နင် အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်ချင်လား….
Vol. 54 Ch. 800
လင်းယွမ်အုပ်စုမှ ထွက်လာခဲ့ပြီးနောက် လင်းရီ ဟော်ယွမ်ယွမ်ကို ချောင်ရန်အုပ်စုသို့ ခေါ်ဆောင်လာ၍ ကျီချင်းရန်ကို အလုပ်မှ လာကြိုလေသည်။
“ မမကျီ… ငါက ဒီကို ဖရီးဂုန်းဆင်းဖို့ ရောက်လာတာ… နင်တို့နှစ်ယောက်ကို နှောင့်ယှက်မိသလိုတော့ မဖြစ်ပါဘူးနော်….”
ရုံးခန်းထဲသို့ ဝင်လာလာချင်း ဟော်ယွမ်ယွမ်မှ သူမ၏ ရည်ရွယ်ချက်ကို မျက်နှာပြောင်တိုက် ဝင့်ကြွားစွာဖြင့် ကြေညာလိုက်၏။
“ ဟေ့ မင်း အရှက်လေး ဘာလေး မထားတတ်ဘူးလား…. ဒီတောင် ရောက်ပြီးနေပြီကို ထုတ်ပြောနေတယ်ဆိုတော့ တကယ်တည်း… မင်းအစား ရှက်လိုက်တာ…” လင်းရီ ဘေးမှနေ၍ စောဒက တက်လိုက်သည်။
“ ဘာမှ မဖြစ်ပါဘူး… ငါတို့ နှစ်ယောက်တည်းစားတာထက်စာရင် ယွမ်ယွမ်လည်းပါတော့ ပိုပြီး အသက်ဝင်တာပေါ့…”
ကျီချင်းရန်မှ ကာကွယ်ပြီး ပြောပေးလိုက်၏။
“ အဓိကက အစားအသောက် ဂုန်းဆင်းမှာကို စိုးရိမ်လို့ ပြောနေတာမဟုတ်ဘူး… ဒါပေမယ့် သူမက ကုတင်ပေါ်မှာပါ နေရာယူနေမှာစိုးလို့ ပြောနေရတာ…”
“ လူငယ်တွေက လျော့ပေါ့ပြီးတော့မှ လေ့ကျင့်ခန်း လုပ်သင့်တယ်..” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ တကယ်လို့ နင်တို့ကိုယ်နင်တို့ ဂရုမစိုက်ဘူးဆိုရင်တောင် နင်တို့ရဲ့ ကျောက်ကပ်တွေအတွက် စဉ်းစားပေးသင့်တယ်…”
“ ပေါက်တတ်ကရတွေ လျှောက်ပြောမနေနဲ့…. ငါတို့က အခန်းခွဲပြီး အိပ်တာ..” ကျီချင်းရန် ရှက်သွေးဖြန်းလျက် ရှင်းပြလိုက်၏။
“ ဒါဆိုရင်တော့ ဘော့စ်က ဒီတိုင်း အစ်မကျီကို အဖော်မပြုပေးချင်လို့ ထင်တယ်…” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ တကယ်လို့ သူ့မှာသာ အဲ့လို အတွေးမျိုး ရှိတယ်ဆိုရင် အချိန်အကြာကြီးကတည်းက လှုပ်ရှားပြီးလောက်ပြီ… ဟုတ်တယ်မလား…”
“ အိုး…..” ကျီချင်းရန် သင်္ကာမကင်းဖြစ်စွာဖြင့် လခြမ်းကဲ့သို့ မျက်ခုံးလေးများ တွန့်ကွေးသွားခဲ့ပြီး “ အဲ့လိုလား..”
လင်းရီ “ ??? “
“ ငိုးပဲ.. ဒါဆို ငါ ခုချက်ချင်းလှုပ်ရှားပြီးတော့ ငါ့ရည်ရွယ်ချက်ကို ပြလိုက်ရမှာလား…”
ကျီချင်းရန်၏ မျက်နှာမှာ ပို၍ပင် ရဲမှည့်သွားခဲ့တော့၏။ ထိုစဉ် ဟော်ယွမ်ယွမ်မှ ထပ်ပေါင်း၍ “ အစ်မကျီ သိလား… တကယ်တမ်းကျတော့ ရုံးခန်းထဲမှာ ရူးသွပ်ရတာကလည်း အရမ်း စိတ်လှုပ်ရှားဖို့ကောင်းတယ်… ခုက ၂၁ ရာစုတောင် ရောက်နေပြီကို တကယ်လို့ ကိုယ့်ရဲ့ ပထမဆုံး အကြိမ်က ကုတင်ပေါ်မှာ ဖြစ်မယ်ဆိုရင် ပျင်းဖို့ မကောင်းဘူးလား…. ရုံးခန်းထဲမှာက ပိုပြီး စိတ်ဝင်စားဖို့ကောင်းတယ်….”
“ ပေါက်တတ်ကရတွေ တော်လိုက်တော့…” ကျီချင်းရန် ဟော်ယွမ်ယွမ်၏ လက်ကို ဆွဲလိုက်ပြီး “ နင် ငါနဲ့ ပစ္စည်းတွေ ဝယ်ဖို့ လိုက်ခဲ့..”
လင်းရီ ဈေးဝယ်ထွက်ရသည်ကို မနှစ်သက်မှန်း ကျီချင်းရန် သိသောကြောင့် လင်းရီကို ပြန်လွှတ်လိုက်ပြီး ဟော်ယွမ်ယွမ်နှင့်အတူ အမယ်များ လိုက်ဝယ်ခြမ်းလိုက်လေသည်။
လင်းရီကလည်း ဝမ်းသာအားရပင်။ သူ ကျိုကျုံးဗီလာသို့ ပြန်လိုက်ပြီး လိုအပ်မည့် အရာအားလုံးကို ကြိုတင်ပြင်ဆင်၍ နှစ်ယောက် ပြန်အလာကို စောင့်မျှော်နေလိုက်သည်။
ကလင် ကလင် ကလင်…
ထိုအခိုက်အတန့်တွင် လင်းရီ ဖုန်းသံ မြည်လာခဲ့၏။ ရှန်းရှူးရီ ထံမှပင်။
“ ဟဲလို အန်တီရှန်း…” လင်းရီ လူလိမ္မာလေး လေသံဖြင့် ပြောလိုက်၏။
“ ထိုင်တယန့်ဘက်က ကိစ္စတစ်ချို့ ဖြစ်သွားတယ်… ကျန်းဟိုင်ရုံလို့ ခေါ်တဲ့ လူက အလုပ်ဖြုတ်ခံလိုက်ရပြီ… ပြီးတဲ့ ထိုင်တယန့်ရဲ့ ရှယ်ယာတွေကလည်း တက်လိုက် ကျလိုက်နဲ့ မငြိမ်မသက် ဖြစ်နေပြီ…. ဒါပေမယ့် ထိခိုက်ဆုံးရှုံးမှုတော့ များမယ် မထင်ပေါင်… အနည်းဆုံး တစ်လအတွင်း သူတို့ ရှယ်ယာ ဈေးနှုန်းတွေ နဂိုအတိုင်း ပြန်ဖြစ်သွားလိမ့်မယ်….”
“ အင်း…. ကျွန်တော်လည်း အဲ့အတိုင်း ခန့်မှန်းထားပါတယ်…” လင်းရီ ပြောလိုက်သည်။
ထိုင်တယန့်မှာ ကမ္ဘာ့ နံပါတ်တစ် ချစ်ပ်ထုတ်လုပ်သည့် ကုမ္ပဏီကြီး ဖြစ်သည်နှင့်အညီ Apple ကလည်း ၎င်းတို့ ချစ်ပ်နှင့် မကင်း၊ Samsung ကလည်း ခြေတစ်လှမ်း နောက်ကျလို့နေသည်။
ထိုမျှ ကြီးမားသည့် နေရာကို လက်ဝါးကြီး အုပ်ထားချိန်၌ ယခုလို တိုက်ခိုက်မှု အသေးစားလေးများက အပေါ်ယံ ရှပ်ထိ ဒဏ်ရာလောက်လေးမျှသာ ဖြစ်ပွားစေနိုင်သည်။
ထို့ကြောင့်လည်း ထိုင်တယန့်ဘက်မှ အလေးမသာသည့် အနေအထားတွင် ဟွာယင်းအုပ်စုထက် များစွာ ခံနိုင်ရည်ရှိနေခြင်းဖြစ်၏။
အကြောင်းမူကား ထိုင်တယန့်က ဈေးကွက်ထဲ၌ အစားထိုး၍ မရသည့် အနေအထားနှင့် ရှိနေသောကြောင့်ပင်။
၎င်းတို့၏ ထုတ်ကုန်ကို ဝယ်လိုအားက မြင့်မားနေပြီး အနည်းငယ်သော မကောင်းသတင်းများက သူတို့အပေါ် ကြီးကြီးမားမား သက်ရောက်နိုင်စွမ်း မရှိချေ။
ထိုအချက်ကိုတော့ ဟွာယင်း အုပ်စုက မယှဉ်သာနိုင်ပေ။
“ သိသားပဲ… ဒါတွေအားလုံးကို နင် တွက်ချက်ပြီးသားဆိုတာ…” ရှန်းရှူးရီ ပြောလိုက်ပြီး “ ဒါပေမယ့် နင်တစ်ချက်တော့ မှားသွားပြီ… မစ်ဆူအုပ်စုက ခုထိ ဘာလှုပ်ရှားမှုမှ မရှိသေးဘူး…”
“ အမှန်ပဲ..”
အပေါ်ယံ မျက်နှာပြင်တွင်တော့ ရိုးရှင်းသည့် စီးပွားရေး ကစားကွက်မျှဟု ထင်နေရသော်လည်း လက်တွေ့တွင်တော့ တကယ့် စစ်တလင်းမြေက နိုင်ငံတကာ ရင်းနှီး မြုပ်နှံမှု ဈေးကွက်ပင်။
ထိုင်တယန့်ကုမ္ပဏီသာမက မစ်ဆူစီးပွားရေး အုပ်စုသို့လည်း သက်ရောက်ခြင်းခံရလေသည်။
သို့သော်လည်း ၎င်းတို့ဘက်က အလေးအနက် မထားသည့်နှယ် ဤကိစ္စအပေါ် မည်သည့်တုံ့ပြန်မှုတို့မျှ မရှိလာသေးချေ။
လက်ရှိ ဖြစ်ပွားနေသည့် အခြေအနေကို သုံးသပ်ကြည့်ရသလောက်တော့ မစ်ဆူ စီးပွားရေး အုပ်စုက လျစ်လျူရှုထားမည့်ပုံပင်။
လင်းရီ အတွက်မှားသွားခဲ့သည်က မစ်ဆူမိသားစုထဲရှိ အာယာနဲမစ်ဆူ၏ အဆင့်အတန်းကို အထင်သေးမိခဲ့ခြင်း ဖြစ်၏။ သူတို့၏ လက်ရှိ ဆက်ဆံရေး အခြေအရ သူမကပဲ ဤကိစ္စများအားလုံးကို ပိတ်ဆို့ထားခြင်း ဖြစ်လောက်ပေသည်။
မဟုတ်ပါက မစ်ဆူအုပ်စုမှာ ထိုင်တယန့်ဘက်သို့ တစ်စုံတစ်ရာ လက်တုံ့ပြန်မည်ဖြစ်ပြီး ထိုသို့ ဖြစ်ပွားလာမည်ဆိုပါက နိုင်ငံတကာ၏ ဘဏ္ဍာရေး အခြေအနေမှာလည်း ရုန်းရင်းဆန်ခတ် ဖြစ်လာပေလိမ့်မည်။
“ ဒီကိစ္စက တဖြည်းဖြည်းတည်ငြိမ်သွားမှာဆိုပေမယ့် ဒီတစ်ခါ နင်ကိုင်တွယ်သွားတာ အရမ်းကောင်းတယ်… “ ရှန်းရှူးရီ ပြောလိုက်ပြီး “ အထက်ကြီးပိုင်းတွေဘက်ကတောင် ငါသတင်းကြားထားတယ်… နင်တာ အနာဂတ်မှာ သေလမ်းကို မီးထွန်းမရှာဘူးဆိုရင် ဘယ်သူကမှ နင့်ကို ထိရဲမှာ မဟုတ်ဘူး… လွတ်လွတ်လပ်လပ်ပဲ.. ဒီတော့ နင် ဟွာရှရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာဖို့ စိတ်ဝင်စားလား…”
ရှန်းရှူးရီ ယခုအခိုက်အတန့်တွင် လင်းရီကို ဤမေးခွန်းမေးဖို့ရာ ရွေးချယ်လိုက်၏။ သူမ၏ စကားလုံးတို့ နောက်ကွယ်၌ နက်ရှိုင်းသည့် အနက်အဓိပ္ပာယ်တို့က ကပ်လျက် လိုက်ပါနေသည်။
ဟွာရှကဲ့သို့ နိုင်ငံမျိုးတွင် တစ်စုံတစ်ယောက်က နိုင်ငံရေး နောက်ခံမရှိပါဘဲနှင့် အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာဖို့ရန်မှာ အိပ်မက်မက်နိုင်ရုံမျှသာ ရှိပေလိမ့်မည်။
“ တော်ပါဗျာ… ကျွန်တော့်မှာ အဲ့လိုမျိုး ဖြစ်နိုင်တဲ့ အရည်အချင်းတွေ မရှိသလို မီးမောင်းထိုးပြခံထားရတဲ့ ဘဝကြီးမှာလည်း မနေချင်ဘူး…”
“ နင် ကောင်စုတ်လေးကတော့…” ရှန်းရှူးရီ ပြုံးလိုက်ပြီး “ စကားမစပ် အန်တီနင့်ကို သတိပေးစရာ တစ်ခု ရှိသေးတယ်… ထိုင်တယန့်က ကျန်းဟိုင်ရုံကို ကိုင်တွယ်ပြီးသွားပြီဆိုတော့ သူတို့ဘက်က မကြာခင် တစ်ခုခု တုံ့ပြန်လာလောက်တယ်… ဒါကြောင့်မို့ ဂရုစိုက်…”
“ ဟုတ်… ကျေးဇူးပါ အန်တီ…”
ရှန်းရှူးရီ၏ ဖုန်းကို ချပြီးနောက် သိပ်မကြာမီ ကျီချင်းရန်နှင့် ဟော်ယွမ်ယွမ်တို့မှာ အိတ်ကြီး အိတ်ငယ်တို့ဖြင့် အိမ်ထဲ ရောက်လာခဲ့ကြ၏။
ချင်းရန်က တော်တော်လေး ထက်မြက်တာပဲ…
ယွမ်ယွမ်ကို ပေါ်တာဆွဲပြီး လုပ်အားပေးခိုင်းလိုက်တယ်…
ဟမ့်… ငါတို့ဆီမှာ အလကား စားရဖို့ အဲ့လောက်လွယ်မယ်ထင်လား….
မကြာမီ အမယ်များအားလုံး သုံးဆောင်ရန် အသင့်ဖြစ်သွားခဲ့တော့၏။
ဟော်ယွမ်ယွမ်ကတော့ အားတောင့်အားနာ ဖြစ်နေခြင်း အလျင်းမရှိ တူကိုကိုင်ပြီး အားပါးတရ စတင်လွေးတော့သည်။၊
“ ယွမ်ယွမ်… နင်နဲ့ ကောင်းကျုံးယွမ်ရဲ့ ဆက်ဆံရေးက ဘယ်လိုရှိလဲ…”
မူလက ကျီချင်းရန်နှင့် လင်းရီတို့မှာ အတွေးများ တူညီသည်။ သူမတို့နှစ်ယောက်လုံးက ဟော်ယွမ်ယွမ်ကို ချီရှန်းကျောက်နှင့် အောင်သွယ်ပေးချင်ခဲ့ကြ၏။
ချီရှန်းကျောက်၏ သွင်ပြင်ရုပ်ရည်မှာ ပေါ်လွင် ထင်ရှားမနေသော်လည်း ရုပ်ဆိုးသည့်အထဲ၌ မပါဝင်ချေ။ ထို့ပြင် သူ၏ အရပ်အမောင်းနှင့် စိတ်နေစရိုက်မှာလည်း အဆိုးရွားကြီး မဟုတ်သောကြောင့် ဟော်ယွမ်ယွမ်နှင့် လိုက်ဖက်ညီလေသည်။ သူမကဲ့သို စွာတာတာနှင့် လူမျိုးက ချီရှန်းကျောက်ကဲ့သို့ တည်ငြိမ်ပြီး စကားနည်းသူနှင့်မှ အံကိုက်ပင်။
ကံဆိုးစွာဖြင့် ဟော်ယွမ်ယွမ်က မောင်နှမဇုန်ထဲ သွတ်သွင်းထားသောကြောင့် သူမတို့နှစ်ယောက်လည်း အောင်သွယ်တော် လုပ်မည့် အကြံကို စွန့်လွှတ်လိုက်ရတော့၏။
“ ကောင်းပါ့…. မကြာခင် ရလဒ်ကောင်း တစ်ခု ရလာတော့မှာ…”
ဟော်ယွမ်ယွမ် အသား ပလုတ်ပလောင်းဖြင့် ပြောလိုက်၏။
“ ရလဒ်ကောင်း ရလာတော့မယ်…” လင်းရီ ပြောလိုက်ပြီး “ မင်းတို့က အတော်လေး မြန်သားပဲကွ…”
“ အွန်း… ကျွန်မတို့ သေချာလေး စဉ်းစားပြီးသွာပြီ.. တစ်နေ့ ရှင် သတိလက်လွတ် ဖြစ်နေတဲ့အချိန် ရှင့်ကိုယ်ပေါ် ဗုံးသေးသေးလေးဆင်ထားပြီး ကားမောင်းနေတဲ့ အချိန် ဖောက်ခွဲပစ်ဖို့ စီစဉ်ထားတယ်… စိတ်လှုပ်ရှားစရာ မကောင်းဘူးလား….”
“ လခွမ်း… ဆိုတော့ မင်းတို့ကောင်တွေက ငါ့ ဘယ်လို မြေမြုပ်မလဲ တိုင်ပင်နေကြတယ်ပေါ့….”
“ အမှန်ပဲလေ…” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ ဒါပေမယ့် ဟိုကောင်က အဲ့အကြံဉာဏ်ကို လက်မခံဘူး… သွေးထွက်သံယို ဖြစ်လွန်းတယ်တဲ့….”
“ အဲ့လိုလား…”
“ ဒါကြောင့်မို့ တခြားနည်းလမ်းတစ်ခု စဉ်းစား ရတော့တာပေါ့…” ဟော်ယွမ်ယွမ်ပြောလို်ကပြီး “ သူပြောတာ ရှင့်အတွက် ယူသနေးရှား ရှာပေးမယ်တဲ့… ဘာပဲဆိုဆို ရှင်က သူ့အစ်ကိုကြီးပဲလေ… ဒါကြောင့်မို့ သက်တောင့်သက်သာလေးပဲ ကြွသွားစေချင်တယ်တဲ့…”
“ မင်းမေ… ငါတကယ်ကြီး မင်းမျက်နှာကို ဟင်းရည်နဲ့ လောင်းပစ်ချင်နေပြီ…”
“ ဟဲ့ ... နင်တို့နှစ်ယောက် အဲ့လို မလုပ်လို့ မရဘူးလား…” ကျီချင်းရန် စောဒကတက်လိုက်ပြီး “ တော်သေးလို့ အိမ်မှာမို့လို့ပေါ့… သူများတွေသာ မြင်လို့ကတော့ ဘယ်လိုတောင် ပြောလိုက်ကြမလဲ…”
“ ဒီကောင်မက ငါ့ကို သတ်ဖို့ စီစဉ်နေတာလေ…. ငါက ဘာမှမလုပ်ပဲနဲ့ ငြိမ်ခံနေရမှာလား…”
“ ယွမ်ယွမ်က နောက်နေတာမဟုတ်ဘူးလား… သူ့ကို ပေးနောက်ပါစေပေါ့…”
“ ဟုတ်တယ် ဟုတ်တယ်.. ကျွန်မက မိန်းကလေး… ဒါကြောင့်မို့ ပေးလုပ်သင့်တယ်…”
“ မင်းက မိန်းကလေး…” လင်းရီ ချဲ့ကားသည့် ဟန်အမူအရာဖြင့် ပြောလိုက်၏။
ဟော်ယွမ်ယွမ် တူကို ဗြန်းကနဲ ချလိုက်ပြီး ရင်ကို ဆူနေအောင် ကော့လျက် “ ဟုတ်တယ်.. ကျွန်မက သိမ်မွေ့ပြီး ချစ်ဖို့ကောင်းတဲ့ မိန်းမလှလေးပဲ….”
“ ငါတော့ မထင်… မင်း ဘောင်းဘီချွတ်ပြီး ယောက်ျားလား မိန်းမလား ပေးကြည့်ပါလား… ငါ ကောင်းကြီးအတွက် စစ်ပေးမလို့..”
“ လင်းရီ..! ငါနင့်ကို ရေကန်ထဲ တွန်းချတော့မယ်ဆိုတာ ယုံလား….” ကျီချင်းရန်မှ ထ အော်ပြောတော့၏။