ငါတို့လည်း တစ်နေ့ ဒီလမ်းသွားရမှာပဲ
Vol. 54 Ch. 805
“ အသေးမွှားလေးပါ…” လင်းရီ ပြုံး၍ သူမကို ဖြောင်းဖြလိုက်ပြီး “ စတော့တွေ တက်တယ် ကျတယ်ဆိုတာ တဒင်္ဂအတွင်း ဖြစ်သွားနိုင်တဲ့ ကိစ္စပဲလေ… အဲ့လောက်ထိ စိတ်ပူမနေပါနဲ့….”
“ ဒါဆို ငါတို့က ဒီတိုင်းပဲ ထားလိုက်တော့မှာပေါ့..” ကျီချင်းရန် ပြောလိုက်ပြီး
“ လုံရှင်းက ထိုင်တယန့်နဲ့ မတူဘူး… သူက ပြည်တွင်း အခြေစိုက် ကုမ္ပဏီတစ်ခု .. ပြီးတော့ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုတွေလည်း မရှိထားဘူး.. ဒါကြောင့်မို့ နိုင်ငံတွင်းက မကောင်းသတင်းတွေက သာမန်လူတွေ အပေါ်မှာ ကြီးကြီးမားမား သက်ရောက်မှုရှိတယ်… တကယ်လို့ ငါတို့ ဒီတိုင်း ပစ်ထားလိုက်မယ်ဆိုရင် အကန့်အသတ်ထိကို ထိုးဆင်းသွားတော့မှာပေါ့…”
“ အဆင်ပြေပါတယ်…. အဲ့တာလည်း ကောင်းတဲ့ ကိစ္စပဲ…”
“ ကောင်းတဲ့ ကိစ္စ… နင် တစ်ခုခု တွေးထားတာ ရှိလို့လား…..”
“ လုံရှင်းရဲ့ သုတေသနနဲ့ ဖွံ့ဖြိုးမှု လုပ်ငန်း ရန်ပုံငွေတွေ အကုန်လုံးက ကိုယ်ပိုင် ပိုက်ဆံနဲ့ပဲလေ… စတော့ဈေး တက်တာ ကျတာက ငါတို့အပေါ် ထိခိုက်မှု မရှိဘူး…” လင်းရီ ပြောလိုက်ပြီး “ နောက် ဒုတိယတစ်ခုက ဒီရွေ့ကွက်ရဲ့ နောက်ကွယ်လူကလည်း သေချာပေါက် မရိုးရှင်းဘူး… ငါ့အထင်တော့ တစ်ဖက်သူက သိပ်မကြာခင် အချိန်အတွင်း ဆက်သွယ်လာမှာပဲ… ဒါကြောင့်မို့ ဘာပဲဖြစ်ဖြစ် နောက်ခြေလှမ်း မစခင် ဒီနောက်ကွယ်ကလူ ဘယ်သူဆိုတာ အရင်သိမှ ဖြစ်မှာ…”
လင်းရီလက်တွင်းရှိ အကြံအစည်တို့က များမြောင်လှပြီး ကျီချင်းရန်လည်း သူ မည်သည်ကို စဉ်းစားနေသလဲဆိုတာ အကြံဉာဏ် မရှိချေ။
သို့သော်လည်း လင်းရီမှ အထွေအထူးလုပ်၍ စိုးရိမ်မနေသောကြောင့် ပြဿနာရှိလိမ့်မည် မဟုတ်ချေ။
ကျီချင်းရန်နှင့် စကားပြောပြီးနောက် လင်းရီ ဟော်ယွမ်ယွမ်ကို ဖုန်းပြန်ခေါ်ပြီး ဤကိစ္စကို တည်ငြိမ်စွာ ကိုင်တွယ်ရန်နှင့် ယခု ကိစ္စနှင့် သက်ဆိုင်သည့် မည်သည့် PR ဖြေရှင်းချက် ပို့စ်တို့မျှ မတင်ရန် ညွှန်ကြားလိုက်သည်။
ဟော်ယွမ်ယွမ်၏ အတွေးကလည်း ကျီချင်းရန်နှင့် အတူတူပင်။
ဒီ ဘော့စ်က ဘာတွေ လုပ်ဖို့ ကြံနေတာ….
ဘဏ္ဍာရေးနှင့် နည်းပညာ အသိုင်းအဝိုင်း၌ ကျင်လည်နေသူများက ယခုကိစ္စကို အနီးကပ် စောင့်ကြည့်နေပြီး လုံရှင်း၏ သူဌေး၊ လင်းရီ၏ တုံ့ပြန်ချက်ကို စောင့်မျှော်နေကြသော်ငြား မည်သူတစ်ဦးတစ်ယောက်ကမျှ ဘာဖြစ်နေလဲဆိုတာ ရှင်းလင်းချက်ပြုရန် ထွက်မလာခဲ့ချေ။
ထို့ကြောင့် လုံရှင်းအပေါ် သက်ရောက်နေသည့် ကောလဟာလ သတင်းဆောင်းပါးများက မှန်ကန်သည်ဟု လူတို့မှ စတင်၍ ဝိုးတိုးဝါးတား ယုံကြည်လာကြတော့၏။
လုံရှင်းမှ တစ်ခုခု ဖြစ်ပျက်တော့မည်ဟု သူတို့အားလုံး ခံစားနေကြရလေသည်။
မင်းဧကရာဇ်က မကြောင့်ကြ ၊ မိန်းမစိုးက ကြောင့်ကြသည် ဟူသည့် ဆိုရိုးများအတိုင်း ထိုအခိုက်အတန့်တွင်တော့ အဓိကဖြစ်သူ လင်းရီကတော့ အတည်ငြိမ်ဆုံးဖြစ်နေသည်။
လင်းရီအပြင် အခြား အကျိုးသက်ရောက်ခြင်း မခံရသူတစ်ဦးလည်း ရှိသေး၏။
ဟော်ယွမ်ယွမ်၏ အတွေးများက ရိုးစင်းသည်။
ငါ့ပိုက်ဆံ အိတ်ထဲက ငွေတွေ ဆုံးရှုံးသွားတာမှ မဟုတ်တာကို ဘာဆိုင်လို့ ပူလောင်နေရမှာ...
မွန်းလွဲပိုင်းတွင်တော့ ကုတ်ရေးသားပြီး ကျီချင်းရန်ကို ကျီစယ်သည့်အပြင် လင်းရီ လျန်ရူရွှယ်ထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိလိုက်သည်။
သူမက လက်ရှိ ဖြစ်ပျက်နေသည့် ကိစ္စအကြောင်း မေးမြန်းလာခဲ့၏။
သို့သော်လည်း သူမ လေသံမှ တစ်ဆင့် ယခုကိစ္စကို သိပ် ဂရုမထားကြောင်း သိသာနေသည်။
သူမ၏ ရာထူးအဆင့်အတန်းနှင့်ဆိုပါက ယခုလို ကိစ္စမျိုးကို ကိုင်တွယ်ရန်မှာ လက်တစ်ဖျစ် တီးရုံမျှ ရှိ၏။ သူမ ပြုလုပ်ရန် ဆန္ဒရှိမရှိ အပေါ်တွင်သာ မူတည်လေသည်။
လင်းရီ အကြမ်းဖြင်း ပြောပြလိုက်ပြီး ကိစ္စ၏ အဓိက အချက်ကိုတော့ မပြောပြလိုက်ချေ။ သို့သော်လည်း ထိုင်တယန့်နှင့် တစ်မျိုးတစ်ဖုံ ဆက်စပ်နေမည်ဆိုတာကိုတော့ လျန်ရူရွှယ် ရေးတေးတေး ခန့်မှန်းနိုင်လေသည်။
မဟုတ်ပါက ကျိုးဟိုင်ရှိ လင်းယွမ်အုပ်စု၏ အနေအထားဖြင့် မည်သူကမျှ ဒေသခံကျားကို ခေါင်းသွားပုတ်ဝံ့မည် မဟုတ်ချေ။
ယခုတော့ တန်ပြန် လက်တုံ့ပြန်မှုက လင်းရီအပေါ် မူတည်နေသည်။
ထိုညတွင်တော့ အလုပ်မဆင်းခင် ကျီချင်းရန်၏ အတွင်းရေးမှုမှ လိုအပ်သည်များ အားလုံးကို ပြင်ဆင် ဝယ်ခြမ်းပြီး ဖြစ်၏။
လင်းရီလည်း ကောင်းကျုံးယွမ်၏ အဘွား မည်သည့် ဆေးရုံ၌ ရှိနေသည်ကို တစ်ချက် စုံစမ်းကြည့်လိုက်သည်။ သူမက ကျိုးဟိုင် အွန်ကိုလိုဂျီဆေးရုံ ၊ နံပါတ် 1801 ၌ ဆေးကုသမှု ခံယူနေသည်။
ထိုည သူတို့ အိမ်ပြန်ရောက်တော့ ကျီချင်းရန်မှ ဟော်ယွမ်ယွမ်ကို အကျိုးသင့် အကြောင်းသင့် ရှင်းပြလိုက်တော့ တစ်ဖက်သူမှ အတန်ငယ်ကြာအောင် တုံ့ဆိုင်းနေပြီးနောက် သဘောတူလိုက်လေသည်။
' ထွေထူးကိစ္စကြီးလည်း မဟုတ်တာကို ဘာလို့ ရှက်နေရမှာ… ပြီးတော့ ကောင်းမိသားစုရဲ့ ကြွယ်ဝမှုတွေနဲ့ဆို သူမကို ဟုန်ပေါင်း ကြီးကြီး ပေးလာတာမျိုးတောင် ဖြစ်နိုင်သေး…. ငါလေးက ဘာလက်မခံနိုင်စရာ အကြောင်းရှိလို့….’
နောက်တစ်နေ့ နံနက် ကိုးနာရီတွင် လင်းရီနှင့် ကျန်သူများအားလုံး ဆေးရုံဝင်ပေါက်ဝ၌ ဆုံကြ၏။ သို့သော်လည်း ကောင်းကျုံးယွမ် ကတော့ ရှိမနေချေ။
“ ဆိုတော့ ဒါက ခယ်မလေးပေါ့…”
ဟော်ယွမ်ယွမ်ကိုမြင်တော့ ချင်းဟန်မှ ပြုံးပြီး နှုတ်ဆက်လိုက်၏။
“ နောင်ကျ ဖြစ်ရင် ဖြစ်လာမှာပေါ့… ဒါပေမယ့် ခုတော့ မဟုတ်သေးပါဘူး..” ဟော်ယွမ်ယွမ်မှ ပြောလိုက်သည်။
“ အမှန်တော့ ကောင်းကြီးက ကောင်းပါတယ်…. သူက အစ်ကိုကြီးလင်းလောက် မခန့်ဘူးဆိုတောင် ရုပ်မဆိုးဘူး…ပြီးတော့ မိသားစုနောက်ခံလား … မေးနေစရာ မလိုဘူး… မင်း အရင်ဆုံး သူနဲ့ လက်ထပ်မှတ်ပုံ တင်ထားလိုက်… တကယ်လို့ ထွေထူး ဘာခံစားချက်မှ မရှိဘူးဆိုရင် တစ်နှစ်ခွဲလောက်နေပြီး ကွာရှင်းလိုက်ပေါ့…. အဲ့ခါကျ ကောင်းမိသားစုရဲ့ အမွေတစ်ဝက်က မင်းလက်ထဲ ရောက်သွားတော့မှာ…. မိုက်တယ်မလား…” လျန်ကျင်းမင်မှ ပြောလိုက်၏။
“ တကယ်လို့ ကောင်းကြီးသာ ဒီစကားကြားလို့ကတော့ မင်း အရေခွံ နွှာခံရလောက်တယ်…” လင်းရီ ပြုံးလိုက်သည်။
“ အင်း… အကြံကောင်းပဲ… ပြန်ရောက်မှ သေချာ စဉ်းစားကြည့်ဦးမယ်…”
“ဟားဟား….”
ဆေးရုံဝင်ပေါက်ဝ၌ ခဏတဖြုတ် စကားပြောပြီးနောက် လင်းရီမှ ကားထဲရှိ ဝယ်ယူထားသည့် ပစ္စည်းများအား ထုတ်ကာ ချင်းဟန်နှင့် လျန်ကျင်းမင်တို့အား ပေးလိုက်ပြီး ဆေးရုံထဲသို့ ဝင်လာကြလေသည်။
“ အစ်ကိုကြီးလင်း ဘယ်တုန်းက ဒီအကြောင်းတွေ သိသွားခဲ့တာ… ဟိုကောင် ကောင်းကြီးကလည်း ဘာလို့ ဒီအကြောင်းတွေ မပြောပြလည်း မသိပါဘူး….”
“ စကားပြောရင်း တိုက်ဆိုင်သွားတော့ သိသွားတာပါကွာ… ငါလည်း သိသာ သိပ်မကြာသေးဘူး…”
ကျီချင်းရန်နှင့် ဟော်ယွမ်ယွမ်တို့ ရှိနေသောကြောင့် ရာဝမ်းကျွန်းတုန်းက သိခဲ့သည်ဟု ပြောလိုက်၍ မဖြစ်။ ထို့ကြောင့် လင်းရီ အဆင်ပြေသည့် အကြောင်းပြချက် တစ်ခုဖြင့် အရူးလုပ်လိုက်လေသည်။
“ ကောင်းကြီးလည်း တကယ့်ကောင်… ဒီလို ကိစ္စမျိုး ရှိတာတောင်မှ ငါတို့ကို မပြောဘူး …. “ လျန်ကျင်းမင်မှ စောဒက တက်လိုက်၏။
“ မင်း အဲ့ကောင်အကြောင်း မသိတာ ကျနေတာပဲ…. ကောင်းတဲ့ ကိစ္စတွေသာ ပြောပြသာ … မကောင်းသတင်းတွေဆို ဘယ်တော့မှ မပြောပြဘူး..” ချင်းဟန်ပြောလိုက်၏။
လျန်ကျင်းမင် ခေါင်းညိမ့်လိုက်ပြီး လင်းရီကို ကြည့်၍ “ အစ်ကိုကြီး အရင်တုန်းက နှလုံး ခွဲစိတ်ဆရာဝန် ဖြစ်ခဲ့ဖူးတယ်မလား….. ဆိုတော့ သေချာပေါက် ကျွမ်းကျင်မှာပေါ့…. ကောင်းကြီးရဲ့ အဘွားကို တစ်ခုခု လုပ်ပေးလို့မရဘူးလား… တကယ်လို့ သုံးလေးနှစ်လောက် ဆက်နေနိုင်မယ်ဆိုလည်း မဆိုးဘူး…”
“ မရတော့ဘူး…. ရောဂါက တော်တော်လေး ကျွမ်းနေပြီ… “ လင်းရီ ပြောလိုက်ပြီး “ ပြီးတော့ ကောင်းမိသားစုရဲ့ အနေအထားနဲ့ဆိုရင် သူတို့ နိုင်ငံခြားက အကောင်းဆုံး ဆရာဝန်တွေမှာပါ ပတ်ကုသပြီး အကောင်းဆုံး ဆေးဝါးတွေကိုတောင် သုံးစွဲပြီးလောက်ပြီ…. ငါတတ်နိုင်တာ မရှိတော့ဘူး..”
“ ငါ ဆေးရုံကို မကြိုက်ပါဘူးကွာ... တော်တော်လေး စိတ်ဖိစီးဖို့ကောင်းတယ်…” ချင်းဟန်ပြောလိုက်သည်။
“ ပျော်ပျော်နေစမ်းပါ… မင်းမှာ ပိုက်ဆံရှိတယ်… ဆိုတော့ မျှော်လင့်ချက်ရှိတယ်..” လင်းရီ ပြောလိုက်ပြီး “ စိတ်ဖိစီးတယ်ဆိုတာ ပိုက်ဆံမရှိတဲ့ ကောင်တွေပဲ ဖြစ်သင့်တာ…”
“ အဲ့တာတွေ ထားလိုက်… သွားကြစို့…. အို ၊ နာ ၊ သေ ဒီသုံးမျိုးကို ဘယ်သူကမှ ထိန်းချုပ်လို့ မရဘူး…” လျန်ကျင်းမင် ပြောလိုက်ပြီး “ တစ်နေ့ ငါတို့လည်း ဒီလိုနေ့မျိုး ရောက်လာမှာပဲ….”
ကျီချင်းရန် ရုတ်ချည်း တုန်ခါသွားခဲ့၏။ လင်းရီ သူမကို ကြည့်လိုက်သည်။
သူမ ရင်ထဲရှိ ချောက်ချားမှုကို လင်းရီ နားလည်သည်။
သူမ၏ အိုမင်းတော့မည့် နေ့စွဲများကို လက်ခံနိုင်သော်လည်း အေးစက်သည့် သေချင်းတရားကိုတော့ လက်မခံဝံ့ပေ။
လင်းရီ ကျီချင်းရန်ခါးကို ဖက်၍ သူမကိုယ်ကို သူ့ပေါ်သို့ အမှီသဟဲ ပြုစေလိုက်၏။ သူအဖော်ပြုပေးနေသရွေ့ သူမ ဘယ်တော့မှ တစ်ယောက်တည်း ဖြစ်လိမ့်မည် မဟုတ်ချေ။
အတွင်းလူနာဌာနသို့ ဝင်ရောက်လာပြီးနောက် အုပ်စုမှာ ဓာတ်လှေကားထဲသို့ ဝင်၍ ၁၈ လွှာမြောက်သို့ တက်ရန် ဟန်ပြင်လိုက်သည်။
သို့သော်လည်း နံပါတ် ၁၈ ကို နှိပ်ပြီး ဖြစ်သော်ငြား မည်သည့် တုံ့ပြန်မှုတို့မျှ ပေါ်ပေါက် မလာချေ။
“ ဘာတုန်းဟ… ခလုတ်ကြောင်နေတာလား..” လျန်ကျင်းမင် ရေရွှတ်လိုက်၏။
“ ပျက်နေလား မသိ…”ချင်းဟန်မှ သုံလေးကြိမ် ဆက်တိုက်နှိပ်ရင်း ပြောလိုက်၏။
“ တခြားအထပ်တွေ စမ်းကြည့်လေ… “ လင်းရီ ပြောလိုက်ပြီး “ ၁၇ လွှာကို နှိပ်လိုက်…”
“ ဒါဆိုလည်း ၁၇ လွှာမြောက်ကို သွားပြီး လှေကားနဲ့ ဆက်တက်ကြတာပေါ့…”
အကုန်လုံးက ကြွယ်ဝသည့် လူများဖြစ်သော်လည်း ဇီဇာကြောင်သူများ မဟုတ်ကြချေ။ ထို့ကြောင့် တစ်လွှာလေးနှင့် လမ်းလျှောက်လိုက်ရလို့လည်း အဆင်ပြေသည်။
သို့နှင့် ဓာတ်လှေကားမှာ ၁၇ လွှာသို့ ရောက်ရှိလာခဲ့၏။ အုပ်စုမှာ လှေကားထစ်များမှာ တစ်ဆင့် အပေါ်ထပ်သို့ တက်တော့မည့် အချိန်တွင် တံခါးပေါက်မှာ သော့ခတ်ထားကြောင်း တွေ့လိုက်ရ၏။
“ ဘာတွေ ဖြစ်နေတာတုန်းဟ… ဓာတ်လှေကားကလည်း တက်လို့မရဘူး… ပြီးတော့ လှေကားထစ်ဝင်ပေါက်ကိုလည်း သော့ခတ်ထားတယ်… ဒီ ၁၈ လွှာက တားမြစ်နယ်မြေမို့လား…”
ဟော်ယွမ်ယွမ် ကြက်သီးမွေးညင်း ထလာခဲ့ပြီး “ ငါ အရင်က သရဲဝတ္ထုတွေ ဖတ်ဖူးသလောက်တော့ ဆေးရုံတိုင်းရဲ့ ၁၈ လွှာက ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေ ရှိတယ်တဲ့….”
“ အဓိပ္ပာယ် မရှိတာတွေ…” လင်းရီ ပြောလိုက်ပြီး “ တစ်ယောက်ယောက် ရှာပြီး ဘာဖြစ်နေလဲ မေးကြည့်လိုက်…”
“ ဟဲ့ ဟဲ့... ဟိုနားကတစ်သိုက်.... နင်တို့ အဲ့မှာ ဘာလုပ်နေကြတာ…. အဲ့နား နေလို့မရဘူး….” သက်လတ်ပိုင်း နာ့စ်တစ်ဦးမှ အသံစွာစွာနှင့် ပြောလာခဲ့၏။