← Chapters

မသေမျိုးဝိညာဉ်ခန္ဓာ

Vol. 141 Ch. 1959

မသေမျိုးဝိညာဉ်ခန္ဓာ

Vol. 141 Ch. 1959

“စစ်သူကြီးရှားက ဘာကို ဆိုလိုချင်တာပါလဲ”

ကျန်းရီသည် မှင်တက်စွာနှင့် ရှားယွီကို ကြည့်လိုက်၏။ သူ့ရင်ထဲတွင် လှုပ်ရှားနေသည်။ သူ ဟယ်နုန်ယင်းကို ရသွားပြီဟု ရှားယွီက ပြောလိုက်သည်လော။ သူမ၏ လေသံမှာ အလွန်သေချာနေသည်။ သူမက သူနှင့် ဟယ်နုန်ယင်းကြားမှ ဆက်ဆံရေးအစစ်အမှန်ကို မြင်ပြီးသွားပုံပင်။

ကျန်းရီသည် သူ့သရုပ်ဆောင်မှုက မဆိုးဟု ခံစားရ၏။ ဟယ်နုန်ယင်းကလည်း မည်သည့်ပြစ်ချက်မှ မပြခဲ့ပေ။ ထို့ကြောင့် သူ အလွန် နားမလည်နိုင် ဖြစ်နေသည်။ ရှားယွီက မည်သို့ သူ့ကို ဖောက်မြင်သွားခြင်းနည်း။ သို့မဟုတ် သူမက သူ့ကို လှည့်စားရန် ကြိုးစားနေခြင်းလော။

ရှားယွီသည် အရှေ့ ပေတစ်သောင်းအကွာရှိ ဟယ်နုန်ယင်းကို ကြည့်လိုက်၏။ ထို့နောက် အတန်ငယ် ခေါင်းစောင်းကာ ခပ်သဲ့သဲ့ ရယ်လိုက်သည်။

“သခင်လေးမူ... သခင်လေးက မိန်းကလေးတွေအကြောင်း သိပ်မသိတဲ့ပုံပဲ။ မိန်းမပျိုတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ကြားမှာ ကွာခြားမှုတစ်ခုရှိတယ်။ သခင်မလေးဟယ်က ဘယ်လောက်ပဲ ဖုံးကွယ်ဖို့ ကြိုးစားပါစေ သူရဲ့ အပျိုစင်ဘဝကို ဆုံးရှုံးလိုက်ရပြီဆိုတာ ကျွန်မ တစ်ချက်ကြည့်လိုက်ရုံနဲ့ သိနိုင်တယ်။ ကိုယ်လုပ်တောင်ဟယ်လည်း မကြာခင် အဲ့အကြောင်းကို သိသွားလိမ့်မယ်လို့ ကျွန်မထင်တယ်...”

“ရှားယွီ သိချင်လို့ပါ... သခင်လေးမူက သခင်မလေးဟယ်ကို ဘယ်လိုနည်းနဲ့ ရခဲ့တာလဲ။ ပြီးတော့ သခင်မလေးဟယ်မှာ ယင်ဓာတ်လွန်ကွဲခန္ဓာ ရှိတယ်မဟုတ်လား။ သခင်လေးမူရဲ့ ခန္ဓာကိုယ်က အဲ့ဒါကို ဘယ်လိုတောင့်ခံနိုင်တာလဲ”

“ဪ...”

ကျန်းရီ သဘောပေါက်သွားသည်။ အပျိုတစ်ယောက်နှင့် အိမ်ထောင်သည်မိန်းမတစ်ယောက်တွင် အမှန်ပင် ကွာခြားမှုတစ်ခု ရှိပေသည်။ မည်မျှပင် ဖုံးကွယ်ရန် ကြိုးစားပါစေ မျက်ဝန်းအကြည့်များကိုတော့ ဖုံးကွယ်နိုင်မည် မဟုတ်ချေ။ အပျိုရည် မပျက်သေးသော မိန်းမပျိုတစ်ယောက်မှာ ပြီးပြည့်စုံသော အမျိုးသမီးတစ်ယောက် မဖြစ်သေးပေ။ ထို့ကြောင့် ယင်းမိန်းမပျိုတွင် အမျိုးသမီးတစ်ယောက်၏ ဆွဲဆောင်မှုအရှိဆုံး အငွေ့အသက်တစ်ခု ရှိနေမည် မဟုတ်ချေ။

ထိုဟာကွက်မှာ အလွန်ကြီးသည်။ ကျန်းရီ ယင်းကို မဖုံးကွယ်နိုင်။ သူနှင့် ဟယ်နုန်ယင်းမှာ အတူနေခဲ့ပြီး မဟုတ်ပါလား။ ဤမတိုင်ခင်က ဟယ်နုန်ယင်းမှာ အပျိုစင်တစ်ယောက်သာ ဖြစ်ခဲ့ပေသည်။

ကျန်းရီသည် စိတ်ထဲမှ ချီးကျူး၍ ခပ်တိုးတိုးပြောလိုက်၏။

“စစ်သူကြီးရှားရဲ့ ဉာဏ်ရည်က အရမ်းထက်တယ်လို့ အားလုံးက ပြောကြတယ်။ အဲ့ဒါက တကယ်ကို အမှန်ပဲ။ သခင်မလေးဟယ်နဲ့ တစ်ညကုန်ဆုံး ခဲ့ရတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါ။ ဟူး... သခင်မလေးဟယ်ရဲ့ ဝိညာဉ်ခန္ဓာက အများကြီး ထိခိုက်နေတာ။ ကျွန်တော် သူ့ကို အဲ့ပုံစံနဲ့ မကြည့်ရက်ခဲ့ဘူး။ ပြီးတော့ ကျွန်တော်က သူ့အတွက်ဆို သေပြီး သရဲတောင် ဖြစ်ပေးနိုင်တယ်။ သက်တမ်းနှစ်တစ်ရာလောက်က ဘာအရေးလဲ။ သခင်မလေးဟယ်က အဲ့အကြောင်းကို အပြင်လူတွေ သိမသွားစေချင်ဘူး။ စစ်သူကြီးရှား အဲ့ဒါကို လျှို့ဝှက်ပေးထားလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်”

“ဒါပေါ့ ဒါပေါ့”

ရှားယွီက ခပ်ဖွဖွ ရယ်လိုက်သည်။ ထို့နောက် ရီဝေနေသော မျက်ဝန်းများနှင့် ကျန်းရီကို ကြည့်ကာ ပြောလိုက်လေသည်။

“သခင်လေးမူရဲ့ သူရဲကောင်းစိတ်ဓာတ်က ပြိုင်ဘက်ကင်းပါပဲ။ အခုကစပြီး သခင်လေးက ဟယ်မျိုးနွယ်ဆိုတဲ့ သစ်ပင်ကြီးပေါ် တက်နိုင်သွားပြီ။ သခင်လေး ထိပ်တန်းကို ရောက်တော့မှာပါ။ ကျွန်မ သခင်လေးကို ဂုဏ်ပြုပါတယ်”

“ဟင်းဟင်း...”

ကျန်းရီ၏ မျက်ဝန်းများထဲတွင် တဏှာအရိပ်အယောင်တစ်ခု ပေါ်လာ၏။ သူ ရှားယွီ၏ ခန္ဓာကိုယ်ကို ကြည့်ကာ ပြောသည်။

“ကျွန်တော်က စစ်သူကြီးရှားဆိုတဲ့ သစ်ပင်ကြီးပေါ်လည်း တက်ချင်ပါတယ်။ စစ်သူကြီးရှားကသာ ကျွန်တော့်ကို ခွင့်မပြုတာပါ”

ထိုစကားမှာ အတန်ငယ် တရားလွန်ပါ၏။ ကျန်းရီသည် ရှားယွီက သူ့အကြောင်းကို အမှန်တကယ် သိသွား၊ မသွား စမ်းသပ်လိုခြင်းဖြစ်သည်။ အကယ်၍ သူမက သူ့ကို မူဟယ်ယွီဟုသာ ထင်နေသေးလျှင် သေချာပေါက် ဒေါသထွက်သွားပေလိမ့်မည်။ အကယ်၍ ကျန်းရီဟု ထင်နေလျှင်တော့ သူမ၏ အမူအယာက သဲလွန်စအချို့ကို ပေးပေလိမ့်မည်။

ရှားယွီသည် ရုတ်တရက် ခြေလှမ်းရပ်လိုက်ပြီး ကျန်းရီကို လှည့်ကြည့်၏။ သူမ၏ မျက်ဝန်းများက ကျန်းရီ၏ နှလုံးသားနှင့် ဟန်ဆောင်ထားမှုအားလုံးကို ဖောက်မြင်နိုင်သကဲ့သို့ပင်။ သူမ စကားတစ်ခွန်းမှ မပြောဘဲ ကျန်းရီကို စိုက်ကြည့်နေသည်။ ယင်းက ကျန်းရီကို အတန်ငယ် စိတ်မသက်မသာ ဖြစ်စေပေသည်။

“အဟင်း...”

ရှားယွီသည် ပန်းပေါင်းတစ်ရာ ပွင့်လန်းလာသကဲ့သို့ ရုတ်တရက် ပြုံးလိုက်၏။ ထို့နောက် လေးနက်စွာ ပြောလိုက်သည်။

“ရှားယွီက ဘယ်လိုသစ်ပင်မျိုးလဲ။ သခင်လေးက လက်ရှိခေတ်ရဲ့ သူရဲကောင်းတစ်ယောက်ပါ။ သခင်လေးက ‌အောက်ခြေကနေ တက်လာပြီး ဓားတစ်ချောင်းနဲ့ လောကတစ်ခွင်လုံးကို တုန်လှုပ်သွားစေခဲ့တဲ့သူ၊ လောကထဲက သူရဲကောင်းတွေကို ရယ်သွမ်းသွေးခဲ့တဲ့သူပါ။ သခင်လေးက ရှားယွီ အမြဲလေးစားခဲ့ရတဲ့သူပဲ။ ဒီကောင်မလေးရဲ့ အောင်မြင်မှုတွေက သခင်လေး အောင်မြင်မှုတွေရဲ့ အပုံတစ်ထောင်ပုံ တစ်ပုံကိုတောင် မမီပါဘူး။ သခင်လေး ကျွန်မကို တန်ဖိုးမထားဘဲ မနေဖို့ မျှော်လင့်ပါတယ်”

‘ဟူး... ငါ့အကြောင်း ပေါ်သွားပြီ’

ကျန်းရီ ရင်ထဲမှ သက်ပြင်းချလိုက်၏။ ထိုအမျိုးသမီး ရှားယွီက အလွန်အစွမ်းထက်သည်။ သူမသည် သူ၏ ဟန်ဆောင်ထားမှုကို အလွယ်တူ ဖောက်မြင်နိုင်ခဲ့ပေသည်။

ကျန်းရီသည် သူ့အကြောင်း ပေါ်သွားခြင်းကို စိတ်မရှိပါ။ သူသာ လှုပ်ရှားမည်ဆိုလျှင် ရှားယွီ၊ ခွမ်ဟူတို့ကို အလွယ်တကူ သတ်နိုင်လောက်သည် မဟုတ်ပါလား။ ထို့ကြောင့် သူ ရှားယွီကို ခပ်ရွှင်ရွှင်ကြည့်၍ ပြောလိုက်၏။

“စစ်သူကြီးရှား... ခင်ဗျားက ကျွန်တော်ဘယ်သူဆိုတာ သိသွားပြီဆိုတော့ ကျွန်တော် ခင်ဗျားကို သတ်ပစ်မှာ မကြောက်ဘူးလား။ ခင်ဗျားက... မိုးပြာမဟာဧကရာဇ်ရဲ့တပည့် မဟုတ်လား”

“ရှင် သတ်မှာ မဟုတ်ပါဘူး”

ရှားယွီ အတန်ငယ် နှုတ်ခမ်းတွန့်၍ အလွန် ယုံကြည်မှုရှိရှိ‌ ပြောလိုက်သည်။

“အရင်တုန်းက သခင်လေးက ခွမ်ဟူနဲ့ တခြားသူတွေကို လွှတ်ပေးခဲ့တယ်။ အခု ကျွန်မတို့က သခင်လေးအတွက် အန္တရာယ် မဟုတ်တော့ပါဘူး။ သခင်လေးရဲ့ သဘောထားကြီးမှုနဲ့ဆိုရင် ဘာလို့ မိန်းကလေးတစ်ယောက်ကို အနိုင်ကျင့်မှာလဲ။ ပြီးတော့... ကျွန်မက မိုးပြာမဟာဧကရာဇ်ရဲ့တပည့် ဆိုပေမဲ့ ရှင့်ရဲ့ရန်သူတော့ မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ရန်သူက တမလွန်ဘုံမျိုးနွယ်ပဲ။ ကျွန်မ အတွင်းရေးပဋိပက္ခတွေကို သဘောမကျဘူး။ တမလွန်ဘုံမျိုးနွယ်က လူသားမျိုးနွယ်ရဲ့ ဖိနှိပ်မှုကို ခံရပြီးတော့ သခင်လေးက ပလ္လင်အတွက် ကျွန်မဆရာနဲ့ တိုက်ခိုက်မယ်ဆိုမှ ကျွန်မ ရွေးချယ်စရာမရှိဘဲ ရှင့်ကို တိုက်ခိုက်ရမှာ”

“အထင်ကြီးစရာပဲ”

ကျန်းရီသည် ရှားယွီကို လက်ခံသည်ဟန်ဖြင့် ကြည့်လိုက်သည်။

“မိန်းကလေးရှားက အရမ်း စကားပြောကောင်းတာပဲ။ ဒါပေမဲ့ ခင်ဗျားက ခင်ဗျားဆရာရဲ့ အကျင့်စရိုက်ကို မသိလောက်ဘူး။ သူသာ လူသာမျိုးနွယ်ကို အရေးထားရင် မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်ကို သတ်ခဲ့မှာ မဟုတ်ဘူး။ ပြီးတော့... ကျွန်တော်က မြေဘုံမှာ ခင်ဗျားရဲ့ဆရာနဲ့ တစ်ကြိမ် တိုက်ခိုက်ခဲ့ဖူးတယ်။ တမလွန်ဘုံဧကရာဇ်က ပြန်ထွက်ပေါ်လာတော့မယ်၊ လူသားမျိုးနွယ်က ဖျက်ဆီးခံရတော့မယ်။ ဒါပေမဲ့ ခင်ဗျားရဲ့ ဆရာက ကောင်းကင်ဧကရာဇ်ရဲ့ ဆက်ခံသူဖြစ်တဲ့ ကျွန်တော့်ကို သတ်ဖို့နဲ့ အလုပ်များနေတုန်းပဲ။ အဲ့ဒါက ရယ်စရာကောင်းတယ်လို့ ခင်ဗျား မထင်ဘူးလား”

“အရမ်းရယ်စရာကောင်းတာပေါ့”

ရှားယွီ၏ တုံ့ပြန်မှုက ကျန်းရီကို မှင်တက်သွားစေ၏။ သူမ မျက်နှာထား ငြိုးလာပြီး ခါးသက်သက် ပြုံးကာ ဆက်ပြောသည်။

“ကျွန်မက အဲ့ဒါကို ဘယ်လိုလုပ် မသိဘဲ နေမှာလဲ။ ဒါပေမဲ့ သူက မိုးပြာမဟာဧကရာဇ်၊ ရှားယွီရဲ့ ဆရာလေ။ ကျွန်မတို့ ရှားမျိုးနွယ်က အမြဲ မိုးပြာမဟာဧကရာဇ်ကို သခင်အဖြစ် သဘောထားခဲ့တာ။ ရှားယွီက ဘယ်လိုလုပ် ဆရာ့ရဲ့ မကောင်းကြောင်းကို ပြောရဲမှာလဲ။ တကယ်လို့ သခင်လေးသာ ရှားယွီရဲ့နေရာမှာဆို ဘယ်လိုလုပ်မလဲ။ ဘာပြောနိုင်မလဲ။ ကျွန်မ သူ့ကို ဖျောင်းဖျရင်တောင် သူက နားထောင်မှာတဲ့လား”

“အာ...”

ကျန်းရီသည် ရှားယွီ၏ လှပသော မျက်ဝန်းများကို ကြည့်လိုက်၏။ ပထမဆုံးအကြိမ်အဖြစ် သူ ထိုမိန်းကလေးအပေါ် အမြင်ပြောင်းသွားသည်။ ယနေ့ သူမ၏ စကားများက ရင်ထဲမှ ထွက်လာသော စကားများပင်။ အကယ်၍ ထိုစကားများက မိုးပြာမဟာဧကရာဇ်၏နားသို့ ပေါက်ကြားသွားလျှင် သူမ ချက်ချင်း ‌မောင်းထုတ်ခံရပေလိမ့်မည်။ ထို့ပြင် ရှားမျိုးနွယ်တစ်ခုလုံးကလည်း ဖိနှိပ်ခံရ၊ ရှင်းပစ်ခံရနိုင်ပေသည်။ မိုးပြာမဟာဧကရာဇ်က သူ့ကို အချိန်မရွေး ပုန်ကန်လာနိုင်သည့် လက်အောက်ငယ်သားတစ်ယောက်ကို မည်သို့ သည်းခံနိုင်မည်နည်း။

ကျန်းရီ ရှားယွီကို ကြည့်ကာ စိတ်ဝင်တစား မေးလိုက်သည်။

“သခင်မလေးယွီ... ခင်ဗျားရဲ့ ရင်ထဲက စကားတွေကို ကျွန်တော် မိုးပြာမဟာဧကရာဇ်ကို ပြန်ပြောလိုက်မှာ မကြောက်ဘူးလား”

ရှားယွီက ခပ်ရေးရေးပြုံးကာ ခေါင်းခါပြ၏။ သူမ မော့ကြည့်ကာ မေးလိုက်သည်။

“သခင်လေးက အဲ့လိုလူစားမျိုးလား”

“မ..မဟုတ်ဘူး”

ကျန်းရီ ပခုံးတွန့်ကာ မိစ္ဆာသစ်ပင်နှင့် တိုက်ခိုက်နေကြသော ခွမ်ဟူ၊ ဟယ်နုန်ယင်းနှင့် အခြားသူများကို လှမ်းကြည့်လိုက်၏။ သူ နှုတ်ဆိတ်သွားပြီး ရှားယွီအကြောင်းကို တွေးလိုက်သည်။

အခြေအနေများကို ကြည့်ရပုံအရ ထိုအမျိုးသမီးက တုန်လှုပ်ဖွယ်ကောင်းလောက်အောင် ပါရမီထူးသော မိန်းမပျိုတစ်ယောက် ဖြစ်ပုံပင်။ သူမ၏ ပါရမီက အားလုံး၏ အထက်တွင် ရှိသည်။ ထို့ပြင် သူမ၏ ဉာဏ်ရည်မှာလည်း ပြိုင်ဘက်ကင်းပင်။ သူမ၏မျိုးနွယ်က မိုးပြာမဟာဧကရာဇ်အပေါ် မျိုးရိုးစဉ်ဆက် သစ္စာရှိခဲ့သည်။ သူမကလည်း တမလွန်ဘုံမျိုးနွယ်၏ သဘာဝရန်သူဖြစ်သော အလင်းအနှစ်သာရကို ကျင့်ကြံပေသည်။

ယခုတွင် ထိုအမျိုးသမီးက ဟယ်နုန်ယင်းကဲ့သို့ပင် အလွန်ဖြောင့်မတ်ကာ သဘောထားကြီးကြောင်း ကျန်းရီ သိလိုက်ရပေပြီ။ သူမသည် မိုးပြာမဟာဧကရာဇ်၏ လုပ်ရပ်များကို သဘောမတူဟူ၍ပင် ပြောဝံ့သည်။ ထို့ကြောင့် ကျန်းရီ ထိုအမျိုးသမီးကို လေးစားမိလေသည်။

သို့သော် ကျန်းရီသည် အတန်ငယ် စိတ်မသက်မသာလည်း ခံစားနေရ၏။ ထိုအမျိုးသမီး၏ ဉာဏ်ရည်က အလွန်ကြောက်မက်ဖွယ်ကောင်း၍ သူမ မည်သည်ကို တွေးတောနေကြောင်း သူ မခန့်မှန်းနိုင်ပေ။ သူက ကျီထင်ယွီနှင့် ရှင်းမုန့်ဝမ်တို့ အတိတ်တွင် လုပ်ခဲ့သော အရာများကြောင်း ခဲမှန်ဖူးသော စာသူငယ်အလား ဉာဏ်ရည်ထက်သည့် အမျိုးသမီးများကို ကြောက်မိနေခြင်းလည်း ဖြစ်နိုင်ပေသည်။

မည်သို့ပင်ဖြစ်စေ ကျန်းရီသည် ထိုရှားယွီကို လုံးဝမကြိုက်ခဲ့ပေ။ သူမနှင့် ပတ်သတ်သော အရာများစွာကို သူ့ကို စိတ်မသက်မသာ ဖြစ်စေသည်။ ထို့ပြင် တမလွန်ဘုံဧကရာဇ်က ပြန်ထွက်ပေါ်လာတော့မည်ဖြစ်ပြီး လူသားမျိုးနွယ်ထဲမှ တမလွန်ဘုံမျိုးနွယ်ဘက်မှ သူလျှိုများစွာ ရှိနေသည်။ ထို့ကြောင့် သူ သတိကြီးကြီး ထားရပေမည်။

ကျန်းရီသည် မည်သူ့ကိုမှ အလွန်တကူ မယုံဝံ့ချေ။ သို့သော် ယနေ့တွင် ရှားယွီက သူမ၏ စိတ်ရင်းနှင့် ရပ်တည်ချက်ကို ပြလိုက်ပြီဖြစ်ရာ ကျန်းရီ သူမကို အခွင့်အရေးတစ်ခု ပေးရန် ဆုံးဖြတ်လိုက်လေသည်။

ကျန်းရီသည် တစ်ခဏမျှ တွေးတော၍ သူ အမေးလိုဆုံး မေးခွန်းနှစ်ခုကို မေးလိုက်၏။

“သခင်မလေးယွီ... ခင်ဗျားက ဘယ်လိုလုပ် ဒီလောက်မြန်မြန် ကျင့်ကြံနိုင်ခဲ့တာလဲ။ ကောင်းကင်စကြဝဠာမြို့ကိုလည်း ဘယ်လို သိမ်းယူနိုင်ခဲ့တာလဲ။ ခင်ဗျားသာ အဲ့မေးခွန်းနှစ်ခုကို ရိုးရိုးသားသား ဖြေနိုင်မယ်ဆိုရင် ကျွန်တော် ခင်ဗျားနဲ့ မိတ်ဆွေဖွဲ့ဖို့ ဆန္ဒရှိပါတယ်”

ရှားယွီသည် ကျန်းရီကို ပေါ့ပေါ့ပါးပါး ကြည့်လိုက်၏။ ကျန်းရီက ထိုမေးခွန်းများအား မေးမည်ကို သူမ သိထားပြီးပုံပင်။ သူမ ကြာရှည် မစဉ်းစားဘဲ ခပ်ရေးရေးပြုံးကာ ပြန်ပြောလိုက်သည်။

“အဲ့မေးခွန်းနှစ်ခုက အရမ်းရိုးရှင်းပါတယ်။ အဖြေကလည်း အတူတူပါပဲ။ ကျွန်မမှာ မသေမျိုးဝိညာဉ်ခန္ဓာ ရှိတယ်။ သခင်လေးကျန်း နားမလည်ဘူးဆိုရင် အရှင်ချီဟုန်ကို မေးကြည့်လိုက်ပါ။ အဲ့ကျရင် သခင်လေး အကုန်လုံးကို နားလည်သွားပါလိမ့်မယ်”

***

All Chapters