နှစ်ဖက်နှစ်လမ်းမှ တိုက်ခိုက်ခံရခြင်း
Vol. 54 Ch. 810
“ မစ္စတာလင်း…. ဒီအခြေအနေထိ ရောက်နေပြီးတာတောင်မှ ခင်များ ပြန်မစဉ်းစားချင်တော့ဘူးလား…”
ဂိုအီချီမစ်ဆူ၏ အမူအရာမှာ ပြောင်းလဲခြင်းမရှိပေ။ သူ ကြိုတင် ခန့်မှန်းထားပြီးသည့်အလား အေးအေးလူလူသာ ပြောလိုက်၏။
“ ကျုပ်တို့ရဲ့ အခြေအနေကို သဘောတူပေးသရွေ့ မစ်ဆူ စီးပွားရေး အုပ်စုက လင်းယွမ်အုပ်စုကို ဟွာရှတစ်လွှားမှာ အကြီးမားဆုံး ကုမ္ပဏီကြီးဖြစ်အောင် ကူညီပေးမယ်လို့ အာမခံနိုင်တယ်… မစ္စတာလင်းကိုပါ အကြွယ်ဝဆုံး ပုဂ္ဂိုလ်ဖြစ်အောင်တောင် လုပ်ပေးနိုင်တယ်… အဲ့လောက်နဲ့ မကျေနပ်နိုင်သေးဘူးလား မစ္စတာလင်း….”
လင်းရီ ပြုံးလျက် ခေါင်းခါရမ်းလိုက်၏။
ထိုအပြုအမူက ဂိုအီချီ မစ်ဆူနှင့် ကျန်းကျိန်းဟောက်ကို မျက်မှောင်ကြုတ်သွားစေသည်။
ဒီလောက်အများကြီး ပြောထားပြီးတာတောင် နည်းနည်းလေးမှ ထိရောက်မှု မရှိဘူးလားဟ…
“ အမှန်အတိုင်း ပြောရရင် မင်း ချဉ်းကပ်တဲ့ နည်းလမ်းက မင်း အဘိုးနဲ့ မင်း အစ်မလောက်ကို မကောင်းတာ… ဟွာရှန့်ရဲ့ ရှေးဆိုရိုးတွေ အတိုင်း ငါးက ငါးကို ရှာတယ်… ပုစွန်က ပုစွန်ကို ရှာတယ်… လိပ်ကလည်း လိပ်ကို ရှာတယ်… မင်းတို့ နှစ်ကောင်ကလည်း တော့်တော့်ကို လိုက်ဖက်ညီတဲ့ အတွဲပဲ…”
ပြောပြီးနောက် လင်းရီ ကျန်းကျိန်းဟော်ကို ကြည့်လိုက်သည်။ ထို့နောက် ဂိုအီချီ မစ်ဆူထံ အကြည့်ပို့လိုက်ပြီး “ ငါ ဒီနေ့ လာခဲ့တာက ဖြေရှင်းချက် တောင်းဖို့ အတွက် မဟုတ်ဘူး… မင်းတို့ကောင်တွေကို ငါက သောက်ဂရုမစိုက်ဘူးဆိုတဲ့ အကြောင်း သိစေချင်လို့ပဲ… ဒီတော့ နောင်ကျရင် ငါနဲ့ လာမရှုပ်တာကောင်းမယ်… နောက်တစ်ကြိမ်ဆိုရင်တော့ ဒီလိုမျိုး သဘောကောင်းပြနေမှာ မဟုတ်ဘူး…”
ပြောပြီးနောက် လင်းရီ လှည့်ထွက်လာခဲ့လိုက်၏။ သို့သော်လည်း သူ တံခါးပေါက်ဝကို ရောက်တော့ ဂိုအီချီ မစ်ဆူမှ ဩရှသည့် အသံဖြင့် “ မစ္စတာလင်းက လုံရှင်းကို လက်လွှတ်လိုက်တာ့မလို့လား… ကျုပ်သိရသလောက်တော့ လုံရှင်းရဲ့ စီးပွားရေး လုပ်ငန်းတွေက ခင်များအတွက် တော်တော်လေး အရေးပါပါတယ်… “
လင်းရီ သက်ပြင်းချပြီး နားကလော်ရင်း “ မင်းတို့ထဲက တစ်ယောက်က ထိုင်ဝမ်းက… နောက်တစ်နောက်က ဂျပန်က…. အဲ့တာကို ဟွာရှရဲ့ ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ ငါ့ကို လက်ညိုးလာထိုးနေတယ်ဆိုတော့ မင်းတို့ ဦးနှောက်တွေက တင်ပါးမှာ ရှိနေတာလား… မင်းတို့ကောင်တွေက အရည်အချင်း ပြည့်မှီလို့လား…. ထိုက်တန်လို့လား….”
ပြောပြီးနောက် လင်းရီ အပြုံးလေးဖြင့် “ ရှေ့နှစ်ရက်လုံး ငါ မလှုပ်ရှားတာနဲ့ပဲ ငါ့ဘက်က ကူကယ်ရာမဲ့နေတယ်လို့များ ထင်နေတာလား…”
“ လုံရှင်းက ရှယ်ယာ A ထဲမှာ စာရင်းဝင်ထားပြီး ပြည်တွင်းရင်းနှီးမြုပ်နှံမှု ကုမ္ပဏီတွေနဲ့ ရင်ဆိုင်နေတာ… တကယ်လို့ ငါ့ဘက်က ဒီတိုင်း တရားဝင် ထုတ်ပြန်ချက် တစ်စောင်လောက် ထုတ်လိုက်တာနဲ့ ရှယ်ယာတွေက ချက်ချင်းလက်ငင်း မိုးပေါ်ကို ထောင်တက်သွားတော့မှာ… ဒီလိုမျိုး အပေါစား လှည့်ကွက်လေးတွေသုံးပြီး ငါနဲ့ လာရှုပ်နေတာ မင်း မရှက်ဘူးလားကွ…”
ထိုသို့ ပြောပြီးနောက် လင်းရီ နောက်ပြန်လှည့်မကြည့်ပဲ ထွက်ခွာသွားခဲ့တော့သည်။
ဂိုအီချီ မစ်ဆူနှင့် ကျန်းကျိန်းဟောက်တို့ လက်သီးကျစ်ကျစ်ပါအောင် ဆုပ်မိလိုက်ကြသည်။ သူတို့ ငယ်ရွယ်စဉ်ကတည်းက ယခုလို အနိုင်ကျင့် စော်ကားမှုမျိုး မခံစားခဲ့ရဖူးကြပေ။
အဖိနှိပ်ခံရခြင်းနှင့် ပြန်လည် တော်လှန်ခွင့် မရသည့် ခံစားချက်ကြီးက ၎င်းတို့၏ မိမိကိုယ်ကို တန်ဖိုးထားမှုအပေါ် ကြီးစွာသော အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေသည်။
“ မစ္စတာမစ်ဆူ…. ဆက်ပြီးတော့ ဖော်ရွေနေစရာ အကြောင်းမှ မရှိတော့ဘူးလို့ထင်တယ်… ပိုပြီး ပြင်းထန်တဲ့ နည်းလမ်းတွေကို အသုံးပြုသင့်နေပြီ…”
ဂိုအီချီ မစ်ဆူ လက်ဖက်ရည် တစ်ငုံသောက်လိုက်ရင်း ကျန်းကျိန်းဟောက်ကို ကြည့်လိုက်လျက် “ မင်း ဘယ်လိုထင်လဲ… မင်းရဲ့ အတွေးတွေကို အရင်ဆုံး နားထောင်ကြီး အတူဆောင်ရွက်ကြတာပေါ့…”
“ မဟုတ်ဘူး… မဟုတ်ဘူး… ”
ကျန်းကျိန်းဟောက် သူ့ခေါင်းကို တွင်တွင် ခါရမ်းလိုက်ရင်း “ ကျုပ်တို့ရဲ့ သူ့အပေါ် လက်စားချေမှုက အကန့်အသတ်နဲ့ … အနာဂတ်မှာ ကျုပ်တို့ဘက်က ဘာမှ ဆက်ပြီး လုပ်တော့မှာ မဟုတ်ဘူး….”
“ မင်း ဘာကို ဆိုလိုချင်နေတာ… ထိုင်တယန့်က ဒီတိုင်းပဲ အရှုံးပေးလိုက်တော့မယ်ပေါ့… မင်းတို့လို ကုမ္ပဏီကြီးတွေရဲ့ လုပ်ရပ်နဲ့ ဒီရဲ့ အပြုအမူတွေက မကိုက်ညီဘူးနော…”
“ အမှန်အတိုင်းပြောရရင် ထိုင်တယန့်နဲ့ လုံရှင်းက ကမ္ဘာမကြေ ရန်သူတွေလည်း မဟုတ်ဘူး…ကျုပ်တို့ရဲ့ အကြံက ရှင်းတယ်… သူ့ကို သင်ခန်းစာပေးနိုင်ရင် ကောင်းတယ်… မပေးနိုင်တော့လည်း ဒီတိုင်း လက်လျော့လိုက်ရုံပဲ…” ကျန်းကျိန်းဟောက် ပြောလိုက်ပြီး “ ဒါပေမယ့် မစ္စတာမစ်ဆူက ဟွာရှမြေမှာ အကူအညီလိုလာခဲ့ရင်တော့ ကျုပ်တို့ဘက်က အသေးအမွှားတစ်ချို့လောက် ကူညီပေးဖို့ အသင့်ပါပဲ… ဘာပဲဆိုဆို ဒီနေရာမှာလည်း ကျုပ်တို့ရဲ့ အဆက်အသွယ်တစ်ချို့ ရှိသေးတယ်လေ….”
အမှန်တော့ လင်းယွမ်အုပ်စုနှင့် ထိုင်တယန့်ကြားရှိ ဆက်ဆံရေးက မူလကတည်းကရင် သတ်မှတ်ထားပြီးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လီတိုဂရပ်ဖီစက် ပရောဂျက်က လျှို့ဝှက်သည့် ဆက်ဆံရေး တစ်ခုဖြစ်သောကြောင့် ယခုတိုင် ထုတ်ဖော်ပြသခြင်း မရှိသေးချေ။ ထို့ကြောင့် ထိုင်တယန့်၏ မျက်လုံးထဲတွင် ကုမ္ပဏီနှစ်ခု၏ စီးပွားရေးက ထပ်တူညီခြင်းသိပ်မရှိသောကြောင့် ထိပ်တိုက် ရင်ဆိုင်ရန် မထိုက်တန်ပေ။
သူတို့ ယခုလို ပြုလုပ်ရသည့် အကြောင်းအရင်းကလည်း intel မှ ညွှန်ကြားထားသောကြောင့် ဖြစ်၏။
လုံရှင်း၏ ချစ်ပ် ၂.၀ နည်းပညာမှာ ကမ္ဘာအနှံ့သို့ သတင်းပြေးနေပြီး intel အတွက် အလားအလာရှိသည့် ခြိမ်းခြောက်မှု တစ်ရပ် ဖြစ်လာခဲ့၏။
သို့သော်လည်း ထိုင်တယန့်မှ သူ့ မဟာမိတ်အဖွဲ့အစည်းများနှင့် ဆက်ဆံရေး ခိုင်မာစေရန် လောက်သာ ပြုမူဆောင်ရွက်နေပြီး လင်းယွမ်အုပ်စုနှင့် သူသေကိုယ်ကြေ တိုက်ခိုက်ရန် ပြောကြားလာလျှင်တော့ ၎င်းတို့က သဘောတူညီလိမ့်မည် မဟုတ်ချေ။
ကျန်းကျိန်းဟောက်မှာ မရင့်ကျက်သေးသော်ငြား တုံးအသူတစ်ယောက်တော့ မဟုတ်ပေ။ သူလည်း ယခု ကိစ္စ၏ အကန့်အသတ်ကို နားလည်ပေသည်။
သူကိုယ်တိုင်က သိပ်ပြီး စိတ်ကျေနပ်ခြင်း မရှိသေးသော်လည်း လောလောဆယ်အတွက်တော့ လုံလောက်ပြီ ဖြစ်ကြောင်း သိ၏။ နောက်သို့ပြန်ဆုတ်ရတော့မည့် အချိန်အခါပင်။
အကယ်၍ intel ဘက်က အခြား အကြံအဉာဏ်တို့ ရှိသေးသည်ဆိုပါက ၎င်းတို့ကိုယ်တိုင် ဆောင်ရွက်ခိုင်းလိုက်တော့မည် ဖြစ်၏။
“ ထိုင်တယန့်ရဲ့ သခင်လေး မစ္စတာကျန်းက ဒီလောက်ထိ သတ္တိနည်းနေလိမ့်မယ်လို့ ကျုပ် တကယ်ကို ထင်မထားဘူး …. ကျုပ် ထင်ခဲ့တဲ့ ဟွာရှန့်လူမျိုးတွေ ဆိုတာ ဒီလို လူစားမျိုးတွေ မဟုတ်ပါဘူး…” ဂိုအီချီမှ ပြောလိုက်ပြီး “ တကယ်လို့ ဒီလိုဖြစ်မယ်မှန်း ကြိုသိရင် ခင်များနဲ့ အတူ လက်တွဲလုပ်ဖြစ်မှာတောင် မဟုတ်ဘူး..”
“ မဟုတ်သေးဘူး မစ္စတာ မစ်ဆူ… ခင်များ အဲ့လိုပြောလို့ မရဘူး… တကယ်တော့ ကျုပ်တို့နှစ်ယောက်ရဲ့ လက်တွဲပူးပေါင်းမှုအပေါ် ကောင်းမွန်တဲ့ သဘောထားတွေ ရှိပြီးသားပါ… ဒါကြောင့်မို့ ကျုပ်ဘက်ကလည်း ကူညီပေးချင်တဲ့ ဆန္ဒရှိတယ်… ဒါပေမယ့် ကျုပ်က ဒီကိစ္စကို ဆုံးဖြတ်ချက်ချဖို့ အခွင့်အာဏာ မရှိဘူး… ဘာပဲဆိုဆို ထိုင်တယန့်က ကျွန်တော့် အပိုင်လဲ မဟုတ်သေးဘူးလေ… ဒီတော့ မစ္စတာမစ်ဆူက နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်…”
“ ဒါဆိုလည်း ဒီကိစ္စက အဆုံးသတ်ကို ရောက်လာပြီပေါ့…” ဂိုအီချီ မစ်ဆူမှ ပြောလိုက်ပြီး “ဆိုတော့ ဖြေးဖြေးသွားပါ မစ္စတာကျန်း… ကျုပ် လိုက်မပို့တော့ဘူး…”
“ နောက်မှ စကားပြောကြတာပေါ့…”
ကျန်းကျိန်းဟောက် ထွက်ခွာသွားခဲ့ပြီးနောက် ဂိုအီချီ မစ်ဆူ၏ ကောက်ကျစ်စဉ်းလဲသည့် မျက်နှာဖုံးမှာ ထွက်ပေါ်လာခဲ့တော့၏။
သူကိုယ်တိုင်လည်း ကျန်းကျိန်းဟောက်နှင့် ဆက်ဆံရေးတွင် ဘက်မသာသည့် အနေအထား၌ ရှိသည်ကို နားလည်ပေသည်။ ထို့ကြောင့် သူ များစွာ ထိန်းချုပ်နိုင်သည့် အရာက သိပ်မရှိချေ။
ကျန်းကျိန်းဟောက်ကလည်း ထိုအချက်ကို သိသိသာသာ ဆုပ်ကိုင်ထား၏။
သူတို့ ၀င်မစွက်ဖက်စေကာမူ မစ်ဆူအုပ်စုက လင်းယွမ်အုပ်စု၏ ပြိုက်ဘက် ဖြစ်လာမည်ဆိုတာ မလွဲဧကန်ပင်။ အကယ်၍ မစ်ဆူ အုပ်စုမှ လင်းရီကို သုတ်သင်နိုင်မည် ဆိုပါက သူ့လက်လည်း ပေရေစရာ မလိုတော့ချေ။
ထပ်ပေါင်းအနေဖြင့် လုံရှင်းက စာရင်း၀င်ထားပြီး ယခု အချိန်တွင် ၎င်း၏ အနာဂတ် အလားအလာတို့က အတိုင်းအဆမဲ့ ပြိုင်ဘက်ကင်းနေချေပြီ။
ထို့ပြင် ယခုလို ဖြစ်စဉ်၌ အကြီးမားဆုံး ဆုံးရှူံးရသူက Intel ဖြစ်၏။
လုံရှင်းက ချစ်ပ် ၂.၀ နည်းပညာကို တီထွင်နိုင်သည်ဆိုတော့ သာလွန်၍ ကောင်းမွန်သည့် ချစ်ပ် ၃.၀ ကိုလည်း တီထွင်နိုင်သည့် သဘောပင်။
ယင်းက Intel အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုကြီးတစ်ရပ် ဖြစ်လေသည်။
အဆိုပါ အကြောင်းအရင်းများကြောင့် Intel ဘက်မှ ကိုယ်တိုင်ကိုယ်ကျ အရေးယူ ဆောင်ရွက်ရန် သိပ်မလိုတော့ဟု ကျန်းကျိန်းဟောက် တထစ်ချ ယုံကြည်သည်။
အရှေ့ရပ်က မစ်ဆူအုပ်စု ၊ အနောက်ရပ်က Intel
ထိုအကြောင်း တွေးမိတော့ ကျန်းကျိန်းဟောက် မနေနိုင်ပဲ ပြုံးလိုက်မိသည်။
သူတိူ့တွေ ဘယ်လို ကိုင်တွယ်မလဲ စောင့်ကြည့်ကြတာပေါ့...
ကျန်းကျိန်းဟောက် ထွက်ခွာသွားပြီးနောက် ၀တ်စုံနှင့် အမျိုးသားတစ်ဦးမှ အထဲသို့ ၀င်ရောက်လာခဲ့သည်။
အမျိုးသားက အသက် သုံးဆယ် အရွယ်ခန့် ရှိပြီး ဂိုအီချီ မစ်ဆူထက် အနည်းငယ် အသက်ကြီးနေကာ သူ၏ ကိုယ်ဟန်အမူအရာကလည်း ပို၍ တည်ငြိမ်နေသည်။
အမျိုးသား၏ နာမည်က ဆိုခန်တာရိုပင်။ သူက ဂိုအီချီ မစ်ဆူ၏ ကိုယ်ရံတော်နှင့် လက်ထောက်လည်း ဖြစ်၏။
"မစ်ဆူဆန်... ကျုပ်တို့ ဘာပြောပြော အဲ့ကောင် သဘောတူမယ်လို့တော့ မထင်ဘူး... "
" ပူးပေါင်းဆောင်ရွက်ဖို့တော့ လုံး၀ မဖြစ်နိုင်ဘူး... ခု ငါတို့ရဲ့ အဓိက ပန်းတိုင်က သူ့ရဲ့ သုတေသန ရလဒ်တွေကို ရရှိဖို့ပဲ... ဒါက ငါတို့ရဲ့ အနာဂတ် သုတေသနတွေအတွက် ကြီးကြီးမားမား ရှေ့ကြိုရောက်နေစေလိမ့်မယ်.... "ဂိုအီချီ မစ်ဆူမှ ပြောလိုက်ပြီး " ငါတို့နိုင်ငံက လူတစ်အုပ်ကို သူ့အိမ်နဲ့ ကုမ္ပဏီဆီ လွှတ်ပြီးတော့ အဲ့ဒီ ပစ္စည်းတွေ ရှာခိုင်းလိုက်.. ဒီရဲ့ သုတေသနကို သူတစ်ယောက်တည်း လုပ်တယ်ဆိုတာတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး... သေချာပေါက် ပါတနာ တစ်ချို့တော့ ရှိရမယ်... အဲ့လူတွေကိုလည်း မထိန်ချန်ထားနဲ့ အကုန်လုံးကို သေချာစုံစမ်းရမယ်.... အသေးစိတ် စစ်ဆေးရမယ်.. ဘာတစ်ခုမှ လွတ်သွားလို့ မရဘူး... "
" ဟုတ် .. နားလည်ပါပြီ မစ်ဆူဆန်... ခုပဲ သွားစီစဉ် ထားလိုက်ပါ့မယ်... "ဆိုခန်တရိုမှ ဦးညွှတ်၍ ပြောလိုက်ပြီး သီးသန့်ခန်းထဲမှ ထွက်ခွာသွားခဲ့လေသည်။
( ရှယ်ယာ A က ရှန်ဟိုင်းနဲ့ ရှန်ကျန်းတို့မှာ ရောင်းဝယ်လို့ ရတဲ့ ရှယ်ယာတွေပါ။ )
မေတ္တာ ရပ်ခံချက် - လက်ရှိ မီးပျက်နေတာ အတော် ကြာပြီမို့ ခုကစပြီး တစ်ပတ်တစ်အုပ် ဖြစ်ဖို့ ရှိပါတယ်ဗျ။ စာဖတ်သူတို့ရဲ့ နားလည်ပေးမှုကို ကျွန်တော်ကနေပြီး မေတ္တာရပ်ခံလိုပါတယ်ခင်ဗျ။ ကျေးဇူးပါ