← Chapters

အလကားလိုက်သူ

Vol. 141 Ch. 1963

အလကားလိုက်သူ

Vol. 141 Ch. 1963

“ကျန်းရီ.. သူတို့က အင်အားပူးပေါင်းပြီး ရှင့်ကို ဖိနှိပ်မှာ မစိုးရိမ်ဘူးလား”

ကျန်းရီနှင့် ဟယ်နုန်ယင်းတို့က လက်ချင်းချိတ်ကာ ရေကန်ဘေးတွင် လမ်းလျှောက်နေကြသည်။ ဟယ်နုန်ယင်းသည် လင်းဖေးရှန်းနှင့် အခြားသူများ၏ ဝေဝါးဝါးပုံရိပ်များကို ကြည့်ကာ စိုးရိမ်စွာ မေးလိုက်သည်။

ကျန်းရီသည် အဝေးကို မျှော်ကြည့်ကာ ပြုံးလိုက်၏။

“တကယ်တော့ ကိုယ် နုန်ယင်းကို လမ်းလျှောက်မယ်ဆိုပြီး ဒီကို ခေါ်လာခဲ့တာ သူတို့ကို ပူးပေါင်းဖို့ အခွင့်အရေး ပေးဖို့ပဲ။ ကိုယ် လူတစ်ယောက်ရဲ့ စရိုက်အမှန်ကို မြင်ချင်တယ်”

“ဘယ်သူလဲ”

ဟယ်နုန်ယင်းက မျက်မှောင်ကြုတ်ကာ မေးသည်။

“ရှားယွီလား...”

“ဟုတ်တယ်...”

ကျန်းရီ ခေါင်းညိတ်ကာ ပြော၏။

“သူနဲ့ပတ်သတ်ပြီး ဘာမှ မှားနေတယ်လို့ မထင်ရဘူး။ ပြောရရင် သူက အရမ်းပြီးပြည့်စုံပြီး သဘောထားကြီးတယ်။ နုန်ယင်းလိုပဲ သူက အမှန်နဲ့ အမှားကို ခွဲခြားနိုင်တဲ့ ကြင်နာတတ်တဲ့သူတစ်ယောက်ပဲ။ သူက အရမ်း ပါရမီထူးတယ်၊ ကြောက်စရာကောင်းလောက်အောင် ပါရမီထူးတယ်။ ဒါပေမဲ့ ကိုယ် သူ့ကို စမ်းသပ်ချင်သေးတယ်။ ဒီနေရာက လူတိုင်းက ကောင်းကင်ဘုံခုံရုံးကို လိုချင်ကြတယ်။ ရှားယွီကလည်း သေချာပေါက် လက်လျှော့မှာ မဟုတ်ဘူး။ အဲ့လိုရတနာတစ်ခုရဲ့ ဆွဲဆောင်မှုနဲ့တောင် သူရဲ့နှလုံးသားကို ထိန်းထားနိုင်ပြီး ဘာပြစ်ချက်မှ မပြဘူးဆိုရင် သူက အဆင်ပြေမှာပါ။ အဲ့လို မဟုတ်ရင်တော့ သူက အရမ်းကြောက်စရာကောင်းတဲ့သူ တစ်ယောက်ပဲ။ ကိုယ့်ကိုတောင် လှည့်စားနိုင်တဲ့လူတစ်ယောက်က ဘယ်လောက်ကြောက်စရာကောင်းမယ်ဆိုတာ နုန်ယင်း တွေးကြည့်နိုင်ပါတယ်”

“တကယ်လို့ ရှားယွီက ရှင်နဲ့ တိုက်ခိုက်မယ်ဆိုရင် သူ့ကို နိုင်လိမ့်မယ်လို့ ရှင် ယုံကြည်မှု ရှိလား”

ဟယ်နုန်ယင်းက စိုးရိမ်တကြီး မေး၏။

ကျန်းရီ ခေါင်းညိတ်သည်။

“ပြောရရင် ကောင်းကင်ဘုံခုံရုံးရဲ့ ပဉ္စမအထပ်က အကောင်းဆုံး တိုက်ပွဲပြင်ပဲ။ ဘာအစီအရင်မှ ရှိမှာ မဟုတ်ဘူး။ ကိုယ်သာ အစွမ်းကုန် ထုတ်သုံးနိုင်မယ်ဆိုရင် ဗဟိုချက်ကို မရရင်တောင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မှာပါ”

“အဲ့လိုဆို တော်သေးတာပေါ့”

ဟယ်နုန်ယင်း ခေါင်းညိတ်လိုက်၏။ ကျန်းရီက စိတ်ဆုံးဖြတ်ပြီးပြီဖြစ်ရာ သူမ မည်သို့မှ ပြောတော့မည် မဟုတ်ပေ။ ကျန်းရီက သူမ၏ အသက်ကို ကယ်ခဲ့ခြင်းဖြစ်ရာ ကျန်းရီနှင့်အတူ အသက်ဆုံးရှုံးရမည်ဆိုလျှင်လည်း သူမ စိတ်မရှိချေ။ အကယ်၍ ရှားယွီနှင့် လင်းဖေးရှန်းတို့က အင်အားပူး‌ပေါင်းလိုက်လျှင် သူမလည်း ကျန်းရီဘက်မှ ဝင်ကူမည်ဖြစ်သည်။

ကျန်းရီတို့နှစ်ယောက် ရေကန်ကို တစ်ပတ်ပတ်ပြီးချိန်တွင် တစ်ဘက်မှ ဆွေးနွေးမှုကလည်း ပြီးဆုံးသွားပြီဖြစ်သည်။ ကျန်းရီသည် အားလုံးက လုံလောက်အောင် အနားယူပြီးကြောင်း တွေ့လိုက်၍ လက်ဝှေ့ယမ်းကာ ပြောလိုက်၏။

“တောင်ပေါ်တက်ကြမယ်”

“ကောင်းပြီ”

ရှားယွီသည် တောင်ကြီးဆီသို့ လျှောက်သွားလိုက်၏။ လင်းဖေးရှန်းနှင့် ဧကရာဇ်ငယ်ရွေတို့လည်း ထရပ်လိုက်ကြသည်။ ကျန်းရီသည် ခွမ်ဟူနှင့် အခြားသူများကို ကြည့်ကာ ပြောလိုက်လေသည်။

“မင်းတို့က ဘာကို ‌စောင့်နေကြတာလဲ။ မိစ္ဆာသစ်ပင်တွေကို သွားဖျက်ဆီးကြတော့လေ”

ခွမ်ဟူသည် ကျန်းရီကို စိုက်ကြည့်ကာ ပြန်ပြောသည်။

“မင်းကရော ဘာလို့ မသွားတာလဲ”

“ငါ့တိုက်ကွက်က ပိုကြောက်စရာကောင်းတယ်...”

ကျန်းရီက ပခုံးတွန့်ကာ ပြောသည်။

“ငါ့တိုက်ကွက်ကို သုံးလိုက်ရင် မင်းကိုသာ သတ်မိသွားမှာ စိုးလို့ပဲ။ နုန်ယင်း... ကိုယ့်အစား တိုက်ခိုက်လိုက်ပါ”

“အွန်း...”

ဟယ်နုန်ယင်းက တောင်ဆီ လျှောက်သွား၍ ခွမ်ဟူနှင့် အခြားသူများ ရင်ထဲမှ ဆဲဆိုကာ တောင်ဆီသို့ ပြေးသွားလိုက်ကြရသည်။ အားလုံးသည် ဆွေးနွေးထားသည့်အတိုင်း လူခွဲ၍ အလုပ်လုပ်ကြ၏။ ခွမ်ဟူ၊ ယန်ချီ၊ ဧကရာဇ်ငယ်ရွေနှင့် ပိယန်တို့က အရှေ့ဆုံးတွင် နေသည်။ ဟယ်နုန်ယင်းနှင့် ကိုယ်လုပ်တော်ဟွာတို့က အနောက်မှ ကူညီပေးသည်။ လင်းဖေးရှန်းနှင့် ရှားယွီတို့ကမူ နောက်ဆုံးမှ အစွမ်းထက်တိုက်ကွက်များကို သုံးကာ မိစ္ဆာသစ်ပင်များကို ဖျက်ဆီးပစ်ကြလေသည်။

မိစ္ဆာသစ်ပင်များက လှုပ်ရှားနိုင်သော်လည်း တောင်မှ ထွက်မသွားနိုင်ကြပေ။ ထို့ကြောင့် ၎င်းတို့က အန္တရာယ်များပုံ ပေါ်သော်လည်း လူများစွာ အတူပူး‌ပေါင်းထားမည်ဆိုလျှင် ၎င်းတို့ကို ကိုင်တွယ်ရန် လွယ်ကူပေသည်။

ဧကရာဇ်ငယ်ရွေ၊ ခွမ်ဟူ၊ ယန်ချီနှင့် ပိယန်တို့က မိစ္ဆာသစ်ပင်များကို မျှားခေါ်ကြ၏။ မိစ္ဆာသစ်ပင်များ လိုက်သွားသည်နှင့် ဟယ်နုန်ယင်းနှင့် ကိုယ်လုပ်တော်ဟွာတို့က တိုက်ခိုက်ကာ မိစ္ဆာသစ်ပင်များကို ဖိနှိပ်၍ ဧကရာဇ်ငယ်ရွေတို့ ဘေးကင်းကင်း ပြန်ဆုတ်နိုင်အောင် လုပ်ပေးကြသည်။ နောက်ဆုံးတွင်မူ ရှားယွီနှင့် လင်းဖေးရှန်းတို့က တိုက်ခိုက်ကာ သစ်ပင်ကို အပြင်းအထန် ထိခိုက်သွားစေလေသည်။

ဝုန်း...ဝုန်း...ဝုန်း...

အလင်းတန်းများ ပျံထွက်လာပြီး မိစ္ဆာသစ်ပင်များ၏ ဆယ်ချီသော သစ်ကိုင်းများ တစ်ကိုင်းပြီးတစ်ကိုင်း ကျိုးပြတ်သွားကြသည်။ မိစ္ဆာသစ်ပင် ခုနစ်ပင်၊ ရှစ်ပင်လည်း ပြင်းထန်စွာ ထိခိုက်သွားကြသည်။ ရှားယွီသည် ကြောက်မက်ဖွယ် အလင်းဓားတစ်လက်ကို ထုတ်၍ သစ်ပင်ကြီးတစ်ပင်ကို ခုတ်ပိုင်းလိုက်၏။ လင်းဖေးရှန်းကလည်း လေးရောင်ခြယ် အလင်းတန်းကို ထုတ်လွှတ်ကာ ဧရာမသစ်ပင်ကြီးတစ်ပင်ကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေလိုက်လေသည်။

‘အနှစ်သာရလေးမျိုးကို ပေါင်းစည်းထားတာလား’

ကျန်းရီသည် အနောက်မှ ကြည့်နေရင်း ခေါင်းဆတ်လိုက်၏။ အနှစ်သာရလေးမျိုးကို ပေါင်းစည်းထားခြင်းမှာ အမှန်ပင် ကြောက်မက်ဖွယ်ကောင်းသည်။ တောက်လန်ပင် အနှစ်သာရသုံးမျိုးကိုသာ ပေါင်းစည်းနိုင်သေးသည်။ သို့သော် လင်းဖေးရှန်း၏ ကောင်းကင်စွမ်းအားက လုံလောက်အောင် မမြင်သေး၍ သူမ၏တိုက်ခိုက်စွမ်းအားက တောက်လန်၏ တိုက်ခိုက်စွမ်းအားနှင့် အတူတူသာ ဖြစ်နေသည်။

အချီအနည်းငယ် တိုက်ခိုက်ပြီးနောက် အားလုံး ပို၍ ကျင်လည်လာကြ၏။ ယခုတွင် မိစ္ဆာသစ်ပင်များကို ခွမ်ဟူနှင့် ဧကရာဇ်ငယ်ရွေတို့ကသာ မျှားခေါ်ကြတော့သည်။ ကျန်သောသူများမှာမူ နောက်မှနေ၍ အတူတိုက်ခိုက်ကြသည်။ ထိုနည်းက သူတို့၏ အမြန်နှုန်းကို များစွာတိုးတက်လာစေပေသည်။

ကျန်းရီသည် တစ်ခဏမျှ ကြည့်နေပြီးနောက် ရေကန်ဘေးမှ ကျောက်တုံးကြီးပေါ်တွင် အေးအေးလူလူ တင်ပျဉ်ခွေသွားထိုင်လိုက်၏။ သူ အားလုံးကိုပင် ကျောခိုင်းကာ တရားထိုင်လိုက်သေးသည်။

‘တရားလွန်လိုက်တာ၊ အရမ်းတရားလွန်တာပဲ’

ခွမ်ဟူသည် ကျန်းရီကို လှမ်းကြည့်လိုက်ပြီးနောက် စိတ်ထဲမှ ကျိန်ဆဲလိုက်၏။ လင်းဖေးရှန်းနှင့် ဧကရာဇ်ငယ်ရွေတို့လည်း မျက်နှာပျက်နေကြသည်။ အားလုံးက တောင်‌ပေါ်တွင် ကြိုးစားတိုက်ခိုက်နေကြသော်လည်း ကျန်းရီက အေးအေးလူလူ ကျင့်ကြံနေသည်လော။ ကျန်းရီက မည်မျှ မျက်နှာအရေထူကြောင်း သူတို့ သိလိုက်ရပေပြီ။

သို့သော် မည်သူမှ စကားတစ်ခွန်းမှ မပြောဝံ့ကြပေ။ မည်သူကမှ ကျန်းရီကို များစွာအပြစ်ပြုဝံ့ကြပါ။ အကယ်၍ ကျန်းရီ ဒေါသထွက်သွားလျှင် မည်သူက သူ၏ ကြောက်မက်ဖွယ် တိုက်ခိုက်စွမ်းအားကို ခံနိုင်မည်နည်း။

အမှန်တွင်...

အားလုံးသည် ကျန်းရီ၏ တိုက်ခိုက်စွမ်းအားကို ရှင်းလင်းစွာ သိမထားကြပါ။ သို့ရာတွင် ကျန်းရီ အလွန်ကျော်ကြားသည်။ ခွမ်ဟူနှင့် အခြားသူများပင် ကျန်းရီ၏ ဖမ်းဆီးမှုကို ခံခဲ့ရသည်။ ယင်းနောက် ကျန်းရီသည် မိစ္ဆာချေဖျက်စစ်တပ် အပြင်ဘက်တွင် မိုးပြာမဟာဧကရာဇ်နှင့် တိုက်ခိုက်ခဲ့သေးသည်။ မည်သူကမှ အသေးစိတ်ကို မသိသော်လည်း ကျန်းရီက အလွယ်တကူ လွတ်မြောက်သွားခဲ့ပြီး မိုးပြာမဟာဧကရာဇ်က ထိုအကြောင်းကို ပါးစပ်ပိတ်ထားသည်မှာမူ အမှန်တရားဖြစ်သည်။ ယင်းနှင့်ပင် ကျန်းရီကို ရှိန်နေရန် လူများအတွက် လုံလောက်ပြီဖြစ်သည်။

ကျန်းရီ၏ လက်အောက်တွင် မိစ္ဆာအရှင်တစ်ပါးလည်း ရှိ‌သေး၏။ ထိုမိစ္ဆာအရှင်က ယန်မဟာဧကရာဇ်နှင့် ရူးသွပ်မဟာဧကရာဇ်တို့ထက်ပင် များစွာပိုသန်မာသည်။ ကျန်းရီက ထိုကဲ့သို့သော မိစ္ဆာအရှင်တစ်ပါးကိုပင် လက်အောက်တွင် ထားနိုင်ပြီး တမလွန်ဘုံမျိုးနွယ်၏ ပိုင်နက်များထဲတွင် အကြာကြီး ပုန်းအောင်းနေနိုင်ခဲ့ရာ အားလုံး၏ ရင်ထဲတွင် ကျန်းရီကို ရှိန်နေကြပေသည်။

ကျန်းရီက ဝင်မကူပေးခြင်းကြောင့် မကျေမနပ် မဖြစ်သူမှာ ရှားယွီတစ်ယောက်တည်းသာရှိသည်။ ကျန်းရီ ဝင်မကူလျှင်ပင် သူမသည် ကိုယ်စွမ်းကိုယ်စနှင့် တောင်ပေါ်သို့ တက်နိုင်မည် ဖြစ်သည်။

ကျန်းရီ ဝင်မတိုက်ခိုက်ခြင်းမှာ သူ့တိုက်ခိုက်စွမ်းအားကို ဖုံးကွယ်ထားလို၍ပင်။ ရှားယွီက ဤတစ်လျှောက်လုံး သူမ၏ မသေမျိုးဝိညာဉ်ချီကို မသုံးသေးပေ။ သူမသည်လည်း သူမ၏ တိုက်ခိုက်စွမ်းအားကို ဖုံးကွယ်ထားသည်လော။

မည်သူကမှ မည်သို့မှ မပြောဝံ့ရာ အားလုံးသည် ကျန်းရီကို လျစ်လျူရှု၍ မိစ္ဆာသစ်ပင်များကိုသာ ဆက်ရှင်းလိုက်ကြသည်။ စွမ်းအားကြီး သိုင်းသမားများစွာက အတူပူးပေါင်း တိုက်ခိုက်နေကြခြင်းဖြစ်ရာ ရှင်းလင်းနှုန်းမှာ မနှေးပေ။

ဤတောင်က ပေတစ်သောင်း မြင့်သည်။ မိစ္ဆာသစ်ပင်များက တောင်တစ်ဘက်တွင်သာ ရှိသည်ဖြစ်သော်လည်း အရေအတွက်မှာ မရေမတွက်နိုင်အောင်ပင်။ ၎င်းတို့အားလုံးကို ဖျက်ဆီးနိုင်ရန် ရက်အနည်းငယ် လိုအပ်ပေလိမ့်မည်။

လင်းဖေးရှန်းတို့သည် ဉာဏ်ကောင်းကြ၏။ ရက်တိုင်း သူမတို့သည် နာရီနှစ်ဆယ်ကျော် အနားယူကာ ကောင်းကင်စွမ်းအား ပြန်ဖြည့်တင်းကြသည်။ ကျန်းရီက သူတို့ကို အလစ်မတိုက်ခိုက်နိုင်ရန် သူတို့၏ အခြေအနေကို အကောင်းဆုံးတွင် အမြဲ ရှိနေစေပေသည်။

ကျန်းရီက တင်ပျဉ်ခွေထိုင်၍ တိတ်တဆိတ် ကျင့်ကြံနေ၏။ သူက စိတ်နစ်နေပုံပင်။ သူသည် မည်သူ့ကိုမှ အာရုံမထားပေ။ ဟယ်နုန်ယင်းက သူ့ဘေးသို့ လျှောက်လာပြီး အနားယူချိန်တွင်ပင် သူ မျက်လုံးဖွင့်မကြည့်ပါ။

သုံးရက်ကြာပြီးနောက်...

မိစ္ဆသစ်ပင်တစ်ဝက်လောက်ကို ရှင်းပစ်ပြီးပေပြီ။ ယခုတွင် သစ်ပင်များကို မျှားခေါ်ရန် ရှင်းပစ်ရန်မှာ ပိုခက်ခဲကာ ပိုအန္တရာယ်များလာပြီဖြစ်သည်။ ရှင်းလင်းနှုန်းမှာလည်း များစွာပိုနှေးလာသည်။

အားလုံးသည် မိစ္ဆာသစ်ပင်များကို တစ်ရက်ကြာ ရှင်းလင်းပြီးနောက် ပြန်လာ၍ အနားယူကြ၏။ ထိုစဉ် ကျန်းရီက ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး ရှင်းလင်းလာသော တောင်ကို ကြည့်ကာ ပြုံးလိုက်လေသည်။

“အားလုံးပဲ... ပင်ပန်းသွားပြီ။ မိစ္ဆာသစ်ပင်တွေကို နောက်သုံးရက် ဆက်ရှင်းကြတာပေါ့။ ကျွန်တော် အားလုံးကို တောင်ပေါ်ကို ‌ခေါ်သွားပေးမယ်။ မဟုတ်ရင် အားလုံးက ကျွန်တော့်ကို အလကားလိုက်တဲ့သူလို့ ပြောနေဦးမယ်”

“ကောင်းပြီ...”

လင်းဖေးရှန်း၏ မျက်ဝန်းများ တောက်ပလာသည်။ သူမ ခေါင်းညိတ်ကာ သဘောတူလိုက်ပေသည်။ သူမတို့ သစ်ပင်များကို နောက်သုံးရက် ဆက်ရှင်းမည်ဆိုလျှင် ၎င်းတို့အများစုကို ရှင်းပြီးပေလိမ့်မည်။ ထိုအခါ မိစ္ဆာသစ်ပင် ထောင်ဂဏန်းအနည်းငယ်သာ ကျန်မည်ဖြစ်သည်။ ကျန်းရီက အားလုံးကို တောင်ပေါ်သို့ တစ်ယောက်တည်း ဦးဆောင်ခေါ်သွားမည်ဟု ပြောလိုက်ပြီဖြစ်ရာ အခြေအနေမှာ ပြီးပြည့်စုံသည်ဟု ပြောရပေမည်။

အားလုံး ကျန်းရီ၏ တိုက်ခိုက်စွမ်းအား အစစ်အမှန်ကို မြင်ရတော့မည်ဖြစ်သည်။ သူတို့ ကျန်းရီ၏ တိုက်ခိုက်စွမ်းအားကိုလည်း လျော့သွားအောင် လုပ်နိုင်မည်။ သို့ဆိုလျှင် ပဉ္စမအထပ်သို့ ရောက်သည်နှင့် သူတို့၏ အခွင့်အရေးက များစွာ ပိုများသွားပေလိမ့်မည်။

ကျန်းရီသည် စကားပြောပြီးနောက် အားလုံးကို လျစ်လျူရှုလိုက်ပြီး ချက်ချင်း မျက်လုံးပြန်မှိတ်ကာ ကျင့်ကြံလိုက်သည်။ လင်းဖေးရှန်းနှင့် အခြားသူများသည် နာရီနှစ်ဆယ်ကျော် အနားယူပြီးနောက် ဆက်တိုက်ခိုက်ကြ၏။ ဤတစ်ကြိမ်တွင် အားလုံး ပို၍ စိတ်သက်တောင့်သက်သာ ဖြစ်နေကြပေပြီ။ အနည်းဆုံးတော့ ကျန်းရီက အလကားလိုက်မည့်သူ မဟုတ်တော့ပေ။ နောက်ဆုံးအခိုက်တွင် သူ လှုပ်ရှားပေလိမ့်မည်။ ထိုအခိုက်တွင် သူတို့ အခွင့်ကောင်းယူနိုင်လောက်ပေသည်။

သုံးရက်ကြာပြီးနောက် လင်းဖေးရှန်း ခန့်မှန်းထားသလို ဖြစ်လာ၏။ မိစ္ဆာသစ်ပင်များကို ရှင်းလင်းရန်မှာ ပို၍ ပို၍ ခက်ခဲလာသည်။ သုံးရက်အတွင်း သူမတို့ မိစ္ဆာသစ်ပင် ‌ထောင်ဂဏန်း အနည်းငယ်ကိုသာ ရှင်းပစ်နိုင်ခဲ့ကြသည်။ မိစ္ဆာသစ်ပင်များ နှစ်ထောင်ကျော်၊ သုံးထောင်လောက် ကျန်သေးသည်။ ထို့ကြောင့် အားလုံးသည် ကျန်းရီတစ်ယောက်တည်းနှင့် ထိုမိစ္ဆာသစ်ပင်များကို မည်သို့ရှင်းပစ်မည်ကို သိလိုနေကြလေသည်။

ကျန်းရီသည် အချိန်ကိုက် မျက်လုံးဖွင့်လာပြီး တောင်ဆီသို့ တန်းတန်းမတ်မတ် ပြေးသွားလိုက်၏။ ပြေးနေရင်း သူ အော်ပြောလိုက်သည်။

“အားလုံးပဲ ကျွန်တော့်နောက်က လိုက်ခဲ့ကြပါ။ ကျွန်တော် အကုန်လုံးကို တောင်ထိပ်ဆီ ခေါ်သွားပေးမယ်။ အာရုံစိုက်ပြီး ကျွန်တော့်နောက်က လိုက်ကြပါ။ ခင်ဗျားတို့ ပဉ္စမအထပ်ကို မဝင်နိုင်ရင် ကျွန်တော့်ကို အပြစ်မတင်ကြနဲ့”

***

All Chapters