← Chapters

ရှင်က ကျွန်မကို ပိုးပန်းချင်တာလား

Vol. 141 Ch. 1958

ရှင်က ကျွန်မကို ပိုးပန်းချင်တာလား

Vol. 141 Ch. 1958

တစ်စုံတစ်ယောက်က အရှေ့မှ ဦးဆောင်နေသည်။ ကျန်းရီတို့သည် ဝင်ပေါက်က မည်သည့်နေရာတွင်ရှိကြောင်း မသိသော်လည်း နောက်မှ လိုက်နေကြသည်။ ပဉ္စမအထပ်သို့ ဝင်ပေါက်မှာ ပေတစ်သောင်းမြင့်သော တောင်မြင့်တစ်လုံး၏ အနီးတွင် ရှိသည်။ ထိုကဲ့သို့သော တောင်တစ်လုံး၏ အနီးကို ရောက်သွားလျှင် တောင်ကို အလွယ်တကူ တွေ့ရပေလိမ့်မည်။ ယခုတွင် မည်သူကမှ အရပ်မျက်နှာကို မသိပါ။ သူတို့ လှည့်ပတ်သွားရင်းနှင့်သာ ကံစမ်းရပေမည်။

ကျန်းရီသည် မိုးမြေစွမ်းအား အသုံးပြုခြင်းကို ရပ်တန့်၍ ဟယ်နုန်ယင်းအား သူ့ကို ခေါ်သွားပေးရန် ပြောလိုက်သည်။ ဟယ်နုန်ယင်း၏ ဝိညာဉ်ခန္ဓာမှာ ယခုတွင် များစွာပြန်ကောင်းနေပြီဖြစ်သည်။ ထို့ကြောင့် သူမအတွက် ကျန်းရီကို ခေါ်သွားရန်မှာ အပန်းမကြီးချေ။

ကျန်းရီနှင့် ဟယ်နုန်ယင်းတို့သည် လွန်ခဲ့သော တစ်ရက်၊ နှစ်ရက်လောက်က ဖျက်ဆီးခံထားရသော မိစ္ဆာသစ်ပင်တစ်ပင်ကို တွေ့ခဲ့ရ၏။ ထို့ကြောင့် ရှားယွီတို့က သူတို့နှင့် တစ်ရက်၊ နှစ်ရက်ခရီး အကွာတွင် ရှိရမည်။ သို့သော် ကျန်းရီတို့၏ အမြန်နှုန်းက ပိုမြန်၏။ ရှားယွီတို့မှာ မိစ္ဆာသစ်ပင်များကို ဖျက်ဆီးရသေး၍ အချိန်အနည်းငယ် ကြာပေလိမ့်မည်။ သို့ဖြစ်၍ ကျန်းရီတို့ ရှားယွီတို့ကို အလွန်ဆုံး တစ်ရက်အတွင်း လိုက်မီလောက်ပေသည်။

မျှော်လင့်ထားသကဲ့သို့ပင်...

ကျန်းရီတို့ အရှေ့သို့ ရောက်လာလေ၊ ဖျက်ဆီးခံထားရသော မိစ္ဆာသစ်ပင်များက ပိုများလာလေပင်။ မိစ္ဆာသစ်ပင်များပေါ်မှ အလင်းစွမ်းအားကလည်း ပိုသိပ်သည်းလာသည်။ ကျန်းရီနှင့် ဟယ်နုန်ယင်းတို့က ပို၍ ပို၍ စိတ်လှုပ်ရှားလာကြ၏။ ရှားယွီ၏ တိုက်ခိုက်စွမ်းအားက လင်းဖေးရှန်း၏ တိုက်ခိုက်စွမ်းအားထက် နိမ့်လိမ့်မည် မဟုတ်ချေ။

ရှားယွီမှာ ကောင်းကင်ဘုံမှ သခင်လေးများနှင့် သခင်မလေးများကြားတွင် အလွန်ငယ်သေးသည်။ သို့သော် သူမ၏ တိုက်ခိုက်စွမ်းအားမှာ အလွန်မြင့်သောအဆင့်သို့ ရောက်နေပေပြီ။ သူမ၏ ပါရမီမှာ တုန်လှုပ်ဖွယ်ပင်။ အကယ်၍ သူမကိုသာ တိုးတက်ရန် နှစ်အနည်းငယ် ပေးလိုက်မည်ဆိုပါက ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက် ဖြစ်လာနိုင်ပေသည်။

အရေးအကြီးဆုံးမှာ ကျန်းရီပင် ရှားယွီ၏ စွမ်းအားအစစ်အမှန်ကို မမြင်နိုင်ခဲ့ခြင်းပင်။ သူမ၏ တိုက်ခိုက်စွမ်းအားက အုပ်ချုပ်သူအဆင့်တွင်သာ ရှိခဲ့သည်။ သူမက သူမ၏စွမ်းအားကို ဖုံးကွယ်ထားခြင်းဖြစ်စေ၊ သို့မဟုတ် မကြာသေးခင်ကမှ အဆင့်တက်သွားခြင်းဖြစ်စေ ယင်းမှာ အလွန်တုန်လှုပ်ဖွယ်ကောင်းလေသည်။

“ကျန်းရီ... ကျွန်မတို့ အရှိန်လျှော့လိုက်သင့်လား။ သူတို့နောက်က ဆက်လိုက်သွားရမလား”

နေ့တစ်ဝက်ကြာ ပြေးပြီးနောက် ဖျက်ဆီးခံထားရသော သစ်ပင်များနှင့် ၎င်းတို့ပေါ်မှ အလင်းစွမ်းအား အကြွင်းအကျန်များကြောင့် ဟယ်နုန်ယင်းသည် ရှားယွီတို့က သိပ်မဝေးတော့ကြောင်း သိလိုက်သည်။ အလွန်ဆုံး သူမတို့ နာရီနှစ်ဆယ်ကျော်အတွင်း လိုက်မီပေလိမ့်မည်။ ထို့ကြောင့် သူမ ရပ်တန့်ကာ ကျန်းရီကို မေးလိုက်ခြင်းဖြစ်သည်။

ကျန်းရီသည် တစ်ခဏမျှ တွေးတော၍ ပြန်ပြောလိုက်၏။

“ဆက်လိုက်မယ်၊ သူတို့ကို မီအောင်လိုက်မယ်။ ဒါပေမဲ့.. ကိုယ် ကိုယ့်ကိုယ်ကိုယ် မူဟယ်ယွီလို ရုပ်ဖျက်ရမယ်။ နုန်ယင်းက ကိုယ့်ကို ခေါ်လာတာလို့ ပြောလိုက်ပါ။ ကိုယ် ရှားယွီကို လျှို့ဝှက်စူးစမ်းကြည့်ဖို့ လိုတယ်”

“ကောင်းပြီ”

ချစ်မိသော မိန်းကလေးများသည် စဉ်းစားဆင်ခြင်နိုင်စွမ်း ပျောက်သွားကြသည်။ ဟယ်နုန်ယင်းသည် ကျန်းရီ ပြောသမျှကို လိုက်လုပ်တော့မည်ဖြစ်သည်။ သို့ဖြင့် သူမသည် ကျန်းရီကို ခေါ်၍ ဆက်ပြေး၏။ နာရီနှစ်ဆယ်ကျော် ကြာပြီးနောက် သူမတို့နှစ်ယောက် အရှေ့မှ ပေါက်ကွဲသံခပ်ရေးရေးတစ်သံကို ကြားလိုက်ရသည်။

ဟယ်နုန်ယင်းက ကျန်းရီကို ချပေးလိုက်၏။ ကျန်းရီသည် အလွန်ရိုကျိုးစွာနှင့် ဟယ်နုန်ယင်းအနောက်မှ လိုက်သွားလိုက်သည်။ ထို့နောက် အဖြူရောင်အလင်း လင်းလက်လာပြီး ကျန်းရီက မူဟယ်ယွီအဖြစ် ပြောင်းလဲသွားလေသည်။

ဟယ်နုန်ယင်းသည် အရှိန်လျှော့ချ၍ အရှေ့မှ လမ်းကြောင်းအတိုင်း လိုက်သွားလိုက်၏။ မကြာခင်မှာပင် သူမ အရှေ့တွင် လူရိပ်ရေးရေးများကို မြင်လာရသည်။ တစ်ဘက်မှ တိုက်ပွဲကလည်း ရပ်တန့်သွားပြီဖြစ်သည်။ မျက်ဝန်းအစုံ အချို့က လှမ်းကြည့်လာ၏။ ဟယ်နုန်ယင်းက ဖြည်းဖြည်းချင်း လျှောက်လာသည်ကို မြင်လိုက်သောအခါ သူတို့ထဲမှ အချို့ မှင်တက်သွားကြသည်။ သူတို့ သူမနောက်မှ မူဟယ်ယွီကို မြင်သောအခါတွင်မူ ပို၍ မှင်တက်သွားကြပေသည်။

အားလုံးသည် ဟယ်နုန်ယင်းက စတုတ္ထထပ်အထိ တက်လာနိုင်ခြင်းကို အလွန်မအံ့ဩကြပါ။ သူမက ချီလင်းဧကရီ၏ အချစ်တော်မြေးမလေးဖြစ်ပြီး ကမ္ဘာဦးကောင်းကင်ဘုံမှ နံပါတ်တစ်သခင်မလေး မဟုတ်ပါလား။ ထို့ကြောင့် သူမက အစွမ်းအစရှိနေခြင်းမှာ သာမန်သာ။

ခွမ်ဟူနှင့် အခြားသူများ နားမလည်နိုင်ဖြစ်နေကြသည်။ အဘယ်ကြောင့် မူဟယ်ယွီက ဟယ်နုန်ယင်းနှင့်အတူ ရှိနေသနည်း။ သူက လင်းဖေးရှန်းဘက်သို့ ပါသွားပြီ မဟုတ်လော။

ခွမ်ဟူ၊ ရန်ချီ၊ ရှားယွီ၊ ပိမျိုးနွယ်(ခွမ်မျိုးနွယ်လက်အောက်မှ နံပါတ်တစ်မျိုးနွယ်)မှ သခင်လေးတစ်ယောက်နှင့် မျိုးနွယ်ကြီးတစ်ခုဖြစ်သော ဟွာမျိုးနွယ်မှ သခင်မလေးတစ်ယောက် စုစုပေါင်းငါးယောက်မှာ ဧကရာဇ်တစ်ပိုင်းအဆင့်သို့ ရောက်နေကြပြီဖြစ်သည်။ ထိုဟွာမျိုးနွယ်မှ သခင်မလေးက မုဆိုးမတစ်ယောက် ဖြစ်ပြီး အပြင်လူများက သူမကို ကိုယ်လုပ်‌တော်ဟွာဟု ခေါ်ကြပေသည်။ သူတို့အားလုံးသည် အချင်းချင်း ကောင်းစွာ သိကြသည်။

ရှားယွီသည် သိုသိုသိပ်သိပ်နှင့် ခွမ်ဟူနှင့် ယန်ချီတို့ အနောက်တွင် နေနေ၏။ ခွမ်ဟူက ကျန်းရီကို ကြည့်လိုက်ပြီး လက်ဆုပ်၍ ဟယ်နုန်ယင်းကို ပြောလိုက်၏။

“လောကကြီးက ကျဉ်းကျဉ်းလေးပဲ။ နှုတ်ခွန်းဆက်ပါတ် သခင်မလေးနုန်ယင်း”

ယန်ချီနှင့် အခြားသူများလည်း လက်ဆုပ်၍ ဦးညွှတ်လိုက်ကြသည်။ ဟယ်နုန်ယင်းက ပြုံး၍ ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။

“သခင်လေးဟူ၊ သခင်‌လေးချီ၊ စစ်သူကြီးရှား၊ မျိုးနွယ်ခေါင်းဆောင်ငယ်ပိယန်၊ ကိုယ်လုပ်တော်ဟွာ... နှုတ်ခွန်းဆက်ပါတယ်။ ကျွန်မ လျှောက်သွားနေရင်း တိုက်တိုက်ဆိုင်ဆိုင် ရှင်တို့သွားထားတဲ့ လမ်းကြောင်းကို တွေ့ခဲ့တာ။ အဲ့ဒါကြောင့် အဲ့လမ်းကြောင်းအတိုင်း လိုက်လာခဲ့တာ။ ရှင်တို့ နောက်အထပ်အတွက် ဝင်ပေါက်ကို ရှာတွေ့ကြပြီလား”

“အခုထိ ရှာမတွေ့သေးပါဘူး”

ခွမ်ဟူက ခါးသက်သက် ပြုံး၍ ခေါင်းခါလိုက်၏။

“ကျွန်တော်တို့ ဒီနေရာထဲမှာ လျှောက်သွားနေခဲ့တာ ရက်နဲ့ချီနေပြီ။ ကျွန်တော်တို့ ဘယ်လောက်လျှောက်ခဲ့တယ်၊ မိစ္ဆာသစ်ပင် ဘယ်နှစ်ပင်ကို ဖျက်ဆီးခဲ့တယ်ဆိုတာတောင် မမှတ်မိတော့ဘူး။ ဒါပေမဲ့ အခုအထိ ဝင်ပေါက်ကို ရှာမတွေ့သေးဘူး”

ခွမ်ဟူသည် စကားစ တစ်ချက်ရပ်လိုက်ပြီး မူဟယ်ယွီကို လှမ်းကြည့်ကာ ခနဲ့တဲ့တဲ့ ဆက်ပြောလိုက်သည်။

“သခင်မလေးနုန်ယင်း... ဘာလို့ သခင်မလေးက သခင်လေးမူနဲ့ အတူ ရှိနေရတာလဲ။ မကြာသေးခင်တုန်းက သခင်လေးမူက သခင်မလေးဖေးရှန်းနဲ့ ပုလဲနံသင့်နေခဲ့တာ မဟုတ်လား။ သခင်လေးမူက သခင်မလေးကို နောက်ကျောဓားနဲ့ထိုးမှာ မကြောက်ဘူးလား”

ခွမ်ဟူ၏ စကားများကို ကျန်းရီကို လုံးဝမျက်နှာသာ မပေးပါ။ ယန်ချီ၊ ကိုယ်လုပ်တော်ဟွာ၊ ပိယန်နှင့် အခြားသူများအားလုံး ကျန်ရီကို အထင်သေးဟန်နှင့် ကြည့်လိုက်ကြသည်။ ရှားယွီကမူ မျက်နှာသေနှင့်သာ ဆက်ရှိနေသည်။ သူမ၏ ရီဝေနေသော မျက်ဝန်းများက ကျန်းရီကို တည်ငြိမ်စွာ ကြည့်နေ၏။ သူမက တစ်စုံတစ်ခုကို မြင်လိုနေသကဲ့သို့ပင်။

ကျန်းရီ၏ မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင် အနည်းငယ် ထွက်ပေါ်လာသည်။ သူ ခွမ်ဟူကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်၏။ သူ့နှုတ်ခမ်းများက တစ်စုံတစ်ခုကို ပြောလိုနေသည့်အလား တုန်နေသည်။ နောက်ဆုံးတွင် သူ စကားလုံးများကို ပြန်မျိုချလိုက်ကာ မည်သည်ကိုမှ မပြောတော့ချေ။ သူ့သရုပ်‌ဆောင်မှုက ကွက်တိပင်။

ဟယ်နုန်ယင်း၏ သရုပ်ဆောင်မှုမှာလည်း မဆိုးလှပါ။ သူမသည် ကျန်းရီကို ကြည့်ပင် မကြည့်ဘဲ အင်္ကျီလက်ကို ဝှေ့ယမ်း၍သာ ပြောလိုက်၏။

“ကျွန်မတို့ လမ်းမှာ တိုက်တိုက်ဆိုင်ဆိုင် ဆုံခဲ့တာပါ။ ကျွန်မရင်ထဲမှာ ရှင်တို့အကုန်လုံးက သခင်လေးဟယ်ယွီနဲ့ ဘာမှ မကွာခြားပါဘူး။ ဒီက လမ်းမှာ ဘယ်သူနဲ့ပဲ တွေ့တွေ့ ကျွန်မက ကူညီမှာပါ။ အဲ့ဒါပါပဲ”

အားလုံးသည် ဟယ်နုန်ယင်း၏ အကျင့်စရိုက်ကို ကောင်းစွာသိကြ၏။ အကယ်၍ ထိုနှစ်က သူမသာ ခွမ်ဟူတို့ကို လွှတ်ပေးရန် မပြောခဲ့လျှင် ကျန်းရီသည် သူတို့ကို အလွယ်တကူ လွှတ်ပေးခဲ့မည် မဟုတ်ချေ။ ဟယ်နုန်ယင်းက ကြင်နာသနားတတ်သော နှလုံးသားတစ်ခုကို ပိုင်ဆိုင်ထားသည်။ ယင်းမှာ ဟယ်နုန်ယင်း၏ ဆွဲဆောင်မှုအရှိဆုံးသော အပိုင်းပင်။

ခွမ်ဟူနှင့် အခြားသူများသည် မည်သည့်သံသယမှ မဝင်ကြပါ။ ရှားယွီကမူ ကျန်းရီကို စိုက်ကြည့်နေပြီး မည်သို့မှ မပြောပေ။ ယန်ချီသည် အခြေအနေတင်းမာမှုကို လျှော့ချရန် ကြားမှဝင်ပြောလိုက်၏။

“အဲ့အကြောင်းကို ဆက်မပြောဘဲ နေကြတာပေါ့။ အရင်ဆုံး ပဉ္စမအထပ်အတွက် ဝင်ပေါက်ကို အတူရှာကြမယ်။ သခင်မလေးနုန်ယင်း... ကျွန်တော်တို့ အတူသွားကြမလား”

ဟယ်နုန်ယင်းသည် တစ်ခဏမျှ တုံ့ဆိုင်းနေပြီးမှ ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီလေ”

“အာ...”

အားလုံး ထပ်မံ၍ မှင်တက်သွားသည်။ ဟယ်နုန်ယင်း၏ အကျင့်စရိုက်အရ သူမက သူတို့အဖွဲ့နှင့် မပေါင်းသင့်ပေ။ သို့သော် အဘယ်ကြောင့် ဤတစ်ကြိမ်တွင် သူတို့နှင့် အတူသွားရန် သဘောတူလိုက်ရသနည်း။

သို့တစေ ထိုအကြောင်းကို ထပ်မံတွေးတောပြီးသောအခါ ခွမ်ဟူနှင့် ယန်ချီတို့ နားလည်သွားကြသည်။ ဟယ်နုန်ယင်းက တစ်ယောက်တည်းဖြစ်ပြီး မူဟယ်ယွီ၏ တိုက်ခိုက်စွမ်းအားက မမြင့်ချေ။ သူမတို့နှစ်ယောက်အတွက် လမ်းကြောင်းတစ်ခု ဖော်ရန်မှာ အလွန်ခက်ပုံရသည်။ ပဉ္စမအထပ်၏ ဝင်ပေါက်ကို ရှာရန်မှာမူ ပို၍ပင် ခက်နိုင်သည်။ ထို့ကြောင့် သူမ တစ်ထစ်လျှော့ခဲ့ခြင်းမှာ သာမန်ပင်။

တစ်ချိန်လုံး နှုတ်ဆိတ်နေခဲ့သော ရှားယွီက ရုတ်တရက် ပြုံး၍ ဝင်ပြောလာ၏။

“မမနုန်ယင်း ကျွန်မတို့နဲ့ အတူလိုက်ခဲ့မယ်ဆိုရင် ကောင်းတာပေါ့။ သခင်လေးခွမ်၊ သခင်လေးယန်... သခင်လေးတို့နှစ်ယောက် အများကြီး ကြိုးစားစရာမလိုတော့ဘူးပေါ့”

ခွမ်ဟူနှင့် ယန်ချီတို့ အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် ရှားယွီကို ကြည့်လိုက်ကြသည်။ သူတို့နှစ်ယောက်သည် ရှားယွီ ဆိုလိုခြင်သည်ကို ချက်ချင်း သဘောပေါက်သွားသည်။ ထို့ကြောင့် သူတို့နှစ်ယောက် အရှေ့သို့ လျှောက်သွားပြီး လက်ဝှေ့ယမ်းကာ ပြောလိုက်ကြသည်။

“ပိယန်၊ ကိုယ်လုပ်တော်ဟွာ၊ သခင်မလေးနုန်ယင်းနဲ့ ကျွန်တော်တို့နှစ်ယောက်က အရှေ့ကနေ ဦးဆောင်ပါမယ်။ စစ်သူကြီးရှားနဲ့ သခင်လေးမူရဲ့ တိုက်ခိုက်စွမ်းအားက နည်းနည်း အားနည်းတယ်။ အဲ့တော့ ကျွန်တော်တို့ကို အနောက်ကနေပဲ ကူညီပေးပါ”

“အဲ့လိုဖြစ်သင့်တာပဲ”

ဟယ်နုန်ယင်းတွင် ငြင်းစရာ မရှိပေ။ သူမ အဖွဲ့နောက်မှ လိုက်သွားပြီး မိစ္ဆာသစ်ပင်တစ်ပင်ဆီ သွားလိုက်သည်။ ကျန်းရီနှင့် ရှားယွီတို့က နောက်မှ လိုက်လာကြသည်။

‘တိုက်ခိုက်စွမ်းအားက နည်းနည်းအားနည်းတာလား’

ကျန်းရီ၏ မျက်နှာထားက အတန်ငယ် အိုးတိုးအမ်းတမ်းဖြစ်ကာ ဝမ်းနည်းသွားပုံပေါ်၏။ သို့သော် ရင်ထဲတွင်မူ သူ အေးစက်စွာ ရယ်နေပေသည်။ ရှားယွီက အလွန်စွမ်းအားကြီးကြေင်း ထင်ရှားသည်။ လက်ရှိတွင် သူမက အားနည်းချင်ယောင်ဆောင်၍ သူမ၏တိုက်ခိုက်စွမ်းအားကို ဖုံးကွယ်ရန် ကြိုးစားနေခြင်းပင်။ သူမက ကျန်းရီနှင့် ဟယ်နုန်ယင်းတို့ သူမ၏ တိုက်ခိုက်စွမ်းအား အစစ်အမှန်အား မြင်သွားမည်ကို မလိုလားကြောင်း သိသာပေသည်။

မကြာခင်တွင် အရှေ့၌ တိုက်ပွဲတစ်ပွဲ ဖြစ်ပွားလာ၏။ ခွမ်ဟူတို့သည် မိစ္ဆာသစ်ပင်များကို အလှည့်ကျတိုက်ခိုက်နေကြသည်။ သူတို့အတွက် မိစ္ဆာသစ်ပင်များကို ကိုင်တွယ်ရန်မှာ အတော်လေး လွယ်ကူပေသည်။ ရှားယွီသည် ကျန်းရီဘေးတွင် အေးအေးလူလူ ရပ်နေ၏။ သူမသည် မျက်တောင်ပုတ်ခတ်ကာ ခပ်ရေးရေး ပြုံးနေ၏။ သူမပုံစံမှနေ၍ သူမစိတ်ကို ဖတ်၍ မရနိုင်ချေ။

ကျန်းရီသည် ရှားယွီကို အကြိမ်အနည်းငယ် ခိုးကြည့်သည်။ ယင်းကို ရှားယွီကလည်း ရိပ်မိပုံပင်။ သူမ ခြေလှမ်းရပ်လိုက်ပြီး ကျန်းရီကို ငဲ့ကြည့်ကာ ပြုံး၍ ပြောလိုက်လေသည်။

“သခင်လေးမူ... သခင်လေးက ဘာလို့ ကျွန်မကို ကြည့်နေရတာလဲ။ ရှင်က ကမ္ဘာဦးကောင်းကင်ဘုံရဲ့ နံပါတ်တစ်သခင်မလေးကို ရပြီးတာတောင် မကျေနပ်သေးဘူးလား။ ရှင်က ကျွန်မကို ပိုးပန်းချင်သေးတာလား”

***

All Chapters