← Chapters

ဘလိုင်းဒိတ်

Vol. 54 Ch. 807

ဘလိုင်းဒိတ်

Vol. 54 Ch. 807

လင်းရီ၏ စကားလုံးများက ဖန်ကျင်းကို ရယ်မောသွားစေသည်။

ထင်ထားတဲ့အတိုင်း ဒီ လင်းရီလို့ ခေါ်တဲ့ ကလေးက သူများတွေနဲ့ မတူဘူးပဲ…

အမယ်အိုကြီး၏ အကြည့်များက ဟော်ယွမ်ယွမ်ထံ ကျရောက်သွားခဲ့၏။ သို့သော်လည်း သူမ ရွှင်ပြစွာ ပြုံးလျက် လက်ကို စိတ်လှုပ်ရှားစွာဖြင့် ဆန့်တန်းလိုက်ပြီး “ ကလေး… လာပါဦးကွယ်… အဘွား သေချာလေး ကြည့်ချင်လို့..…”

ဟော်ယွမ်ယွမ် မူလက သူမကိုယ်သူမ အတော်ဆုံး ဇာတ်ပို့သရုပ်ဆောင် မင်းသမီးဆုနှင့် ထိုက်တန်သည်ဟု တွေးထင်ထားခဲ့ပြီး ယခုလို အခြေအနေမျိုးကို လွယ်ကူချောမွေ့စွာ ကိုင်တွယ်နိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။

သို့သော်လည်း နဖူးတွေ့ဒူးတွေ့ ကြုံလာရချိန်တွင်တော့ သူမ တော်တော်လေး စိတ်လှုပ်ရှားနေမိပြီး ရင်လှိုက်သည်းလှိုက် ဖြစ်နေမိတော့၏။

ယခု နယ်ပယ်တွင်တော့ သူမက ဘော့စ်နှင့် အစ်ကိုချီတို့ကို လိုက်လို့ မမှီသေးသည့်ပုံပင်။

“ အဘွား…”

ဟော်ယွမ်ယွမ် အပြုံးတစ်ခုကို ဆင်မြန်း၍ အမယ်အိုကြီး ဘေး၌ ဝင်ထိုင်လိုက်၏။ သို့သော်လည်း သူမ၏ သရုပ်ဆောင်သည့် စွမ်းရည်ကတော့ တုံးပေရှိ မိချောလေးများကဲ့သို့ ကျွမ်းကျင်လိမ္မာနေခြင်း မရှိချေ။

“ ကလေး… နင့်နာမည် ဘယ်လိုခေါ်လဲ….”

“ ဟော်ယွမ်ယွမ်ပါအဘွား…”

“ နာမည်ကောင်းပဲ… နာမည်ကောင်းပဲ… စည်းလုံးညီညွှတ်မှုနှင့် လိုက်လျောညီထွေ ရှိခြင်း…. နာမည်နဲ့တင် တော်တော်သဘောကျနေပြီ…. သမီး အဘွားမြေးနဲ့ သိတာ ဘယ်လောက်ကြာပြီလဲ… သူ သမီးကိုကော အနိုင်ကျင့်သေးလား…”

ဟော်ယွမ်ယွမ်၏ လက်တန်းတုံ့ပြန်မှုက ချီရှန်းကျောက်ကဲ့သို့ ကောင်းမွန်ခြင်းမရှိ။ ထိုသို့သော ပြဿနာမျိုးနှင့် ကြုံရတော့ သူမ အလိုအလျောက် လင်းရီဘက်သို့ လှည့်ကြည့်မိသွားခဲ့သည်။

လင်းရီ၏ တုံ့ပြန်မှုက မြန်ဆန်သည်။ သူ လက်အောက်ချထားပြီး နှစ်ချောင်းထောင်ပြလိုက်၏။

ဟော်ယွမ်ယွမ် ချက်ချင်း မျက်လုံးလက်သွားခဲ့ပြီး “ သမီးတို့ချင်းသိတာ အနှစ်နှစ်ဆယ်ကျော် ရှိပါပြီ…”

ကျီချင်းရန် “ ??? “

လင်းရီလည်း ပြောစရာစကား ကင်းမဲ့သွားခဲ့တော့၏။

မင်း အဘွားကို အနှစ် ၂၀‌ ကျော်ပါလား….

“ အယ်…. ငါ့မြေးတို့က သိတာ ဒီလောက်ကြာနေပြီကို အဘွားတို့က ဘာလို့ မသိရတာ…..”

“ အက်……………” ဟော်ယွမ်ယွမ် တစ်ဖန် ရှုပ်ထွေးသွားပြန်ပြီး လင်းရီကို အကူအညီတောင်းသည့် မျက်ဝန်းတို့ဖြင့် ကြည့်လိုက်၏။

ဤတစ်ကြိမ်တွင်တော့ လင်းရီ ခေါင်းကို တစ်ဖက်သို့ လှည့်ထားပြီး ဟော်ယွမ်ယွမ်ကို လျစ်လျူရှုထားလိုက်သည်။

တစ်ဖက်ရှိ ကျီချင်းရန်ကတော့ နှုတ်ခမ်းလှုပ်၍ စကားတစ်ချို့ ပြောပြလိုက်ပြီး တစ်ဖက်သူမှ ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်သွားခဲ့ကာ

“ သမီးတို့က မူကြိုတုန်းကတည်းကနေ အတန်းဖော်တွေလေ… ဒါပေမယ့် မူလတန်းရောက်တော့ သမီးက ကျောင်းပြောင်းသွားခဲ့တာ…. သူ့ကိုတောင် ကျိုးဟိုင်မှာ တလောတုန်းကမှ ပြန်တွေ့တာ အဘွားရဲ့…”

“ အလိုတော်…. ဒါဆို မြေးလေးတို့က ဒီလောက် နှစ်တွေ အကြာကြီး ခွဲခွာပြီးမှ ပြန်တွေ့ကြတယ်ဆိုတော့ ဒါ ရေစက်ပဲ… ရေစက်ရှိလို့ ပြန်ဆုံကြရတာ…” အမယ်အိုကြီးမှ ပို၍ပင် ရွှင်မြူးသွားခဲ့ပြီး “ တကယ်လို့ အဲ့ ကောင်စုတ်လေးက သမီးကို အနိုင်ကျင့်ရဲရင် အဘွားကို လာတိုင်နော်… သမီးဘက်မှာ အဘွား အမြဲတမ်း ရှိတယ်…”

“ ဟုတ်… ကျေးဇူးပါ အဘွား…”

ဖန်ကျင်း မသိမသာ မျက်မှောင်ကြုတ်လိုက်၏။ သူမ အကဲခတ်ကြည့်ရသလောက်တော့ ဤမိန်းကလေးက သူ့ ယောက္ခမကြီးအား စိတ်ပျော်ရွှင်စေရန်အတွက် ရောက်လာခဲ့ခြင်းပင်။

သို့တိုင်အောင် ကိစ္စတော့ မရှိချေ။

‘ ငါ့သား သူငယ်ချင်းတွေ အကုန်လုံးက ကောင်းသော ရည်ရွယ်ချက်တွေနဲ့ လာခဲ့တာပဲလေ…. ဒါပေမယ့် အမေက နည်းနည်းလေး အကဲပိုလွန်းမနေဘူးလား… ကျုံးကျင်းရဲ့ ကောင်မလေးတောင် ဒီလိုမျိုး ဂရုစိုက်မခံရဘူး…’

ဖန်ကျင်း ကူကယ်ရာမဲ့စွာဖြင့် ခေါင်းကို ခါရမ်းလိုက်၏။ သူမ အမေ၏ နောက်ဆုံးဘူတာမှာ ဆိုက်ရောက်ရန် အတော်လေး နီးကပ်နေပြီး ကမ္ဘာကြီး၏ ထုံးတမ်းစဉ်လာတို့ကို ဂရုပြုရန် စိတ်မဝင်စားတော့ချေ။ သူ့ စိတ်ရှိအတိုင်းသာ ပြုမူနေတော့၏။

ထို့နောက် အမယ်အိုကြီးမှာ ဟော်ယွမ်ယွမ်၏ လက်ကို တဖွဖွ ကိုင်တွယ်ရင်း တစ်နာရီကျော် ကြာသည်အထိ စကားလက်ဆုံ ကျနေလေသည်။ အကယ်၍ ဖန်ကျင်းကြောင့်သာ မဟုတ်ပါက ထို့ထက် ကြာသည်အထိ ဆက်ပြောနေဖို့ အလားအလာလည်းရှိ၏။

“ နင်တို့တွေ… မပြန်ကြသေးနဲ့ဦးနော်… အန်တီ ကျုံးယွမ်ကို ဖုန်းဆက်ပြီး ဒီခေါ်လိုက်မယ်… နေ့လည်စာ အတူသွားစားကြတာပေါ့…” ဖန်ကျင်းမှ ပြောလိုက်၏။

“ နေပါ အန်တီဖန်း ... ကျွန်တော်တို့က သူစိမ်းတွေလည်း မဟုတ်တာကို အဲ့လိုလုပ်စရာ မလိုပါဘူး…” ချင်းဟန် ထ၍ ပြောလိုက်ပြီး “ ကုမ္ပဏီမှာလည်း လုပ်စရာတွေ ရှိနေသေးတာဆိုတော့ ပြန်နှင့်တော့မယ်… နောက်အားရင် ဆက်ဆက် လာခဲ့ပါမယ် အန်တီ….”

“ အာ…. အားနာလိုက်တာကွယ်… ဒီရောက်လာတာတောင် အန်တီက ထမင်းတစ်နပ် မကျွေးလိုက်ရဘူးဆိုတော့ စိတ်တောင်မကောင်းဘူး..”

“ ရပါတယ်… နောက်မှ ကောင်းကြီးကို ဒကာခံခိုင်းလိုက်မယ်…” ချင်းဟန် အပြုံးလေးဖြင့် ပြောလိုက်ပြီး “ အန်တီတို့ အဘွားကို ဆက်ပြီး ပြုစုနေလိုက်… လိုက်မပို့နဲ့တော့…”

“ အင်းပါ… အန်တီလည်း အားနာမနေတော့ဘူး..”

ထိုသို့ပြောလိုက်သော်လည်း ဖန်ကျင်းမှ လင်းရီနှင့် ကျန်သူများကို ဓာတ်လှေကားအထိ လိုက်ပို့ပေးပြီးမှ လူနာခန်းထဲသို့ ပြန်လာခဲ့လေသည်။

“ ငါတော့ ကောင်းကျုံးယွမ်ရဲ့ မိသားစုက တော်တော်လေး ကောင်းတယ်လို့ ထင်တာပဲ… သူတို့အကုန်လုံးက ရိုးသားပွင့်လင်းပြီး သဘောကျဖို့ ကောင်းတယ်….”

ကျီချင်းရန် ထိုစကားများကို ဟော်ယွမ်ယွမ်ထံသို့ သွယ်ဝိုက်၍ ပြောလိုက်ခြင်းပင်။

အကယ်၍ တခြား အချက်အလက်များကို ထည့်မစဉ်းစားဘူးဆိုပါက ကောင်းကျုံးယွမ်မှာ တကယ့်ကို သင့်တော်သည့် လက်တွဲဖော်ပင်။

လင်းရီ ဟော်ယွမ်ယွမ်ကို တံတောင်ဖြင့် တွတ်လိုက်ပြီး “ ငုံးလို လုပ်မနေနဲ့…. မင်းမှာ စဉ်းစားထားတာ‌ ရှိတယ်ဆိုလည်း သိအောင်ပြောပြ…. တကယ်လို့ ကောင်းကြီကို သဘောမကျဘူးဆိုလည်း ငါအဲ့ကောင်ကို သေချာလေး ရှင်းပြလိုက်မယ်… နေ့တိုင်း မင်းနဲ့ သောက်ရူးလို အချိန်ကုန်ခံပြီး စကားတွေပြော၊ မျှော်လင့်ချက်တွေ ပေးပြီးတော့မှ မရက်စက်လိုက်နဲ့….”

“ ကျွန်မက သူ့ကို ကြိုးရှည်ရှည်နဲ့ ဆွဲထားချင်တာမဟုတ်ဘူး.. ဒီတိုင်း စင်ဂယ်ဖြစ်တာ နှစ်အတော်ကြာနေပြီဆိုတော့ ချစ်သူကောင်မလေး ဘယ်လိုလုပ်ရလဲ ဆိုတာ မေ့သွားလို့ပါ…” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ ဘယ်လို စပြီး နမ်းရလဲတောင် မသိတော့ဘူး… နှုတ်ခမ်းဆူထားရမှာလား… ဒါမှမဟုတ် လျှာကို အပြင်ထုတ်ထားရမှာလား….တကယ်ကြီး ဘယ်လိုမျိုး လုပ်ရမလဲကို မသိတော့တာ….”

“ အဆင်ပြေတယ်… မင်းသာ ဘောင်းဘီဘယ်လိုချွတ်ရမလဲဆိုတာ မမေ့ရင် ပြီးရော…”

“ သိပါတယ်နော်…. ဒါပေမယ့် အရင်ဆုံး နေသားကျအောင် လုပ်ပါရစေဦး… အလျင်လိုတာကြီးက ဘာမှ မကောင်းလို့….”

ချင်းဟန်နှင့် လျန်ကျင်းမင်လည်း အချင်းချင်းကြည့်လျက် ဤကိစ္စက တော်တော်လေး အလားအလာကောင်းသည်ဟု ခံစားနေရ၏။

အကယ်၍ ထိုနှစ်ယောက် လက်တွဲသွားနိုင်မည်ဆိုလျှင်လည်း တော်တော်လေး ကောင်းသည့် ကိစ္စပင်။

ကလင် ကလင် ကလင် ….

ထိုအခိုက်အတန့်တွင် လင်းရီ ဖုန်းသံ မြည်လာခဲ့၏။ ကောင်းကျုံးယွမ်မှ ဖုန်းဆက်လာခဲ့ခြင်းပင်။

“ အစ်ကိုကြီးလင်း… ခင်များတို့ ဆေးရုံလာသွားတယ်ဆို…”

“ အေး… ခုလေးတင် အပြင်ရောက်တာပဲကွ….”

“ ဒါဆို ခဏစောင့်ဦး.. ကျွန်တော်ခု ထွက်လာနေပြီ.. ထမင်းအတူ စားကြစို့….”

လင်းရီ မူလက ငြင်းဖို့ ဟန်ပြင်လိုက်သော်လည်း ဟော်ယွမ်ယွမ်ကို မြင်တော့ “ ငါ ဂျပန် စားသောက်ဆိုင် ကောင်းကောင်း တစ်ဆိုင် သိထားတယ်… ရိဖုန်း ခန်းမဆိုလားပဲ…. အဲ့သွားကြစို့….”

“ ကောင်းပြီလေ… ကျွန်တော် ဘွတ်ကင်လုပ်ထားလိုက်မယ်…”

ဖုန်းချပြီးနောက် လင်းရီ လူတိုင်းကို ဝေ့ကြည့်၍ “ ရိဖုန်း ခန်းမကို သွားကြစို့… ကောင်းကြီးက ဧည့်ခံမယ်တဲ့….”

“ ကျွန်မတော့ မလိုက်တော့ဘူး.. ကုမ္ပဏီက ဒီနေ့ ဝက်သုံးထပ် ပြုတ်ကျော်လုပ်မှာ… အဲ့တာ သွားစားရဦးမယ်…” ဟော်ယွမ်ယွမ်မှ ပြောလိုက်၏။

“ ရိဖုန်း ခန်းမက စားစရာတွေက ကုမ္ပဏီက ဝက်သုံးထပ် ပြုတ်ကျော်ထက် ပိုကောင်းတယ်..” ကျီချင်းရန်မှ ဟော်ယွမ်ယွမ်ကို ဆွဲခေါ်လိုက်ပြီး “ အတူသွားစားကြတာပေါ့…”

“ အာ.. အဆင်မပြေလောက်ဘူးထင်တယ်.. ကုမ္ပဏီမှာက လုပ်စရာတွေ တအားများတာ… စားတာသောက်တာ ဘယ်အချိန်မှ ပြီးမလဲ ဘယ်သူက ပြောနိုင်မှာ….”

“ မင်း ရှိတာ မရှိတာနဲ့ ဘာမှ မခြားသွားဘူး… တကယ်လို့ မင်း ကုမ္ပဏီမှာ မရှိဘူးဆိုရင်တောင် သူ့ဘာသူ လည်ပတ်နေမှာ… မူမနေနဲ့…. ငါတို့နဲ့ လိုက်ခဲ့…”

“ ဒါပေမယ့်….”

“ လစ် လစ် လစ်… အဲ့သောက်လုပ်ပဲ သွားလုပ်နေလိုက်…” လင်းရီ အော်ငေါက်လိုက်ပြီး “ ဘာ သောက်သုံးမှကို မကျဘူး…”

“ ငါက ဘယ်မှာ အသုံးမကျ ဖြစ်နေလို့လဲ…”

လင်းရီ တော်တော်လေး ဒေါသထွက်သွားခဲ့ပြီး ဟော်ယွမ်ယွမ်ကို လျစ်လျူရှု၍ သူ့ကားထဲသို့ ဝင်သွားလိုက်၏။

“ သွားစို့.. မြင်လား… သူ ဘယ်လောက် စိတ်တိုနေလဲဆိုတာ…” ကျီချင်းရန်မှ တီးတိုးပြောလိုက်၏။

“ ညီမလည်း သူ့ကို ဘာမှ မလုပ်မိဘဲနဲ့ကို ဘာလို့ ဘလိုင်းကြီး အသုံးမကျဘူး လာပြောနေတာ…” ဟော်ယွမ်ယွမ် အနည်းငယ် မရွှင်မပြ ဖြစ်သွားခဲ့သည်။

“ နင်လည်း သူ့အကြောင်း သိသားနဲ့… သူဘယ်သူ့ကို ဆူလို့လဲ… ဒီလို ဆူတယ်ဆိုတာလည်း နင်ကောင်းဖို့ အတွက်ချည်းပဲ မဟုတ်ဘူးလား… မဟုတ်ရင် သူက ဘာလို့ ဒေါသထွက်သွားရမှာ…”

ဟော်ယွမ်ယွမ် နှုတ်ခမ်းကိုက်မိလိုက်သည်။ လင်းရီ သူမ ကောင်းဖို့အတွက် ပြုလုပ်နေမှန်း သိသော်လည်း သူမထိုအချင်းအရာအတွက် ကြိုတင် မပြင်ဆင်ရသေးချေ။

ဟော်ယွမ်ယွမ်မှာ လင်းရီ အရှေ့တွင်တော့ မာန်ဖီသည့် ကျားတစ်ကောင်နှင့်တူသော်လည်း ယခုလို ကိစ္စများနှင့် ပတ်သက်လာလျှင်တော့ အသည်းနုသည့် ယုန်သူငယ်ပမာ ကယောင်ချောက်ချား ဖြစ်နေတတ်၏။

“ ရပြီ… အဲ့မှာပဲ အရူးလို မတ်တပ်ရပ်မနေနဲ့….” ကျီချင်းရန် ဟော်ယွမ်ယွမ်ကို သူမဘေးသို့ ဆွဲခေါ်လိုက်ပြီး “ ဒါက နင်တို့နှစ်ယောက် တွေ့ပြီး စကားပြောဖို့ အခွင့်ကောင်းပဲ… တကယ်လို့ နင့်ဘက်က အဆင်မပြေဘူးလို့ ထင်ရင် အချိန်မှီ ရှင်းရှင်းလင်းလင်း လုပ်ထားလို့ရတာပေါ့… နင်တို့နှစ်ယောက်က လက်တွဲလို့ မဖြစ်တာမျိုးမှ မဟုတ်တာ…”

“ ကောင်းပြီလေ…. အဲ့တာဆိုလည်း သွားတာပေါ့…”ကျီချင်းရန် ဟော်ယွမ်ယွမ်ကို ကားထံသို့ ခေါ်လာခဲ့လိုက်ပြီး အုပ်စုမှာ ရိဖုန်း ခန်းမသို့ ဦးတည်လိုက်ကြ၏။

ဟော်ယွမ်ယွမ် ရောက်ရှိလာသည်ကို မြင်တော့ နဂိုက ဆင်ဖမ်းမည် ကျားဖမ်းမည် ပြုနေသည့် ကောင်းကျုံးယွမ်မှာ ချက်ချင်းလက်ငင်း ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားခဲ့တော့၏။

“ဟီးဟီး ယွမ်ယွမ်… မင်းကော လိုက်ခဲ့တာလား….”

“ အင်း…” ဟော်ယွမ်ယွမ် ခေါင်းငြိမ့်လိုက်ပြီး ကျီချင်းရန်ဘေးတွင် မျက်နှာလေး ရဲလျက် မတ်တပ်ရပ်နေလေသည်။

လင်းရီရှေ့၌ ပြုမူနေကြဖြစ်သည့် စွာတာတာ မိန်းမစွာလေး ပုံရိပ်မှာ ယခုအခါ ကွယ်ပျောက်လို့ နေသည်။

“ မင်းတို့ နှစ်ယောက်…. ပုံမှန်လေး နေကြစမ်းပါဟ… ၆၀ ၊ ၇၀ ခုနစ်ကလို လုပ်မနေကြစမ်းနဲ့… ခုက ၂၁ ရာစု… ပိုပြီး သဘာဝကျကျလေး နေလို့ မရဘူးလား..” ၎င်းတို့နှစ်ယောက်၏ ပုံစံကို မြင်တော့ ချင်းဟန် မနေနိုင်ပဲ ဝင်ပြောမိတော့၏။

All Chapters