မင်းအဖေကို လာခိုင်းလိုက်
Vol. 54 Ch. 801
“ အစ်မကျီခု မြင်ပြီမလား…သူက လူသားမျက်နှာမကောင်းဆိုးဝါး အသည်းနှလုံးနဲ့ လူစားမျိုးပဲ… ညီမကိုတောင် အလွတ်မပေးချင်ဘူး.. ရွှတ် ရွှတ်…. သူ့လိုလူစားမျိုးက ………”
“ တော် တန် တိတ်… စားစရာရှိတာစားစမ်း… ဘယ်သူမှ စကားထပ်မဟနဲ့တော့…”
ကျီချင်းရန် အတော်လေး ခေါင်းကိုက်နေမိသည်။
ထိုနှစ်ယောက်က တစ်သီတစ်ခြား နေပါက အတော်လေး ပုံမှန်ဆန်သည်။ သို့သော်လည်း နှစ်ယောက် အတူထိုင်မိပြီ ဆိုသည်နှင့် လုံးဝကို ပုံမှန်မဟုတ်တော့ချေ။ သူမလည်း ထိုအချင်းအရာကို မည်သို့မျှ မတတ်နိုင်ချေ။
ညစာစာပြီးနောက် အိုးခွက်ပန်းကန်တို့ တိုက်ချွတ် ဆေးကြောရမည့် တာဝန်က ကျီချင်းရန်နှင့် ဟော်ယွမ်ယွမ် လက်ထဲသို့ ကျရောက်လာခဲ့သည်။
ကျီချင်းရန်ဘက်က ကူလုပ်ပေးရန် မတောင်းဆိုသလို ဟော်ယွမ်ယွမ်ကလည်း အလားတူပင်။ ယင်းက လင်းရီ ထင်မှတ်ထားသည်ထက် အနည်းငယ် ကျော်လွန်နေသည်။
တကယ်လို့ ကောင်းကြီးသာ ယွမ်ယွမ်ကို ပိုးပန်းနိုင်မယ်ဆိုလို့ကတော့ သူ့ဘိုးဘေးတွေ ကောင်းချီးပေးလိုက်တာနဲ့ အတူတူပဲ…
ကလင် ကလင် ကလင် …
လင်းရီ စာကြည့်ခန်းထဲ ရောက်တော့ ဝမ်ရန်မှ ဖုန်းဆက်လာခဲ့၏။
“ တီချယ်… ဆရာဟော်က ခု နှုတ်ထွက်သွားခဲ့ပြီ… ဒီကိစ္စက နည်းနည်းတော့ ထူးဆန်းနေသလိုပဲ…”
“ ဒီတော့ …. သူက တရားခံဖြစ်မယ်လို့ မင်းထင်နေတယ်ပေါ့…”
“ အွန်း… တီချယ် မနေ့ကပြောတာ တစ်စုံတစ်ယောက်က ကျွန်မတို့ကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတယ်လို့ ပြောတယ်မလား… ဒါကြောင့်မို့ ခု စက်ရုံတွင်းကို သေချာလေး အာရုံစိုက်နေတာ… သူပြောတာတော့ သူ့လက်ရှိ အလုပ်မှာ မပျော်လို့တဲ့… ဒါပေမယ့် ကျွန်မကတော့ ဒီကိစ္စက သူနဲ့ တစ်မျိုးတစ်ဖုံ ပတ်သက်နေတယ်လို့ ထင်တယ်… ဒါပေမယ့် သက်သေ သက်ကာရတွေက မရှိဘူးဖြစ်နေတာ..”
“ အဆင်ပြေပါတယ်… ရဲကို ဖုန်းဆက်ပြီးတော့ ငါ့က ဖမ်းခိုင်းတယ်လို့ပြောလိုက်… သူတို့ဘက်က သက်သေရအောင် ကြိုးစားပေးလိမ့်မယ်…”
“ ဟုတ်… နားလည်ပါပြီ တီချယ်…” ဝမ်ရန် ပြောလိုက်ပြီး “ ပြီးတော့ ကျွန်မ ပစ္စည်း အသစ်တွေလည်း မှာထားသေးတယ်… လဝက်လောက်နေရင် ရောက်ပြီ… နောက်ပြီး အလုပ်ရုံရဲ့ ထောင့်တစ်ခုချင်းစီတိုင်းကိုလည်း လုံခြုံရေး ကင်မရာတွေ တပ်ထားပြီးသွားပြီ… ဒီလိုကိစ္စမျိုး နောက်တစ်ခေါက် ထပ်ဖြစ်မှာ မဟုတ်တော့ဘူး…”
လင်းရီ ခေါင်းညိမ့်လိုက်ပြီး “ ဒီကိစ္စကို မင်း အဆင်ပြေသလို ကိုင်တွယ်လို့ရတယ်… ရဲရဲသာလုပ်…”
“ ကျေးဇူးပါ တီချယ်…”
ဖုန်းချပြီးနောက် လင်းရီ ဟော်ကျစ်လင်ကို လျစ်လျူရှုထားလိုက်၏။ ထိုကဲ့သို့ ပါမွှားလေးက သူ၏ အာရုံစိုက်မှုနှင့် မထိုက်တန်ချေ။
ကလင် ကလင် ကလင် …
သူ ဖုန်းချချပြီးချင်းပဲ လင်းရီ ဖုန်းသံ တစ်ဖန် မြည်လာခဲ့၏။ သို့သော်လည်း ဤတစ်ကြိမ်တွင်တော့ အမည်မသိ နံပါတ်တစ်ခု ဖြစ်လို့နေသည်။
“ ခင်များက မစ္စတာလင်းလား….”
တစ်ဖက်သူ၏ အသံကို ကြားတော့ လင်းရီ မသိမသာ မျက်မှောင်ကြုတ်မိလိုက်သည်။
ဟွာရှန့် ဘာသာစကားကို ပြောဆိုနေသော်လည်း သံနေသံထားက ထိုင်ဝမ်းလေသံ အနည်းငယ်က ရောစွက်နေ၏။
လက်ရှိအခြေအနေပေါ် မူတည်၍ သုံးသပ်ကြည့်ရသလောက်တော့ ဖုန်းတစ်ဖက်ရှိလူက ထိုင်တယန့်မှ တစ်စုံတစ်ယောက် ဖြစ်ဖို့ရာများသည်။
အသံကို မှန်းဆကြည့်ရသလောက်လည်း ဖုန်းပြောသူမှာ ငယ်ရွယ်သူဖြစ်ဖို့ များ၏။
“ ငါပဲ…”
“ ကျွန်တော်က ထိုင်တယန့်ရဲ့ အထွေထွေ မန်နေဂျာ ကျန်းကျိန်းဟောက်… ဒီခု ဆက်သွယ်လိုက်တာက ဒီနေ့ ကိစ္စ စကားပြောချင်လို့…”
“ ဒါပေမယ့် ငါကတော့ မင်းနဲ့ စကားပြောဖို့ စိတ်မဝင်စားဘူး…”
ကျန်းကျိန်းဟောက် ဒေါသမထွက်သွားပေ။ ထိုအစား ပြုံးလိုက်ပြီး “ ကျွန်တော်သိထားမိသလောက်တော့ ခင်များရဲ့ လုံရှင်းက ချစ်ပ် သုတေသနနဲ့ဖွံ့ဖြိုးမှု လုပ်ငန်းတွေ လုပ်နေတာပါ… ဒီနယ်ပယ်မှာ ကျွန်တော်တို့ ကုမ္ပဏီ နှစ်ခုက တာဝေး အပတ် ကွာဟမှုက တော်တော်လေး ကြီးမားတယ်… အကျိုးအမြတ်အတွက် နှစ်ဖက်က ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လက်ဆွဲမနှုတ်ဆက်နိုင်မှာလဲ …. ဟုတ်တယ်မလား……..”
“ တကယ်လို့ မင်းတို့ဘက်က အဲ့လို အတွေးမျိုး ရှိတယ်ဆိုရင် စပြီး တိုက်ခိုက်လာတာက ဘာအတွက်လဲ….” လင်းရီ ပြုံးလိုက်ပြီး “ ညီလေး စီးပွားရေး လောကမှာ ကွာဟမှုတွေ ဘေးချိတ်ထားပြီး လက်တွဲပူးပေါင်းတယ်ဆိုတာ မရှိဘူး… နိုင်ရာချစားပြီး ကြီးနိုင်ငယ်ညှဉ်းပဲ… အားလုံးက စီးပွားရေး သမားတွေပါ… မင်းက အဲ့လို စကားလုံးမျိုးတွေ ပြောနေတယ်ဆိုတော့ တစ်ဖက်သူကို အရူးလို ဆက်ဆံနေတာလား..."
ဖုန်းတစ်ဖက်၌ ကျန်းကျိန်းဟောက် စက္ကန့်အနည်းငယ်ကြာအောင် ငြိမ်သက်သွားခဲ့ပြိး “ ကျွန်တော် ကိုယ့်ကိုယ်ကို ပြန်မိတ်ဆက်ပေးပါရစေ… ကျွန်တော့်အဖေက ကျန်းကျုံးမော့ပါ… အတိုင်းအတာ တစ်ခုအထိတော့ ကျွန်တော့်ရဲ သဘောထားက ကုမ္ပဏီရဲ့ သဘောထားကို ကိုယ်စားပြုတယ်… ကျွန်တော် ဒီနေ့ ဖုန်းဆက်လိုက်ရခြင်း ရည်ရွယ်ချက်က မစ္စတာလင်းဘက်ကနေပြီး အင်တာနက်ပေါ်က ကောလဟာလတွေကို ဖျက်သိမ်းပေးဖို့ မျှော်လင့်ပါတယ်....”
“ ငါထင်နေတာ ဘယ်လို တစ်မူထူးတဲ့ လူလဲပေါ့….” လင်းရီပြောလိုက်ပြီး “ ဒီလို ကိစ္စရပ်တွေမှာ မင်း ဝင်မပါနဲ့…. မင်း အဖေပဲ ကိုင်တွယ်ပါစေ… မင်းနဲ့ ကစားရမှာ ပျင်းတယ်…”
“ မစ္စတာလင်း… ကျုပ်က ဟားဗက်တက္ကသိုလ်ကနေ နိုင်ငံတကာစီးပွားရေး PhD ဘွဲ့ ရထားတယ်… ခု ဒီကိစ္စက ကျုပ်ဝင်စွက်ဖို့ မသင့်ဘူးလို့ ထင်သေးလား…”
“ မင်း ခုပြောလိုက်တာနဲ့တင် မင်းက အရည်အချင်း မပြည့်မှီဘူး…..” လင်းရီ ပြောလိုက်ပြီး “ ညီလေး… နောက် နှစ်အနည်းငယ်လောက် အတွေ့အကြုံယူလိုက်ဦး.. ငါ့ရှေ့လာပြီး ဟန်ရေး လာမပြနဲ့… မင်းရဲ့ နူးညံ့တဲ့ နှလုံးသားလေးကို စိတ်ဒဏ်ရာရအောင် မလုပ်ချင်ဘူး…”
ပြောပြီးနောက် လင်းရီ ဖုန်းချပြီး အညောင်းဆန့်လိုက်၏။
အကယ်၍ ကျန်းကျုံးမော့ဘက်က ပြောလာသည်ဆိုပါက လင်းရီ အရေးတယူ ပြုမည် ဖြစ်သော်လည်း ယခု သူ့သားက ဖအေထက်စော၍ ရှေ့ထွက်လာခဲ့၏။
ယင်းက ပျင်းဖို့ကောင်းလွန်းလှသည်။
ပန်းကန်များ ဆေးကြောပြီးနောက် ကျီချင်းရန်နှင့် ဟော်ယွမ်ယွမ်တို့ တီးတိုး တီးတိုးနှင့် အိပ်ခန်းထဲ ပြန်သွားခဲ့ကြ၏။
လင်းရီကတော့ သူမတို့ ဘာပြောနေကြလဲဆိုတာ စပ်စုဖို့ရန် အာရုံ ရှိမနေချေ။
သေချာသလောက်ကတော့ အတင်းအဖျင်းများ ဖြစ်ဖို့များ၏။
ကွန်ပျူတာကို ဖွင့်ပြီး လင်းရီ ချစ်ပ် ၃.၀ အတွက် စတင် အလုပ်လုပ်တော့၏။ သူ ထိုင်တယန့်နှင့် ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရဲသည့် အကြောင်းပြချက်ကတော့ ချစ်ပ် ၃.၀ ၏ အခြေခံကုတ်တို့မှာ ပြီးပြည့်စုံတော့မည် ဖြစ်သောကြောင့်ပင်။
………………….
ဒေါက် ဒေါက် ဒေါက်….
“ ငိုးပဲ… မထမချင်း လာခေါက် မနေနဲ့… အိမ်မှာ ကြက်ဥပြတ်နေတယ်… ဥထမင်းလည်း ကြော်လို့မရဘူး…”
“ ကြိုသိလို့ မနေ့က ဝယ်ခဲ့တယ်လေ… မြန်မြန်ထပြီး ချက်တော့လို့… အစ်မကျီနဲ့ ကျွန်မက ဆာသေတော့မယ် …..”
“ ငိုးပဲ…. ဘယ်သူက သူဌေးလဲကွာ……..”
ပြောစရာစကား ကင်းမဲ့စွာဖြင့် လင်းရီ အိပ်ရာ ကုန်းရုန်းထပြီး အောက်ထပ်၌ မနက်စာ သွားလုပ်လိုက်သည်။
အရာအားလုံးကတော့ အဆင်သင့်ဖြစ်နေချေပြီ။ ပျောက်ဆုံးနေသည့် တစ်ခုတည်းသော အဓိက ဟင်းပွဲကတော့ ဥထမင်းကြော်ပင်။
မနက်စာစာပြီးနောက် လင်းရီ ကျီချင်းရန်ကို ချောင်ရန်အုပ်စုသို့ လိုက်ပို့ပေးပြီး ဟော်ယွမ်ယွမ်နှင့်အတူ လင်းယွမ်အုပ်စုသို့ ပြန်လာ၍ ကျောက်ရာလီနှင့် ရုံးခန်းထဲ၌ ဆုံသည်။
“ ပြင်ဆင်တာ အခြေအနေဘယ်လိုရှိလဲ…”
“ လိုက်စထွင်းအတွက် လိုအပ်တာတွေ အကုန်လုံး ပြင်ဆင်ပြီးသွားပါပြီ…” ကျောက်ရာလီမှ ပြောလိုက်ပြီး “ ကျွန်မကဘက်က အကြမ်းဖျင်း စာရင်းပြုစုထားတာ ရှိပါတယ်… ကျွန်မတို့မှာ အဝါရောင် မက်မွန်သီးက ဘူး ခုနစ်သိန်းရှိတယ်… ခြောက်ဘူး တစ်ပါကင်ကို ၂၉.၉ ယွမ်နဲ့ ရောင်းမယ်…”
“ စည်သွပ်ထားတဲ့ ၂၀၀ ဂရမ် လက်ဖက်ခြောက်က ဘူးရေ နှစ်သိန်းရှိတယ်… တစ်ပါကင်ကို ၄၉ ယွမ်နဲ့ ရောင်းမယ်..”
“ ဒယ်အိုးတွေကျ အလုံး နှစ်သောင်း ၊ တစ်လုံးကို ၉၉ ယွမ်……”
“ ၅ ကီလိုရှိတဲ့ ဆန်အိတ်ပေါင်း သုံးသိန်းရှိတယ်… တစ်အိတ်ကို ၂၉.၉ ယွမ်….”
“ ၂.၅ ကီလိုရှိတဲ့ ပန်းသီးဂျက်ဖာ နှစ်သိန်းရှိတယ်… တစ်ဖာကို ၁၉.၉ ယွမ်….”
အခြေအနေများကို တင်ပြပြီးနောက် ကျောက်ရာလီ ဖိုင်ကို ပိတ်လိုက်ပြီး “ ဒါပေမယ့် နောက်ဆုံးမှာ မစ်ကျန်းကနေပြီး ပစ္စည်းတစ်ချို့ ထပ်ပေါင်းထည့်ထားတာလေးတွေ ရှိပါတယ်.. အရေအတွက် အတိအကျကိုတော့ တွက်ချက်နေတုန်း ဆိုပေမယ့် ပစ္စည်းတွေရဲ့ စုစုပေါင်း တန်ဖိုးက ယွမ်သန်း ၁၀၀ လောက်အထိ ရှိတယ်… ပြီးတော့ အကုန်လုံးကို စနစ်တကျနဲ့ သေချာ ထုပ်ပိုးထားပြီးပါပြီ…”
လင်းရီ မေးစေ့ပွတ်လိုက်ပြီး “ ဒီဈေးနှုန်းတွေက ဈေးကွက်ထဲက ဈေးနဲ့ အတူတူပဲမလား…”
ကျောက်ရာလီ ကိုးရို့ကားယား ပြုံးလိုက်ပြီး “ မတူဘူး…”
လင်းရီလည်း နေရခက်သွားခဲ့ပြီး “ လုံးဝကို မတူတာလား…”
“ လုံးဝပဲ…” ကျောက်ရာလီ ပြန်ဖြေလိုက်ပြီး “ ကျွန်မက လိုက်လွင့်ပြီး ဈေးရောင်းတဲ့ ရှိုးတွေ ကြည့်ဖူးတော့ ဒီအကြောင်းတွေ နည်းနည်းတော့ နားလည်တယ်… တကယ်လို့ ပစ္စည်းက စထွင်မာတစ်ယောက်ကနေပြီး ကိုယ်စား ရောင်းပေးရမယ်ဆိုရင် ပစ္စည်းချင်း အတူတူဆိုရင်တောင်မှ ကျွန်မတို့ထက် ၂၀ ကနေ ၃၀ ရာခိုင်နှုန်း အထိ ဈေးသက်သာလိမ့်မယ်… ပြီးတော့ မေတ္တာလက်ဆောင်တွေကော အများကြီးပဲ ပေးဦးမှာ… ကုန်ကုန်ပြောရရင် သူတို့က ကျွန်မတို့ထက် ဈေးနှုန်းသက်သာပြီးတော့ ပစ္စည်းတွေလည်း အများကြီး ပေးတယ်…”
“ ငါတို့ဘက်က တစ်ပြားတစ်ချပ်လေးမှ အမြတ်မယူတာတောင် သူတို့နဲ့ မယှဉ်နိုင်သေးဘူးပေါ့….”
“ ဘာလို့လည်း ဆိုတော့ ကျွန်မတို့ ကုန်ပစ္စည်းရဲ့ အရည်အသွေးက အာမခံချက်ရှိတယ်… နောက်ပြီးတော့ အခွန်ကလည်း ဆောင်ရသေးတာလေ…. ဒါကြောင့်မို့ ကုန်ကျစရိတ်က ပိုပြီးတော့ ကြီးသွားတာ…”
“ အဲ့လိုဆို ငါတို့ဘက်က ပစ္စည်း အားသာချက် ရှိပါသေးတယ်….”
“ ဒါပေမယ့် ကြည့်ရှုသူတွေဘက်က အဲ့တာကို ဂရုမစိုက်ဘူး… သူတို့အတွက် အရေးကြီးဆုံးက ဈေးဆစ်နိုင်ဖို့ပဲ…” ကျောက်ရာလီ ပြောလိုက်ပြီး “ ဥပမာ ပေးရရင် ကျွန်မက အိမ်ထောင်ရှင်မ တစ်ယောက်… ချက်တာ ပြုတ်တာ ကျွန်မတာဝန်ဆိုတော့ ဒယ်အိုးတစ်လုံး ဝယ်ချင်တယ်… ဒါပေမယ့် ဘော့စ် ရောင်းတဲ့ ပစ္စည်းက ကောင်းမကောင်း ကျွန်မ မသိဘူး… ကျွန်မ လက်ထဲရှိတဲ့ ပိုက်ဆံနဲ့ ချိန်သားကိုက်ပြီး ဈေးချိုသာ ၀ယ်ချင်၀ယ်မယ်... တန်တာ ၀ယ်ချင်၀ယ်မယ်.... ”
“ နောက်ပြီး လက်ဖက်ခြောက်ကောပဲ… လူတော်တော်များများက ရေနွေးကြမ်း သောက်ရတာ ကြိုက်တယ်ဆိုပေမယ့် အဲ့ဒီ တော်တော်များက သက်ကြီးပိုင်းတွေပဲ… သူတို့အတွက် တစ်ကတ်တီကို ယွမ် ၅၀၀ ပေးပြီး သောက်ရတဲ့ အရသာနဲ့ ယွမ် ၁၀၀ ပေးပြီး သောက်ရတဲ့ အရသာ ကွာခြားမှုက ဘာမှ ထူးမသွားဘူး…”
“ နောက်ပြီးတော့ ဟွာရှမှာ အများဆုံးက သာမန်လူတန်းစားတွေလေ…. ဒါကြောင့်မို့ ဈေးနှုန်း သက်သာသာက ရောင်းအား အာမခံချက်ပဲ…”
လင်းရီ လျှာသပ်လိုက်ပြီး “ ဒါဆိုလည်း ငါ တစ်ခုမှ ရောင်းမထွက်ပါစေနဲ့သာ ဆုတောင်းထားလိုက်တော့….”