ဒဏ်ရာကျက်၍ နာကျင်မှုကို မေ့သွားပြီလော
Vol. 141 Ch. 1961
လင်းဖေးရှန်းနှင့် ဧကရာဇ်ငယ်ရွေတို့ ရောက်နေသည်မှာ ကြာခဲ့ပြီဖြစ်သည်။ သူတို့၏ ကံက မဆိုးသဖြင့် သူတို့ ထိုတောင်နှင့် သိပ်မဝေးသော နေရာသို့ ရောက်လာခဲ့ကြသည်။ သူတို့နှစ်ယောက်သည် ကျပန်းအရပ်မျက်နှာတစ်ခုကို ရွေးချယ်ကာ တစ်ရက်ကြာ သွားပြီးနောက် ထိုတောင်ကို ရှာတွေ့ခဲ့ခြင်းပင်။
ထိုတောင်၏ ဘက်သုံးဘက်က မှန်တစ်ချပ်ကဲ့သို့ မက်စောက်၏။ တောင်ပေါ်သို့ တက်နိုင်သောဘက်မှာ တစ်ဘက်သာရှိသည်။ ထိုဘက်အလယ်တွင် တောင်ထိပ်သို့ ရောက်သည့် တောင်လမ်းတစ်လမ်းလည်း ရှိပေသည်။ ထိုတောင်လမ်းက ပဉ္စမအထပ်သို့ ဝင်ပေါက်ဖြစ်ကြောင်း ထင်ရှားပေသည်။
သို့သော်...
လင်းဖေးရှန်းနှင့် ဧကရာဇ်ငယ်ရွေတို့သည် ဤနေရာတွင် အချိန်များစွာ အားထုတ်မှုများစွာ သုံးခဲ့ရသည်။ သူတို့ အကြိမ်များစွာ သေမလိုပင် ဖြစ်ခဲ့သည်။ သို့ငြားလည်း တက်နိုင်မည့် နည်းလမ်းကို ရှာမတွေးသေးချေ။ ထို့ကြောင့် သူတို့ ထိုင်၍သာ ရှားယွီတို့ ရောက်လာမည့် အချိန်ကို စောင့်နေခြင်းဖြစ်သည်။ ပြီးမှ တောင်ပေါ်တက်နိုင်မည့် နည်းလမ်းတစ်ခုကို စဉ်းစားရပေမည်။
ခွမ်ဟူနှင့် အခြားသူများသည် တောင်ပေါ်သို့ ချက်ချင်း တက်လိုခဲ့၏။ သို့သော် တောင်နားသို့ ရောက်လာသောအခါ သူတို့ လင်းဖေးရှန်းနှင့် ဧကရာဇ်ငယ်ရွေတို့ကို တွေ့လိုက်ကြသည်။ သူတို့နှစ်ယောက်က အေးအေးလူလူပုံစံ ရှိနေကြသည်။ သူတို့သည် ရေကန်ဘေးတွင် သစ်သားတဲငယ် နှစ်လုံးကိုပင် ဆောက်ထားပြီး တဲများအရှေ့၌ တင်ပျဉ်ခွေထိုင်နေကြလေသည်။
“အာ...”
ခွမ်ဟူနှင့် ယန်ချီတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ ထို့နောက် တောင်ထိပ်သို့ ရောက်သည့် တောင်လမ်းကို ဆက်ကြည့်ကြသည်။ ထိုလမ်း၏ ဘေးနှစ်ဘက်တွင် မိစ္ဆာသစ်ပင်များ မရေမတွက်နိုင်အောင် ရှိနေသည်။ သို့သော် ထိုမှလွဲ၍ အခြားထူးဆန်းသည်ကိုတော့ မတွေ့ချေ။ တစ်ခဏမျှ သူတို့ ဒွိဟဖြစ်သွားကြသည်။
ရှားယွီ၊ ကျန်းရီနှင့် ဟယ်နုန်ယင်းတို့လည်း လျှောက်လာကြ၏။ ကျန်းရီက တမင် သူမတို့နှစ်ယောက်နောက်တွင် ကွယ်၍ လျှောက်နေသည်။ ရှားယွီသည် ယင်းကို အမှုမထားဘဲ အရှေ့ရှိ သစ်သားတဲများဆီသို့ သွားကာ ခွမ်ဟူနှင့် ယန်ချီတို့နောက်တွင် ရပ်လိုက်သည်။ သူမက ထိုနှစ်ယောက်ကို ဦးဆောင်စေလိုကြောင်း ထင်ရှားပေသည်။
ခွမ်ဟူက လင်းဖေးရှန်းကို ကြည့်ကာ လက်ဆုပ်၍ မေးလိုက်သည်။
“သခင်မလေးဖေးရှန်း၊ ဧကရာဇ်ငယ်ရွေ... ဘာလို့ ခင်ဗျားတို့က တောင်ပေါ် မတက်သေးတာလဲ”
လင်းဖေးရှန်းက မျက်လုံးဖွင့်လာပြီး ပြုံးလိုက်၏။
“ကျွန်မတို့က ကောင်းကင်ဘုံခုံရုံးကို အတူလာတာဆိုတော့ တောင်ပေါ်ကို အတူတက်ကြတာပေါ့။ ဒါပေမဲ့... သခင်လေးဟူက ဖေးရှန်းနဲ့အတူ မသွားချင်ဘူးဆိုရင်လည်း သခင်လေးဘာသာ အရင်တက်သွားနိုင်ပါတယ်”
ခွမ်ဟူနှင့် ယန်ချီတို့ အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် ရှားယွီကို မသိမသာ ကြည့်လိုက်ကြ၏။ သို့သော် ရှားယွီက မည်သည့်မျက်နှာထားမှ မပြပေ။ ထို့ကြောင့် ခွမ်ဟူ တစ်ခဏမျှ တွေးတောကာ ယန်ချီနှင့်အတူ တောင်ပေါ်သို့ ဖြည်းဖြည်းချင်း လျှောက်တက်သွားလိုက်သည်။ အခြားသူများသည် မလှုပ်ကြဘဲ သူတို့နှစ်ယောက် တောင်ပေါ်တက်သွားသည်ကိုသာ ကြည့်နေကြလေသည်။
ခွမ်ဟူနှင့် ယန်ချီတို့သည် တောင်နှင့် နီးကပ်လာသောအခါ အရှိန်နှေးသွားကြ၏။ သူတို့ တောင်၊ တောင်လမ်းငယ်လေးနှင့် လမ်းဘေးနှစ်ဘက်ရှိ မိစ္ဆာသစ်ပင်များကို ဂရုတစိုက် ကြည့်လိုက်ကြသည်။
သုံးကီလိုမီတာ၊ ငါးကီလိုမီတာ... မီတာသုံးရာ...
တောင်ပေါ်တွင် အလွန်တိတ်ဆိတ်နေသည်။ မည်သည့်လှုပ်ရှားမှုမှ မရှိပေ။ ခွမ်ဟူနှင့် ယန်ချီတို့ ရုတ်တရက် အရှိန်တင်လိုက်ကြပြီး တောင်လမ်းအပေါ် ပြေးတက်လိုက်ကြသည်။
ရွှစ်...
ထိုနှစ်ယောက် လမ်းပေါ် ရောက်သည့်အချိန်တွင် ဘေးနှစ်ဘက်မှ မိစ္ဆာသစ်ပင်များ လှုပ်ရှားလာ၏။ လေထဲတွင် သစ်ကိုင်းများ ပြည့်နှက်သွားပြီး သူတို့နှစ်ယောက်ထံ ဦးတည်ရွေ့လျားလာကြသည်။ သစ်ရွက်များမှာလည်း သောင်းချီသော ပျားကောင်များက ပစ်လွှတ်လိုက်သည့် အဆိပ်မြားများအလား သူတို့နှစ်ယောက်ကို ရုတ်ခြည်းလွှမ်းခြုံသွားသည်။
“ကျား...”
ခွမ်ဟူနှင့် ယန်ချီတို့ မာန်သွင်းလိုက်ကြပြီး လက်ဝါးချက်များ ရိုက်ထုတ်ကာ သစ်ရွက်များကို လွင့်ပျံထွက်သွားစေလိုက်သည်။ သို့သော် သူတို့နှစ်ယောက် သူတို့၏ စွမ်းအားအကြီးဆုံး တိုက်ခိုက်မှုများကို မထုတ်နိုင်သေးခင်မှာပင် ချက်ချင်း ပြန်ဆုတ်ကာ ကြောက်လန့်တကြား အော်လိုက်ကြလေသည်။
“ငါတို့ကို ကယ်ပါ”
“အဲ့ဒါက...”
ကိုယ်လုပ်တော်ဟွာ၊ ပိယန်နှင့် ဟယ်နုန်ယင်းတို့ တုန်လှုပ်သွားကြ၏။ သူတို့၏ ခန္ဓာကိုယ်များ တောက်ပလာပြီး သူတို့ တိုက်ခိုက်ရန် ဟန်ပြင်လိုက်ကြသည်။ တောင်ပေါ်မှ မိစ္ဆာသစ်ပင်များက အသက်ဝင်လာပြီး လှုပ်ရှားနိုင်လာကြသည်။ ထိုအခိုက်တွင် မိစ္ဆာသစ်ပင် တစ်ဒါဇင်ကျော်မှာ ခွမ်ဟူနှင့် ယန်ချီတို့ကို လိုက်တိုက်နေကြပေသည်။
“ဘာမှ လုပ်စရာမလိုပါဘူး။ သူတို့ အဆင်ပြေမှာပါ”
ကျန်းရီက မလှုပ်ရှားသလို ရှားယွီလည်း မလှုပ်ရှားပေ။ သူမသည် လက်ဝှေ့ယမ်း၍ ဟယ်နုန်ယင်းတို့ကို တားလိုက်သည်။ ကိုယ်လုပ်တော်ဟွာနှင့် ပိယန်တို့သည် ရှားယွီကို အလွန်ယုံကြည်ကြ၍ ဆက်မလှုပ်ရှားကြတော့ပေ။ ဟယ်နုန်ယင်းသည်လည်း ကျန်းရီကို ကြည့်ကာ မလှုပ်ရှားတော့ချေ။
မျှော်လင့်ထားသလိုပင်...
ခွမ်ဟူနှင့် ယန်ချီတို့ တောင်ပေါ်မှ ဆင်းသွားသောအခါ လှုပ်ရှားနေသော သစ်ပင်များသည် သူတို့နောက်သို့ ဆက်မလိုက်ကြတော့ဘဲ ၎င်းတို့၏ မူလနေရာများသို့ ပြန်သွားကြသည်။ မြေပေါ်တွင် မည်သည့်ခြေရာလက်ရာမှ မကျန်ခဲ့ပေ။ ၎င်းသစ်ပင်များက လေထဲမှ ရွေ့လျားသွားသလိုပင်။
“ဟူး...ဟူး...”
ခွမ်ဟူနှင့် ယန်ချီတို့သည် သစ်ပင်များက သူတို့နောက်သို့ ဆက်မလိုက်တော့ကြောင်း အတည်ပြုပြီးမှ အသက်ပြင်းပြင်း ရှူလိုက်ကြ၏။ မလှုပ်ရှားနိုင်သော မိစ္ဆာသစ်ပင်များမှာ ကြောက်မက်ဖွယ်ကောင်းသော်လည်း ပစ်မှတ်သေများ ဖြစ်နေကြသေးသည်။ သို့သော် လှုပ်ရှားနိုင်သော သစ်ပင်များမှာမူ ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားများကဲ့သို့ ဖြစ်သည်။ သို့ဖြစ်ရာ သူတို့နှစ်ယောက် ၎င်းတို့ကို မည်သို့ ယှဉ်နိုင်မည်နည်း။
ရှားယွီက မျက်မှောင်ကြုတ်လိုက်ပြီး ကျန်းရီ မျက်လုံးမှေးလိုက်သည်။ ထိုအခိုက်တွင် သူတို့နှစ်ယောက်စလုံး အဘယ်ကြောင့် လင်းဖေးရှန်းနှင့် ဧကရာဇ်ငယ်ရွေတို့က တောင်ပေါ်သို့ မတက်ကြသေးကြောင်း နားလည်သွားကြသည်။ သူတို့၏ တိုက်ခိုက်စွမ်းအားနှင့်ဆိုလျှင် တောင်ပေါ်တက်လိုက်ပါက ကိုယ့်သေတွင်းကိုယ်တူးသလိုသာ ဖြစ်ပေလိမ့်မည်။
လင်းဖေးရှန်းက ထရပ်၍ ဦးညွှတ်လိုက်သည်။
“အားလုံးပဲ ကိုယ်တိုင် မြင်လိုက်ရပြီ မဟုတ်လား။ ဝင်ပေါက် တောင်ထိပ်မှာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ကျွန်မတို့ တစ်ယောက်၊ နှစ်ယောက်တည်းနဲ့ တောင်ထိပ်ကို တက်နိုင်မှာ မဟုတ်ဘူး။ အဲ့ဒါကြောင့် အားလုံး အတူတူ ပူးပေါင်းပြီး တောင်ပေါ်ကို တက်ကြလိမ့်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။ ပဉ္စမထပ်က ဗဟိုချက်အတွက်ကတော့ ကိုယ့်စွမ်းရည်နဲ့ကိုယ် တိုက်ယူကြတာပေါ့”
“ကျွန်တော်တို့ အတူပူးပေါင်းမယ်ဆိုရင်တောင် အသုံးဝင်မှာ မဟုတ်ဘူး....”
ပိယန်က တောင်ပေါ်ရှိ မရေမတွက်နိုင်သော မိစ္ဆာသစ်ပင်များကို ကြည့်ကာ မပြယ်သေးသော အကြောက်တရားနှင့် ပြောလိုက်၏။
“အဲ့မိစ္ဆာသစ်ပင်တွေက လှုပ်ရှားနိုင်တော့ သောင်းချီတဲ့ ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားတွေနဲ့ ညီတယ်။ ကျွန်တော်တို့ တောင်ပေါ်ကို တက်ရင် သေပဲ သေသွားမှာ”
ခွမ်ဟူနှင့် ယန်ချီတို့ မျက်နှာထား တည်သွားကြ၏။ သူတို့သည် တစ်ခဏမျှ တွေးတောပြီးနောက် ရှားယွီကို ကြည့်လိုက်ကြသည်။ ရှားယွီက မည်သို့မှ မပြောသေးပေ။ တစ်ခဏမျှ တွေးတောပြီးမှ သူမ ခါးသက်သက် ပြုံးကာ ပြောလေသည်။
“အားလုံး ကျွန်မကို ကြည့်နေလဲ ဘာမှ အသုံးမဝင်ဘူး။ ကျွန်မတို့ တောင်ပေါ်တက်ချင်ရင် တိုက်ခိုက်ပြီး မိစ္ဆာသစ်ပင်တွေကို ဖြည်းဖြည်းချင်း ရှင်းသွားရုံပဲ ရှိမယ်။ အဲ့မိစ္ဆာသစ်ပင်တွေက တောင်ပေါ်က ထွက်သွားမှာ မဟုတ်ဘူး။ ကျွန်မတို့ တိုက်ခိုက်မှရမယ်။ အဲ့မိစ္ဆာသစ်ပင်တွေကို ရှင်းပြီးသွားရင်တော့ ကျွန်မတို့ တောင်ပေါ်ရောက်လိမ့်မယ်”
လင်းဖေးရှန်း ခေါင်းညိတ်လိုက်သည်။ အမှန်တွင် သူမသည်လည်း ရှားယွီကဲ့သို့ တွေးပေသည်။ အစောတွင် သူမတို့ မည်သို့မှ မလုပ်ခဲ့ခြင်းမှာ သူမတို့ ကြိုးစား၍ သစ်ပင်များကို ရှင်းပေးထားလျှင် ရှားယွီတို့က ကြားမှ အကျိုးအမြတ်ဝင်ယူသွားမည်ကို မလိုလား၍ပင်။ တောင်ပေါ်သို့ တက်လိုလျှင် အားလုံး တိုက်ခိုက်ရပေမည်။
“အဲ့လိုပဲ လုပ်ရတော့မှာပဲ”
ခွမ်ဟူနှင့် အခြားသူများ တစ်ခဏမျှ တွေးတောလိုက်ကြ၏။ မိစ္ဆာသစ်ပင်များက တောင်ပေါ်မှ မခွာလျှင် သူတို့ ၎င်းတို့ကို ဖြည်းဖြည်းချင်း ရှင်းပစ်ရန်သာ ရှိသည်။ ယင်းက အချိန်တော့ ကြာပေလိမ့်မည်။
ဧကရာဇ်ငယ်ရွေသည် ဟယ်နုန်ယင်းကို ကြည့်၍ နွေးထွေးစွာ ပြုံးလိုက်၏။
“အားလုံးပဲ လမ်းခရီးမှာ ပင်ပန်းလာကြရောပေါ့။ အရင်ဆုံး နားလိုက်ကြပါပြီ။ ကျွန်တော်တို့ အလျင်မလိုပါဘူး”
“ကောင်းပြီ”
ခွမ်ဟူနှင့် အခြားသူများ အမှန်ပင် ပင်ပန်းနေကြပြီဖြစ်သည်။ သူတို့ ရက်ပေါင်းများစွာ တိုက်ခိုက်ခဲ့ရပြီး တစ်ခါမှ ကောင်းကောင်းအနားမယူရသေးပေ။ ဤနေရာတွင် တောင်နှင့် ရေကန်ရှိသည်။ လုံလည်းလုံခြုံသည်။ ထို့ကြောင့် သူတို့ တစ်ခဏမျှ အနားယူနိုင်ပေသည်။
အားလုံးသည် နေ့တစ်ဝက်ကြာ အနားယူရန် ဆုံးဖြတ်လိုက်ကြသည်။ ခွမ်ဟူသည် ရေကန်သို့ လျှောက်သွားပြီး ရေအနည်းငယ် သောက်လိုက်၏။ ရေကန်ထဲတွင် ငါးများစွာ ရှိနေသည်။ ထို့နောက် သူ တစ်ခဏမျှ တွေးတောကာ ကျန်းရီကို လက်ဝှေ့ယမ်းပြလိုက်၏။
“မူဟယ်ယွီ ဒီကိုလာခဲ့။ ကန်ထဲက ငါးနည်းနည်းလောက် ဖမ်းပြီး ကင်လိုက်ပါ။ မိန်းကလေးတွေကို အာဟာရ ပေးရမှာပေါ့။ ငါတို့လည်း ဘာမှ မစားရတာ ကြာပြီ”
ခွမ်ဟူသည် မူဟယ်ယွီက ကျန်းရီဖြစ်ကြောင်းကို မသိသေးပေ။ ရှားယွီနှင့် ကျန်းရီတို့ကလည်း တီးတိုး စကားပြောနေကြသည်။ ခွမ်ဟူသည် ကျန်းရီက အားအနည်းဆုံးဟုထင်၍ အနိုင်ကျင့်လိုခြင်းပင်။ လက်တိုလက်တောင်း ကိစ္စများကို ကျန်းရီအား ခိုင်းရပေမည်။
ခွမ်ဟူသည် မျက်နှာကောင်းယူချင်သော်လည်း လုပ်စရာကိစ္စများကို ကျန်းရီအားသာ ခိုင်းလိုသည်။ ထို့ကြောင့် ကျန်းရီ မကျေမနပ်ဖြစ်သွားသည်။ သူ အေးစက်စက် ပြုံးကာ ပြောလိုက်လေသည်။
“ဘာလို့လဲ။ မင်း ငါးစားချင်ရင် ကိုယ့်ဘာသာဖမ်းပြီး မကင်တတ်ဘူးလား။ ငါက မင်းရဲ့အစေခံ မဟုတ်ဘူး”
“မင်း သေချင်တာလား”
ခွမ်ဟူ ဒေါသထွက်သွား၏။ သူ့လက်က လင်းလက်လာပြီး သူ့ကိုယ်မှနေ၍ သတ်ဖြတ်အရှိန်အဝါ ထွက်လာသည်။ ကျန်းရီက ပြုံးရုံသာ ပြုံးပြီး မည်သို့မှ ပြန်မပြောပေ။ ထိုစဉ် လင်းဖေးရှန်းက ပြုံးကာ ကြားမှ ဝင်ဖျန်ဖြေလိုက်သည်။
“သခင်လေးခွမ်ဟူ... အဲ့ဒါက အသေးအဖွဲကိစ္စလေးပါ။ ဘာလို့ ဒီလောက် ဒေါသထွက်နေရတာပါလဲ”
ထိုအခိုက်တွင် ရှားယွီလည်း ဝင်ပြောလိုက်သည်။
“သခင်လေးခွမ်... ရှင့်မှာလည်း လက်တွေ၊ ခြေတွေ ပါတာပဲ။ ကိုယ့်ဘာသာ မဖမ်းနိုင်ဘူးလား”
“ဟုတ်တယ်...”
ယခုတွင် ဟယ်နုန်ယင်းလည်း မကျေမနပ်ဖြစ်နေပေပြီ။ ခွမ်ဟူက ကျန်းရီကို အနိုင်ကျင့်ရဲသည်လော။ သူမ မတိုက်ခိုက်လိုက်သည်ပင် ခွမ်ဟူ၏ ကံကောင်းခြင်း ဖြစ်နေပေပြီ။ သူမ အေးစက်စက်ပြုံးကာ ပြောလိုက်သည်။
“သခင်လေးခွမ်ဟူက ဆရာလုပ်ရတာ အသားကျနေပြီထင်တယ်။ ဒီနေရာက ရူးသွပ်မဟာဧကရာဇ်မြို့လို့ ထင်လို့လား။ ကျွန်မတို့ အကုန်လုံးက ရှင့်ရဲ့အစေခံတွေလား”
“အာ...”
မိန်းမပျိုသုံးယောက်က ပြောလိုက်သဖြင့် ယန်ချီ၊ ဧကရာဇ်ငယ်ရွေနှင့် အခြားသူများ တစ်ခုခု လွဲနေပြီဟု ခံစားလိုက်ကြရ၏။ မူဟယ်ယွီက လူ့ဘော်ကြော့ဖြစ်ကြောင်းကို မည်သည့် မျိုးနွယ်ကြီးများမှ လူများက မသိဘဲ ရှိပါသနည်း။ ထို့ပြင် မူဟယ်ယွီ၏ အဆင့်အတန်းမှာ အသို့ရှိသနည်း။ သူ့ကျင့်ကြံခြင်းအဆင့်မှာရော မည်သို့နည်း။ သူက ထိပ်တန်း အလှပဂေးသုံးယောက်၏ ကာကွယ်ပြောဆိုမှုကို ခံရရန် ထိုက်တန်ပါသလော။
လင်းဖေးရှန်းသည်လည်း တစ်ခုခု လွဲနေသည်ဟု ခံစားမိလိုက်၏။ ရှားယွီနှင့် ဟယ်နုန်ယင်းတို့ ခါးသက်သက် ပြုံးလိုက်ကြသည်။ သူမတို့နှစ်ယောက် မဆင်မခြင် လုပ်လိုက်မိပေပြီ။ ယခုတွင် အားလုံးက ကျန်းရီကို သံသယဝင်သွားလောက်ပြီဖြစ်သည်။
ကျန်းရီကမူ အရေးမစိုက်ပါ။ သူ့အကြောင်း ပေါ်သွားလျှင်လည်း ဘာအရေးနည်း။ သူ၏ မီးအရင်းအမြစ်နှင့် ရေခဲအရင်းအမြစ်က ဤနေရာရှိ လူအားလုံးကို အလွယ်တကူ ဖိနှိပ်နိုင်သည်။ ထို့ကြောင့် သူ ပခုံးတွန့်၍ ပြောလိုက်လေသည်။
“သခင်လေးခွမ်... မင်းက ဘယ်လိုမျက်နှာလုပ်ရမယ်ဆိုတာကိုတောင် မသိဘူး။ မင်း သခင်မလေးတစ်ယောက်ကိုမှ မရနိုင်ခဲ့တာ အံ့ဩစရာ မရှိတော့ပါဘူး။ မင်း မိန်းကလေးတွေကို အာဟာရပေးချင်ရင် ကိုယ့်ဘာသာ လုပ်မှရမယ်။ ကန်ထဲသွားပြီး ငါးနည်းနည်းလောက် ဖမ်းလိုက်ပါ။ ပြီးရင် ငါးဘယ်လိုကင်ရမယ်ဆိုတာ ငါ မင်းကို သင်ပေးမယ်”
“မင်း... မင်းက ဘယ်သူလဲ”
ခွမ်ဟူသည် ကျန်းရီကို ကြည့်ရင်း ကျန်းရီက သူစိမ်းတစ်ယောက်ဟု ခံစားနေရ၏။ မူဟယ်ယွီသည် သေချာပေါက် သူ့ကို ထိုသို့ပြောဝံ့မည် မဟုတ်ချေ။ ထို့ပြင် ကျန်းရီ၏ အရှိန်အဝါက ရုတ်တရက် အကြီးအကျယ်ပြောင်းလဲသွားသည်ဟု သူ ခံစားနေရပေသည်။
လင်းဖေးရှန်း၊ ဧကရာဇ်ငယ်ရွေ၊ ယန်ချီနှင့် အခြားသူများကလည်း ကျန်းရီကို စိုက်ကြည့်နေကြသည်။ သူတို့သည် သူ၏ရုပ်ဖျက်ထားမှုကို ဖောက်မြင်ကာ သူ့အကြောင်းကို သိသွားသကဲ့သို့ပင်။
ရွှီး...
အားလုံးက သူ့ကို သံသယဖြစ်နေကြပြီဖြစ်ရာ ကျန်းရီ ဆက်၍ ဖုံးကွယ်မထားလိုတော့ပေ။ သူ မူလရုပ်သွင် ပြန်ပြောင်းကာ ခွမ်ဟူကို ခနဲ့တဲ့တဲ့ကြည့်လိုက်သည်။
“ခွမ်ဟူ... ဒဏ်ရာကျက်သွားတော့ နာကျင်မှုကို မေ့သွားပြီလား။ မင်းက ငါ့အကြောင်းကို အဲ့လောက်မြန်မြန် မေ့သွားတယ်ပေါ့လေ”
“ကျန်းရီ...”
ရှားယွီနှင့် ဟယ်နုန်ယင်းမှ လွဲ၍ အားလုံးသည် စွမ်းအားကြီး ရန်သူတစ်ယောက်နှင့် ရင်ဆိုင်နေရသလို မျက်နှာထားပြောင်းသွားကြပေသည်။
***