ငါက အဲ့လောက် ပိန်းမှာလား…
Vol. 54 Ch. 797
လင်းရီ အိမ်ပြန်ရောက်တော့ မနက် တစ်နာရီ ကျော်နေလေပြီ။
ကျီချင်းရန်ကတော့ အိပ်မောကျနေပြီး သူမ၏ ကိုယ်ဟန်ကတော့ ထုံးစံအတိုင်း ကျော့ရှင်းသိမ်မွေ့မနေတော့ချေ။
သို့သော်လည်း ခြေထောက်များနှင့် စောင်ကို ရစ်ပတ်ထားသည့်ပုံက အထူးတလှယ် ချစ်ဖို့ကောင်းနေလေသည်။
ကျိုးဟိုင်၏ နံနက်ခင်းမှာ အတော်လေး တိတ်ဆိတ်လှသော်လည်း လင်းရီကတော့ အိပ်လို့မပျော်ချေ။ ထို့ကြောင့် သူ မှေးရင်းဖြင့် အရုဏ်တက်သည်ကို စောင့်နေလိုက်တော့၏။
ကလင် ကလင် ကလင်
နောက်တစ်နေ့နံနက် လင်းရီ အိပ်ရာမှ မထသေးမီ ခေါင်းအုံးဘေးရှိ ဖုန်းသံကြောင့် ရုတ်ချည်း နိုးလာလေသည်။
ရှန်းရှူးရီ ဖြစ်နေလိမ့်မည်လို့တော့ လင်းရီ မျှော်လင့်မထားခဲ့ချေ။
“ ဟယ်လို အန်တီရှန်း…” လင်းရီ အိပ်ရာမှ ထပြီး ဖုန်းပြောလိုက်၏။
“ နင် ထိုင်တယန့်နဲ့ စစ်ပွဲစဖို့ စီစဉ်နေတာလား…”
“ အစကတော့ ကျွန်တော်လည်း မလုပ်ချင်ပါဘူး… ဒါပေမယ့် သူတို့ဘက်က ဆက်တိုက်ပြဿနာ လာရှာနေတာကြီးကတော့ တော်တော်လေး စိတ်ရှုပ်ဖို့ကောင်းတယ်… ဒါကြောင့်မို့ ပြန်ပြီး တုံ့ပြန်ဖို့ ဆုံးဖြတ်လိုက်တာ…”
“ ဒါပေမယ့် အန်တီ့အထင်တော့ ထိုင်တယန့်ဘက်က နင့်အပေါ် ဘာ ဖိအားမှ မပေးထားပါဘူး…”
“ ဟုတ်တယ်… ဒါပေမယ့် အဲ့ကောင်တွေကိုက သေလမ်းလာရှာနေကြတာလေ… အသေးအမွှားလေးတွေက စိတ်ရှုပ်ဖို့ကောင်းတယ်… ဘာပဲဆိုဆို ဒီလိုနေ့မျိုးကလည်း အနှေးနဲ့အမြန် ရောက်လာမှာကိုပဲ….”
“ ဒါပေမယ့် နင် ခုလိုလုပ်လိုက်တော့ နှစ်ဖက်ဆက်ဆံရေးက ပျက်စီးသွားပြီလေ… နောက်တစ်ခေါက်ဆို သူတို့ လင်းယွမ်အုပ်စုကို တိုက်ခိုက်လာနိုင်တယ်..”
“ အန်တီရှန်း အဲ့ကိစ္စတော့ စိုးရိမ်စရာ မလိုပါဘူး… ကျွန်တော်ကလည်း လင်းယွမ်အုပ်စုကို သုံးပြီးတော့ သူတို့နဲ့ လက်သီးချင်းယှဉ်ရလောက်တဲ့အထိ မပိန်းသေးပါဘူးဗျ…. ဒီကိစ္စမှာ တစ်ယောက်ယောက်ကတော့ အမြှောက်စာ လုပ်ခံရလိမ့်မယ်…”
“ ငါက နင်ဘာလို့ ထိုင်တယန့်ကို တိုက်ခိုက်ရဲလဲဆိုပြီး အံ့ဩနေတာ လက်စသတ်တော့ နင်က စတေးခံသိုးလေး ရှာတွေ့ထားတယ်ပေါ့…” ရှန်းရှူးရီ ပြုံးလိုက်ပြီး “ ဒါပေမယ့် နင်ရှာတွေ့ထားတဲ့ သိုးက ထိုင်တယန့်ရဲ့ တိုက်ခိုက်မှုတွေကို ကာကွယ်ပေးနိုင်မှာလားတဲ့…”
( scapegoat - မြင်သာအောင်လို့ စတေးခံသိုးဆိုပြီး ဘာသာပြန်လိုက်ပါတယ်… သူတစ်ပါးကိုယ်စား အပြစ်ဒဏ်ခံရသူလို့ အဓိပ္ပာယ်ရပါတယ်… ကြားထဲက အချောင်ခံရသူပေါ့…)
“ ကာကွယ်ပေးနိုင်ရုံတင် ဘယ်ကမှာ… သူတို့ဘက်က သေလောက်အောင်တောင် ကြောက်လန့်သွားလိမ့်ဦးမယ်….”
၎င်းကိုကြားတော့ ရှန်းရှူးရီ ကြက်သေသေသွားရပြန်သည်။
အဘယ်ကုမ္ပဏီက ထိုမျှ လုပ်နိုင်စွမ်း ရှိနေလဲဆိုတာ သူမ စဉ်းစားလို့ မပေါက်သေးချေ။
သို့သော်လည်း စကားဆက်မနှိုက်သင့်တော့ကြောင်း နားလည်လေသည်။
“ အဲ့ဒီ ဆောင်းပါးက နင့်ရဲ့ ပထမဆုံး ခြေလှမ်းမလား… နင့်ရဲ့ နောက်ထပ် ခြေလှမ်းက ဘယ်တော့စမှာ…”
“ ထိုင်တယန့်ဘက်က ဆင်ခြေဆင်လက်တွေနဲ့ ဖြေရှင်းချက် ထုတ်လာမှာကို စောင့်မယ်… အဲ့ဒီအချိန်ကျရင် သူတို့က အခြေအနေကို ပြောင်းပြန်လှန်ပြီး ကျွန်တော်တို့ဘက်က မှားနေတယ်ဆိုပြီး ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်ကြတော့မှာ… အဲ့ဒီအချိန်က ဒုတိယ ခြေလှမ်းကို ဖော်ထုတ်ပြီး အသီးအပွင့်တွေကို တစ်ခုပြီးတစ်ခု ခံစားရုံပဲ… ဒီလိုပုံစံမျိုးနဲ့ ကျွန်တော်တို့ဘက်က သေချာပေါက် အောင်ပွဲဆင်နိုင်လိမ့်မယ်…”
“ ဒါဆိုလည်း ပြဿနာတွေ ဆက်ရှုပ်လိုက်ဦး… တကယ်လို့ နင် မကိုင်တွယ်နိုင်တဲ့ ကိစ္စရှိရင်တော့ အန်တီ့ကို ခေါ်ဖို့ မမေ့နဲ့နော်…”
“ ကောင်းပါပြီဗျ… ကျေးဇူးပါ အန်တီရှန်း “
ထို့နောက် နှစ်ယောက်သား ဟိုအကြောင်း ဒီအကြောင်း ဆက်လက်ပြောဆိုရင်း ငါးမိနစ်ကြာပြီးနောက် ဖုန်းချလိုက်လေသည်။
သို့သော်လည်း ဖုန်းချပြီးသည့်နောက်တွင်တော့ လင်းရီ၏ ဖုန်းမှာ မနားတမ်း မြည်ဟီးလာပြီး ပေါက်ကွဲတော့မည့်နှယ် ဖြစ်လာခဲ့သည်။
လျန်ရူရွှယ်၊ ချင်းဟန်၊ ကောင်းကျုံးယွမ်နှင့် လျန်ကျင်းမင်တို့မှ တစ်ယောက်ပြီးတစ်ယောက် လင်းရီ၏ အတွေးများကို မေးမြန်းလာခဲ့ကြ၏။
လူတိုင်း စိုးရိမ်နေရသည့် အကြောင်းအရင်းကတော့ အခြေအနေမှာ ယခင်ကနှင့် မတူညီသောကြောင့်ပင်။ လင်းရီ လက်ရှိ ရင်ဆိုင်နေရသူက ထိုင်ဝမ်းရှိ ထိုင်တယန့် ကုမ္ပဏီပင်။
အရွယ်အစားချင်း စကားပြောမည်ဆိုပါက ၎င်းတို့က ဟွားယင်အုပ်စုနှင့် တန်းချင်းယှဉ်နိုင်လေသည်။ သို့သော်လည်း သူ လက်ရှိ ရင်ဆိုင်နေရသူကတော့ ကွဲပြား၏။ ဂျင်းဟောင်းကြီး ကျန်းကျုံးမော့က ကျောက်မိုထက် အဆပေါင်းများစွာ ပိုမိုသန်မာလေသည်။
ယခုလို လက်သီးချင်း ယှဉ်ပြီးနောက် လင်းရီ ပြန်လည် ဦးမော့လာနိုင်မလားဆိုတာကတော့ စိုးရိမ်စရာ ဖြစ်သွားချေပြီ။
သို့သော်လည်း လင်းရီကတော့ လျန်ရူရွှယ်၏ ဖုန်းမှ လွဲ၍ ကျန်သည့် ဖုန်းများကို မကိုင်လိုက်ချေ။
လေးယောက် ဂရုထဲသို့သာ စာပို့ပြီး စိတ်မပူရန် ပြောကြားလိုက်၏။
ထိုအချိန်တွင်တော့ ကျီချင်းရန်မှာ အဆိုပါ ကိစ္စကို အချိန် အတော်လေးကြာမှ သတိပြုမိသွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူမ မနက် မိုးလင်းကတည်းက မနက်စာ ပြင်ဆင်ရန်အတွက် အလုပ်ရှုပ်နေပြီး အခြား ကိစ္စများအား သိပ်အာရုံ မပေးနိုင်သောကြောင့်ပင်။
လင်းရီ ဝီချက်တွင် စာပို့နေပြီး ဖုန်းတို့ အဆက်မပြတ် မြည်နေသည့် အသံကြားမှ သူမလည်း တစ်ခုခု ထူးဆန်းလာသလို ခံစားလာရကာ မေးမြန်းလိုက်လေသည်။
သို့သော်လည်း သူမ များများစားစား မှတ်ချက်မပြုလိုက်ချေ။ လင်းရီတွင် သူ့ကိုယ်ပိုင် နည်းလမ်းများရှိပြီး အကယ်၍ သူ့ဘက်ကမှ ယုံကြည်ချက် မရှိဘူးဆိုပါက မည်သည့်အရာကိုမျှ ပြုလုပ်မည် မဟုတ်သောကြောင့်ပင်။ အကယ်၍ ပြုလုပ်ခဲ့ပြီ ဆိုလျှင်လည်း သူ့ဘက်မှ ကြိုတင်စီစဉ်ထားသည့် နည်းလမ်းများ ရှိထားပြီးဖြစ်၏။
ထို့ကြောင့် များများမေးရန် မလိုချေ။ သူမဘက်က လင်းရီ ပြုလုပ်သမျှကို ထောက်ခံပေးမည်ဖြစ်၏။
မည်သို့ပင်ဆိုစေ လက်ရှိအခါ၌ ငွေကြေးလည်း အတော်အတန် စုဆောင်းထားပြီး အကယ်၍ တစ်နေ့ သူ့ဘက်မှ ကြီးကြီးမားမား ဆုံးရှုံးခဲ့လျှင်တောင် သူ့လက်ကျန် ဘဝကို ထောက်ပံ့ပေးရန်အထိ လုံလောက်ပြီး ပြန်လည် ဦးမော့လာနိုင်သည်။
အချုပ်အားဖြင့် ဆိုရသော် သူမ ပေါ့ပေါ့တန်တန်သာ တွေးလိုက်ပြီး ဘာမျှ စိတ်ပူမနေချေ။
“ စားပြီးပြီ… ခု အလုပ်သွားတော့မယ်…”
“ လိုက်ပို့ပေးမယ်လေ… ငါလည်း ခဏနေ ကုမ္ပဏီ သွားစရာရှိတယ်…”
“ အွန်း အွန်း…”
စားသောက်ပြီးနောက် ကျီချင်းရန် သူမ အခန်ထဲသို့ သွား၍ အဝတ်စားလဲလိုက်ပြီး လင်းရီနှင့်အတူ ထွက်လာခဲ့လိုက်၏။
ကျီချင်းရန်ကို ချောင်ရန်အုပ်စုသို့ လိုက်ပို့ပေးပြီးနောက် လင်းရီ လင်းယွမ်အုပ်စုသို့ ပြန်လာခဲ့လိုက်သည်။
တစ်ချိန်တည်းတွင် ချီရှန်းကျောက်နှင့် ဟော်ယွမ်ယွမ်တို့လည်း ရောက်ရှိလာလေသည်။
ဟော်ယွမ်ယွမ်ဘေးတွင်တော့ အမျိုးသမီး တစ်ယောက် ကပ်ပါလာပြီး သူမက အသက် သုံးဆယ့်လေး သို့မဟုတ် သုံးဆယ့်ငါး အရွယ်လောက်ရှိပြီး ဆံပင်ကိုလည်း ပခုံးနားတစ်ဝိုက်သို့ ဖြန့်ချထား၏။ သူမကတော့ လင်းယွမ် အုပ်စု PR ဌာန၏ ဒါရိုက်တာ ဟန်ယောင်ပင်။
“ အခြေအနေ ဘယ်လိုရှိလဲ… ထိုင်တယန့်ဘက်က တုံ့ပြန်တာတွေ လုပ်လာပြီလား…”
“ သူတို့ဘက်က ဆောင်းပါး သုံးပုဒ် ထုတ်လာခဲ့ပြီးတော့ အခြေအနေတွေကို ယုတ္တိကျကျ ရှင်းပြသွားပေးခဲ့တာ… ခု လူတွေက အမြင်ပြန်ပြောင်းသွားကြပြီး ဝမ်ရန်ရဲ့ ဆောင်းပါးကို အယုံအကြည် မရှိကြတော့ဘူး…” ဟန်ယောင် ပြောလိုက်ပြီး “ဘာလို့ဆို ထုံးဟွာ အီလက်ထရောနစ်က စက်ရုံအသေးစားလေးဖြစ်ပြီးတော့ လူမသိ သူမသိတဲ့ စက်ရုံလို့ ပြောရင်တောင် မမှားဘူး… ခု လူတော်တော်များများက ဘက်ပြောင်းပြီးတော့ ကျွန်မတို့ကို ဝေဖန်တဲ့ ပို့စ်တွေ တင်လာကြတယ်… အထူးတဖြင့် ရေပန်းစားတဲ့ နည်းပညာ ဖိုရမ်တွေကနေပေါ့… သူတို့က ဒီကိစ္စကို ပြက်လုံး တစ်ခုလိုတောင် လုပ်နေကြတာ… “
“ အဲ့တာတွေကို ခေါင်းထဲထည့်မနေနဲ့..” လင်းရီ အလေးမထားသည့် ပုံစံဖြင့် ပြောလိုက်ပြီး “ စက်မှုနယ်ပယ်က လူတွေကော ဘယ်လိုမြင်ကြလဲ…”
“ သူတို့လည်း ပြက်လုံးလို့ပဲ ထင်နေကြတာ…” ဟော်ယွမ်ယွမ်ပြောလိုက်ပြီး “ စက်ရုံမှာ ပြဿနာလေ နည်းနည်း ရှိလိုက်တာနဲ့ ထိုင်တယန့်ပေါ် ချက်ချင်း လက်ညိုးထိုးလိုက်တာကြီးကတော့ လွန်တယ်တဲ့… အမှန်တရားဆိုပေမယ့် ဘယ်သူကမှ မယုံကြဘူး… ဒါက စော်ကားနေတာနဲ့တောင် တူသေးတယ်…”
“ နားလည်ပြီ… ဒါလည်း ငါလိုချင်တာပဲ..”
သုံးယောက်သား တစ်ဦးကို တစ်ဦး ကြည့်လိုက်ကြပြီး တစ်ခုခုတော့ ဖြစ်ပျက်တော့မည်ဟု ခံစားနေကြရ၏။
ကလင် ကလင် ကလင် …
ထိုစဥ် လင်းရီ ဖုန်းသံမြည်လာလေသည်။
ခေါ်ဆိုလာသူကတော့ ကျန်းဟိုင်ရုံဖြစ်ပြီး ထိုသို့ ခေါ်လာမည်ကိုလည်း လင်းရီ မှန်းဆထားပြီးဖြစ်၏။
“ တရားခံ အစစ်ကတော့ ဖုန်းဆက်လာနေပြီ… သူဘာပြောမလဲ အရင် နားထောင်ကြည့်ကြတာပေါ့….” ပြောပြီးနောက် လင်းရီ ဖုန်းကိုင်ပြီး စပီကာ ဖွင့်ထားလိုက်၏။
“ ဥက္ကဌလင်း… ခင်များက အဲ့လောက်ထိ စက်ဆုပ်ဖို့ကောင်းတာလား… ကျုပ်တို့ကို တကယ်ကြီး စွပ်စွပ်စွဲစွဲတွေ လုပ်နေတယ်…”
“ ဘာကို စွပ်စွဲမိလို့… ဧကန္တ ခင်များကပဲ ခင်များဘာလုပ်ခဲ့တယ်ဆိုတာကို နားမလည်တာလား…” လင်းရီ ရယ်မောလိုက်၏။
“ အာဟားဟား… အဲ့လိုလား… ကျုပ်တကယ်ကို မသိတာ…” ကျန်းဟိုင်ရုံလည်း ရယ်မောရင်း ပြောဆိုလိုက်ပြီး “ အရင်တုန်းကတော့ လူတော်တော်များများက လင်းယွမ်အုပ်စုရဲ့ ဥက္ကဌလင်းက တမူထူးတဲ့လူတဲ့… ခု ကြည့်ရသလောက်တော့ ပြောသလောက်လည်း မဟုတ်တဲ့ပုံပဲ… ဒီလိုမျိုး တိုက်ခိုက်တာက နိမ့်ကျလွန်းတယ်…. ခင်များထင်နေတာ…. လူတွေက ဒီလိုလုပ်ရပ်ကို ယုံကြည်မယ်လို့ ထင်နေတာလား…”
“ အမှန်တရားက ရောက်လာတာ နောက်ကျချင် နောက်ကျလိမ့်မယ်… ဒါပေမယ့် ဘယ်တော့မှ မပျက်ကွက်ဘူး… ဒီတော့ စိတ်ပူမနေနဲ့…. အမှန်တရားက မကြာခင် ထွက်ပေါ်လာမှာပဲ….”
“ ဥက္ကဌလင်း… ခင်များရဲ့ ညစ်ပတ်တဲ့ အကြံအစည်တွေကို အပြင်ချမပြဖို့ အကြံပေးလိုက်မယ်… ကိုယ့်ပုံရိပ်ကိုလည်း ပြန်ကြည့်လိုက်ဦး… မဟုတ်လို့ကတော့ နယ်ပယ်ထဲက ခင်များရဲ့ ဂုဏ်သတင်းတွေအကုန်လုံး ပျက်စီးသွားလိမ့်မယ်… အဲ့ခါကျရင် ဒေဝါလီခံဖို့လည်း ဝေးတော့မှာ မဟုတ်ဘူး…”
“ ခင်များတို့ကောင်တွေက စဉ်းစားဉာဏ်လေးကို မရှိကြဘူးပဲ..… " လင်းရီ ပြောလိုက်ပြီး “ ကျုပ် လက်တစ်ဖက်တည်းနဲ့ Cisco ကို ညတွင်းချင်း ဖျက်ဆီးပြီးတော့ ဟွာယင်း အုပ်စုကိုတောင် အနိုင်ယူခဲ့တာ.... ခင်များအပေါ် ညစ်ပတ်တဲ့ အကွက်တွေနဲ့ လှည့်စားမယ်လို့ ထင်နေတာလား… ခင်များက သောက်ရူးဆိုတိုင်းနဲ့ ကျန်တဲ့သူတွေကလည်း ရူးနေတယ် မထင်နဲ့….”