ငါက သူဌေးကတော်မို့ စိတ်ဆိုးတယ်
Vol. 54 Ch. 804
“ မင်းရဲ့ အတွင်းရေးမှူးက အလုပ်အားလား… အားရင် ငါ့ဖို့ ပစ္စည်းတစ်ချို့လောက် ကူဝယ်ပေးစမ်းပါလို့….”
“ နင် ဘာဝယ်ချင်တာ… ငါသူမကို ခု လှမ်းပြောလိုက်မယ်လေ….”
“ အင်း… လတ်ဆတ်တဲ့ သစ်သီးတစ်ချို့နဲ့ အာဟာရ ဖြစ်စေတဲ့ ထောက်ပံ့စာတွေ… အဲ့တာဆို ရပြီ…”
“ အဲ့တာတွေလား… ငါ နင့်အတွက် ကြိုပြင်ထားပေးပြီးသားပဲ… နင် ပြန်သွားတဲ့အချိန်ကျရင် မေမေဝမ်အတွက် ယူသွားပေးလိုက်… နင် အဲ့ကိစ္စတွေ စိတ်ပူနေစရာ မလိုပါဘူး…”
“ ငါ့အမေအတွက် မဟုတ်ဘူး… လူနာအတွက်…”
“ လူနာ…”
“ အင်း.. ကောင်းကြီးရဲ့ အဖွားက ရောဂါကျွမ်းနေပြီ… အချိန်သိပ်မကျန်တော့ဘူး.. ဒါကြောင့်မို့ ခဏတစ်ဖြုတ်လောက် လူနာသွားမေးမလို့…”လင်းရီ ပြောလိုက်ပြီး “ ဟုတ်သား… မင်းရဲ့ အတွင်းရေးမှူးကို သုံးယောက်စာ ဝယ်ခဲ့လို့ ပြောလိုက်..”
လင်းရီ သူတစ်ယောက်တည်း လူနာ သွားမေးရန် စိတ်မကူးထားပေ။ ယခုလို အရေးကိစ္စမျိုး၌ လျန်ကြီးနှင့် ချင်းကြီးကိုပါ ခေါ်သွားရပေမည်။
ကျီချင်းရန်၏ သွင်ပြင်မှာ အနည်းငယ် စိတ်မကောင်း ဖြစ်သွားခဲ့ပြီး “ ဖြစ်နိုင်တာ ကောင်းကြီးရဲ့ အဘွားက သူ့ မြေးချွေးမကို တွေ့ချင်နေလို့ ကောင်းကြီးက ယွမ်ယွမ်ကို ပိုးပန်းနေတာမလား…”
လင်းရီ ကျီချင်းရန်ကို အံ့အားသင့်စွာ ကြည့်လိုက်၏။ သူမ အတိအကျ ခန့်မှန်းနိုင်လိမ့်မည်လို့ မျှော်လင့်မထားချေ။ ကြည့်ရသလောက်တော့ ချင်းရန်လည်း ကိုးရီးယား ဒရာမာကား အကြည့်များသည့် ပုံပင်။
“ မပူနဲ့… ငါ သေချာအောင် မေးထားပြီးပြီ…” လင်းရီ ပြောလိုက်ပြီး “ သူ့အဘွားက အဲ့လို စဉ်းစားနေတယ်ဆိုပေမယ့် ကောင်းကြီးက ယွမ်ယွမ်ကို စိတ်ရင်းနဲ့ ပိုးပန်းနေတာ… ခုက တိုက်ဆိုင်သွားရုံ သပ်သပ်ပဲ…”
“ အဆင်ပြေပါတယ်…” သူမ ပြောရင်းဖြင့် အတွင်းဖုန်းလိုင်းနှင့် ချိတ်လိုက်ပြီး အတွင်းရေးမှူးကို လင်းရီ လိုအပ်သည့် အရာများ စီစဉ်ထားခိုင်းလိုက်၏။
“ နင် ဘယ်အချိန် သွားကြည့်မှာ…”
“ မနက်ဖြန်…. ဘာလို့ဆို သန်ဘက်ခါကျ လိုက်စထွင်းစပြီဆိုတော့ အဲ့တာပြီးရင် လုပ်စရာ အလုပ်တွေက အများကြီး ရှိတော့မှာလေ….”
“အဲ့တာဆို ငါလည်း နင်နဲ့ လိုက်ခဲ့မယ်… ပြီးရင် ငါ ယွမ်ယွမ်ကိုပါ ခေါ်လာခဲ့လိုက်မယ်… အချိန်ကျလာတဲ့ အခါကျရင် သူမကို ကောင်းကျုံးယွမ်ရဲ့ ကောင်မလေးအဖြစ် ဟန်ဆောင်ခိုင်းပြီး အမယ်အိုကြီးကို ပျော်အောင် လုပ်ပေးသင့်တာပေါ့…”
“ အမ်… မင်း ဘယ်လိုလုပ်ပြီး အဲ့လိုလုပ်ဖို့ စိတ်ကူးရသွားတာ….”
“ TV ဒရာမာတွေထဲမှာဆို အဲ့လိုမျိုး လုပ်နေကြပဲလေ….”
“ ဆိုတော့ အဲ့လိုကိုး…….”
“ ငါ ခဏကျရင် ယွမ်ယွမ်ကို ဒီအကြောင်း ပြောပြလိုက်မယ်… သူမ နားထောင်ပြီးရင် သေချာပေါက် သဘောတူမှာပါ….”
လင်းရီလည်း ဤအကြံက မဆိုးဟု ခံစားနေမိသည်။ ကျီချင်းရန်နှင့် ဟော်ယွမ်ယွမ်တို့ကြားရှိ ရင်းနှီးဆက်နွယ်မှုအရ ယခုလို အကူအညီ အသေးစားလေးလောက်ကတော့ ကူညီပေးရန် ပြဿနာ မရှိချေ။
“ ဒါဆို အတည်ပြုလိုက်ပြီ… ငါလည်း လျန်ကြီးနဲ့ ချင်းကြီးနဲ့ ခေါ်လိုက်မယ်…”
“ ဒါနဲ့ သူ့အဘွားက ဘယ်ဆေးရုံမှာ တက်နေလဲဆိုတာ နင်သိလို့လား….”
“ ဘာခက်တာမှတ်လို့… ကောင်းမိသားစုရဲ့ ကြွယ်ဝမှုတွေနဲ့ဆိုရင် အကောင်းစားဆေးရုံမှာပဲ ကုမှာပေါ့… ပြီးတော့ ဆေးပညာ နယ်ပယ်ပေါ်မှာ ငါ့ရဲ့ လွှမ်းမိုးမှုတွေနဲ့ဆိုရင် ဖုန်းတစ်ချက် ဆက်လိုက်တာနဲ့ ဘယ်အခန်းမှာ ရှိလဲဆိုတာ သိပြီ…”
“ တော်လိုက်တာနော်…. မစ္စတာလင်းက….” ကျီချင်းရန် အပြုံးလေးဖြင့် ပြောလိုက်၏။
“ အသေးမွှားလေးပါ….”
ကလင် ကလင် ကလင် ….
ထိုစဉ် လင်းရီ ဖုန်းသံ မြည်လာခဲ့၏။ ဟော်ယွမ်ယွမ်မှ ဆက်သွယ်လာခဲ့ခြင်းပင်။
“ ဟောကြည့်… သူ့အကြောင်းပြောရင် အမြဲ ရောက်ချလာပြီ… အသက်ရှည်ဦးမယ်… “
သူ ဖုန်းကိုင်ရင်း နာရီကို တစ်ချက်ကြည့်လိုက်တော့ ဆယ်နာရီခွဲနေပြီး ဖြစ်ကြောင်း သတိပြုမိလိုက်သည်။
“ အခြေအနေ ဘယ်လိုရှိလဲ… အကုန် အဆင်ပြေတယ်မလား….” လင်းရီ မေးမြန်းလိုက်သည်။
“ ချောချောမွေ့မွေ့ ပါပဲ… ဒါပေမယ့် ကျွန်မတို့ အများပြည်သူပိုင်အဖြစ် ကြေညာပြီးတော့ တစ်ခုခု ဖြစ်လာခဲ့တယ်..” ဟော်ယွမ်ယွမ်၏ အသံမှာ မတုန်မလှုပ် တည်ငြိမ်နေပြီး လေသံကို နားထောင်ပြီး အကဲဖြတ်ကြည့်မည်ဆိုပါက ဘာမှ ထူးထူးခြားခြား မဖြစ်သွားသည့် အဓိပ္ပာယ်ကို ဆောင်နေသည်။
ထို့ကြောင့် လင်းရီ အလေးအနက် ထားမနေပဲ သာမန် အေးအေးလူလူသာ မေးမြန်းလိုက်၏။
“ ဘာလဲဖြစ်လို့…”
“ အများပြည်သူပိုင် အဖြစ် စာရင်းဝင်ပြီးရင် စတော့ရှယ်ယာတန်ဖိုးတွေက မြင့်တက်လာမှာ…. ကျွန်မနဲ့ အစ်ကိုချီဆို အကန့်အသတ်ကို ကျော်လွန်မယ်လို့တောင် ခန့်မှန်းထားကြတာ…. ဒါပေမယ့် ခုလေးတင် လုံရှင်းနဲ့ သက်ဆိုင်တဲ့ မကောင်းသတင်းတွေ အများကြီး ထွက်လာခဲ့တော့ ရလဒ်အနေနဲ့ တက်မယ့် ရှယ်ယာတန်ဖိုးတွေက အရှိန်သေသွားကုန်ပြီ.. တကယ်လို့ ဒီတိုင်းသာ ဆက်ဖြစ်နေမယ်ဆိုရင် ကျွန်မတို့ ကုမ္ပဏီက စာရင်းဝင်ပြီးတဲ့ ကုမ္ပဏီတွေ အားလုံးထဲမှာ လူရွှင်တော်ကြီး ဖြစ်လာတော့မှာ…”
“ ငါ ငိုးပဲ…. ဒီလောက် ကြီးကြီးမားမား ဖြစ်နေတာတောင်မှ မင်းလေသံက အေးဆေးနိုင်သေးတယ်ပေါ့လေ…”
“ ဘာလို့ဆို ဒီကိစ္စနောက်ကွယ်မှာ တစ်ယောက်ယောက် ရှိနေတယ်ဆိုတာ သိထားပြီးပြီမို့လေ…” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ ပြီးတော့ ရှင့်ရဲ့ အရည်အချင်းတွေနဲ့ဆိုရင် ဒီကိစ္စ သေချာပေါက် ဖြေရှင်းနိုင်တယ်… ဒါကြောင့်မို့ ဒါတွေအားလုံးက ခေတ္တယာယီပဲ…. ကျွန်မက ဒီသတင်းကို ရှင့်ဆီ လွှဲပြောင်းပေးဖို့ တာဝန်ရှိတာ… နောက်ပြီးတော့ တကယ်လို့ ပိုက်ဆံတွေ ဆုံးရှုံးသွားခဲ့ရင်တောင် ကျွန်မ ပိုက်ဆံတွေဆုံးသွားတာမှ မဟုတ်တာ… ဒီတော့ ပျာယာခတ်နေစရာ မလိုဘူးလေ….. ယမ်မီ ယမ်မီ…. ဒီရဲ့ ရတနာရှစ်ပါး ဆန်ပြုတ်က အရမ်းအရသာ ရှိတာပဲ…”
“ ငိုးပဲ…” လင်းရီ ကျိန်ဆဲလိုက်ပြီး “ အဲ့ဒီ သတင်းပို့စ်တွေ ကော်ပီကူးပြီး ငါ့ဆီ ပို့လိုက်…”
“ ခဏ.. ခု ပို့လိုက်မယ်…”
“ ဘာဖြစ်တာလဲတဲ့..” လင်းရီ မျက်နှာ မလှသည်ကိုမြင်တော့ ကျီချင်းရန် ဘေးမှ ညင်သာစွာ မေးလိုက်၏။
“ လုံရှင်းရဲ့ စတော့ တန်ဖိုးတွေ ထိုးကျနေလို့…”
“ ဒါ ကိစ္စကြီးပဲ…”
ယေဘုယျအားဖြင့် ကုမ္ပဏီတစ်ခုက အများနှင့် သက်ဆိုင်သည့် ကုမ္ပဏီအဖြစ်သို့ ကူးပြောင်းပြီးပါက ထိုနေ့တွင် ရှယ်ယာ တန်ဖိုးက အစွမ်းကုန်မြင့်တက်လေ့ရှိ၏။ ထိုနောက်ပိုင်းတွင်မှသာ တဖြည်းဖြည်း ပြန်ကျသွားလေသည်။
အကယ်၍ လုံရှင်း၏ ရှယ်ယာများက အများပိုင်အဖြစ် ကြေညာပြီးသည့်နောက် တန်ဖိုးက မမြင့်တက်လာသည့် အပြင် လျော့ကျလာခဲ့သည်ဆိုပါက အရယ်ရဆုံး ပြက်လုံး တစ်ပုဒ် ဖြစ်လာပေလိမ့်မည်။
လင်းရီ လေးနက်သည့် အမူအရာဖြင့် ခေါင်းညိမ့်လိုက်သည်။
အမှန်တော့ လင်းရီ သတင်းတွေက ဘယ်လို ရေးထားလဲ သူစိတ်မဝင်စား။ မဟုတ်မမှန်သည့် သတင်းများသာ ဖြစ်ကြောင်း တပ်အပ်သိလေသည်။
ထို့ကြောင့် မေးခွန်းထုတ်ရမည်က နောက်ကွယ်ရှိ လက်သည်က မည်သူနည်း။
ကျန်းဟိုင်ရုံ၏ လက်ချက်တော့ မည်သို့မျှ မဖြစ်နိုင်။ ထိုသူက အရေးမပါသည့် စစ်တုရင် အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်ပြီး အရှင်းဆုံး ပြောရမည်ဆိုက ထိုးကျွေးခံ ပွန်းရုပ်လေးပင်။
သူ့ထံ၌ လုံရှင်းအား မွှေနှောက် ပြဿနာ ရှာနိုင်သည့် အစွမ်းအစတို့ ရှိမနေချေ။
ထို့ကြောင့် အာယာနဲ မစ်ဆူလော။ သူမထံ၌ ထူးချွန်ပြောမြောက်သည့် အရည်အချင်းတို့ ရှိနေပြီး ယခုလို ပြဿနာ ရှာရန်က အသေးအမွှားလေးပင်။
သို့သော်လည်း သူက သူမနှင့် ကောင်းမွန်သည့် ပတ်သက်မှုမျိုး ထိန်းသိမ်းထားသောကြောင့် အကြောင်းအရင်းမဲ့စွာဖြင့် သူမဘက်က ပြဿနာ ဖန်တီးလာရန်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။
အခြားတစ်ဖက်တွင်တော့ သူနှင့် စကားစမြည်ဖူးသည့် ကျန်းကျိန်းဟောက်မှာ သံသယဖြစ်ဖွယ် အကောင်းဆုံး တရားခံ တစ်ဦးအဖြစ် သတ်မှတ်၍ ရ၏။
လင်းရီ မေးစေ့ ပွတ်လိုက်မိသည်။
ဒီညီလေးက ခေတော့ မခေဘူးပဲကွ…
သို့သော်လည်း သူ ထိုအကြောင်း တွေးမိပြန်တော့ တစ်စုံတစ်ခုက ပျောက်ဆုံးနေသလို ခံစားနေမိပြန်သည်။
ယင်းက အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ဦးမှ တမြန် မနေ့ညကမှ စကားစမြည် ပြောဖူးပြီး နာရီအနည်းငယ်အတွင်း လုံရှင်းကို မွှေနှောက်နိုင်လောက်သည့် ကောလဟာလများ ဖန်တီးရန်သည်ဆိုတာကတော့ အင်မတန် ယုတ္တိမတန်လှ၏။
ထိုသို့ ပြုလုပ်ရန်က အရည်အချင်းများစွာ လိုအပ်ပြီး သူနေထိုင်လာသည့် သက်တမ်းတစ်လျှောက်တော့ ထိုမျှ တတ်နိုင်စွမ်းရှိသူနှင့် ဘယ်တုန်းကမှ မကြုံဖူးသေးချေ။
သို့သော်လည်း အချိန်တစ်ခု ကြာအောင်တော့ ယခုလို အကြံမျိုးနှင့် ချဉ်းကပ်လာသည့် သူမှာ ထိုသူဖြစ်နိုင်ရုံမှတစ်ပါး လင်းရီ မည်သူ့ကိုမျှ စဉ်းစားလို့ မထွက်ချေ။
မကြာမီ ဟော်ယွမ်ယွမ်မှ သက်ဆိုင်ရာ ပို့စ်များကို ကော်ပီကူး၍ ပို့လာလေသည်။
တစ်ချိန်တည်းတွင် လင်းရီ အဆိုပါ ကော်ပီကို ကျီချင်းရန်ထံသို့ ပို့ပေးလိုက်သည်။
“ဘဏ် အကောင့်အတုတွေ…”
“ ထုတ်ကုန်တွေနဲ့ ပတ်သက်ပြီးတော့ ပြဿနာ ရှိနေတယ်…”
“ လုံခြုံစိတ်ချရတဲ့ အသက်အာမခံချက် ရှိတဲ့ အလုပ်ခွင်မျိုး မဟုတ်ဘူး…..”
“ သုနေတနနဲ့ ဖွဲ့ဖြိုးမှု ရလဒ်တွေက လုပ်ကြံဖန်တီးထားသည်ဟု ကောက်ချက်ချရခြင်း အကြောင်းအရင်း ဆယ်ချက်…”
အဆိုပါ သတင်းများကို မြင်တော့ ကျီချင်းရန် မျက်မှောင် တွန့်ကွေးသွားသည်အထိ ဒေါသထွက်သွားခဲ့ပြီး ရင်ဘက်မှာ နိမ့်ချည်မြင့်ချည် ဖြစ်လာခဲ့တော့၏။
“ ဒါကြီးက ပေါက်တတ်ကရတွေ လျှောက်ရေးထားတယ်ဆိုတာ အသိအသာကြီးပဲ… ဒီလိုမျိုး အခြေအမြစ် မရှိတဲ့ သတင်းတွေကို ဘာလို့ ယုံနေကြတာ…”
“ သတင်းတင်တဲ့ နေရာတွေကိုလည်း ကြည့်လိုက်ဦးလေ… တကယ့် နာမည်ကြီး မီဒီယာတွေကချည်းပဲ… ကြည့်ရတာ အကောင်ကြီးကြီး တစ်ကောင်က ဝင်ပါနေတယ်နဲ့တူတယ်…”
လင်းရီ ပြောလိုက်ပြီး “ အဓိက တရားခံက ပြဿနာတွေ မီးမွှေးနေတယ်… ငါ့အပေါ် ရန်ငြိုးရှိတဲ့ လူတစ်ချို့က လောင်စာဖြည့်ပေးနေတယ်… ခုက အဲ့လိုမျိုး ဖြစ်နေတာ…”
“ ဒါပေမယ့် အမှန်တရားဆိုတာ တစ်သက်လုံး ဖုံးကွယ်ထားလို့မှ မရတာ…. ကြည့်နေလိုက်… အမှန်တရားက မကြာခင် အလင်းဘက်ခြမ်းထဲ ရောက်လာခဲ့လိမ့်မယ်… “ ကျီချင်းရန် ပြောပြီးနောက် “ ငါ ဒီရဲ့ သတင်းတွေကို ပြန်ဖြေရှင်းတဲ့ ကြေညာချက်တွေ ထုတ်ပြန်ဖို့ PR ဌာနကို ပြောလိုက်မယ်… ဘာကြီးပဲ ဖြစ်နေဖြစ်နေ ငါတို့ရဲ့ ရပ်တည်ချက်ကိုတော့ ပြသရမှာပဲ…”
လင်းရီ ကျီချင်းရန် နောက်သို့ လှမ်းသွားလိုက်ပြီး ပခုံးလေးများအား ဆုပ်နှယ်ပေးရင်း “ သူဌေးကတော်ကလည်း စိတ်ကြီးမယ်ဆိုတာကြီးပဲ.. ဒီလိုတွေ လုပ်ဖို့ မလိုပါဘူး… မင်း ယွမ်ယွမ်ဆီကနေ စိတ်အေးအေးထားဖို့ သင်ယူသင့်တယ်… သူဆို ဒီလောက်ထိ ကိစ္စကြီး ဖြစ်နေတာတောင်မှ ဆန်ပြုတ်အေးဆေး သောက်နေနိုင်တုန်းပဲ…”
“ ဟွန့်…. ငါစိတ်တိုတယ်… ဘာလို့ဆို ငါက သူဌေးကတော်မို့လို့ပဲ…” ကျီချင်းရန် ကျွဲမြီးတိုနေသည့် လေသံဖြင့် ပြောလိုက်ပြီး “ ဆုံးရှုံးမယ့် ပိုက်ဆံတွေက ငါတို့ မိသားစုရဲ့ ပိုက်ဆံတွေပဲလေ….”