စစ်တုရင် ကစားသူ
Vol. 54 Ch. 798
ပြောပြီးနောက် လင်းရီ ဖုန်းချလိုက်၏။ သူ ကျန်းဟိုင်ရုံ အပေါ်၌ ဆက်လက် လေကုန်ခံမနေတော့ချေ။
ထို့နောက် ဟန်ယောင်ကို ကြည့်လိုက်ရင်း “ ဒါရိုက်တာဟန်… ကျုပ် တောင်းဆိုထားတဲ့ PR ဆောင်းပါး ရေးပြီးသွားပြီလား…”
“ အကုန် ရယ်ဒီပါပဲ ဘော့စ်… အဓိက ထည့်ရေးထားတာက ရင်းနှီးမြုပ်နှံမှု အကြောင်းပါပဲ…. ထိုင်တယန့်နဲ့ ပဋိပက္ခအကြောင်း ဘာမှ မပါပါဘူး…”
“ အင်း... အဲ့တာ အပြင်ကို ငါတို့ရဲ့ အမျိုးသားရေး ရပ်တည်ချက်နဲ့ ပတ်သက်တဲ့ PR ဆောင်းပါးတစ်စောင်ကို ထပ်ပြီး ထုတ်ပြန်လိုက်…”
“ အမျိုးသားရေး ရပ်တည်ချက်….”
လင်းရီ၏ စကားလုံးများက ရောက်နေသည့် သုံးယောက်ကို ရှုပ်ထွေးသွားစေသည်။
‘ ဒီကိစ္စက နိုင်ငံနဲ့ ဘာဆိုင်လို့လဲ…’
“ တွေးကြည့်လိုက်လေ… မင်းတို့ဘက်က ဆောင်းပါးကို တင်ပြီးတဲ့ အချိန်ကျရင် သာမန်လူတွေရဲ့ အမြင်မှာ ထုံးဟွာ အီလက်ထရောနစ်က ဂျပန်ထိန်းချုပ်မှုအောက် ရောက်နေတဲ့ ကုမ္ပဏီဖြစ်သွားလိမ့်မယ်… ဒီအချိန်မှာ ထိုင်တယန့်က ထုံးဟွာကို ပြဿနာတွေ ဖန်တီးပေးနေတယ်ဆိုတော့ ဒါက အမျိုးသားရေးအတွက် တိုက်ခိုက်နေတာပဲ မဟုတ်ဘူးလား…. ကိုယ်ကျိုးစီးပွားကိုတောင် စွန့်လွှတ်ပြီးတော့ ဂျပန်ကို ဆန့်ကျင်တုံ့ပြန်နေတယ်ဆိုတော့ ဘယ်လိုတောင် လေးစားဖို့ကောင်းတဲ့ မျိုးချစ်စိတ်ဓာတ်လဲ….”
ချီရှန်းကျောက်က ပထမဦးဆုံး သတိပြုမိသည့်သူပင်။
သူ့ဘော့စ်ရဲ့ အကွက်က တော်တော်လေး အံ့အားသင့်ဖို့ ကောင်းသည်ဟု ခံစားနေရ၏။
ဘော့စ်က ထိုင်တယန့်နဲ့ မစ်ဆူစီးပွားရေး အုပ်စုကို တိုက်ရိုက်ကြီး ပွဲတည်ပေးလိုက်တာပဲ…..
တစ်ခြားနည်းနဲ့ ပြောမယ်ဆိုရင် ဘော့စ်က ဒီဇာတ်လမ်းရဲ့ ဒါရိုက်တာ ဖြစ်လာပြီး မတူညီတဲ့ ယှဉ်ပြိုင်သူ နှစ်ယောက်က စင်ပေါ်မှာ ဖိုက်ရတော့မှာ….
လက်တွေ့တွင်တော့ ထိုင်ဝမ်းနှင့် ပတ်သက်သည့် ကိစ္စတို့မှ အမြဲတစေ ကွဲလွယ်ရှလွယ်သည့် ကိစ္စများ ဖြစ်နေတတ်၏။သို့သော်လည်း ဘော့စ်ကတော့ ၎င်းကို မျိုးချစ်ပုဂ္ဂိုလ်ဟု အစွဲပြုလိုက်လေသည်။
သို့နှင့် တစ်ဖက်သူမှာ ဆုပ်လည်းစူး စားလည်းရူး အခြေအနေသို့ ကျရောက်သွားခဲ့တော့၏။
အကယ်၍ ထိုင်တယန့်ဘက်ကသာ လမ်းခုလတ်တွင် ဆုတ်ခွာသွားခဲ့မည်ဆိုပါက ပြည်သူ့အမြင်သဘောထားက ပေါက်ကွဲထွက်လာပြီး ၎င်းတို့၏ ရှယ်ယာများကို ထိုးကျစေပေလိမ့်မည်။
သို့သော် မစ်ဆူစီးပွားရေး အုပ်စုနှင့် သူသေကိုယ်ကြေ တိုက်ခိုက်မည်ဆိုပါကလည်း လွယ်ကူသည့် ပြိုင်ဘက် မဟုတ်ပြန်ချေ။
ဤနည်းလမ်းဖြင့် လင်းယွမ်အုပ်စုမှာ သီးခြားရပ်တည်နိုင်ပြီး ထုံးဟွာ အီလက်ထရောနစ်ကို ကြေညာရာလည်း ရောက်၏။
အများသူငှာ၏ ထုံးဟွာ အီလက်ထရောနစ်အပေါ် အမြင်သဘောထားမှာ အနည်းငယ် ဆန့်ကျင်မှုများ ရှိနေသော်လည်း နယ်ပယ်ထဲရှိ ကျွမ်းကျင်သူများက ထုံးဟွာ၏ လုပ်ဆောင်နိုင်စွမ်းကို သွယ်ဝိုက်၍ အသိအမှတ်ပြုနေလိမ့်မည်။ ယင်းက သံသယရှိရန် မလိုပဲ လူပေါင်းများစွာအား ရင်းနှီးမြုပ်နှံမှုပြုရန် ဆွဲဆောင်နိုင်ပေလိမ့်မည်။
အချိန်တစ်ခု ကြာပြီးနောက် ဤကိစ္စ တည်ငြိမ်သွားသည့် အချိန်၌ သူတို့ဘက်က ဂျပန်၏ ထိန်းချုပ်မှုလက်အောက်က စက်ရုံကို ပြန်လည်ဝယ်ယူတာမျိုး လုပ်ဆောင်နိုင်သည်။ ၎င်းကိုလည်း ကြီးကျယ်ခမ်းနားသည့် နောက်ထပ် PR လှုပ်ရှားမှု တစ်ခုအဖြစ် မှတ်ယူ၍ရ၏။
ထိုသို့သော လုပ်ဆောင်မှုမျိုးက ပြဌာန်း စာအုပ်များ၌ ထည့်သွင်းမှတ်တမ်းတင်ထားရန် ထိုက်တန်လွန်းလှသည်။
“ ဘော့စ်… ဒါဆို ဒီနေရာမှာ ပြဿနာ တစ်ခု ရှိသွားပြီ…” ဟန်ယောင် ပြောလိုက်၏။
“ ဘာပြဿနာလဲ…”
“ ထိုင်တယန့်က ဒီလိုတွေ လုပ်နေပါတယ်ဆိုတာ လူတွေကို ယုံကြည်အောင် အရင်လုပ်ရမှာ… အဲ့တာက အရေးကြီးဆုံး အချက်ပဲ… မဟုတ်ရင် ကျန်တဲ့ ခြေလှမ်းတွေက အဓိပ္ပာယ်မရှိ ဖြစ်သွားတော့မှာ…”
“ ငါသိတယ်…” လင်းရီ ပြုံးလိုက်ပြီး “ ဒါပေမယ့် မင်း အဲ့ကိစ္စ စိတ်ပူစရာမလိုပါဘူး… ပိုပြီး ကျွမ်းတဲ့သူ တစ်ယောက်ကို ရှာပြီး လုပ်ခိုင်းလိုက်မယ်…”
“ အထင်မလွဲနဲ့… မင်းကို မလုပ်နိုင်ဘူးလို့ အထင်သေးနေတာ မဟုတ်ဘူး… ဒီရဲ့ တာဝန်က မင်းလို သာမန်လူတွေနဲ့ မသင့်တော်လို့ ပြောနေတာ…”
သုံးယောက်သား တစ်ယောက်ကိုယ် တစ်ယောက် ကြည့်လိုက်ကြပြီး လင်းရီ၏ ဆိုလိုရင်းကို နားလည်သဘောပေါက်ကြလေသည်။
ဘော့စ်က အင်တာနက်ပေါ်တွင် ထရိုးသည့် စစ်တပ်(အဖွဲ့)ကို စုစည်းတော့မည်ဖြစ်၏။
တစ်မနက်ခင်းလုံး လင်းရီ သူ၏ ရုံးခန်းထဲ၌ ချီရှန်းကျောက် အခြား ကျန်နှစ်ယောက်နှင့်အတူ ရှိနေပြီး ကိစ္စကို ပြီးပြည့်စုံစေရန်အတွက် အသေးစိတ် စီမံနေသည်။
ထိုသို့ ပြုလုပ်ခြင်းကလည်း မည်သည့်မှားယွင်းမှုကိုမျှ အလိုမရှိသောကြောင့်ဖြစ်သည်။
နောက်ဆုံးတွင်တော့ ဟော်ယွမ်ယွမ်မှ သူ့အတွက် နေ့လည်စာပင် သွားဝယ်ပေးခဲ့ရလေသည်။
မွန်းတည့် ၁၂ နာရီအချိန်တွင်တော့ ‘ ထိုင်ဝမ်းရဲ့ ထိုင်တယန့်က ဟွာရှရှိ လျှပ်ကူးတစ်ပိုင်းနယ်ပယ်ကို ပစ်မှတ်ထား တိုက်ခိုက်နေပြီ ‘ ဟူသည့် ပို့စ်က အင်တာနက်ပေါ်သို့ ဗိုင်းရပ်စ်အလား ပျံ့နှံ့သွားခဲ့လေသည်။
၎င်းက ဒါဇင်ချီသည့် ဝက်ဆိုဒ်တို့၌ ရေပန်းစားသည့် ခေါင်းစဉ်တစ်ခု ဖြစ်လာပြီး နှစ်နာရီအတွင်း၌ ဟွာရှ အင်တာနက်ပေါ်တွင် လူသိများ ရေပန်းစားသည့် သတင်းတစ်ပုဒ် ဖြစ်သွားခဲ့တော့၏။
အစကတော့ လူတိုင်းက ထိုသတင်းကို မယုံကြည်ကြချေ။ သို့သော်လည်း ဖုန်းပြောသည့် မှတ်တမ်းအသံကို နားထောင်ပြီးနောက်တွင်တော့ လူတိုင်းက အမှန်တရားဖြစ်ကြောင်း လက်ခံလိုက်ကြတော့သည်။
ထို့ပြင် လင်းရီ ဝမ်ရာ့ရှင်းနှင့် စွန်းရုံမင်တို့ကို အဆိုပါ ထိုးနှက်ချက်များက ထိုင်တယန့်၏ မန်နေဂျာ ကျန်းဟိုင်ရုံမှ စေခိုင်းခဲ့ကြောင်း ထုတ်ဖော်ပေးရန်လည်း တောင်းဆိုထားခဲ့သည်။
ကာယကံရှင် နှစ်ဦးနှင့် ဖုန်းပြောထားသည့် မှတ်တမ်းတို့က ထိုင်တယန့်မှာ ဟွာရှရှိ ကုမ္ပဏီများအား တိုက်ခိုက်နေသည့် သတင်းကို အတည်ပြုသွားစေသည်။
၎င်းက အင်တာနက် သုံးစွဲသူများနှင့် စက်မှုနယ်ပယ်ရှိ လူပုဂ္ဂိုလ်များအား ထုံးဟွာ၏ ဖြစ်ရပ်က ထိုင်တယန့်၏ စနက်ဖြစ်ကြောင်း လုံးဝ ယုံကြည်သွားစေတော့သည်။
အချိန်တိုအတွင်း လူထုအမြင်သဘောထား၊ ဒုံးပျံထိပ်ဖူးက ထိုင်တယန့်ဘက်သို့ တိုက်ရိုက်ဦးတည်နေပြီး လူအများမှ ဝိုင်းဝန်းရှုံ့ချသည့် အဆင့်သို့ ရောက်ရှိသွားခဲ့တော့၏။
မွန်းလွဲသုံးနာရီတွင် လင်းရီ ခြေဆန့် လက်ဆန့်ပြုလိုက်၏။ ကိစ္စများက တစ်စထက် တစ်စ ဆိုးရွားလာနေသည်ကို မြင်တော့ ရင့်မှည့်ချိန် တန်ပြီဟု ခံစားလိုက်ရလေသည်။
ယခုအချိန်က အစီအစဉ်၏ နောက်တစ်ပိုင်းကို စတင်ရတော့မည့် အခါသမယပင်။
ကလင် ကလင် ကလင်
သို့သော်လည်း ထိုအခိုက်အတန့်တွင် ကျန်းဟိုင်ရုံထံမှ ဖုန်းဝင်လာခဲ့၏။ “ လင်းရီ… မင်း သောက်ရှက်မရှိတဲ့ကောင်… မင်း သူတို့နှစ်ယောက်ကို သုံးပြီးတော့ ငါ့ကို စွပ်စွဲ၀ံ့တယ်ပေါ့လေ…”
ဤတစ်ကြိမ်တွင်တော့ ကျန်းဟိုင်ရုံ၏ ခံစားများက မတည်ငြိမ်နိုင်တော့။ ဖုန်းဝင်သွားသည်နှင့် တစ်ပြိုင်နက် အားပါးတရ အော်ဟစ်သောင်းကြမ်းနေတော့၏။
“ သက်သေ သက်ကာရတွေက ဒီလောက်ထိ သိသာထင်ရှားနေတာကို စွပ်စွဲပါတယ်ဆိုပြီး အရှက်မရှိ ပြောနိုင်သေးတယ်ပေါ့…” လင်းရီ ဖြည်းညင်းစွာ ပြောလိုက်ပြီး “ ကျုပ်က ခင်များဖော်ထားတဲ့ဆေးကို ခင်များပြန်ကျွေးရုံပဲ ရှိတာ…”
“ ငါ မင်းရဲ့ သောက်အဓိပ္ပာယ် မရှိတဲ့ စကားတွေ တစ်ခွန်းမှ မကြားချင်ဘူး…. ဒီရဲ့ မှားယွင်းတဲ့ ကောလဟာလတွေနဲ့ တိုက်ခိုက်မှုကို ရပ်တန်းက ရပ်တန့်ဖို့ ငါအမိန့်ပေးတယ်… မဟုတ်လို့ကတော့ ငါတို့ ဒီကိစ္စကို တရားဥပဒေနဲ့ ကိုင်တွယ်ဖြေရှင်းရလိမ့်မယ်…”
“ ဥက္ကဌကျန်း … အဲ့လောက်ကြီးလည်း စိတ်တိုမနေစမ်းပါနဲ့… ကျုပ် မနေ့တုန်းက ခင်များနဲ့ ညှိနှိုင်းမယ် ဆိုတုန်းက ကျုပ်ရှေ့မှာ ဟိတ်ကြီး ဟန်ကြီးနဲ့ လာလုပ်နေတာလေ… ခုကျတော့ မလုပ်နိုင်ဘူးပေါ့… ဥပဒေနဲ့ ဖြေရှင်းမယ်တောင် ပြောလိုက်သေး… ခင်များကို ကြောင်သူတော်လို့ပြောရင်တောင် ချီးကျူးရာကျနေပြီ…”
“ မင်းလို ကလိမ်ကကျစ်ကျတဲ့ကောင်ရဲ့ အဓိပ္ပာယ် မရှိတဲ့ စကားတွေကို ငါ နားထဲလည်း ထည့်မနေဘူး… တကယ်လို့ မင်း ဒီလိုမျိုး ဆက်ပြီး လုပ်နေမယ် ဆိုလို့ကတော့ ငါတို့ ထိုင်တယန့်ဘက်ကလည်း အေးဆေး ငြိမ်ခံနေမှာ မဟုတ်တော့ဘူး… အဲ့ဒီ အချိန်ကျမှ နောင်တမရဖို့ပဲ မျှော်လင့်တယ်…”
“ ကျုပ်က လုပ်ပြီးရင်လည်း နောင်တမရသလို နောင်တရမယ့် အလုပ်လည်း ကျုပ်မလုပ်ဘူး… ကစားပွဲက ခုမှ အစပဲ ရှိသေးတာ… ဖြေးဖြေးချင်း ကစားကြတာပေါ့…”
ထိုသို့ ပြောပြီးနောက် လင်းရီ ကျန်းဟိုင်ရုံကို စကားပြောရန် အခွင့်မပေးဘဲ ဖုန်းချလိုက်လေသည်။
“ ဘော့စ်… တစ်ဖက်သူကြည့်ရတာ စိတ်လွတ်နေတဲ့ပုံပဲနော်….” ဟော်ယွမ်ယွမ် ပြောလိုက်၏။
“ ဒီတိုင်း သောက်ရူးကိုများ… သူ့ဘာသူ သွေးရူးသွေးတမ်း ဖြစ်တော့ကော ဘာထူးသွားမှာမို့လို့…”
သို့နှင့် လင်းရီ ဟန်ယောင်ကို ကြည့်လို်ကပြီး “ ငါ တောင်းဆိုထားတဲ့ PR ဆောင်းပါးကို ပြင်ဆင်ထားပြီးပြီမလား… သွားပြီးတော့ ခု ချက်ချင်းပဲ တင်လိုက်တော့… ကျန်တာကို မင်းဘာမင်းပဲ ကြည့်ကိုင်တွယ်လို့ရတယ်… ငါ ဝင်မပါတော့ဘူး…”
“ ဟုတ်ကဲ့ပါဘော့စ်…”
လင်းရီ သူ့ကားသော့ကို ထုတ်၍ ရုံးခန်းထဲမှ ထွက်ရန် ဟန်ပြင်လိုက်၏။
“ ဘော့စ်.. ရှင်က ခု ဘယ်သွားတော့မလို့… ဒီကိစ္စက ဖြေရှင်းလို့ မပြီးသေးဘူးလေ….”
“ အချိန်ကျပြီလေ… မင်းအစ်မကျီကို သွားကြိုရတော့မှာ…”
“ အစ်မကျီက ငါးနာရီမှ ရုံးဆင်းတာမဟုတ်ဘူးလား… ခုကဖြင့် သုံးနာရီခွဲပဲ ရှိသေးတယ်…”
“ ဒီနေ့ ငါတို့ ဘာဘီကျူး လုပ်စားကြမလို့ … ဒါကြောင့်မို့ ရုံးစောဆင်းပြီး စူပါမားကတ်မှာ လိုအပ်တာတွေ သွားဝယ်ကြမှာ…”
“ ဒါဆို ကျွန်မလည်း စောင့်ဦး… ကျွန်မလည်း လိုက်ချင်တယ်…”
“ ရှီးပဲ…”
ဟော်ယွမ်ယွမ် လင်းရီနှင့် အတူထွက်သွားသည်ကို မြင်တော့ ချီရှန်းကျောက်က မည်သို့မျှ မခံစားရချေ။
သို့သော်လည်း ဟန်ယောင်ကတော့ အနည်းငယ် မနာလို ဖြစ်နေလေသည်။
သူမလည်း ဘယ်တော့မှ ဘော့စ်အိမ်လိုက်ပြီး ဖရီး ဂုန်းဆင်းခွင့်ရမှာလဲ…
ပြီးတော့ ဘော့စ်က ဘာလို့ အရမ်း တည်ကြည်နေတာလဲ…
သူ့ အမျိုးသမီး ဝန်ထမ်းတွေနဲ့ အတူအိပ်ဖို့ အတွေးလေးတောင် ဘာလို့ မရှိရတာလဲ…
ဟင်း… ဒေါသထွက်ချင်စရာပဲ…
……………
လျန်ရူရွှယ်၏ ရုံးခန်းထဲတွင်တော့ သူမ သက်ဆိုင်သည့် ပို့စ်များကို ဖတ်ရှုပြီးနောက် ရှန်းရှူးရီထံ ဗွီဒီယိုကော ခေါ်လိုက်လေသည်။
“ အမေ.... ခု ထုံးဟွာနဲ့ ထိုင်တယန့် အကြောင်း ကြားပြီးပြီမလား…”
“ အင်း… ငါလည်း ဒီမနက် တွေ့တာ….”
“ လင်းရီဘက်က တုံ့ပြန်လိုက်ပြီဆိုတော့ နှစ်ဖက်က စစ်ပွဲကို အတိအလင်း ကြေညာလိုက်တာနဲ့တူတယ်…. လင်းရီက ဒီပွဲမှာ အနိုင်ရနိုင်ချေရှိမယ်လို့ အမေထင်လား…”
“ သိချင်ရင် နင် လင်းရီကို မေးပေါ့… ဘာလို့ ငါ့လာမေးနေတာ….”
“ ဒါပေမယ့် သူမှ အတိအကျ သေချာမပြောပြတာ…. စိတ်မပူနဲ့ပဲ ပြောတယ်…”
“ သူကတောင် ပြောလာမှတော့ နင်က ဘာတွေ တွေးပူနေတာ…. ပြီးတော့ ကျောက်မိုနဲ့ ကျန်တဲ့သူလည်း လင်းရီ လက်ချက်နဲ့ အကုန်ကြွေလွင့်ကုန်ကြတာချည်း မဟုတ်ဘူးလား… သူ့အစွမ်းအစကို ယုံကြည်ထားစမ်းပါအေ….”
“ သမီးသူ့ကို ယုံပါတယ်… ဒါပေမယ့် ဒီတစ်ခေါက် သူ့ရဲ့ ပြိုင်ဘက်က ကျန်းကျုံးမော့လေ…. သူ ခံစားသွားရမှာစိုးလို့….”
ရှန်းရှူးရီ ပြုံးလိုက်ပြီး “ နင်က သူ ရှုံးမှာကို စိတ်မပူဘူး… ဒါပေမယ့် အရှုံးကနေ ပြန်ပြီး နာလန် မထူနိုင်မှာကို စိုးရိမ်နေတာမလား….”