ဒါ ကျုပ် ဇနီး
Vol. 54 Ch. 806
လင်းရီ လှည့်ကြည့်လိုက်တော့ ပြောလိုက်သူက နာ့စ်ယူနီဖောင်းနှင့် အမျိုးသမီး တစ်ဦးပင်။ သူမက အသက်လေးဆယ် အရွယ်ဟု ထင်ရပြီး မျက်နှာအမူအရာကို ကြည့်ရသလောက်တော့ တော်တော်လေး မောက်မာ ဘဝင်မြင့်နေသည့်နှယ်ပင်။
ဆေးရုံများ၌ သူနာပြုခေါင်းတို့ကသာ ယခုလို လေသံမျိုးနှင့် ပြောဝံ့ကြ၏။
“ ကျုပ်တို့ ၁၈ လွှာကို တက်မလို့… ဘာလို့ လမ်းတွေက အကုန်ပိတ်ထားတာ…”
“ ၁၈ လွှာက လုံခြုံရေး တင်းကြပ်တဲ့ အလွှာပဲ… သာမန်လူတွေကို အဲ့ဒီနေရာ ဝင်ခွင့်မပြုထားဘူး…” သက်လတ်ပိုင်း နာ့စ်မှ ပြောလိုက်ပြီး “ ဆေးရုံရဲ့ ID မပါဘဲနဲ့ ဘယ်သူကမှလည်း ဝင်ခွင့်မရှိဘူး..”
“ အာ…..”
လင်းရီ အနည်းငယ် အံ့အားသင့်သွားခဲ့၏။ ထိုသို့သော စည်းမျဉ်း ရှိနေလိမ့်မည်လို့ မျှော်လင့်မထားခဲ့ချေ။
ဟွာရှန်း ဆေးရုံတောင် ဒီလောက်ထိ မတင်းကြပ်ပါဘူးဟ…..
“ ဒါဆို ကျွန်မတို့ ဖုန်းဆက်ပြီး သူတို့ကို လာကြိုခိုင်းရင်ကော…” ဟော်ယွမ်ယွမ် မေးလိုက်သည်။
“မရဘူး…”
နာ့စ်မှ ခေါင်းကို မိုးထိုးမတက် မော်ထားရင်း “ အပေါ်ထပ်မှာ နေတဲ့ သူတွေ အကုန်လုံးက ခေါင်းဆောင်ကြီးပိုင်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေပဲ… နင်တို့ ဝင်ချင်းတိုင်းဝင် ထွက်ချင်တိုင်း ထွက်လို့ရတဲ့ နေရာများ ထင်နေတာလား…”
“ ပေးမဝင်တော့လည်း မဝင်ဘူးပေါ့ကွ… ဒါနဲ့ ခင်များက ဟော်မုန်း မညီမျှတာပဲလား.. ဒါမှမဟုတ် ယမ်းမုန့်တွေ စားထားလို့လား…” လျန်ကျင်းမင်မှ အမြင်ကတ်နေသည့် မျက်နှာထားဖြင့် ပြောလိုက်၏။
“ နင် ဘာစကားပြောတာ… ဒါက ငါ့ရဲ့…..”
“ ရှောင်လီ…. “
သက်လတ်ပိုင်း နာ့စ်မှ ပေါက်ကွဲတော့မည့် အချိန်တွင် အခြား သက်လတ်ပိုင်း အမျိုးသားတစ်ဦးမှ အပြေးအလွှား ရောက်ရှိလာပြီး သူမကို နောက်သို့ ဆွဲလျက် လင်းရီလက်ကို အားတက်သရောဖြင့် ကိုင်ကာ “ ဒါရိုက်တာလင်း… ခင်များကို ဒီမှာ တွေ့ရသာ တကယ်ဝမ်းသာတာပဲဗျာ….”
“ အမ်….” လင်းရီ အနည်းငယ် ကြက်သေသေသွားခဲ့သည်။ သူ ဤလူနှင့် မရင်းနှီးသလို ရှိပြီး သူတို့ အရင်တုန်းကလည်း တွေ့ဖူးသည့်ပုံ မပေါ်ပေ။
“ ခင်များက………”
“ ကျုပ်က အရိုးအကြိတ် ကုသဌာနက ထောင်လျိုပါ…”
“ ဪ…. မင်္ဂလာပါ မင်္ဂလာပါ….”
“ ဒါရိုက်တာလင်းက ဒီကို လူနာကြည့်ဖို့ ရောက်လာတာလား….”
လင်းရီ ခေါင်းညိမ့်လိုက်ပြီး “ ဒါပေမယ့် ခင်များလူတွေကတော့ ဝင်လို့မရဘူး ပြောနေတယ်…. “
“ အသေးအမွှားလေးပါ… ကျုပ် ဓာတ်လှေကားကို ဒါရိုက်တာလင်းကိုယ်စား စကန်ဖတ်ပေးမယ်… ဒီတိုင်း တက်သွားလိုက်…”
“ ဒါက စည်းမျဉ်းနဲ့ မကိုက်ညီဘူး မဟုတ်လား….”
လျိုထောင် ရယ်မောလိုက်ပြီး “ စည်းမျဉ်းတွေကိုလည်း လူတွေကပဲ သတ်မှတ်တာလေ…. “
“ ဒါဆိုလည်း ဒေါက်တာလျိုကို ဒုက္ခပေးမိပြီ….”
“ မဟုတ်တာ မဟုတ်တာ…. အားနာစရာ မလိုပါဘူး…” လျိုထောင် သူ၏ ဝန်ထမ်း ID ကတ်ကို အားတက်သရောဖြင့် စကန်ဖတ်ပေးလိုက်ပြီး အုပ်စုမှာလည်း အပေါ်လွှာသို့ ရောက်ရှိလာလေသည်။
ထိုအခိုက်အတန့်တွင် ဟန့်တားခြင်း ခံလိုက်ရသည့် နာ့စ်မှ ရောက်လာခဲ့ပြီး “ ခေါင်းဆောင်လျို… ရှင် အဲ့လူငယ်နဲ့ သိနေတာလား….”
“ ငါက သူ့ကို သိတယ်… ဒါပေမယ့် သူကတော့ ငါ့ကို မသိဘူး…”
“ ဟင်… ဘာကို ပြောချင်တာ…”
“ ပြောချင်တာ မင်း ဒုက္ခလှလှနဲ့ တွေ့ဖို့ လက်တစ်ကမ်းလောက်ပဲ လိုတော့တယ်လို့…. “ လျိုထောင်မှ ပြောလိုက်၏။
“ ကျွန်မက ဆေးရုံ စည်းကမ်းတွေကို လိုက်နာနေတာပဲ မဟုတ်ဘူးလား…. ဘာလုပ်မိလို့လဲ….”
“ ငါပြောပြမယ်… စောနက လူငယ်လေးက အရင်တုန်းက ဟွာရှန်းဆေးရုံ နှလုံးခွဲစိတ်ဌာနရဲ့ ဒါရိုက်တာတစ်ယောက်ပဲ…”
“ သူက ဌာန ဒါရိုက်တာ ဆိုတော့လည်း ဘာဖြစ်လဲ…. ခေါင်းဆောင်လျိုလည်း ဌာနဒါရိုက်တာပဲ မဟုတ်ဘူးလား… အဆင့်အတန်းချင်း အတူတူကို ဘာလို့ အဲ့လောက်ထိ ခယနေတာ….”
“ ငါပြောပြမယ်…. မင်း ဒီနေ့ တော်တော်ကံကောင်းသွားတာ… တကယ်လို့ အုပ်ကြီးသာ ဒီကိစ္စ သိသွားလို့ကတော့ အနည်းဆုံး မင်းရဲ့ တစ်လစာ ဘောနပ်စ်တော့ အဖြတ်ခံရလောက်တယ်…” ထောင်လျိုမှ ပြောလိုက်ပြီး “ သူ့ကို ဒီတိုင်း ဒါရိုက်တာ တစ်ယောက်လို့ပဲ မထင်လိုက်နဲ့…. တကယ်လို့ အုပ်ကြီးက သူ့ကို တွေ့တယ်ဆိုရင်တောင် ရိုရိုသေသေနဲ့ ဒါရိုက်တာလင်းဆိုပြီး ခေါ်ရမှာ…..”
“ ဒါ…… သူက အဲ့လောက်တောင် ဩဇာကြီးတယ်လား….”
“ အဲ့လောက်ထိကို အံ့အားသင့်ဖို့ ကောင်းတာ….” ထောင်လျိုမှ ပြောလိုက်ပြီး “ ကျိုးဟိုင်နဲ့ ဟွာရှရဲ့ ဆေးနယ်ပယ်မှာ သူ့ထက်သာတဲ့သူ မရှိလောက်တဲ့အထိပဲ…”
“ တကယ်…. သူ့အသက်က ဘယ်လောက်ရှိသေးလို့…. ဖြစ်နိုင်တာ သူ့မိသားစု နောက်ခံက နက်ရှိုင်းနေလို့များလား….”
“ သူ့ ကျောထောက်နောက်ခံက တစ်ကဏ္ဍ… ဒါပေမယ့် သူ့ရဲ့ အရည်အချင်းတွေကလည်း အရမ်း ကျွမ်းကျင်တယ်… သူ့ ခွဲစိတ်မှု သက်တမ်းတစ်လျှောက်မှာ ကျရှုံးမှု မရှိလို့ ဟွာရှရဲ့ နံပါတ်တစ် နှလုံးခွဲစိတ် ဆရာဝန်လို့တောင် တင်စားခံထားရတယ်….”
သက်လတ်ပိုင်း နာ့စ်မှာ လုံးဝ အံ့ဩဘနန်း ဖြစ်သွာခဲ့ပြီး
ဒါကြီးက လွန်လွန်းမနေဘူးလား….
………………………….
“ သူဌေး.. မဆိုးဘူးပဲ….”
ဓာတ်လှေကားထဲမှ ထွက်လာပြီးနောက် ဟော်ယွမ်ယွမ်မှ စနောက်ချင်နေသည့် လေသံဖြင့် ပြောလိုက်ပြီး“ ရှင့်ကို လာပြီး နှုတ်ဆက်တဲ့ သူတွေတောင်မှ ရှိနေတယ်ပေါ့…”
“ သူ ငါ့ကို တစ်နေရာမှာ မြင်ဖူးပြီး မှတ်မိလို့ နေမှာပါကွာ…”
ကျီချင်းရန်ကတော့ သူ့လက်မောင်းကို ဖက်တွယ်ထားရင်း ဂုဏ်ယူနေသည့် မျက်နှာထားမျိုးနှင့် ဖြစ်၏။
အခြား အလွှာများနှင့် နှိုင်းယှဉ်ပါက ၁၈ လွှာရှိ ပတ်ဝန်းကျင် အနေအထားမှာ သိသိသာသာ ကောင်းမွန်နေသည်။
သူ ကြိုတင် စုဆောင်းထားသည့် သတင်းအချက်အလက်များအတိုင်း လိုက်ပါလာရင်း အုပ်စုမှာ အခန်း 1801 သို့ ရောက်ရှိလာခဲ့၏။
ဒေါက် ဒေါက် ဒေါက်….
“ ကျေးဇူးပြုပြီး ဝင်ခဲ့လို့ ရပါတယ်.. လော့မချထားဘူး…”
အထဲမှ အမျိုးသမီး တစ်ဦး၏ အသံ ထွက်ပေါ်လာပြီး လင်းရီလည်း တံခါးကို တွန်းဖွင့်၍ အထဲသို့ ဝင်လာခဲ့လိုက်သည်။
အုပ်စုမှာ လူနာခန်းထဲသို့ ဝင်ရောက်လာကသည်။ အခန်းက အင်မတန်ကြီးမားပြီး ၇၀ စတုရန်း မီတာခန့် ကျယ်ဝန်းကာ ဆေးပစ္စည်း ကိရိယာမျိုးစုံကလည်း အရန်သင့် ရှိနေသည်။
အထဲတွင်တော့ ကောင်းကျုံးယွမ်၏ အမေအပြင် အခြား လူသုံးယောက်လည်း ရှိနေကြ၏။
မီးခိုးရောင် အဝတ်အစားနှင့် သက်လတ်ပိုင်းအမျိုးသမီးမှာ ကုတင် အစွန်းနား၌ ထိုင်နေသည်။ သူမ၏ သဏ္ဌာန်မှာ အနည်းငယ် အားယုတ်နေပြီး လင်းရီနှင့် ကျန်သူများကို မြင်တော့ သူမ မတ်တပ်ရပ်လိုက်၏။
ထိုသက်လတ်ပိုင်း အမျိုးသမီး၏ နာမည်မှာ ဖန်ကျင်းဖြစ်ပြီး ကောင်းကျုံးယွမ်၏ မိခင်ပင်။
ချင်းဟန်နှင့် လျန်ကျင်းမင်တို့ကို ယခင်က မြင်ဖူးသောကြောင့် သူမတို့က မျက်နှာဟောင်းများဟု ဆို၍ရ၏။
အခြား အမျိုးသားတစ်ဦးနှင့် အမျိုးသမီးမှာလည်း အတော်လေး ငယ်ရွယ်ဟန် ရှိကာ အသက်နှစ်ဆယ်ခန့်မျှ ရှိသေးသည့်အလားပင်။
ထိုနှစ်ယောက်လည်း မတ်တပ်ရပ်လိုက်ကြ၏။
အမျိုးသား၏ နာမည်ကတော့ ကောင်းကျုံးကျင်းဖြစ်ပြီး ကောင်းကျုံးယွမ်၏ ဝမ်းကွဲပင်။ သူ့ဘေးရှိ အမျိုးသမီးကတော့ သူ့ကောင်မလေး ဖူလဲ့ဖြစ်လေသည်။
ချင်းဟန်နှင့် လျန်ကျင်းမင်တို့ အပေါ် ပြသသည့် သဘောထားများ အရတော့ ၎င်းတို့လည်း အချင်းချင်း ရင်းနှီးပုံရ၏။
“ လာမယ်ဆိုလည်း ဘာလို့ ကြိုမပြောကြတာ… လာလာ ဒီမှာထိုင်ကြ…” ဖန်ကျင်းမှ စတင်ဆော်ဩလိုက်ပြီး “ အိမ်က ကိစ္စတွေကော …. အဆင်ပြေတယ်မလား…”
“ အိမ်မှာ အကုန်အဆင်ပြေပါတယ်…” ချင်းဟန် သူမကို အပြုံးလေးဖြင့် နှုတ်ဆက်ပြီးနောက် လင်းရီဘက်သို့ လှည့်ကာ
“ အန်တီဖန်ကို ကျွန်တော် လင်းရီနဲ့ မိတ်ဆက်ပေးမယ်… ကောင်းကြီး ခဏခဏ ပြောတာကြားဖူးမှာပါ… အဲ့တာသူပေါ့.... ဒါကျတော့ သူ့ကောင်မလေး… ကျီချင်းရန် … ချောင်ရန်အုပ်စုရဲ့ ဥက္ကဌလေ…. ဒါကတော့ ကောင်းကျုံးယွမ်ရဲ့ မိန်းကလေး … ဟော်ယွမ်ယွမ်…”
ဖန်ကျင်းမှ လင်းရီနှင့် ကျီချင်းရန်တို့၏ အမည်နာမကို ကြိမ်ဖန်များစွာ ကြားလေ့ကြားထရှိသောကြောင့် ၎င်းတို့က ဘယ်လိုလူစားမျိုးလဲဆိုတာ နားလည်ထားလေသည်။
သို့သော်လည်း ဟော်ယွမ်ယွမ်၏ ရောက်ရှိလာမှုက ဖန်ကျင်းကို အံ့ဩသွားစေခဲ့သည်။
ဆိုရိုးများအတိုင်း သားတို့အကြောင်းကို မိခင်များက အသိဆုံးဖြစ်သည့် အားလျော်စွာ သဘာဝအလျောက် သူ့သား အခြေအနေကို နားလည်ထားလေသည်။
သူ့သား စာပို့ပြီး တပြုံးပြုံး ဖြစ်စေသည့် ဟော်ယွမ်ယွမ်ဟူသည့် မိန်းကလေး နာမည်ကိုလည်း သူမ ကြားဖူးထား၏။
သို့သော်လည်း ယနေ့ ရောက်လာလိမ့်မည်လို့တော့ မမျှော်လင့်ထားခဲ့ချေ။
အခြားတစ်ဖက်တွင်တော့ ဟော်ယွမ်ယွမ်ကို မြင်သည့် အခိုက်အတန့်၌ ကောင်းကျုံးကျင်းမှာ အေးစက်သည့် အမူအရာဖြင့် သူမကို ခြေဆုံးခေါင်းဆုံး အကဲခတ်ကြည့်နေတော့၏။
“ လာ လာ ထိုင်ကြလှည့်…” ဖန်ကျင်းမှ အားတက်သရော ပြောလိုက်၏။ သူမ၏ စကားလုံးများနှင့် အမူအရာတို့မှ တစ်ဆင့် စိတ်ရင်းဖြင့် ကြိုဆိုနေကြောင်း သတိပြုမိနိုင်သည်။
ချမ်းသာသူတို့၌ မြင်ရလေ့ ရှိသည့် အရှိန်အဝါတို့က သူမထံ၌ ရှိမနေချေ။
ကောင်းကျုံးယွမ် တစ်ခါပြောဖူး၏။ သူတို့က ဆင်းရဲသည့် မိသားစုမှ မြင့်တက်လာသူများပင်။ ယခု ကျိကျိတက် ချမ်းသာနေပြီး ဖြစ်သော်လည်း ရုန်းကန်ခဲ့ရသည့် ဘဝကို မမေ့လျော့ကာ မာန်မာန ထားခြင်းမျိုး မရှိချေ။ သာမန်လူများကဲ့သို့သာ ပြုမူနေထိုင်လေသည်။
“ ဟယ်လို အစ်ကိုကြီးချင်း… အစ်ကိုကြီးလျန်…. အစ်ကိုကြီးလင်း…” ကောင်းကျုံးကျင်း တစ်ယောက်စီကို ပြုံးပြီး နှုတ်ဆက်လိုက်၏။
“ မင်း ဘယ်ပျောက်နေတာ…. မတွေ့တာတောင် အတော်ကြာပြီ..” ချင်းဟန်မှ သာမန်လေသံဖြင့် ပြောလိုက်၏။
“ ခုတလော ကုမ္ပဏီမှာ အလုပ်များနေလို့လေ… ပြီးတော့ ကောင်မလေးလည်း ရနေပြီဆိုတော့ ခြေရှုပ်လို့က မဖြစ်တော့ဘူး…” ကောင်းကျုံးကျင်းမှ ကိုးရို့ကားယား လေသံဖြင့် ပြောလိုက်သည်။
“ အဲ့တာကောင်းတယ်…” ချင်းဟန်မှ ပခုံးပုတ်လိုက်ပြီး “ မင်း မင်္ဂလာဆောင်ကျရင် ငါ ဟုန်ပေါင်း ကြီးကြီး လက်ဖွဲ့ပေးမယ်…”
“ ကျေးဇူးပါ အစ်ကိုကြီးချင်း… “
“ အဟွတ်… အဟွတ်…”
သူတို့ စကားပြောနေစဉ် ကောင်းကျုံးယွမ်၏ အဘွားမှ အိပ်ရာနိုးလာကာ ချောင်းတဟွတ်ဟွတ် ဆိုးလိုက်၏။
“ အမေ … နိုးပြီလား..” ဖန်ကျင်းမှ ပြေးသွားလိုက်ပြီး အမယ်အိုကြီး နောက်ကျော၌ ခေါင်းအုံးပြေးခုလိုက်၏။သို့မှသာ သက်တောင့်သက်သာ ရှိပေမည်။
အမယ်အိုကြီးမှ အားပြု၍ ထလိုက်ပြီး သူမ၏ ဝေဝါးနေသည့် မျက်လုံးတို့က ကျီချင်းရန် အပေါ်သို့ ကျရောက်နေကာ “ ငါ့… ငါ့ရဲ့ မြေးချွေးမလေး… လာပါဦး…. အဘွား အနီးကပ်ကြည့်ပါရစေ….”
“ အဘွား… လူမှားနေပြီ… ဒါက ကျွန်တော့်ဇနီးဗျ…” လင်းရီ မတ်တပ်ရပ်လိုက်ပြီး ဟော်ယွမ်ယွမ်ကို ဆွဲထုတ်လိုက်ကာ “ ဒါကမှ အဘွားရဲ့ မြေးချွေးမ…. တစ်နိုင်ငံလုံး အနှံ့ အာမခံချက်နဲ့ ပြည်တွင်းထုတ်ကုန်စစ်စစ်… ပထမဆုံး အသုံးပြုတော့မယ် ဆိုရင်တော့ ကျေးဇူးပြုပြီး ၂၄ နာရီ အားသွင်းရပါမယ်…”
( ဟာသနှောပြီး ပြောထားတာပါ… ယွမ်ယွမ်က ယုံကြည်စိတ်ချရတဲ့ အမျိုးသမီးဖြစ်ကြောင်းနဲ့ သူတို့ရဲ့ ဆက်ဆံရေးက ခုမှ အစပဲရှိသေးတာမို့ အချိန်လိုအပ်တာကို ဆိုလိုပါတယ်..)