ပြောင်မြောက်သည့် ရွေ့ကွက်
Vol. 54 Ch. 799
“ အဓိကက လင်းရီက အရမ်း ဘ၀မြင့်လို့လေ… ဒီလိုမျိုး ထိုးနှက်ချက်ကြီးက သူ့အပေါ် သေကြေပျက်စီးလောက်တဲ့အထိ သက်ရောက်သွားမှာကို ကြောက်တာ…”
“ သမီး နင် ဒီ တစ်ခုတော့ နားလည်ထားရမယ်… ဘ၀င်မြင့်ချင်တဲ့လူက သူ့မှာ ဘ၀င်မြင့်နိုင်တဲ့ စွမ်းရည် ရှိရတယ်…. တကယ်လို့ သူ့ရဲ့ စွမ်းရည်က သူ့မာနနဲ့ မကိုက်ညီဘူးဆိုရင် သူ တစ်နေ့ ကျရှုံးမှာပဲ… နင် စိတ်ပူပေးနေလဲ အသုံးမဝင်ဘူး…”
ထိုသို့ ပြောပြီးနောက် ရှန်းရှူးရီ ထိုင်ခုံမှ ထ၍ စားပွဲအောက်ရှိ စက္ကူအိတ်ကို ထုတ်လိုက်သည်။
အထဲတွင်တော့ ပန်းပွင့်များ နှိပ်ခတ်ထားသည့် မီးခိုးရောင် စကတ်အလှလေး တစ်ထည်က ရှိနေလေသည်။
“ ဒါ ငါ ဝယ်ခဲ့တဲ့ စကတ်အသစ်လေးလေ… လှတယ်မလား… သုံးလေးရက် နေရင် ပရဟိတ ညစာစားပွဲရှိတယ်…. အဲ့ခါကျ ဒါလေး ဝတ်သွားမလို့…”
“ ဒါ Gucci က အသစ်ထုတ်ထားတဲ့ ဒီဇိုင်းမလား…. ယွမ် နှစ်သိန်းကျော်မယ်ထင်တယ်….”
“ အိုး… နင့်မျက်လုံးတွေက တကယ် စူးရှသားပဲ…”
“ အမေ အဲ့လောက်ထိ ဘဝင်ခိုက်မပြလို့ မရဘူးလား… ဘာပဲဆိုဆို အမေက လျန်မိသားစုရဲ့ အကြီးဆုံး ချွေးမလေ… ဒီလောက် ဈေးကြီးတဲ့ အဝတ်အစားမျိုးဝတ်ရင် သူများတွေ ဘယ်လိုပြောလိုက်ကြမလဲ…”
“ နင် မဝတ်ရတိုင်းနဲ့ သူများကို ဒီလိုလာပြောနေ… နင် မနာလို ဖြစ်နေတာမလား….”
“ မဆိုင်ပါဘူး.. သမီးက လျန်မိသားစုကို အရှက်မရစေချင်ရုံ သပ်သပ်ပဲ… “ လျန်ရူရွယ်ပြောလိုက်၏။
“ ဒီလိုမျိုး ဆင်ခြေတွေ လာမပေးစမ်းနဲ့… နင် ဝတ်ချင်ရင်တောင် ဒီလို ဝတ်စုံမျိုး ဝတ်လို့မရပါဘူး…”
“ သားအမိချင်းကို ဒီလိုစကားမျိုး ပြောစရာလား… တကယ်လို့ အမေ နောက်တစ်ခါ ဒီလိုမျိုး ထပ်လာပြောရင် အဘွားနဲ့ သွားတိုင်ပြောမယ်…” လျန်ရူရွှယ် ပြောလိုက်ပြီး “ ဘာပဲဆိုဆို စကားလမ်းကြောင်း မလွဲနဲ့လေ… ခုန ကိစ္စ ပြောလို့တောင် မပြီးသေးဘူး… တကယ်လို့ တစ်ခုခု မှားယွင်းသွားမယ်ဆိုရင် ဒီကိစ္စ ဘယ်လိုမျိုး အဆုံးသတ်လောက်မလဲလို့…”
“ နင့်အမေက နတ်ဘုရားလဲမဟုတ်…. ဘယ်လိုလုပ်ပြီး အဲ့လောက်ကြီးထိ ကြိုသိနေနိုင်မှာ…” ရှန်းရှူးရီ ပြောလိုက်ပြီး “ ဒါပေမယ့် ဒီမနက် အမေ သူ့ကို ဖုန်းဆက်မေးကြည့်တော့ သူပြောတာ စတေးခံသိုးတစ်ကောင် တွေ့ထားတယ်လို့တော့ ပြောတာပဲ…. ဒီတော့ ပြဿနာ မရှိလောက်ပါဘူး…”
“ သူက ကာဗာယူလို့ရမယ့် တစ်ယောက်ယောက်ကို တွေ့သွားတယ်ပေါ့…”
“ အဲ့တာ သူပြောတာပဲလေ… သူဘယ်လိုတွေ စီစဉ်ထားလဲတော့ အမေလည်း မသိဘူး… နင် လင်းရီကို ငါ့ထက်ပိုသိပါတယ်.. သူ့ လက်ထဲမှာက ကတ်ပေါင်းစုံ ရှိနေတာလေ…. ဘာမှ တွေးပူပေးမနေနဲ့…. သူ ဘာဆက်လုပ်မလဲပဲ ဘေးက အေးဆေး စောင့်ကြည့်နေလိုက်….”
မူလက ရှန်းရှူးရီ လျန်ရူရွယ်ရှေ့တွင် ဝတ်စုံအသစ်ကို စမ်းဝတ်ကြည့်ချင်သော်လည်း သူမ စောဒက တက်လာမည်ကို စိုးရွံ့သောကြောင့် ထို ဝတ်စုံအား ဘေးချိတ် ထားလိုက်ရ၏။
ဒေါက် ဒေါက် ဒေါက်…..
ရှန်းရှူးရီ သူမ ဝတ်စုံကို အိတ်ထဲ ပြန်ထည့်နေစဉ် တံခါးခေါက်သံကို ကြားလိုက်ရလေသည်။
“ ဝင်ခဲ့….” ရှန်းရှူးရီ ဩဇာညောင်းသည့် အသံဖြင့် ပြောလိုက်၏။
ရုံးခန်းထဲ ဝင်လာသူကတော့ CITIC ၊ PR ဌာန၏ ဒါရိုက်တာ ဝမ်လီပင်။
“ ဥက္ကဌရှန်း… အခြေအနေတွေကတော့ ပိုပိုပြီး ရှုပ်ထွေးလာနေပြီ…”
“ ရှုပ်ထွေးလာတယ်… ဘာဖြစ်လို့လဲ…”
“ ခု နောက်ဆုံးရ သတင်း နှစ်ခု ရှိတယ်…”
“ တစ်ခုက ထုံးဟွာအီလက်ထရောနစ်က မစ်ဆူ စီးပွားရေး အုပ်စု ရင်းနှီးမြုပ်နှံခြင်း ခံရတဲ့ ကုမ္ပဏီတစ်ခု…. စီးပွားရေး ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ခု အဲ့ကုမ္ပဏီက ဂျပန်လက်အောက်ခံ ဖြစ်သွားခဲ့ပြီ…”
“ နောက်တစ်ခြား တစ်ခုက ဒီ တစ်ကြိမ်
ထိုင်တယန့်ရဲ့ စစ်ဆင်ရေးက လူမျိုးရေး မုန်းတီးမှုအပေါ် အခြေခံပြီး မျိုးချစ်စိတ်ကြောင့် ပြုလုပ်ရခြင်း ဖြစ်တယ်လို့ ညွှန်ပြထားတယ်..”
ထိုသတင်းကို ကြားတော့ ရှန်းရှူးရီ တစ်ခဏမျှ ကြက်သေသေသွားခဲ့လေသည်။
လင်းရီ၏ရွေ့ကွက်က မထင်မှတ်ထားလောက်အောင်ကိုပင်။
“ နားလည်ပြီ… သူတို့ကုမ္ပဏီ နှစ်ခုက လှုပ်ရှားမှုတွေကို ဆက်ပြီး စောင့်ကြည့်နေ….”
“ နားလည်ပါပြီ ဥက္ကဌရှန်း…”
ဝမ်လီထွက်သွားခဲ့ပြီး လျန်ရူရွှယ်၏ မျက်နှာထက်တွင်တော့ ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်နေလေသည်။
“ အမေ… လင်းရီပြောနေတဲ့ စတေးခံသိုးဆိုတာ မစ်ဆူစီးပွားရေး အုပ်စု… ဟုတ်တယ်မလား…”
“ အင်း… ကြည့်ရသလောက်တော့ ဟုတ်တယ်နေမှာ…”
“ သူက အဲ့လို အကွက်မျိုးတောင် စဉ်းစားနိုင်တယ်နော်… သမီးတော့ တကယ်ကိုလေးစားမိသွားပြီ…”
“ အဲ့တာက ဘာမှမဟုတ်သေးဘူး… အဲ့တာက အဓိက ရည်ရွယ်ချက် မဟုတ်ဘူး…” ရှန်းရှူးရီ ပြောလိုက်၏။
“ ဟင်… ပိုပြီး နက်ရှိုင်းတဲ့ အဓိပ္ပာယ် ရှိနေသေးတာလား…”
ရှန်းရှူးရီ ခေါင်းညိမ့်လိုက်ပြီး လေးနက်သည့် လေသံဖြင့် “ ငွေကြေးစစ်ပွဲက ဘာမှ မဟုတ်ဘူး… လင်းရီ ရွေ့သွားတဲ့ အကွက်က တော်တော်လေး လှတယ်ပြောရမယ်…”
အဆိုပါ စကားလုံးများက လျန်ရူရွှယ်ကို ရှုပ်ထွေးသွားစေသည်။ ရှန်းရှူးရီ ဘာကို ပြောချင်နေလဲဆိုတာကို နားမလည်နိုင် ဖြစ်နေတော့၏။
“ အဲ့လောက်တော့ မဆိုးရွားနိုင်ပါဘူး…. ဟုတ်တယ်မလား…”
“ ခု သူက ဂျပန် ကုမ္ပဏီတွေကို စတိုက်ခိုက်နေပြီဆိုတာပဲ.. ဒါကြောင့်မို့ ငွေကြေးစစ်ပွဲမှာ နိုင်တာရှုံးတာက အရေးမကြီးဘူး… ဒါကမှ ဒီလှုပ်ရှားမှု နောက်ကွယ်က တကယ့် ရည်ရွယ်ချက် အစစ်အမှန်ပဲ….”
ရှန်းရှူးရီ၏ မျက်နှာမှာ စိတ်သက်သာရာရသည့် အမူအရာ ဖြစ်သွားခဲ့ပြီး “ ဒီတစ်ခေါက်တော့ အဲ့ကောင်စုတ်လေးက ငါ့ကို တော်တော်အံ့အားသင့်သွားစေတယ်….”
မကြာမီ ဤကိစ္စက မည်မျှ ကြီးမားသည့် အကျိုးသက်ရောက်မှုရှိမည်ကို လျန်ရူရွယ် နားလည်သွားခဲ့လေသည်။ အချိန်အတန်ကြာအောင် တိတ်ဆိတ်သွားခဲ့ပြီးနောက်
“ အမေ…. ဒါက တိုက်ဆိုင်သွားတယ်လို့ ထင်လား… လင်းရီရဲ့ လုပ်ရပ်က မတော်တဆ တိုက်ဆိုင်သွားတာများလား…”
“ ဖြစ်နိုင်ပါတယ်.. ဒါပေမယ့် လင်းရီရဲ့ ဉာဏ်ရည်ဉာဏ်စွမ်းနဲ့ဆိုရင် သူလည်း ဒီလို အဓိပ္ပာယ်မျိုး သက်ရောက်သွားတာကို သေချာပေါက် နားလည်လောက်တယ်…” ရှန်းရှူးရီ ပြောလိုက်ပြီး “ ဘာလို့လဲဆိုတော့ ဒီရဲ့ ရွေ့ကွက်က သူ့အပေါ်ကနေ အကာအကွယ် ထီးအကြီးစား ကာမိုးပေးလိုက်သလိုမျိုးပဲ… ကျန်းကျုံးမော့ကို မနိုင်ဘူးဆိုရင်တောင် အထိအခိုက် အကျအရှုံးမရှိပဲ ပြန်ပြီး ဆုတ်ခွာလို့ရတယ်…. နောက်တစ်နည်းပြောရမယ်ဆိုရင် ဘာပဲ ဖြစ်လာဖြစ်လာ သူ့ဘက်က အနေသာကြီးပဲ….”
ရှန်းရှူးရီ လျှို့ဝှက်စွာ သက်ပြင်းချလိုက်ရင်း သူမကိုယ်သူမ တီးတိုးရေရွတ်လိုက်၏။
' လင်းမိသားစုရဲ့ ဦးနှောက်တွေက ဘာမှားနေမှန်းကို မပြောတတ်တော့ပါဘူးဟယ်…'
……………………………….
အဆိုပါ ပို့စ်နှစ်ခု ထွက်ပေါ်လာခဲ့တော့ ဟွာရှ၏ ဘဏ္ဍာရေးနှင့် နည်းပညာနယ်ပယ်ရှိ အသိုင်းအဝိုင်းတစ်ခုလုံး လှုပ်ခါသွားခဲ့တော့သည်။
အဘယ်ကြောင့်ဆိုသော် လူတစ်ချို့ကလည်း ဤရွေ့ကွက်က မည်မျှလှပသိမ်မွေ့နေကြောင်း သတိမူမိပြီး ရှန်းရှူးရီကဲ့သို့ အလားတူ တွေးတောမိလိုက်ကြ၏။
သူတို့အားလုံး ကွန်ပျူတာရှေ့၌ မတ်တပ်ရပ်နေပြီး ဤကိစ္စက မည်မျှ အတိုင်းအတာအထိ ကြီးထွားလာမလဲဆိုတာကို စောင့်ကြည့်နေကြလေသည်။
……………
ကျိုးဟိုင် ရှန်ရီလာ ဟိုတယ်၊ အဆင့်မြင့် နားနေခန်း။
အာယာနဲ မစ်ဆူမှာ ကွန်ပျူတာရှေ့တွင် ပျင်းရိစွာ ထိုင်နေပြီး သူမအမူအရာကတော့ ထူးထူးခြားခြား တည်ကြည်လို့နေသည်။
အနှီ ' လင်းရီ ' အမည်တွင်သည့် ဟွာရှသားက ကိုင်တွယ်ရ လွယ်ကူသည့် လူစားမျိုး မဟုတ်ကြောင်း သိထားပြီး ဖြစ်သော်လည်း မစ်ဆူအုပ်စုကို သူ၏ လက်နက်အဖြစ် အသုံးချလိမ့်မည်လို့တော့ ထင်မထားခဲ့ချေ။
တစ်နည်းအားဖြင့် ဆိုရသော် ထိုကောင်က သူမတို့ကို အသုံးချခံ ပစ္စည်းတစ်ခုအဖြစ် ရှုမြင်နေလေသည်။
ဒေါက် ဒေါက် ဒေါက်
“ ဝင်ခဲ့….”
တံခါးမှာ တွန်းပွင့်လာခဲ့ပြီး ဂိုအီချီ မစ်ဆူ အထဲသို့ ဝင်လာခဲ့၏။
“ အစ်မ … နင်လည်း အွန်လိုင်းပေါ်က သတင်းတွေ မြင်ပြီးရောပေါ့… ကျွန်တော်တို့……. အဲ့ဒီ ဟွာရှကောင်ရဲ့ လှည့်စားတာကို ခံလိုက်ရပြီ…” ဂိုအီချီမှ ဒေါသထွက်နေသည့် လေသံဖြင့် ပြောလိုက်၏။
အာယာနဲ မစ်ဆူ သူ့လက်ထဲရှိ လက်ဖက်ရည်ကို တစ်ငုံ ငုံလောက်ရင်း “ စိတ်အေးအေးထားစမ်းပါ…. ဘာစိတ်တိုစရာ ရှိလို့… ငါတို့လည်း ဘာတစ်ခုမှ ဆုံးရှုံးသွားတာ မရှိပါဘူး…”
“ ဒီတိုင်း အများရဲ့ အမြင်သဘောထား သပ်သပ်နဲ့တင် ကျွန်တော်တို့အတွက် ကြီးလေးတဲ့ ထိုးနှက်ချက်ကြီး ဖြစ်နေပြီလေ….”
“ ဒါတွေက ယာယီပါပဲ… နိုင်ငံတကာမှာ မစ်ဆူစီးပွားရေး အုပ်စုရဲ့ အရွယ်အစားနဲ့ ဒီလောက်လေးနဲ့တော့ ငါတို့ရဲ့ အုတ်မြစ်ကို မလှုပ်ခါနိုင်သေးပါဘူး….. ခဏကြာရင် ပြန်တည်ငြိမ်သွားလိမ့်မယ်….”
အာယာနဲ မစ်ဆူ၏ ပါရမီဖြင့် ဤကိစ္စကို ရှင်းလင်းစွာ ဖောက်ထွင်းမြင်ထားပြီးဖြစ်၏။
ဤကိစ္စ၌ အမှန်တကယ် အကျိုးသက်ရောက်မှု ခံရသူမှာ ထိုင်တယန့်ပင်။ မူလက ပြည်သူအများ၏ ထောက်ခံအားပေးမှုကို ရရှိထားသော်လည်း တစ်ခါ ဆုတ်ယုတ်သွားသည်နှင့် ၎င်းတို့၏ ရှယ်ယာများမှာ သေချာပေါက် ထိုးကျသွားပေလိမ့်မည်။
ယင်းက ပြောင်မြောက်သည့် ရွေ့ကွက်ဟု ဆိုထိုက်လေသည်။
“ အစ်မ… မိသားစုဘက်ကနေ ဒီကိစ္စကို အမြန် တုံ့ပြန်ဖို့ ညွှန်ကြားလာတယ်.. ကျွန်တော်တို့ ဒီကိစ္စကို ဆက်ပြီး အချိန်ဆွဲလို့မရတော့ဘူး..”
“ ဒီကိစ္စအတွက် ငါ့အစီအစဉ်နဲ့ ငါ ရှိပြီးထား… နင် အရင် ထွက်သွားလိုက်တော့….”
ဂိုအီချီ မစ်ဆူမှ မျက်မှောင်ကြုတ်သွားခဲ့သော်လည်း ဘာမျှ ပြန်မပြောဝံ့ပေ။ အရိုအသေပေးပြီး အာယာနဲ မစ်ဆူ၏ အခန်းထဲမှ တိတ်ဆိတ်စွာ ထွက်ခွာသွားခဲ့လေသည်။
သူ တံခါးပေါက် ပိတ်ပြီးသည်နှင့် ရက်စက်ယုတ်မာတော့မည့် အမူအရာက မျက်နှာထက် ပေါ်ပေါက်လာကာ “ ငါက လှုပ်ရှားဖို့ အခွင့်အရေး မရမှာကို စိုးရိမ်နေခဲ့တာ …. ဒီလိုမျိုး အခွင့်အရေး ပေးတဲ့အတွက် ကျေးဇူးပဲ..”