← Chapters

ရှင်က ယုံကြည်ရတယ်

Vol. 141 Ch. 1960

ရှင်က ယုံကြည်ရတယ်

Vol. 141 Ch. 1960

“မသေမျိုးဝိညာဉ်ခန္ဓလား”

ကျန်းရီသည် ထိုစကားကို ကြားလိုက်ရသောအခါ မျက်လုံးများ လင်းလက်လာ၏။ ထိုဝိညာဉ်ခန္ဓာက မသေမျိုးများနှင့် သက်ဆိုင်နေသည်လော။

မသေမျိုးဆိုသည်မှာ အဘယ်နည်း။

ထိုမေးခွန်းသည် သမိုင်းတစ်လျှောက်ရှိ စွမ်းအားကြီး သိုင်းသမားများစွာကို ပြဿနာပေးခဲ့သည်။ သမိုင်းထဲရှိ မည်သူကမှ မသေမျိုးဘုံ၏ တံခါးကို မဖွင့်နိုင်ခဲ့ပေ။ မည်သည့်မသေမျိုးကမှလည်း ကပ်လောကထဲတွင် ထွက်ပေါ်မလာခဲ့ဖူးချေ။

ယန်ကိုးပါးကောင်းကင်ဧကရာဇ်က မသေမျိုးတစ်ပါး ဖြစ်လာရန် အလွန်နီးကပ်ခဲ့သည်။ သို့သော် နောက်ဆုံးအဆင့်ကို မတက်နိုင်ခဲ့၍ သေမျိုးတစ်ယောက်အဖြစ်သာ ဆက်နေခဲ့ရသည်။

မသေမျိုးတစ်ယောက်မှာ အသို့ရှိသနည်း။ မသေမျိုးတစ်ယောက်က ထာဝရအသက်ရှင်နိုင်သည်ဆိုသည်မှာ အမှန်လော။ သူက လက်တစ်ချက် ယမ်းလိုက်ရုံနှင့် ဘုံတစ်ခုကို ဖျက်ဆီးနိုင်သည်ဆိုသည်မှာရော မှန်ပါသလော။

မည်သူမှ မသိပေ။

သို့သော် မသေမျိုးဘုံ၏ တံခါးကိုဖွင့်၍ မသေမျိုးတစ်ပါး ဖြစ်လာကာ ထာဝရရှင်သန်ရန်မှာ သိုင်းသမားအားလုံး၏ အကြီးဆုံးသောအိပ်မက်ပင်။ ယင်းမှာ အနိမ့်ဘုံငယ်လေးများမှ လူများက ကောင်းကင်နတ်ဘုရားများ ဖြစ်လာလိုသကဲ့သို့ပင် ဖြစ်သည်။

အတိတ်တွင် ကျန်းရီသည် ကောင်းကင်နတ်ဘုရားများက မသေမျိုးများဟု ထင်ခဲ့၏။ ယခုတွင်မူ ၎င်းတို့က ကွဲပြားကြောင်း သူ သိထားပြီဖြစ်သည်။ ကောင်းကင်နတ်ဘုရားများမှာ စွမ်းအားကြီးသော သေမျိုးများသာ။ သူတို့လည်း သေနိုင်သေးသည်။ မည်သူကမှ နှစ်တစ်သောင်းထက်ပို၍ မရှင်သန်နိုင်ခဲ့ပေ။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်ပင် အသက်တစ်သောင်း ပြည့်ခါနီးတွင် သူ့သက်တမ်း၏ အဆုံးသတ်သို့ ရောက်တော့မည်ဖြစ်ကြောင်း သိခဲ့သည်။ သူ့တိုက်ခိုက်စွမ်းအားက သိသိသာသာ လျော့ကျခဲ့သည်။ နောက်ဆုံးတွင် တမလွန်ဘုံဧကရာဇ်က ကောင်းကင်ဘုံခုံရုံးကို တိုက်ခိုက်ဝံ့ခဲ့ပေသည်။

သက်တမ်းနှစ်တစ်သောင်းကို ကျော်နိုင်ခဲ့သော တစ်ယောက်တည်းသောသူမှာ တမလွန်ဘုံဧကရာဇ်ပင်။ သို့သော် တမလွန်ဘုံဧကရာဇ်ကလည်း အခါခါ ပြန်လည်မွေးဖွားနိုင်ခြင်းသာဖြစ်သည်။ နှစ်တစ်သောင်းပြည့်တိုင်း သူ ထပ်မံ၍ ပြန်ဝင်စားရသည်။ မဟုတ်လျှင် သူ့ရုပ်ခန္ဓာက မည်မျှသန်မာပါစေ သူ သေသွားမည်သာ။

မသေမျိုးများနှင့် နတ်ဘုရားများမှာ ကွဲပြားသည်။

မသေမျိုးများမှာ အမည်အတိုင်း မသေဘဲ ထာဝရရှင်သန်နိုင်ကြသည်။ အခြားအရာများကို မဆိုနှင့်ဦး ထိုတစ်ချက်နှင့်ပင် မသေမျိုးတစ်ပါး ဖြစ်လာရန်မှာ သိုင်းသမားအားလုံး၏ အိပ်မက် ဖြစ်လာပေသည်။

“မသေမျိုးဝိညာဉ်ခန္ဓာ၊ အဲ့ဒါက မသေမျိုးတွေနဲ့ သက်ဆိုင်နေတာလား...”

ကျန်းရီသည် ချီဟုန်ကို သွားပြန်မေးရန် မစောင့်နိုင်တော့ပေ။ သူ သိလိုစိတ်ကို ဆက်ချိုးနှိမ်မထားနိုင်တော့သဖြင့် ရှားယွီကို ကြည့်ကာ ပြောလိုက်သည်။

“ဒါမှမဟုတ်... ခင်ဗျားမှာ မသေမျိုးတစ်ပိုင်းခန္ဓာကိုယ် ရှိတာလား။ ခင်ဗျားက မသေမျိုးတစ်ပါးရဲ့ သွေးမျိုးဆက်လား”

“ကျွန်မ မသိဘူး”

ရှားယွီက ခပ်သဲ့သဲ့ပြုံးကာ ခေါင်းခါ၏။

“ကျွန်မမှာ မသေမျိုးဝိညာဉ်ခန္ဓာ ရှိပေမဲ့ အဲ့ခန္ဓာအကြောင်းကို ကျွန်မကိုယ်တိုင်လည်း အမှန်တကယ် နားမလည်ဘူး။ ကျွန်မမှာ မသေမျိုးဝိညာဉ်ခန္ဓာ ရှိတယ်ဆိုတာ ကျွန်မဆရာ ပြောတာပဲ။ မသေမျိုးဝိညာဉ်ခန္ဓာက ကပ်လောကထဲမှာ ပေါ်ထွက်လာတဲ့ ပထမဆုံး ဝိညာဉ်ခန္ဓာပဲတဲ့။ အဲ့ခန္ဓာက မိုးမြေစည်းမျဉ်းတွေနဲ့ ဆက်နွယ်နေတယ်။ အဲ့ဒါကြောင့် အဲ့ခန္ဓာကို ပိုင်ထားတဲ့သူက အရမ်းမြန်မြန် ကျင့်ကြံနိုင်တယ်။ မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်ကလည်း မသေမျိုးဝိညာဉ်ခန္ဓာကို ပိုင်ဆိုင်ထားတယ်လို့ ပြောတယ်...”

“မသေမျိုးဝိညာဉ်ခန္ဓာတွေမှာ အရမ်းထူးခြားတဲ့ စွမ်းရည်တစ်ခု ရှိတယ်။ ကျွန်မတို့ရဲ့ ခန္ဓာကိုယ်တွေက မသေမျိုးချီ ပမာဏနည်းနည်းကို ထုတ်လုပ်နိုင်ကြတယ်။ အဲ့မသေမျိုးချီနဲ့ဆိုရင် ကျွန်မရဲ့ တိုက်ခိုက်စွမ်းအားကို အချိန်တစ်ခုလောက် အဆအများကြီး တိုးမြှင့်နိုင်တယ်။ ဒါပေမဲ့ နှမြေစရာက ကျွန်မက သန်မာလာလေ၊ မသေမျိုးချီရဲ့ အာနိသင်က အားနည်းလာလေပဲ။ အခု ကျွန်မရဲ့ စွမ်းအားကို ဆယ်ဆလောက် တိုးမြှင့်နိုင်တယ်။ တကယ်လို့ ကျွန်မသာ ဧကရာဇ်အဆင့်ကို ရောက်သွားရင် နှစ်ဆ၊ သုံးဆလောက်ပဲ တိုးမြှင့်နိုင်တော့မယ်။ ကျွန်မဆရာရဲ့ အဆင့်ကို ရောက်သွားပြီဆိုရင်တော့ တိုးမြှင့်နိုင်တဲ့ အဆက ပိုနည်းလာလိမ့်မယ်”

ရှူး...ရှူး...

ရှားယွီ၏ စကားများက ကျန်းရီကို ပင့်သက်ရှိုက်သွားစေ၏။ သူ ရှားယွီ၏ မျက်ဝန်းများကို အကဲခတ်နေခဲ့သည်။ သူမ စကားပြောနေစဉ်အတွင်း သူမ၏ သူငယ်အိမ်က လုံးဝပြောင်းလဲမသွားခဲ့ပါ။ ထို့ကြောင့် ရှားယွီက လိမ်နေခြင်း မဟုတ်လောက်ပေ။

သို့ဆိုလျှင် မသေမျိုးဝိညာဉ်ခန္ဓာက အမှန်ပင် တည်ရှိနေခြင်းလော။ ရှားယွီက ထိုမျှ ထူးခြားသလော။

ရှားယွီသည် မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်ကလည်း မသေမျိုးဝိညာဉ်ခန္ဓာကို ပိုင်ဆိုင်ခဲ့ကြောင်း ပြော၏။ ယင်းကို ကျန်းရီ ချီဟုန်အား‌မေးကာ အတည်ပြုနိုင်သည်။ ထို့ကြောင့် မသေမျိုးဝိညာဉ်ခန္ဓာမှာ အစစ်ဖြစ်လောက်သည်။ ရှားယွီ၏ ကျင့်ကြံနှုန်းမှာ အမှန်ပင် အလွန်လျင်မြန်ပြီး သူမသည် ကောင်းကင်စကြဝဠာဘုံထဲရှိ တမလွန်ဘုံစစ်တပ်ကို အလွယ်တကူ ထိုးဖောက်နိုင်ခဲ့သည်။ ယခုတွင် အရာအားလုံး အဓိပ္ပာယ်ရှိသွားပေပြီ။

“ခင်ဗျားက ဧကရာဇ်တစ်ပိုင်းအဆင့်မှာလား၊ ဧကရာဇ်အဆင့်မှာလား”

ကျန်းရီ မေးလိုက်၏။

“ဧကရာဇ်တစ်ပိုင်းအဆင့်...”

ရှားယွီက တဲ့ပင် ပြန်ဖြေသည်။

“တကယ်တော့ ကျွန်မ ကောင်းကင်စကြဝဠာဘုံထဲမှာတုန်းက အဆင့်တက်သွားခဲ့တာ။ ဒါပေမဲ့ အဲ့ဒါကို မသေမျိုးဝိညာဉ်ချီကို သုံးပြီး ဖုံးကွယ်ထားခဲ့တာ။ ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်တောင် ဖောက်မြင်နိုင်မှာ မဟုတ်ဘူး”

ကျန်းရီ ခေါင်းညိတ်လိုက်သည်။ ရှားယွီက ဧကရာဇ်တစ်ပိုင်းအဆင့်တွင် ဖြစ်သည်။ သူမသာ မသေမျိုးဝိညာဉ်ချီကို သုံးလိုက်မည်ဆိုလျှင် သူမ၏ တိုက်ခိုက်စွမ်းအားက ဆယ်ဆတိုးသွားပြီး ဧကရာဇ်အဆင့်ကို ရောက်သွားပေလိမ့်မည်။ ထို့ကြောင့် သူမက ခွမ်ဟူတို့ကို ဦးဆောင်၍ အထပ်များကို အလွယ်တကူ ဖြတ်ကျော်နိုင်ခဲ့ခြင်းမှာ မထူးဆန်းတော့ချေ။

ကျန်းရီသည် ရှားယွီကို စိုက်ကြည့်ကာ ပြောလိုက်သည်။

“ခင်ဗျားက ကျွန်တော့်ကို အကုန်လုံး ပြောပြခဲ့တယ်။ ခင်ဗျား ကျွန်တော့်ကို အဲ့လောက်ယုံတယ်လား”

“ဘာလို့ဆို ရှင်က ယုံကြည်ရတာကိုး”

ရှားယွီသည် ကျန်းရီကို အလွန်လေးနက်စွာကြည့်၍ ပြန်ပြော၏။

“ကျွန်မ ရှင့်အကြောင်းကို လေ့လာခဲ့တယ်။ ပြီးတော့ အပြင်လောကက ဘာပဲပြောပါစေ ရှင်က ကောင်းကင်ဧကရာဇ်ရဲ့ ဆက်ခံသူဖြစ်နေလို့ကို ယုံကြည်ရတယ်။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ဘယ်လိုလူစားမျိုးလဲ။ သူက ရှင့်ကို အကဲခတ်မှားပါ့မလား”

“ခင်ဗျားက တကယ်ကို ထူးခြားတဲ့ အမျိုးသမီးပဲ”

ကျန်းရီ ခံစားချက်များနှင့် သက်ပြင်းချလိုက်သည်။ ထို့နောက် ရုတ်တရက် လက်တစ်ဘက်ဆန့်တန်းကာ ပြောလိုက်လေသည်။

“သခင်မလေးယွီ... ကျွန်တော် ခင်ဗျားနဲ့ မိတ်ဆွေဖွဲ့ချင်ပါတယ်”

ရှားယွီလည်း လက်တစ်ဘက် ပြန်ဆန့်တန်း၍ ကျန်းရီနှင့် လက်ဆွဲနှုတ်ဆက်လိုက်၏။ ထို့နောက် သူမလက်ကို ပြန်ရုတ်ကာ တစ်ခဏမျှ တွေးတော၍ နူးညံ့စွာ ပြောလိုက်သည်။

“သခင်လေးကျန်း... ရှင်က ကျွန်မနဲ့ မိတ်ဆွေဖွဲ့ချင်ပေမဲ့ ကျွန်မက ကောင်းကင်ဘုံခုံရုံးကို ယူချင်တုန်းပဲ။ ပြီးတော့ တမလွန်ဘုံမျိုးနွယ်ကို ဖျက်ဆီးပြီးရင် ကျွန်မတို့ ဘက်မတူတော့မှာ စိုးမိတယ်”

“ကိစ္စမရှိပါဘူး”

ထိုအခိုက်တွင် ကျန်းရီသည် ထိုမိန်းမပျိုလေးကို အကြောင်းအချို့ကြောင့် အမှန်ပင် လေးစားနေပြီဖြစ်သည်။ သူ ခပ်သဲ့သဲ့ပြုံးကာ ပြောလိုက်သည်။

“ကျွန်တော်တို့သာ တမလွန်ဘုံမျိုးနွယ်ကို ဖျက်ဆီးနိုင်ရင် ဧကရာဇ်ပလ္လင်ကို မိုးပြာမဟာဧကရာဇ်လက်ထဲ ပေးလိုက်ရလည်း ဘာဖြစ်သေးလဲ”

“ကောင်းကင်ဧကရာဇ်ရဲ့ ဆက်ခံသူက တကယ်ကို သဘောထားကြီးတာပဲ”

ရှားယွီ ခေါင်းဆတ်လိုက်ပြီး အရှေ့သို့ လျှောက်သွားကာ ပြောလိုက်၏။

“ရှင်က ကျွန်မရဲ့ စွမ်းအားအစစ်အမှန်ကို သိသွားပြီဆိုတော့ ကျွန်မ ဆက်ဖုံးကွယ်နေဖို့ မလိုတော့ဘူးပေါ့။ ရှင့်အကြောင်း မပေါ်စေချင်ရင် မပေါ်စေရပါဘူး။ ရှင် စိတ်အေးအေးနဲ့ ကျွန်မနောက်ကသာ လိုက်ခဲ့ပါ”

ရှားယွီ၏ အရှိန်အဝါက တဖြည်းဖြည်း ကြောက်မက်ဖွယ်ကောင်းလာ၏။ သူမ အရှေ့သို့ ပြေးသွားလိုက်သည်။ သူမ၏ကိုယ်က မြင့်မြတ်သောအလင်း တောက်ပလာပြီး သူမလက်ထဲတွင် အလင်းစွမ်းအားမှနေ၍ ခမ်းနားသော အလင်းဓားတစ်ချောင်း ဖြစ်တည်လာသည်။ အရှေ့ရှိ မိစ္ဆာသစ်ပင်သည် ခွမ်ဟူတို့ကြောင့် ထိခိုက်နေပြီးဖြစ်သည်။ သူမ တိုက်ခိုက်လိုက်သောအခါတွင်မူ သစ်ပင်မှာ တစ်ချက်တည်းနှင့် တိတိပပ ခုတ်ဖြတ်ခံလိုက်ရလေသည်။

‘သန်မာလိုက်တာ’

ကျန်းရီသည် ကြည့်ပြီးနောက် ရှားယွီ၏ ကျင့်ကြံခြင်းအဆင့်က ခွမ်ဟူ၏ ကျင့်ကြံခြင်းအဆင့်ထက် မနိမ့်ကြောင်း အတည်ပြလိုက်၏။ သူမသာ မသေမျိုးဝိညာဉ်ချီကို သုံးလိုက်မည်ဆိုလျှင် ဧကရာဇ်အဆင့်အထိ သန်မာသွားပေလိမ့်မည်။

‘လောကကြီးက အရမ်းကြီးတယ်၊ မဖြစ်နိုင်တာ ဘာမှ မရှိဘူး’

ကျန်းရီ သက်ပြင်းသဲ့သဲ့ချလိုက်သည်။ ပထမဆုံး ဟယ်နုန်ယင်း၏ ယင်ဓာတ်လွန်ကဲခန္ဓာအကြောင်းကို သူ သိခဲ့ရသည်။ ယခုတွင် ရှားယွီ၏ မသေမျိုးဝိညာဉ်ခန္ဓာအကြောင်းကိုလည်း သိလိုက်ရပေပြီ။ ဤလောကကြီးမှာ အလွန်ဆန်းကြယ်လှပေသည်။

ကျန်းရီ တိုက်ခိုက်ရန် ဆန္ဒမရှိပါ။ သူ့ရန်သူမှာ ရှားယွီမဟုတ်၊ မိုးပြာမဟာဧကရာဇ်သာဖြစ်သည်။ ထို့ကြောင့် သူ့ဝှက်ဖဲများစွာကို ထုတ်ပြ၍ မဖြစ်ပေ။ သို့သော် ရှားယွီကမူ သူမ၏ ဝှက်ဖဲများကို ကျန်းရီက သိသွားလျှင်လည်း သူမကို ရန်ပြုလိမ့်မည် မဟုတ်ဟု အလွန်ယုံကြည်နေလေသည်။

ဟယ်နုန်ယင်း နောက်လှည့်ကာ ကျန်းရီကို ကြည့်လိုက်သည်။ ရှားယွီ၏ တိုက်ခိုက်မှုက သူမကို အံ့ဩသွားစေခဲ့သည်။ ကျန်းရီက မည်သို့မှ ရှင်းမပြဘဲ အတန်ငယ်သာ ခေါင်းဆတ်ပြ၍ သူမကို တိုက်ပွဲတွင်သာ အာရုံစိုက်ခိုင်းလိုက်သည်။

ရှားယွီသည် ခွမ်ဟူနှင့် အဖော်များကို ကြည့်နေ၏။ သူတို့သည် မည်သည်ကိုမှ မမေးဝံ့ပေ။ အဖွဲ့သည် လမ်းကြောင်းတစ်ခုကို တိတ်တဆိတ် ဖော်၍သာ အရှေ့သို့ ဆက်သွားကြပေသည်။

အခြားသူများက အလကား တိုက်ခိုက်ပေးနေရာ ကျန်းရီသည် ထိုသူများ၏ ကြိုးပမ်းမှု အသီးအပွင့်များကို ပျော်ပျော်ကြီး သုံးဆောင်နေသည်။ ရှားယွီ ဝင်ပါပြီးနောက် သူတို့ မိစ္ဆာသစ်ပင်များကို ဖျက်ဆီးနှုန်းက တိုးလာခဲ့သည်။ ဟယ်နုန်ယင်း၊ ခွမ်ဟူ၊ ယန်ချီနှင့် အခြားသူများက အရင်တိုက်ခိုက်ကြသည်။ ရှားယွီက နောက်ဆုံးမှ တိုက်ခိုက်သည်။ ထိုအခါ မိစ္ဆာသစ်ပင်လည်း ထက်ပိုင်းပြတ်လေသည်။

“အာ... အဲ့ဒါက ဘာလဲ”

တစ်ရက်နှင့် နေ့တစ်ဝက် ကြာပြီးနောက် အဖွဲ့သည် အဝေးရှိ မြင့်မားသော တောင်တစ်လုံး၏ အရိပ်ကို မြင်လိုက်ရ၏။ ကျန်းရီနှင့် ဟယ်နုန်ယင်းတို့၏ မျက်ဝန်းများ အရောင်လက်သွားကြသည်။ အဝေးရှိ တောင်မှာ ပေတစ်သောင်းမြင့်ကြောင်း ထင်ရှားသည်။ ၎င်းတောင်က သေချာပေါက် ပဉ္စမအထပ်သို့ ဝင်ပေါက်ပင်။

“ဝင်ပေါက်က အဲ့တောင်ပေါ်မှာပဲ ဖြစ်ရမယ်”

ကျန်းရီက ပြောမပြာခဲ့သော်လည်း ရှားယွီမှာ အလွန်သေချာနေသည်။ ခွမ်ဟူနှင့် အဖော်များ ခါးမတ်သွားကြသည်။ သူတို့ ခပ်သွက်သွက် အရှိန်တင်လိုက်ကြပြီး တောင်ဆီသို့ လမ်းကြောင်းဖော်လိုက်ကြလေသည်။

နာရီနှစ်ဆယ်ကျော်ကြာပြီးနောက် အဖွဲ့သည် သူတို့အရှေ့၌ သစ်ပင်များ မရှိတော့ကြောင်း သိလိုက်ရ၏။ အရှေ့တွင် မြက်ခင်းပြင်တစ်ခုသာ ရှိနေသည်။ ထို့ပြင် သူတို့သည် အရှေ့ရှိ ဧရာမရေကန်ကြီး တစ်ကန်ကိုလည်း မြင်နေရသည်။ ထိုမြင့်မားသောတောင်ကြီးက ရေကန်ဘေးတွင် ဖြစ်သည်။

“သွားကြစို့”

ခွမ်ဟူတို့ ဝမ်းသာသွားကြ၏။ သူတို့သည် တောအုပ်ထဲမှ ထွက်ကာ တောင်ဆီသို့ တန်းတန်းမတ်မတ် သွားလိုက်ကြသည်။ သို့သော် ဟယ်နုန်ယင်းကမူ ကျန်းရီ မလှုပ်သေး၍ မလှုပ်ပေ။ ထိုအခိုက်တွင် ရှားယွီကလည်း ရပ်တန့်၍ အတန်ငယ် မျက်မှောင်ကြုတ်လိုက်သည်။

ခွမ်ဟူတို့မှာ တောင်ကိုသာ အာရုံစိုက်နေကြသည်။ ထို့ကြောင့် တောင်ခြေရှိ ကန်ဘေးတွင် အနက်ရောင် အစက်ပြောက်နှစ်ပြောက် ရှိနေသည်ကို သတိမပြုမိကြချေ။ ထိုအစက်ပြောက်နှစ်ပြောက်မှာ လူနှစ်ယောက်ပင်။

စတုတ္ထအထပ်တွင် အပြင်လူများ မရှိပါ။ ထို့ကြောင့် ယင်းလူနှစ်ယောက်မှာ လင်းဖေးရှန်းနှင့် ဧကရာဇ်ငယ်ရွေသာ ဖြစ်နိုင်သည်။ သူတို့နှစ်ယောက်သည် ဝင်ပေါက်ကို ရှာတွေ့ထားသော်လည်း မဝင်ကြသေးပေ။ ယင်းအတွက် ရှင်းပြချက်တစ်ခုသာ ရှိသည်။ သူတို့ တောင်ပေါ်သို့ မတက်နိုင်ခြင်း ဖြစ်ရပေမည်။

***

All Chapters