ပူးပေါင်းဖိနှိပ်မည်
Vol. 141 Ch. 1962
ကမ္ဘာဦးကောင်းကင်ဘုံတွင် ကျန်းရီက မကောင်းသတင်းနှင့် အကျော်ကြားဆုံးသူ ဖြစ်သည်။ လူများစွာသည် သူ့ကို အကျင့်ပျက်မိစ္ဆာတစ်ကောင်၊ နတ်ဆိုးတစ်ကောင်ဟု ပြောကြသည်။ အချို့လူများကမူ သူက ကောင်းကင်ဧကရာဇ်၏ ဆက်ခံသူဖြစ်၍ အနာဂတ်ဧကရာဇ်ကြယ်၊ လူသားမျိုးနွယ်ကို ကယ်တင်ကာကွယ်မည့် လူတစ်ယောက်ဟု ဆိုကြသည်။
မည်သို့ပင်ဖြစ်စေ ကျန်းရီက အစွမ်းအစရှိသူတစ်ယောက် ဖြစ်ကြောင်းကိုတော့ ငြင်းမရပေ။ သူ့တိုက်ခိုက်စွမ်းအားက အလွန်ကြီးသည်။ လောကကြီး၏ အမြင်တွင် သူက ရူးသွပ်မဟာဧကရာဇ်၊ ယန်မဟာဧကရာဇ်တို့နှင့်ပင် ယှဉ်နိုင်နေပြီဖြစ်သည်။
အစတွင် လင်းဖေးရှန်း၊ ခွမ်ဟူနှင့် အခြားသူများသည် ဤတစ်ခေါက်တွင် ကျန်းရီ မလာလောက်တော့ဟု ထင်ခဲ့ကြသည်။ သူက မြေဘုံမှ လူများစွာကို ခေါ်သွားပြီး တစ်နေရာရာတွင် သွားရောက်အခြေချရန် လိုအပ်သည် မဟုတ်လော။ ထို့ပြင် မိုးပြာမဟာဧကရာဇ်က ကောင်းကင်ဘုံခုံရုံးအား ရှာတွေ့သွားသည်ကို သူက မည်သို့ သိနိုင်မည်နည်း။
သို့သော် ကျန်းရီက အားလုံးနှင့်အတူ ပါလာခဲ့သည်။ သူသည် လမ်းတစ်လျှောက်တွင် သူတို့ ကျင်းပခဲ့သည့် စားသောက်ပွဲများစွာကိုပင် တက်ခဲ့ပြီး သူတို့နှင့် ပျော်ရွှင်စွာ စကားပြောခဲ့သေးသည်။
မူဟယ်ယွီ၏ တေးသွားအကြောင်းကို ပြန်စဉ်းစားမိသောအခါ ခွမ်ဟူနှင့် အခြားသူများ သဘောပေါက်သွားကြ၏။ သူတို့ ယခင်ကတည်းက တွေးမိခဲ့ဖို့ ကောင်းသည်။ မူဟယ်ယွီမှာ မည်သို့သော လူစားနည်း။ သူက အဘယ်သို့ ဂီတကို ထိုမျှနက်နက်ရှိုင်းရှိုင်း နားလည်ထားမည်နည်း။ အဘယ်သို့ နက်ရှိုင်းသော ခံစားချက်များ ရှိမည်နည်း။
ခွမ်ဟူနှင့် ယန်ချီတို့သည် အကြည့်ချင်းဖလှယ်၍ ခါးသက်သက် ပြုံးလိုက်ကြသည်။ ကျန်းရီ ထွက်ပေါ်လာပြီဖြစ်ရာ သူတို့အတွက် ကောင်းကင်ဘုံခုံရုံးကို ရနိုင်မည့် အခွင့်အရေး မရှိတော့ပေ။ ရှားယွီနှင့် လင်းဖေးရှန်းတွင်လည်း မျှော်လင့်ချက် ရှိတော့မည် မဟုတ်ပါ။ ကျန်းရီက မိုးပြာမဟာဧကရာဇ်နှင့် တိုက်ခိုက်ပြီးနောက်တွင်ပင် ရှင်ကျန်ခဲ့သောသူတစ်ယောက် မဟုတ်ပါလား။
“ရှင်က ကျန်းရီလား”
လင်းဖေးရှန်း၏ မျက်ဝန်းများ ကျဉ်းမြောင်းသွား၏။ သူမ၏ မျက်နှာထားလည်း အတန်ငယ် ပျက်သွားသည်။ မူလတွင် သူမက မူဟယ်ယွီကို လက်ခုပ်ထဲ ထည့်ထားနိုင်ပြီဟု ထင်ခဲ့သည်။ သို့သော် ယခုတွင် ထိုမူဟယ်ယွီက အတုဖြစ်ကြောင်း သိလိုက်ရပေပြီ။ သူမက မူဟယ်ယွီကို အသုံးချခဲ့ခြင်း မဟုတ်ဘဲ ကျန်းရီကသာ သူမကို အသုံးချသွားခြင်းဖြစ်သည်။
“သခင်မလေးဖေးရှန်းကို နှုတ်ခွန်းဆက်ပါတယ်”
ကျန်းရီက အဓိပ္ပာယ်ပါပါ ပြုံး၍ မျက်ခုံးပင့်ကာ ပြောလိုက်သည်။
“သခင်မလေးဖေးရှန်းရဲ့ လက်ဖက်ရည်က အရမ်းအရသာရှိတာပဲ။ နောက်ကျ ကျွန်တော် သခင်မလေးနဲ့ ထပ်သောက်ခွင့်ရဖို့ မျှော်လင့်ပါတယ်”
“အခွင့်အရေးတစ်ခု ရှိလာမှာပါ”
လင်းဖေးရှန်းက အံကြိတ်၍ ပြန်ပြောသည်။ သူမ လှုပ်တော့ မလှုပ်ဝံ့တော့ပေ။ ကျန်းရီက သူ့ဂုဏ်သတင်းနှင့် ကိုက်ညီသည်။ အကယ်၍ သူမသာ ကျန်းရီကို စတိုက်လိုက်မည်ဆိုရင် လက်ရှိ သူမ၏အင်အားအရ သူမ ကိုယ့်သေလမ်းကိုယ်ရှာသလိုသာ ဖြစ်ပေလိမ့်မည်။
ဧကရာဇ်ငယ်ရွေကမူ နွေးထွေးစွာ ပြုံးလိုက်သည်။ သူ့မျက်နှာပေါ်တွင် ထူးဆန်းသော အရိပ်အယောင် မရှိချေ။ ထိုအစား လက်ဆုပ်၍သာ ပြောလိုက်သည်။
“သခင်လေးက ဂီတအကြောင်းကို အဲ့လောက်နားလည်နေတာ အံ့ဩစရာ မရှိတော့ပါဘူး။ သခင်လေးက လောကတစ်ခွင်မှာ ကျော်ကြားတဲ့ သခင်လေးကျန်းပဲ။ မလေးမစား လုပ်ခဲ့မိတာတွေအတွက် တောင်းပန်ပါတယ်”
“ဧကရာဇ်ငယ်ရွေက ယဉ်ကျေးလွန်းနေပါပြီ”
ကျန်းရီလည်း ယဉ်ကျေးစွာ ပြန်ပြောလိုက်သည်။ ထို့နောက် သူ ခွမ်ဟူကို ကြည့်ကာ ပြောလေသည်။
“ခွမ်ဟူ... မင်းအတွက် ရေကန်ထဲက ငါးနည်းနည်းကို ဖမ်းဖို့တောင် ခက်ခဲနေတာလား။ ငါ မင်းကို ရေကန်ထဲ ပို့ပေးရမှာလား”
“မင်း...”
ခွမ်ဟူ၏ ဒေါသမှ မပြေနိုင်သေးပေ။ ကျန်းရီက သူ့ကို အနိုင်ကျင့်နေခြင်းဖြစ်ကြောင်း ထင်ရှားသည်။ သို့သော် သူ မည်သို့မှ ပြန်မပြောဝံ့ပေ။ သူ ယန်ချီ၊ ပိယန်နှင့် ကိုယ်လုပ်တော်ဟွာတို့ကို ကြည့်လိုက်သည်။ သူတို့လည်း နှုတ်ဆိတ်နေကြပေသည်။ ထို့ကြောင့် သူ ရှားယွီကို ဆက်ကြည့်လိုက်၏။ ရှားယွီကလည်း သူ့ကို ကူညီပေးလိုပုံ မပေါ်ပေ။ ရုတ်ခြည်းပင် သူ့မျက်နှာ ရဲတက်လာလေသည်။
“သုံး...”
ကျန်းရီ စတင်ရေတွက်လိုက်၏။ သူ့မျက်ဝန်များလည်း အေးစက်နေသည်။ သူ့အရှိန်အဝါလည်း ဖြည်းဖြည်းချင်း ထိုးထွက်လာသည်။ အခြေအနေက ရုတ်ခြည်း တင်းမာသွားသည်။ ကျန်းရီ လျင်မြန်စွာ ထပ်အော်လိုက်သည်။
“နှစ်...”
“ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်...”
ခွမ်ဟူက အလွန်ဒေါသထွက်နေသဖြင့် ခပ်ရွဲ့ရွဲ့ ရယ်လိုက်ပြီး ရေကန်ဆီသို့ ဒေါသတကြီး ထွက်သွားလိုက်၏။ မကြာခင်တွင် သူ ငါးကြီး အကောင်တစ်ဒါဇင်ကျော်ကို ဖမ်းမိသွားသည်။ ပြီးလျှင် ကောင်းကင်စွမ်းအားကို သုံးကာ သူ့ကိုယ်ပေါ်မှ ရေများကို အငွေ့ပျံသွားစေလိုက်၏။ ထိုအခါ ကျန်းရီက ပြုံး၍ ပြောလိုက်လေသည်။
“အဲ့လိုမှပေါ့။ ယန်ချီ၊ ကိုယ်လုပ်တော်ဟွာ၊ ပိယန်... မင်းတို့က ငါးသွားကင်လိုက်။ အခုလို လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
ယန်ချီ၊ ပိယန်နှင့် ကိုယ်လုပ်တော်ဟွာတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ဟန်လုပ်ပြုံးကာ ငါးများကို စတင်ကင်လိုက်သည်။ ကျန်းရီက မည်သူ့ကိုမှ မသတ်လိုကြောင်း ထင်ရှားသည်။ သို့ဖြစ်ရာ သူတို့က မည်သို့နေရမည်ကို အဘယ်သို့ မသိဘဲ နေမည်နည်း။ သူတို့ ကျန်းရီကို ဒေါသထွက်သွားအောင် လုပ်မိပါက အသတ်မခံရလျှင်ပင် သေချာပေါက် နှိပ်စက်ခံရပေလိမ့်မည်။ ထို့ကြောင့် မျက်နှာအပျက်ခံမည့်အစား အခြေအနေအလိုက် မီးစဉ်ကြည့်ကခြင်းက ပိုကောင်းမည်ဖြစ်သည်။
“နုန်ယင်း... ဒီကိုလာ”
ကျန်းရီသည် ဟယ်နုန်ယင်းကို လှမ်းခေါ်လိုက်၏။ ဟယ်နုန်ယင်းက ငှက်ကလေးတစ်ကောင်အလား ပျံသွားလိုက်ပြီး ကျန်းရီ၏ ရင်ခွင်ထဲ ဆွဲထည့်မှုကို ခံလိုက်ရသည်။
ထို့နောက် ကျန်းရီသည် လင်းဖေးရှန်း၊ ရှားယွီနှင့် ဧကရာဇ်ငယ်ရွေတို့ကို ကြည့်ကာ ပြုံး၍ ပြောလိုက်လေသည်။
“အားလုံးပဲ ဒီမှာ လာထိုင်ကြပါ။ ခဏနေရင် ကျွန်တော်တို့ အတူပူးပေါင်းပြီး တောင်ပေါ် တက်ကြမယ်။ ပဉ္စမအထပ်မှာ ဘယ်သူက ဗဟိုချက်ကို ရနိုင်မလဲဆိုတာကတော့ ကိုယ့်အစွမ်းအစအပေါ်မှာပဲ မူတည်မှာပေါ့။ ဘယ်လိုလဲ”
လင်းဖေးရှန်းနှင့် ဧကရာဇ်ငယ်ရွေတို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့၏ မျက်ဝန်းများ မှေးမှိန်သွားကြသည်။ ကျန်းရီ ထွက်ပေါ်လာပြီဖြစ်ရာ သူတို့က ကောင်းကင်ဘုံခုံရုံးကို ရနိုင်ပါဦးမည်လော။
သို့သော် ကျန်းရီက ထိုသို့ပြောလိုက်ပြီဖြစ်ရာ မျှမျှတတ ယှဉ်ပြိုင်မည့်ပုံပင်။ သူက အကြောင်းမရှိဘဲ ညစ်ခြင်း၊ တိုက်ခိုက်ခြင်းမျိုး လုပ်မည့်ပုံ မပေါ်ပေ။ ထို့ကြောင့် လင်းဖေးရှန်းနှင့် ဧကရာဇ်ငယ်ရွေတို့ အလွန်အံ့အားသင့်နေကြသည်။
လင်းဖေးရှန်းသည် တစ်ခဏမျှ တွေးတောကာ ချီတုံချတုံနှင့် ပြောလိုက်၏။
“ကျန်းရီ... ရှင်နဲ့ကျွန်မက ဘက်မတူဘူး။ ဘာလို့ ရှင် စမတိုက်တာလဲ။ ကျွန်မတို့ကို မျှတတဲ့အခွင့်အရေး ပေးချင်သေးတာလား”
“သခင်မလေးက အဲ့လိုတွေးတာလား...”
ကျန်းရီက လေသံပျော့ပျော့နှင့် ပြောသည်။
“ကျွန်တော့်အမြင်မှာတော့ ကျွန်တော်တို့လူသားတွေ အကုန်လုံးက တစ်ဘက်တည်းပဲ။ ခင်ဗျားတို့ ကျွန်တော့်ကို ပစ်မှတ်မထားသ၍၊ ကျွန်တော့်ကို ရန်သူမလုပ်သေးသ၍ ကျွန်တော်က အမြဲ အကျိုးအကြောင်းညီတဲ့သူ ဖြစ်နေမှာပဲ။ ဒါပေမဲ့... ခင်ဗျားတို့က ကျွန်တော့်ကို ညစ်ရင်လည်း ကျွန်တော်က လူကောင်းဖြစ်နေတော့မှာ မဟုတ်ဘူး။ ခင်ဗျား နားလည်ရဲ့လား”
ရှားယွီ ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။ သူမက ကျန်းရီနှင့် အတွေးတူကြောင်း ထင်ရှားသည်။ ဟယ်နုန်ယင်းလည်း ခပ်သဲ့သဲ့ ပြုံးလိုက်သည်။ ကျန်းရီ၏ အကျင့်စရိုက်က အမြဲထိုသို့ပင်။ ကျန်းရီ၏ ထိုအကျင့်မှာ ဟယ်နုန်ယင်း သဘောကျသော အရာတစ်ခုလည်း ဖြစ်ပေသည်။
မီးကို မွှေးပြီးသွားပေပြီ။ သို့သော် ထိုသခင်လေး၊ သခင်မလေးများက ချက်ပြုတ်ခြင်းမျိုးကို တစ်ကြိမ်မှ မလုပ်ဖူးကြသဖြင့် ငါးကို မည်သို့ကင်ရမည်ကို မသိပေ။ ကျန်းရီနှင့် ဟယ်နုန်ယင်းတို့ အကြည့်ချင်းဖလှယ်ကာ ခါးသက်သက် ပြုံးလိုက်ကြသည်။ သူတို့နှစ်ယောက် ခွမ်ဟူတို့ကို မောင်းထုတ်လိုက်ပြီး ငါးကို ကိုယ်တိုင်ကင်ကြလေသည်။
ကျန်းရီက ဆင်းဆင်းရဲရဲ ကြီးပြင်းခဲ့ရသူဖြစ်သည်။ ထို့ကြောင့် အချက်အပြုတ်နှင့် အလွန်ရင်းနှီးသည်။ ဟယ်နုန်ယင်းမှာလည်း နာခံတတ်သော ဇနီးမယားတစ်ယောက်အလား ကျန်းရီကို ကူညီပေးနေသည်။ ထိုမြင်ကွင်းက ခွမ်ဟူ၊ ယန်ချီနှင့် အခြားသူများကို မနာလိုဖြစ်သွားစေသည်။ ရှားယွီ၊ လင်းဖေးရှန်းနှင့် ကိုယ်လုပ်တော်ဟွာတို့လည်း ခံစားချက်များ ရှုပ်ထွေးသွားကြသည်။
မိနစ်အနည်းငယ် ကြာပြီးနောက် ငါးကင်နံ့က သင်းလာ၏။ ကျန်းရီ လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
“အားလုံး လာကြ လာကြ၊ ကျွန်တော့် လက်ရာကို လာမြည်းကြည့်ကြဦး။ ဘာဟင်းခတ်အမွှေးအကြိုင်မှာ မပါတော့ အရသာက သိပ်တော့ ကောင်းမှာ မဟုတ်ဘူး။ နည်းနည်း သည်းခံပေးကြပါ”
ရှားယွီက ကြော့ရှင်းစွာ လျှောက်သွားလိုက်၏။ လင်းဖေးရှန်းနှင့် ဧကရာဇ်ငယ်ရွေတို့လည်း တွေးတောကာ လျှောက်သွားကြသည်။ သူတို့သည် ကျန်းရီကမ်းပေးသော ငါးကင်များကို ယူလိုက်ကြသည်။ ခွမ်ဟူတို့မှာမူ မလှုပ်ကြပေ။ ကျန်းရီကလည်း သူတို့ကို အရေးမစိုက်ပါ။ သူနှင့် ဟယ်နုန်ယင်းတို့သည် ထိုသူများ ဖမ်းထားသော ငါးများကိုသာ အားပါးတရ စားနေကြပေသည်။
“မဆိုးဘူး”
ရက်ပေါင်းများစွာ အစာမစားခဲ့ရ၍လော မသိ ရှားယွီက ငါးကင်အရသာကို တဖွဖွ ချီးကျူးနေသည်။ ဧကရာဇ်ငယ်ရွေကလည်း ချီးကျူးသည်။ လင်းဖေးရှန်းမှာလည်း ဟန်မဆောင်ဘဲ စားနေပေသည်။ ထို့ကြောင့် အခြေအနေက ပို၍ ပြေလျော့လာလေသည်။
ခွမ်ဟူတို့မှာမူ အိုးတိုးအမ်းတမ်း ဖြစ်နေကြ၏။ သူတို့သည် ထိုင်ရမလို၊ ထရမလို ဖြစ်နေကြသည်။ အားလုံးက အားပါးတရ စားနေသည်ကို မြင်ရသောအခါ သူတို့လည်း အတန်ငယ် ဗိုက်ဆာလာကြသည်။ သို့သော် သူတို့သည် မာနကို ခဝါမချနိုင်၍ သွားမစားကြပေ။
ကျန်းရီသည် အဝ စားသောက်ပြီးနောက် ဟယ်နုန်ယင်းကို ခေါ်၍ ရေကန်ကို ပတ်ကာ လမ်းလျှောက်လိုက်၏။ ရှားယွီက ရေကန်ဘေးမှ ကျောက်တုံးကြီးတစ်တုံးအပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ အနားယူလိုက်သည်။ လင်းဖေးရှန်းနှင့် ဧကရာဇ်ငယ်ရွေတို့မှာမူ ရေကန်ဘေးတွင် ထိုင်၍ တစ်ယောက်ကိုတစ်ယောက် တီးတိုးပြောနေကြသည်။ ခွမ်ဟူ၊ ယန်ချီနှင့် အခြားသူများကလည်း အတူစုဝေးကာ စကားစမြည် ပြောဆိုနေကြပေသည်။
အားလုံး၏ အကြည့်က ကျန်းရီနှင့် ဟယ်နုန်ယင်းတို့အပေါ်တွင် ရှိနေကြသည်။ သူတို့နှစ်ယောက်က လက်ချင်းချိတ်ကာ ရေကန်ကို ပတ်၍ လမ်းလျှောက်နေသည်ကို ကြည့်ရင်း ခွမ်ဟူ၏ မျက်ဝန်းများထဲတွင် မနာလိုမှုများ တောက်လောင်လာသည်။ သူ ကောင်းကင်ဘုံခုံရုံးကို အရေးမစိုက်တော့ဘဲ ဤနေရာမှ ထွက်သွားလိုစိတ်လည်း အကြိမ်များစွာ ပေါ်မိလေသည်။
ကျန်းရီနှင့် ဟယ်နုန်ယင်းတို့ ရေကန်၏ အခြားတစ်ဘက်သို့ လျှောက်သွားကြ၏။ သူတို့၏ မျက်နှာများက အတန်ငယ် ဝေဝါးလာသည်။ လင်းဖေးရှန်းနှင့် ဧကရာဇ်ငယ်ရွေတို့လည်း ဆွေးနွေးနေမှုကို ရပ်တန့်လိုက်ကြသည်။ လင်းဖေးရှန်းသည် အဆိပ်များ ပြည့်နေသော ခွမ်ဟူ၏ မျက်ဝန်းများကို ကြည့်၍ နူးညံ့စွာ ပြောလိုက်သည်။
“အားလုံးပဲ ကျန်းရီက ဒီမှာ ရှိနေပါပြီ။ တကယ်လို့ ကျွန်မတို့ ကိုယ့်အစွမ်းအစကိုသာ အားကိုးနေရင် ကောင်းကင်ဘုံခုံရုံးကို ယူနိုင်မှာ မဟုတ်ပါဘူး။ ကျွန်မတို့မှာ အခွင့်အရေးတစ်ခုပဲ ရှိတယ်။ ကျွန်မတို့ အတူပူးပေါင်းပြီး ကျန်းရီကို ကိုင်တွယ်ရမယ်၊ ကျန်းရီကို ဖိနှိပ်နိုင်မှ ကျွန်မတို့အတွက် အခွင့်အရေးရမှာ။ အားလုံး ဘယ်လိုထင်ကြပါသလဲ”
ခွမ်ဟူ၊ ယန်ချီနှင့် အခြားသူများ တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြ၏။ ထို့နောက် သူတို့ တုံ့ဆိုင်းမှုမရှိဘဲ ခေါင်းညိတ်ကာ ပြောလိုက်ကြသည်။
“သခင်မလေးဖေးရှန်း ပြောတာ မှန်တယ်။ ကျွန်တော်တို့ သဘောတူတယ်”
ပိယန်နှင့် ကိုယ်လုပ်တော်ဟွာတို့လည်း ခေါင်းညိတ်လိုက်ကြသည်။ နောက်ဆုံးတွင် အားလုံး ကျောက်တုံးကြီးအပေါ်တွင် တင်ပျဉ်ခွေထိုင်နေဆဲဖြစ်သော ရှားယွီကို ကြည့်လိုက်ကြသည်။
ရှားယွီက မျက်လုံးဖွင့်လာသော်လည်း မည်သို့မှ မပြောသေးပေ။ သူမ အဝေးရှိ ကျန်းရီကို ငေးကြည့်ပြီးမှ ပြောလိုက်သည်။
“ကျွန်မတို့ သူ့ကို ဖိနှိပ်ဖို့ အတူပူးပေါင်းနိုင်တယ်။ ဒါပေမဲ့... စည်းတော့ကျော်လို့ မဖြစ်ဘူး။ ကျွန်မတို့ အကုန်လုံးက လူသားတွေပဲ။ ကျွန်မတို့ ကောင်းကင်ဘုံခုံရုံးအတွက် တိုက်ခိုက်ကြတာ အပြစ်မဟုတ်ပါဘူး။ တမလွန်ဘုံမျိုးနွယ် ရှိနေသေးသ၍ လူသားမျိုးနွယ်က စွမ်းအားကြီးသိုင်းသမားတွေ ထိခိုက်သွားလို့ မဖြစ်ဘူး။ အဲ့တော့ ရှင်တို့ ကျန်းရီကို သတ်မယ်ဆိုရင်တော့ ကျွန်မ လက်မခံနိုင်ဘူး”
လင်းဖေးရှန်း၏ မျက်ဝန်းများ အရောင်လက်သွား၏။ သူမ ခပ်သွက်သွက် ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ကောင်းပြီ၊ အဲ့လိုဆို ပြီးပြီပေါ့။ ကျွန်မတို့ အတူပူးပေါင်းပြီး တောင်ပေါ်ကို တက်ကြမယ်။ ပြီးရင် ကျန်းရီကို ဖိနှိပ်ဖို့ အခွင့်အရေးတစ်ခု ရှာကြတာပေါ့”
***