← Chapters

မိန်းမပျိုဧကရာဇ်၏အတိတ်

Vol. 84 Ch. 1184

မိန်းမပျိုဧကရာဇ်၏အတိတ်

Vol. 84 Ch. 1184

အခန်း (၁၁၈၄) မိန်းမပျိုဧကရာဇ်၏အတိတ်

ရေခဲမြစ်ထက်တွင် မိန်းမပျိုဧကရာဇ် ‘ကျဲ့မင်ခုန်’  လှုပ်ရှားမှုမရှိဘဲ ရေခဲရုပ်တုတစ်ခုပမာ မတ်တတ်ရပ်လျှက် ရှိသည်။

သူမ၏မျက်ဝန်းများက မှေးမှိတ်နေပြီး မျက်နှာအမူအရာက ခံစားချက်ကင်းမဲ့နေသည်။

သို့သော် သူမဝတ်ဆင်ထားသည့်အဝတ်အစားများ လေထဲတွင် လွင့်မျောနေခြင်းမရှိသလို သူမ၏စိတ်နှလုံးသည်လည်း အေးချမ်းမှု မရှိခဲ့ပေ။

နှလုံးသား၏ နက်နဲသောနေရာမှ အမှတ်ရစရာများက မရပ်မနား ပြန်လည်ထွက်ပေါ်လာသည်။

ကျောက်စိမ်းကောင်းကင်တောင်ထွတ်၏ တောက်ပသောနေ့လည်ခင်းတစ်ခုအား သူမ ဘယ်သောအခါမှ မေ့နိုင်မည် မဟုတ်ပေ။

ထိုနေ့က သာမန်နေ့တစ်နေ့ဟု ထင်ရသော်လည်း တကယ်တမ်း သူမ၏ ကံကြမ္မာနှင့်ဘဝ ပြောင်းလဲခဲ့ခြင်း စတင်ခဲ့သော နေ့ရက်တစ်ရက် ဖြစ်သည်။

သူမအတွက်တော့ ထိုနေ့က အရာအားလုံး၏အစ ဖြစ်ခဲ့လေသည်။

ထိုနေ့က...

ဆရာဖြစ်သူက အသက် (၄)နှစ် (၅)နှစ်မျှသာ ရှိသေးသော ကလေးမလေးတစ်ယောက်ကိုခေါ်ပြီး တောင်ပေါ်သို့ ရုတ်တရက် ပြန်ရောက်လာသည်။

ကောင်မလေးက ရုပ်ရည်ချောမောပြီး ချစ်စရာကောင်းသူလေးဖြစ်ရာ ကျဲ့မင်ခုန် မြင်မြင်ချင်းပင် ချစ်ခင်သွားမိသည်။

ထိုနေ့က သူမ ပြောခဲ့သောစကားများကိုပင် ကျဲ့မင်ခုန် ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။

“ဆရာ... သူက ဘယ်အိမ်က ကလေးလဲ ၊ ဆရာ့ရဲ့ တပည့်အသစ်လား”

ထိုအချိန်က သူမ မေးခဲ့သော မေးခွန်း ဖြစ်သည်။

ထိုမေးခွန်းကိုကြားတော့ ဆရာဖြစ်သူ၏မျက်နှာက အနည်းငယ် ထူးဆန်းသွားပြီး ခဏမျှ တိတ်ဆိတ်နေပြီးမှ...

“သူက ငါ့မိတ်ဆွေတစ်ယောက်ရဲ့ သမီးလေးပဲ ၊ အခုချိန်ကစပြီး သူ့ကို တပည့်အဖြစ် လက်ခံတော့မယ် ၊ ပြီးတော့ ဒီမှာပဲ ငါတို့နဲ့အတူ နေလိမ့်မယ်”

“သူက အရမ်းငယ်သေးတယ် ၊ မင်း နည်းနည်းပါးပါး ဂရုစိုက်ပေးလိုက်ပါ မင်ခုန်...”

ထိုစဉ်အချိန်က ကျဲ့မင်ခုန်က ယခုထက်ပိုပြီး တောက်ပသွက်လက်သည့် မိန်းမပျိုလေးတစ်ယောက် ဖြစ်သည်။

သူမက ချက်ချင်းပင် ရွှင်ပျစွာ ပြုံးရယ်လိုက်ရင်း...

“စိတ်ချပါ ဆရာ ၊ တပည့် သူ့ကို ဂရုစိုက်ပေးပါ့မယ်”

ချန်ရွှမ်ကျုန်းက ခေါင်းညိတ်လိုက်ပြီး ဤကလေးမလေးတွင် မိဘများမရှိတော့ကြောင်း အသံပို့လွှတ်စနစ်ဖြင့် ကျဲ့မင်ခုန်အား ပြောလိုက်သည်။

ထိုစကားကြားတော့ ကျဲ့မင်ခုန် ကလေးမလေးအပေါ် အလွန်ကရုဏာသက်သွားမိသည်။

သူက ကိုယ်ကိုရှေ့သို့ကိုင်းလိုက်ပြီး မိန်းကလေးငယ်လေးကို ကောက်ချီလိုက်ရင်း...

“ဒီနေရာက ငါတို့တွေရဲ့အိမ်ပဲ ၊ ဘာကိစ္စပဲရှိရှိ အစ်မကိုပြောနော် ၊ အားလုံးအဆင်ပြေအောင် ကူညီပေးမယ်”

ကလေးမလေးက စိတ်ရှုပ်ထွေးနေဟန်ရှိပြီး ထိုစကားလုံးများ၏အဓိပ္ပါယ်ကို အပြည့်အဝ နားလည်ဟန် မရှိပေ။ သို့သော် သူမက ကျဲ့မင်ခုန်ထံမှ ကရုဏာတရားကို ခံစားမိဟန် ရှိသည်။

သူမရှေ့မှ အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသည့် ချောမောလှပသော မိန်းမပျိုလေးကိုလည်း ချစ်ခင်စိတ်ရှိသည်ဖြစ်ရာ ကျဲ့မင်ခုန် ချီလိုက်သည်ကို ငြင်းဆန်ခြင်းလည်းမရှိ ၊ ကြောက်ရွံ့ခြင်းလည်းမရှိဘဲ တခစ်ခစ်ပင် ရယ်လိုက်သေး၏။

ဒါကိုမြင်တော့ ကျဲ့မင်ခုန်လည်း ပျော်ရွှင်သွားပြီး ပန်းလေးတစ်ပွင့်ပမာ တောက်ပစွာ ပြုံးလိုက်သည်။

ငွေရောင်ဆံနွယ်ရှည်များကိုပိုင်ဆိုင်သည့် ချန်ရွှမ်ကျုန်းကတော့ မြင်ကွင်းကို ဘေးနားမှရပ်ကြည့်နေသည်။ သူ့မျက်ဝန်းများက နူးညံ့သိမ်မွေ့နေသည့်တိုင် မတူညီသည့်ခံစားချက်များစွာဖြင့် နက်ရှိုင်းလျှက်လည်း ရှိသည်။

ထိုစဉ်အချိန်က ဆရာဖြစ်သူစိတ်ထဲမှ ခံစားချက်များကို ကျဲ့မင်ခုန် မသိရှိခဲ့ပေ။ သူမရှေ့မ ကလေးမလေးက သူမကဲ့သို့ပင်ဖြစ်သည်ဟု ထင်မှတ်နေခဲ့သည်။

ဤကလေးမလေးက သူမ၏ ဂိုဏ်းတူညီမလေးဖြစ်လာမည့်အတွက်လည်း အလွန်တရာ ဝမ်းသာနေခဲ့သည်။

“ညီမလေးနာမည် ဘယ်လိုခေါ်လဲ”

ကျဲ့မင်ခုန်က ကလေးမလေးကို ချီထားရင်း ပြုံးလျှက်မေးလိုက်သည်။

“လီလီ...”

ကလေးမလေးက ချစ်စရာအသံလေးဖြင့် ပြန်ဖြေသည်။

“သမီးနာမည်က လီလီပါ...”

“ချူးလီလီ...”

သူတို့နှစ်ယောက်ကို တိတ်ဆိတ်စွာကြည့်နေသော ချန်ရွှမ်ကျုန်းက ဝင်ပြောလိုက်သည်။

ထိုနာမည်ကိုကြားတော့ ကျဲ့မင်ခုန် အနည်းငယ် အံ့အားသင့်သွားပြီး...

“ချူး... လီလီ ... ဟုတ်လား ၊ ဆရာ့မိတ်ဆွေ အကြီးအကဲ ‘ချူးဟွမ်’ က ‘ချူး’ မျိုးနွယ် မဟုတ်လား ၊ သူက အကြီးအကဲ’ချူး’ ရဲ့ သမီးလား”

မည်သည့်စကားမှမဆိုဘဲ ချန်ရွှမ်ကျုန်းက ခေါင်းညိတ်ရုံသာညိတ်ပြလိုက်သည်။

ထိုစဉ်အချိန်က ဆရာဖြစ်သူ၏ အမူအရာကို ကျဲ့မင်ခုန်က သိပ်ပြီး အာရုံမစိုက်ခဲ့မိပေ။

နောက်ပိုင်းတွင်တော့ ချူးလီလီက သူမနှင့်မတူကြောင်း ကျဲ့မင်ခုန် သဘောပေါက်လာရသည်။

သူမက အထက်ဘုံကမ္ဘာတွင် လွတ်လပ်စွာ သွားလာနိုင်ပြီး လူတိုင်းက သူမကို နက္ခတ်ဧကရာဇ်၏ တပည့်မှန်း သိရှိကြသည်။

သို့သော် ချူးလီလီကတော့ ငယ်စဉ်ကတည်းကပင် ကျောက်စိမ်းကောင်းကင်တောင်ထွတ်တွင်သာ နေထိုင်ခဲ့ရသည်။

ချန်ရွှမ်ကျုန်းက သူမကို တရားဝင်တပည့်အဖြစ် လက်ခံပြီးသည့်တိုင် ချူးလီလီက ရေခဲလှိုင်းကျောင်းတော်တွင်ပင် မနေထိုင်ရဘဲ တောင်အနောက်ဘက်တွင် တစ်ယောက်တည်းနေထိုင်ခဲ့ရရှာသည်။

တိဟွမ်မြေကမ္ဘာဧကရာဇ်နှင့် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်မှလွဲပြီး သူမ၏တည်ရှိမှု ၊ သူမ မည်သည့်နေရာတွင်နေထိုင်သည်ကို မည်သူမှ မသိရှိကြပေ။

ခြွင်းချက်အနေဖြင့် ကျဲ့မင်ခုန် ၊ ယွဲ့ကျန့်ပေနှင့် ဝမ်ကျန်းချန်တို့ကတော့ သူမအကြောင်း သိရှိကြလေသည်။

ကံကောင်းသည်မှာ ချူးလီလီက ငယ်စဉ်ကပင် အကောင်းမြင်တတ်သည် စိတ်ထားလေးရှိသည်။ သူမက တောင်အနောက်ဘက်တွင် အထီးကျန်စွာနေရသော်လည်း ကောင်းမွန်စွာပင် ကြီးပြင်းလာခဲ့သည်။

အထူးသဖြင့် သူမက ကျဲ့မင်ခုန်အပေါ် မှီခိုအားကိုးပြီး ကြီးပြင်းခဲ့ရပြီး ချန်ရွှမ်ကျုန်းနှင့် ယွဲ့ကျန့်ပေတို့က သူမထံသို့ မကြာခဏ လာရောက်ကြည့်ရှုလေ့ ရှိသည်။

ငယ်စဉ်ကတည်းကပင် သူမကို ပြုစုစောင့်ရှောက်ပေးခဲ့သော ကျဲ့မင်ခုန်ကတော့ ချူးလီလီအတွက် အစ်မတစ်ယောက်ပမာ ၊ အမေတစ်ယောက်ပမာ ဖြစ်သည်။

အချိန်ကြာလာသည့်နောက် ချူးလီလီ၏ဖခင် ချူးဟွမ် ဘာဖြစ်သွားကြောင်း ကျဲ့မင်ခုန် သိရှိခဲ့၏။ တဖြည်းဖြည်း ချူးလီလီ၏ ထူးခြားချက်ကိုလည်း သိရှိလာခဲ့သည်။

သို့သော် ချူးလီလီ၏ ရွှင်လန်းတောက်ပသော အပြုံးလေးကို တွေ့မြင်ရတိုင်း ကျဲ့မင်ခုန်မှာ သူမကို အဆိုးမမြင်ရက်ဘဲ နှလုံးသားက အရည်ပျော်သွားရသည်ချည်းပင်။

ဆရာဖြစ်သူ၏ ကြိုးစားအားထုတ်မှု အောင်မြင်ပါစေဟုသာ သူမက စိတ်ရင်းအမှန်ဖြင့် မျှော်လင့်ခဲ့မိသည်။

သို့သော် ချူးလီလီ တဖြည်းဖြည်းအရွယ်ရောက်လာပြီး အပျိုမလေးဖြစ်လာသည့်အချိန်မှာတော့___ သူမက ဆရာဖြစ်သူ ‘ချန်ရွှမ်ကျုန်း’ အပေါ် သဘောထားများပြောင်းလဲပြီး တယ်တာနှောင်ဖွဲ့ မေတ္တာသက်ဝင်လာတော့သည်။

သူမက ကျဲ့မင်ခုန်အား အတော်လေး ချစ်ခင်အားကိုးသည်ဖြစ်ရာ သူမ၏ခံစားချက်များကို ဖုံးကွယ်မထားဘဲ အကုန်အစင် ပြောပြခဲ့သည်။

ကျဲ့မင်ခုန်မှ မဟုတ်ပေ။

စိတ်အားထက်သန်ပြီး အကောင်းမြင်စိတ်ရှိသော ချူးလီလီက သူမ၏ခံစားချက်များကို ဆရာဖြစ်သူအပေါ်တွင်လည်း ဖုံးကွယ်ထားခြင်း မရှိခဲ့ပေ။ သူမ မေတ္တာရှိနေသည်ကို ဆရာဖြစ်သူ သိရှိစေချင်ခဲ့သည်။

“ဂိုဏ်းတူအစ်မ... ဆရာက ကျွန်မကို ကလေးလို့ပဲ ထင်နေ‌သေးတာလား မသိဘူးနော်”

ချူးလီလီက နှုတ်ခမ်းလေးစူလျှက် ကျဲ့မင်ခုန်ထံ စိတ်ပျက်လက်ပျက်ရင်ဖွင့်သည့်အခါ ကျဲ့မင်ခုန်က မည်သို့ပြန်ဖြေရမှန်း မသိခဲ့ပေ။

ချူးလီလီ ဆရာဖြစ်သူကို ဆက်မချစ်တော့ရန် သူမ မျှော်လင့်မိသည်။ သို့သော် သူမအနေဖြင့် ထို မိန်းကလေးငယ်ကို တားဆီးသောစကားမျိုး ပြောမထွက်နိုင်ခဲ့ပေ။

အကြောင်းမှာ ချူးလီလီက သူမကို အလွန်ယုံကြည်နေသည်ကတစ်ကြောင်း ၊ သူမကိုယ်တိုင်သည်လည်း ဆရာဖြစ်သူအပေါ် မေတ္တာသက်ဝင်နေမိသည်ကတစ်ကြောင်းကြောင့် ဖြစ်သည်။

ဟုတ်ပေ၏။

သူမက ချူးလီလီကဲ့သို့ ထုတ်ဖော်ပြောခြင်းမရှိသော်လည်း ဆရာဖြစ်သူကို ဘယ်အချိန်ကတည်းက မေတ္တာသက်ဝင်နေမှန်းပင် သူမကိုယ်သူမ မမှတ်မိနိုင်တော့ပေ။

ယခု သူမ၏ဂိုဏ်းတူညီမလေးက ဆရာဖြစ်သူက ချစ်ခင်နှစ်သက်ပါကြောင်း အထပ်ထပ်အခါခါ ပြောဆိုနေသည့်အခါ သူမစိတ်ထဲ စိုးရိမ်စိတ်များ လွှမ်းမိုးလာသည်။

သူမသည်လည်း ချူးလီလီကဲ့သို့ ဝန်ခံကြည့်ချင်သည်။

တစ်ကြိမ်တစ်ခါ ဖြစ်ဖြစ် ဝန်ခံကြည့်ချင်မိသည်။

သို့သော် ဆရာဖြစ်သူ ‘ချန်ရွှမ်ကျုန်း’ ၏ မျက်ဝန်းများကို ရင်ဆိုင်ရတိုင်း သူမ၏စကားလုံးများနှင့် သတ္တိများက မီးနှင့်တွေ့တေသာနှင်းများပမာ အရည်ပျော်သွားပြီး သူမ၏ ဆုံးဖြတ်ချက်ခိုင်မာသောစရိုက်သည်လည်း ပျောက်ကွယ်သွားရသည်။

ထိုသို့ဖြင့်...

ချူးလီလီမွေးနေ့နီးကပ်လာသောတစ်နေ့တွင် ချန်ရွှမ်ကျုန်းက ကျဲ့မင်ခုန်ကို ဆင့်ခေါ်လိုက်လေသည်။

ထို့နောက် ချန်ရွှမ်ကျုန်းက ခြေထောက်တိုတိုပုပုလေးများဖြင့် မြေခွေးဖြူလေးတစ်ကောင်ပမာ အလွန်ချစ်စရာကောင်းသော သားရဲလေးတစ်ကောင်ကို ထုတ်ယူလိုက်သည်။

ထိုသတ္တဝါလေးအကြောင်း ကျဲ့မင်ခုန် သိရှိလေသည်။

“ဖေးဖေးသတ္တဝါလား... အခုမှ သားပေါက်လေးပဲ ရှိသေးတယ်”

ချန်ရွှမ်ကျုန်းက...

“ဒီသတ္တဝါလေးကို ဒီနှစ် လီလီမွေးနေ့မှာ လက်ဆောင်ပေးမလို့‌လေ... သူက တောင်အနောက်ဘက်မှာ တစ်ယောက်တည်းနေရတာ ၊ မင်းကသူ့ကိုစောင့်ရှောက်ပေးတယ်ဆိုပေမယ့် မနည်းအချိန်ပေးနေရတာ မဟုတ်လား ၊ ဒီသတ္တဝါလေးသူနဲ့အတူရှိနေရင် သူ ပျင်းရိငြီးငွေ့တာ နည်းနည်းများသက်သာမလားလို့ပါ”

သူက ဆက်ပြောသည်။

“သူ့ရဲ့မွေးနေ့မှာ ဒီသတ္တဝါလေးကိုပေးလိုက်ပါ ၊ ဘယ်လိုပြုစုစောင့်ရမလဲဆိုတာ သူ သင်ယူပါစေ ၊ ဒါဆို သူလည်းတဖြည်းဖြည်း ရင့်ကျက်လာလိမ့်မယ်”

ကျဲ့မင်ခုန်၏မျက်ဝန်းများ အနည်းငယ်လှုပ်ခါသွားပြီး တံတွေးတစ်ချက်မျိုချလိုက်သည်။ သူမရင်ထဲတွင် စကားလုံးများစွာရှိနေသော်လည်း မထွေးနိုင်မအံနိုင် ဖြစ်နေရသည်။

အတန်ကြာမှ သူမက...

“လီလီမွေးနေ့မှာ ဆရာ တောင်ပေါ်မှာ မရှိဘူးလား ၊ အပြင်သွားမလို့လား”

ချန်ရွှမ်ကျုန်းက ခေါင်းခါယမ်းရင်း...

“အပြင်မသွားပါဘူး...”

“ဒါဖြင့် ဆရာကိုယ်တိုင် လီလီ့ကို ပေးလိုက်ပါလား ၊ သူ ငယ်ငယ်လေးကတည်းက ဆရာကိုယ်တိုင်ပဲ သူ့ကိုမွေးနေ့လက်ဆောင် ပေးတာလေ”

သူမက တိုးလျသည့်အသံဖြင့်...

“ဆရာကိုယ်တိုင်သာပေးလိုက်ရင် လီလီ အရမ်းပျော်သွားမှာ”

ချန်ရွှမ်ကျုန်းက ခေါင်းခါယမ်းရင်း...

“ဒီနှစ်က အရင်နှစ်တွေကနဲ့ မတူတော့ဘူး”

သူက ဆက်ပြောသည်။

“လီလီက အရွယ်ရောက်လာပြီလေ... သူ့စိတ်တွေ ပြောင်းလဲနေပြီ...”

“တကယ်တော့ သူက ငါ့ရဲ့တပည့်ဖြစ်သလို တူမလေးဆိုလည်း ဟုတ်တယ် ၊ အခု သူအရွယ်ရောက်လာပြီဆိုတော့ မိန်းကလေး ယောကျ်ားလေး ကွဲပြားမှုရှိလာပြီ ၊ အရင်ကလို ပေါ့ပေါ့တန်တန်နေဖို့ မသင့်တော်ဘူး ၊ ငါ အရင်က သေချာမစဉ်းစားမိလို့ ဒီလိုဖြစ်ရတာ ၊ အခုတော့ ပြန်ပြင်ဖို့ နောက်ကျသွားပြီ”

ထိုစကားကြားတော့ အစပိုင်းတွင် ကျဲ့မင်ခုန် အံ့အားသင့်သွားသော်လည်း နောက်ပိုင်း ပျော်ရွှင်သွားမိသည်။ ဆရာဖြစ်သူက ချူးလီလီအပေါ် တပည့်တစ်ယောက်အဖြစ်သာ သဘောထားသည် မဟုတ်ပါလား။

ဆရာဖြစ်သူ၏သဘောထားကိုသိရသည့်အခါ ပျော်ရွှင်မိသည့်အတွက် ချူးလီလီအပေါ် အနည်းငယ် အပြစ်ရှိသလို သူမ ခံစားလိုက်ရသည်။

သို့သော် တဖြည်းဖြည်း သူမရင်ထဲ ဝမ်းနည်းမှုက နေရာယူလာသည်။

သူမသည်လည်း ချန်ရွှမ်ကျုန်း၏ တပည့်တစ်ယောက်ပဲ မဟုတ်ပေဘူးလား......။

ဆရာဖြစ်သူက ချူးလီလီ၏အချစ်ကို ငြင်းဆန်သည်ဆိုလျှင် သူမ၏အချစ်ကိုလည်း ငြင်းဆန်မည်သာပင်။

မည်သို့ပင်ဖြစ်စေ...

ပထမဆုံးအကြိမ် အရဲစွန့်ရန် သူမ ဆုံးဖြတ်လိုက်သည်။

သူမ၏ခံစားချက်များ မျိုသိပ်ထားခဲ့ရသည်မှာ အချိန်အလွန်ကြာခဲ့ပြီ မဟုတ်လား။

ကျဲ့မင်ခုန်က...

“ဆရာ... ဒီနှစ် တပည့်ရော ဆရာ့ဆီက လက်ဆောင်တစ်ခုလောက် ရနိုင်မလား”

All Chapters