျောက်စိမ်းကောင်းကင်တောင်ထွတ်။
ရေခဲလှိုင်းကျောင်းတော်ရှိ နှင်းမှုံခန်းဆောင်...။
တိဟွမ်မြေကမ္ဘာဧကရာဇ်က ပြတင်းတံခါးမှနေပြီး အပြင်ဘက်သို့ လှမ်းကြည့်နေသည်။ သူကြည့်နေသည့်နေရာတွင် ရေကန်တစ်အား ငေးစိုက်ကြည့်နေသည့် မိန်းကလေးငယ်လေးတစ်ယောက် ရှိနေ၏။
ခဏကြမှ သူက စကားဆိုလာသည်။
“မင်း သူ့ကို အထက်ဘုံကမ္ဘာမှာ ခေါ်ထားမလို့လား ၊ ပြီးတော့ မင်းက သူ့ကို သိုင်းပညာသင်ပေးချင်သေးတာလား”
နက္ခတ်ဧကရာဇ် ချန်ရွှမ်ကျုန်းက ဖြည်းညင်းသည့်လေသံဖြင့်...
“တကယ်တော့ ငါ သူ့ကို သာမန်လူတစ်ယောက်ဘဝနဲ့ အန္တရယ်ကင်းကင်း နေထိုင်စေချင်တာပါ ၊ ဒါပေမဲ့ ဒါက အိပ်မက်တစ်ခုပဲလေ”
“သူ ကျင့်ကြံခြင်းအဆင့် မြင့်မားလာမှ သူ့ခန္ဓာကိုယ်ထဲမှ နတ်ဆိုးအင်းသင်္ကေတကို ဆွဲထုတ်ပစ်နိုင်မှာ”
ကျန်းရှန်က ပြတင်းတံခါးမှတစ်ဆင့် မိန်းကလေးငယ်လေးကို ကြည့်နေရာမှ ခေါင်းကိုလှည့်ပြီး ချန်ရွှမ်ကျုန်းကို ကြည့်လိုက်သည်။
ချန်ရွှမ်ကျုန်းပုံစံကတော့ တည်ငြိမ်အေးဆေးနေဆဲပင်။
ရုပ်ရည်အသွင်အပြင်အရဆိုရလျှင် ကျန်းရှန်က အသက် (၅၀) (၆၀) ရှိပြီး မျက်နှာကတည်ကြည်လေးနက်ကာ မျက်လုံးများက နူးညံ့သိမ်မွေ့သည်။ အသက်အရွယ် အလွန်ကြီးရင့်သည့်ပုံမရှိသေးသော်လည်း ကိုယ်ပိုင်ကျောင်းတည်ထောင်ပြီး လူအများအား စာသင်ကြားပေးနေသော စာပေသမားတစ်ယောက်နှင့် ဆင်တူသည်။
သူက တာအိုဝါဒကို ပြန်လည်ရှင်သန်လာရန် အမြဲတမ်းသန္နိဋ္ဌာန်ချထားသူဖြစ်ပြီး လူအများကို တရားဟောပြောခြင်း ၊ ပညာပေးခြင်းများ ပြုလုပ်လေ့ရှိသည်။ ထို့ပြင် ထူးချွန်ထက်မြက်သောပါရမီရှင်များကိုလည်း တာအိုကျင့်ကြံခြင်းနှင့်ပတ်သက်ပြီး တတ်နိုင်သမျှ ကြိုးစားသင်ပြပေးသည်။
ကျင့်ကြံသူများက မသိနားမလည်သည်များကို သူ့အားမေးမြန်းလာပါက တစ်ချက်မတုံ့ဆိုင်းဘဲ မေးခွန်းအားလုံးနီးပါးကို ဖြေကြားပေးသူ ဖြစ်၏။
သူက မဟာကပ်ဘေးကြီးမှ လွတ်မြောက်ခဲ့သူတစ်ယောက်ဖြစ်သလို သက်ကြီးဝါကြီးတစ်ယောက်လည်းဖြစ်လေရာ ခွန်လွန်အထင်ကရ (၉)ပါးထဲမှ အချို့ဆိုလျှင် သူ့ထံမှ လမ်းညွှန်မှုများကိုပင် ရယူခဲ့ကြသည်။
ထို့ပြင် မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် လူငယ်မျိုးဆက် တာအိုကျင့်ကြံသူများ ၊ သိုင်းဂိုဏ်းများသည်လည်း သူ၏ ဆုံးမသွန်သင်ပေးမှုများနှင့် မလွတ်ကင်းနိုင်အောင် ရှိခဲ့သည်။
ကျန်းရှန်က ဖြည်းညင်းသည့်လေသံဖြင့်...
“အရမ်းအန္တရယ်များတယ်... အဲဒါက ရေပလ္လင်ကိုပိုင်ဆိုင်တဲ့မဟာနတ်ဆိုးနော်...”
ချန်ရွှမ်ကျုန်းက ခေါင်းခါယမ်းရင်း...
“နောက်ပိုင်းမှာ အကျိုးဆက်တွေရှိလာမယ်ဆိုရင် ငါ တာဝန်ယူမယ် ၊ နောက်ပြန်ဆုတ်မရတဲ့ အနေအထားမျိုးရောက်လာရင် ငါကိုယ်တိုင်ပဲ ဖြေရှင်းမယ်”
ထိုအချိန် အမှောင်ရိပ်ထဲတွင် မတွေ့မြင်နိုင်သောလူတစ်ယောက်က စကားဝင်ပြောလိုက်သည်။
“ဒါဖြင့် မင်းလုပ်ကြည့်လိုက်ပါ ၊ မဟာနတ်ဆိုးတစ်ပါးကိုတိုက်ခိုက်ဖို့ အတွေ့အကြုံတွေစုဆောင်းပြီး အစီအစဉ်ဆွဲထားပါ”
အမှန်တော့ နှင်းမှုံခန်းဆောင်တွင် လူ (၃)ယောက် ရှိနေခြင်း ဖြစ်သည်။ သို့သော် တတိယလူက အမြဲတမ်း သူ၏တည်ရှိမှုကို လျှို့ဝှက်စွာ ဖုံးကွယ်ထားတတ်သူ ဖြစ်သည်။
သို့ပေသိ ထိုသူစကားပြောလာသည့်အခါ ကျန်းရှန်နှင့် ချန်ရွှမ်ကျုန်းတို့က ထိုစကားကို အလေးအနက်ထားပြီး ထည့်သွင်းစဉ်းစားကြသည်ပင်။
ထိုသူက အခြားသူမဟုတ် ၊ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်ပင် ဖြစ်၏။
ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်၏ စကားတစ်ခွန်းကြောင့် ကလေးမလေးသည် အထက်ဘုံကမ္ဘာတွင် နေထိုင်ခွင့်ရခဲ့လေသည်။
သို့သော် သူမကို မည်သူက သိုင်းပညာသင်ပြပေးမည်လဲဆိုသည့် ဆရာရွေးချယ်သည့်ပြဿနာက အငြင်းပွားမှု ဖြစ်လာပြန်သည်။
အဆုံးသတ်မှာတော့ သူ၏ကံကြမ္မာက ကျောက်စိမ်းကောင်းကင်တောင်ထွတ်တွင်ပင် နေထိုင်ရန် ဖြစ်လာခဲ့သည်။
“အတိတ်ကအကြောင်းတရားတွေက ပစ္စုပ္ပန်အကျိုးတရားတွေဖြစ်လာတာပဲ...”
နက္ခတ်ဧကရာဇ် အတွေးထဲတွင်နစ်မျောနေရာမှ ပြန်လည်သတိဝင်လာသည်။
သူပတ်ဝန်းကျင်မှမြင်ကွင်းမှာ နှင်းမှုံခန်းဆောင်မဟုတ်တော့ဘဲ ရေခဲများဖုံးလွှမ်းနေသည့်လောကအဖြစ် ပြန်လည်ပြောင်းလဲသွားသည်။
ရေခဲပင်လယ်ထဲသို့ ဝင်ရောက်သွားပြီး တဖြည်းဖြည်းပျောက်ကွယ်သွားသော ရန်ကျောက်ကဲ၏ ကျောပြင်ကိုကြည့်ရင်း ရေခဲတိုင်လုံးကြီးအတွင်းမှ နက္ခတ်ဧကရာဇ် ဖြည်းညင်းစွာ ခေါင်းခါယမ်းလိုက်သည်။
“ရှင်းထန်... ဒီလို အရည်အချင်းရှိတဲ့ မြေးတစ်ယောက်ရှိတာ မင်း ကံကောင်းပါတယ်ကွာ...”
“ဒါပေမဲ့... သူ့အရည်အချင်းတွေက သူ့ကိုဘယ်နေရာအထိ တွန်းပို့သွားနိုင်မလဲဆိုတာတော့ ငါလည်း မပြောနိုင်ဘူး”
“မင်းတို့ ဇနီးမောင်နှံသာ အသက်ငယ်ငယ်နဲ့ ဆုံးပါးမသွားခဲ့ဘူဆိုရင် ဒီလောကကြီးလည်း တစ်မျိုးတစ်မည်ပြောင်းလဲချင် ပြောင်းလဲနေမှာ...”
ရေခဲတိုင်လုံးကြီးအတွင်းမှ ရှည်လျားသည့်သက်ပြင်းချသံတစ်သံ ထွက်ပေါ်လာသည်။
ရန်ကျောက်ကဲ ရေခဲဥမင်အတွင်းမှ ပြန်ထွက်လာပြီး အဆုံးမရှိသော ရေခဲလွင်ပြင်ကြီးနှင့် ရေခဲမြစ်ဆီသို့ ပြန်ရောက်လာသည်။
အဝေးတစ်နေရာရှိ ရေခဲနှင့်နှင်းများအလယ်တွင် အဖြူရောင်ဝတ်ဆင်ထားသော မိန်းမပျိုတစ်ယောက်ကို တွေ့မြင်လိုက်ရသည်။
သူမက အလွန်တရာချောမောလှပသော်လည်း မျက်လုံးများကို မှေးမှိတ်ထားပြီး လက်နှစ်ဖက်နောက်ပစ်လျှက် မတ်တတ်ရပ်နေသည်။
ရန်ကျောက်ကဲက သူမအနားသို့ လျှောက်သွားလိုက်ပြီး...
“မိန်းမပျိုဧကရာဇ်...”
မိန်းမပျိုဧကရာဇ်က မှေးမှိတ်ထားဆဲဖြစ်သော မျက်ဝန်းများဖြင့်ပင် သူ့ကိုလှည့်ကြည့်လာသည်။
“ဆရာနဲ့ တွေ့ခဲ့ပြီလား...”
ရန်ကျောက်ကဲက သက်ပြင်းချရင်း...
“ဟုတ်ကဲ့... မိန်းမပျိုဧကရာဇ်ပြောခဲ့သလိုပဲ နက္ခတ်ဧကရာဇ်က ဒီနေရာက ထွက်ခွာဖို့ မဖြစ်နိုင်ဘူး”
မိန်းမပျိုဧကရာဇ်က ခေါင်းညိတ်ရင်း...
“ဒါဖြင့် မင်းပြန်တော့လေ... ၊ မင်းရဲ့ ကျင့်ကြံခြင်းစွမ်းအားက ထူးခြားပေမယ့် ဒီနေရာမှာ အကြာကြီးနေလို့ မဖြစ်ဘူး ၊ မဟုတ်ရင် ရေခဲစွမ်းအားကြောင့် စိတ်ဝိညာဉ်ထိခိုက်လိမ့်မယ်”
သူမက ဆက်ပြောသည်။
“ဒါပေမဲ့ အထက်ဘုံကမ္ဘာကို တန်းမပြန်နဲ့ဦး ၊ မဟုတ်ရင် သဲလွန်စတွေကျန်ခဲ့ပြီး ဒီနေရာကို တခြားလူတွေ ရှာတွေ့သွားကြလိမ့်မယ်”
“ငရဲကိုးထပ်ကနေတစ်ဆင့် လမ်းလွှဲပြီးမှ ပြန်ပါ ၊ ဒါဆို နတ်ဆိုးတွေ ဒီနေရာကို သတိထားမိမှာ မဟုတ်တော့ဘူး ၊ ပြီးတော့ မင်းရဲ့စွမ်းအားရောင်ဝါကိုလည်း ထိန်းချုပ်ဖို့ သတိထားပါ... ၊ ငရဲကိုးထပ်အစွန်အဖျားမှာ ခဏလောက် ဟိုဟိုဒီဒီ လျှောက်သွားနေလိုက်ပေါ့”
“ကောင်းပါပြီ... ဒါဖြင့် ကျွန်တော့်ကို ခွင့်ပြုပါဦး”
ရန်ကျောက်ကဲ အပိုစကားမဆိုဘဲ မိန်းပမျိုဧကရာဇ်ကို လက်နှစ်ဖက်ဆုပ်ဂါရဝပြုနှုတ်ဆက်ပြီး ထွက်ခွာသွားသည်။
ရေခဲလွင်ပြင်ကြီးထက်တွင် မိန်းမပျိုဧကရာဇ် တိတ်ဆိတ်ငြိမ်သက်စွာ မတ်တတ်ရပ်နေသည်။
ယခု သူမ၏ခန္ဓာကိုယ်အား ရေခဲအလွှာဖြင့် ဖုံးအုပ်ထားခြင်းမရှိသော်လည်း ယခင်ကထက်ပင် ရေခဲရုပ်တုတစ်ခုနှင့် ပိုမိုဆင်တူနေသည်။
ရန်ကျောက်ကဲက သူမကို လည်ပြန်လှည့်ကြည့်ရင်း စိတ်ထဲတွင် အတွေးပေါင်းများစွာ ဖြတ်သန်းသွားလေသည်။