← Chapters

ရပ်တန့်၍ မရနိုင်သော

Vol. 141 Ch. 1964

ရပ်တန့်၍ မရနိုင်သော

Vol. 141 Ch. 1964

အားလုံးသည် အနားယူရန် တောင်ပေါ်မှ ဆင်းဖို့ ဟန်ပြင်နေကြသော်လည်း ကျန်းရီက ထိုအခိုက်တွင် တောင်ပေါ်သို့ တက်လိုနေသည်။ ထို့ကြောင့် အားလုံး စိတ်ထဲမှ ညည်းတွားလိုက်ကြသည်။ သူတို့ ကျန်းရီကို အခွင့်ကောင်းယူလိုသော်လည်း ကျန်းရီကသာ သူတို့ကို အခွင့်ကောင်းယူသွားလေသည်။

သို့သော် အားလုံးသည် တွေးတောပြီးနောက် ကျန်းရီက မိစ္ဆာသစ်ပင်များနှင့် တစ်ကိုယ်တော် တိုက်ခိုက်မည်ကို ကြည့်နေရန် ဆုံးဖြတ်လိုက်ကြ၏။ သူတို့ သူ့အနောက်မှ လိုက်ကာ အနားယူနိုင်သည်။ ကျန်းရီက မိစ္ဆာသစ်ပင်ထောင်ကျော်ကို ဖြတ်ကျော်ပြီး တောင်ထိပ်သို့ ရောက်သွားချိန်တွင် သေချာပေါက် ဒဏ်ရာပြင်းထန်စွာ ရထားရမည် မဟုတ်ပါလား။

“ကျန်းရီ... ကျွန်မ ရှင့်ကို ကူညီပေးမယ်”

ဟယ်နုန်ယင်းက ပြောလိုက်သည်။ သို့သော် ကျန်းရီက ခေါင်းခါ၍ ပြန်ပြော၏။

“ကိုယ့်နောက်ကပဲ လိုက်ခဲ့ပါ။ နုန်ယင်း ဘာမှ လုပ်စရာ မလိုပါဘူး။ ကိုယ့်နောက်က ကပ်လိုက်ခဲ့”

ဟယ်နုန်ယင်း မည်သို့မှ မပြောတော့ဘဲ ကျန်းရီနောက်မှသာ ကပ်လိုက်သွားလိုက်သည်။ အခြားသူများသည်လည်း နောက်ကျန်မနေရစ်လို၍ ကျန်းရီနောက်သို့ လျင်မြန်စွာ လိုက်သွားကြလေသည်။

ဤ ပေတစ်သောင်းမြင့်သော တောင်ပေါ်တွင် မိစ္ဆာသစ်ပင်များ ရှင်းနေပေပြီ။ နေရာများစွာတွင် ဖျက်ဆီးခံထားရသော သစ်ပင်များနှင့် သစ်ကိုင်းများ ပြည့်နှက်နေသည်။ တောင်ထိပ်အနီးတွင်သာ မိစ္ဆာသစ်ပင်များ ခပ်စုစု ရှိနေပေသည်။

ကျန်းရီသည် အထက်သို့ လျင်မြန်စွာ တက်နေ၏။ သူသည် မိစ္ဆာသစ်ပင်များ အနီးသို့ ရောက်သွားသော်လည်း မရပ်တန့်သေးပေ။ ထိုအစား ခန္ဓာကိုယ်ကို လင်းလက်အောင် လုပ်၍ အရှိန်ကို ဆယ်ဆပိုတင်လိုက်သည်။ ထို့နောက် ခက်ထန်သော သားရဲတစ်ကောင်အလား မိစ္ဆာသစ်ပင်များဆီ ပြေးဝင်သွားလေသည်။

“အာ...”

ဟယ်နုန်ယင်းမှလွဲ၍ အားလုံး တုန်လှုပ်သွားကြ၏။ အစောတွင် ကျန်းရီက ဧကရာဇ်အဆင့် အမြန်နှုန်းကို ပြသလိုက်သည် မဟုတ်ပါလား။ ထို့ပြင် သူ့အရှိန်အဝါကလည်း ဧကရာဇ်အဆင့်သို့ ရောက်နေပြီဖြစ်သည်။ ထိုအခိုက်တွင် သူသည် သစ်ကိုင်းများ၏ တိုက်ခိုက်မှုကို ခန္ဓာကိုယ်တလက်လက်နှင့် ရှောင်ရှားသွားသည်။ ပြီးလျှင် သစ်ပင်ကြီးတစ်ပင်ကို လက်သီးဖြင့် ထိုးချလိုက်သည်။ သူ့လက်သီးချက်က သစ်ပင်ပင်စည်တွင် အပေါက်ကြီးတစ်ပေါက် ဖြစ်သွားအောင် ထိုးနိုင်လိုက်၏။ ယင်းနောက် ခြေထောက်ဖြင့် ကန်လိုက်ရာ သစ်ပင်ကြီးက ထက်ပိုင်းကျိုးသွားပြီး အဝေးသို့ လွင့်ထွက်သွားသည်။

‘အဲ့ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ’

ခွမ်ဟူတို့ မှင်တက်သွားကြ၏။ ကျန်းရီ၏ အမြန်နှုန်းနှင့် အင်အားက သေချာပေါက် ဧကရာဇ်အဆင့်တွင် ဖြစ်သည်။ သို့သော် ပြဿနာမှာ ဤကောင်းကင်ဘုံခုံရုံးထဲ ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားများ ဝင်မလာနိုင်သည် မဟုတ်လော။ သို့ဆိုလျှင် ကျန်းရီက မည်သို့ ဝင်လာနိုင်ခဲ့သနည်း။

‘ကျန်းရီက ကောင်းကင်ဧကရာဇ်ရဲ့ ဆက်ခံသူမို့လို့ ကောင်းကင်ဘုံရုံးရုံးရဲ့ အစီအရင်တွေက သူ့ကို မတားခဲ့တာလား။ ကောင်းကင်ဘုံခုံရုံးက အစကတည်းက ကျန်းရီရဲ့အပိုင် ဖြစ်နေပြီလား’

ခွမ်ဟူနှင့် ယန်ချီတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့မျက်လုံးများလည်း မှေးမှိန်သွားကြသည်။ သူတို့ ထင်ထားသလို မှန်နေလျှင် ကောင်းကင်ဘုံခုံရုံးအတွက် တိုက်ခိုက်ခြင်းက ဘာအဓိပ္ပာယ် ရှိတော့မည်နည်း။ ကောင်းကင်ဘုံခုံရုံးက ကျန်းရီ၏ အပိုင် ဖြစ်နေပြီဆိုလျှင် သူတို့က ဤနေရာတွင် ဘာလုပ်နေခြင်းနည်း။

“သူက ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမား မဖြစ်သေးဘူး”

ရုတ်တရက် လင်းဖေးရှန်းက လေသံတိုးတိုးနှင့် ပြောလိုက်၏။ ရှားယွီကလည်း ခေါင်းညိတ်လိုက်သည်။ သူမတို့နှစ်ယောက်စလုံး ကွဲပြားမှုကို ခံစားကြရသည်။ ကျန်းရီ၏ အရှိန်အဝါက အားကောင်းပြီး ဧကရာဇ်အဆင့် အရှိန်အဝါနှင့် ဆင်သော်လည်း သေချာစူးစမ်းကြည့်မည်ဆိုလျှင် ကွဲပြားမှုအချို့ ရှိနေသေးကြောင်း သိရပေလိမ့်မည်။

‘ကျန်းရီကလည်း မသေမျိုးဝိညာဉ်ခန္ဓာကို ပိုင်ဆိုင်ထားတာလား။ သူက မသေမျိုးဝိညာဉ်ချီကို သုံးပြီး သူ့တိုက်ခိုက်စွမ်းအားကို ဧကရာဇ်အဆင့်အထိ တိုးမြှင့်လိုက်တာလား’

ခွမ်ဟူနှင့် အခြားသူများ၏ စိတ်ထဲတွင် အထက်ပါ မေးခွန်းများ ထွက်ပေါ်လာ၏။ သို့သော် ယခုတွင် ထိုအကြောင်းကို တွေးနေရန် အချိန်မရှိပေ။ ကျန်းရီသည် လေပြင်းတစ်ချက်အလား မိစ္ဆာသစ်ပင်အုပ်ဆီသို့ ပြေးသွားနေသည်။ သူ ဘယ်ညာ ရှောင်တိမ်းကာ စက္ကန့်အနည်းငယ်အတွင်း သစ်ပင်ကြီးအချို့ကို ဖျက်ဆီးပစ်လိုက်သည်။ သူ လမ်းကြောင်းတစ်ခုကို ဖွင့်ပြီးပေပြီ။

အခြေအနေကို ကြည့်ရပုံအရ ကျန်းရီက မရပ်မနား ထိုးဖောက်သွားမည့်ပုံပင်။ အကယ်၍ အခြားသူများက သူ့နောက်မှ ကပ်မလိုက်လျှင် မကြာခင်မှာပင် သူ့ကို လိုက်မီနိုင်တော့မည် မဟုတ်ချေ။

ဝှစ်...

ဟယ်နုန်ယင်းက တစ်လမ်းလုံး ကျန်းရီနားတွင် ကပ်နေခဲ့၏။ ရှားယွီလည်း နောက်မှ လျင်မြန်စွာ လိုက်လာသည်။ အားလုံးလည်း သတိဝင်လာကာ ကျန်းရီနောက်မှ လိုက်၍ တောင်ထိပ်ဆီသို့ ဦးတည်သွားလိုက်ကြလေသည်။

ကျန်းရီက အရှေ့ဆုံးတွင် ရှိနေ၍ မိစ္ဆာသစ်ပင်များက သူ့ကိုသာ အဓိကထား တိုက်ခိုက်ကြသည်။ မိစ္ဆာသစ်ပင်များတွင် အသိဉာဏ်မရှိချေ။ ထို့ကြောင့် ၎င်းတို့က အရှေ့ဆုံးမှသူကိုသာ တိုက်ခိက်ကြပေသည်။ နောက်မှ လူများမှာ အန္တရာယ်မရှိပါ။

ကျန်းရီက အလွန်ခက်ထန်ပြီး အလွန်လျင်မြန်သည်။ ဟယ်နုန်ယင်းသည် ကျန်းရီကို ကူညီလိုခဲ့သော်လည်း သူမ မည်သို့မှ ဝင်မပါနိုင်ကြောင်း သိလိုက်ရသည်။ သူမတို့ မကူညီရသေးခင်မှာပင် ကျန်းရီက သူမတို့အနား ကပ်လာသည့် မိစ္ဆာသစ်ပင်များကို ဖျက်ဆီးပြီးသွားပေပြီ။ သူမတို့ ဝင်ကူရန် ကြိုးစားလျှင် ကျန်းရီကို ဝင်ရှုပ်သလိုသာ ဖြစ်နေပေလိမ့်မည်။

တောင်ထိပ်သို့ မရောက်နိုင်လျှင် ပဉ္စမအထပ်ထဲ ဝင်နိုင်မည် မဟုတ်ချေ။ ထို့ကြောင့် အဖွဲ့သည် ကျန်းရီနောက်မှ ကပ်လိုက်နေကြသည်။ အကယ်၍ ယခုတွင် ကျန်းရီ တစ်ခုခု ဖြစ်သွားပါက သူတို့လည်း မိစ္ဆာသစ်ပင်များ၏ တိုက်ခိုက်မှုကို ခံရမည်ဖြစ်သည်။ သို့ဖြစ်၍ မည်သူကမှ မဆင်မခြင် မလုပ်ဝံ့ကြချေ။

ရွှစ်...ရွှစ်...

နောက်ဆုံးတွင် ရှားယွီ လှုပ်ရှားလိုက်၏။ လင်းဖေးရှန်းလည်း ထို့အတူ လှုပ်ရှားလိုက်သည်။ အဖွဲ့၏ အမြန်နှုန်းက အလွန်လျင်မြန်နေသော်လည်း အနောက်တွင် ကျန်ခဲ့သည့် မိစ္ဆာသစ်ပင်များက သူမတို့ကို ပြန်တိုက်ခိုက်နေကြပြီဖြစ်သည်။ ထို့ကြောင့် သူမတို့ ရွေးချယ်စရာ မရှိတော့ဘဲ သူမတို့နောက်ကို လိုက်လာသည့် မိစ္ဆာသစ်ပင်များကို တိုက်ခိုက်ရလေသည်.

“ယား...”

ကျန်းရီသည် ရပ်တန့်၍ မရနိုင်သူတစ်ယောက်အလား အရှေ့သို့ တစ်ဖြောင့်တည်း သွားနေသည်။ ငါးမိနစ်အတွင်းမှာပင် သူ ပေထောင်ဂဏန်း အနည်းငယ် တက်ပြီးသွားပြီဖြစ်သည်။ ယခု တောင်ထိပ်သို့ ရောက်ရန် သုံးကီလိုမီတာလောက်သာ လိုတော့သည်။ အားလုံး၏ မျက်လုံးများ လင်းလက်လာသည်။ အကယ်၍ ကျန်းရီသာ နောက်ငါးမိနစ် ဆက်တောင့်ခံနိုင်မည် ဆိုလျှင် သူတို့ တောင်ထိပ်သို့ အောင်အောင်မြင်မြင် ရောက်သွားပေလိမ့်မည်။

ကျန်းရီ တောင့်ခံနိုင်မည်လော။

ယင်းအတွက် ပြဿနာမရှိကြောင်း ထင်ရှားသည်။ သူ့ကိုယ်ထဲတွင် မိုးမြေစွမ်းအားများစွာ ရှိသေးသည်။ ထူးဆန်းသောစွမ်းအင်နှင့် ပေါင်းစည်းထားသော မိုးမြေစွမ်းအားတန်းများကို နေ့တစ်ဝက်လောက်အထိ ပြဿနာမရှိ သုံးနိုင်ပေသေးသည်။

အဖွဲ့သည် တောင်ထိပ်ဆီသို့ လျှပ်စီးအလျင်နှင့် ဆက်ပြေးသွားနေကြသည်။ ဘေးနှစ်ဘက်မှ မိစ္ဆာသစ်ပင်များစွာက သူတို့ကို တိုက်ခိုက်လိုနေကြသော်လည်း အဖွဲ့အနီးသို့ လုံးဝမကပ်နိုင်ကြပေ။

ကျန်းရီ၏ အမြန်နှုန်းမှာ ကြောက်မက်ဖွယ်ပင်။ သူ တစ်ချက်တိုက်ခိုက်လိုက်တိုင်း မိစ္ဆာသစ်ပင်တစ်ပင် ပျက်စီးသွားသည်။ မိစ္ဆာသစ်ပင်များမှာ အနားကပ်မလာနိုင်ကြပါ။ ကျန်းရီသည် အဖွဲ့ကို ဦးဆောင်၍ အဖွဲ့ကို အလွယ်တကူ ခေါ်သွားနေသည်။

ငါးမိနစ်ကြာပြီးနောက် ကျန်းရီသည် အားလုံးကို တောင်ထိပ်ပေါ်သို့ ခေါ်သွားနိုင်လိုက်၏။ တောင်ထိပ်ပေါ်တွင် အမှန်ပင် ယဇ်စင်တစ်စင် ရှိနေသည်။ တောင်ထိပ်မှာ ပြားကပ်နေပြီး အခြားမည်သည့်အရာမှ မရှိချေ။ အဖွဲ့က တောင်ထိပ်ရောက်သွားသောအခါ အောက်မှ မိစ္ဆာသစ်ပင်များက သူတို့နောက် ဆက်မလိုက်ကြာတော့ပေ။ ပတ်ဝန်းကျင်မှာလည်း တဖြည်းဖြည်း ပြန်အေးချမ်းလာသည်။

ဟူး...ဟူး...

ကျန်းရီသည် တောင်ထိပ်သို့ ရောက်ပြီးနောက် အသက်ပြင်းပြင်း ရှူလိုက်၏။ သူသည် ယဇ်စင်ပေါ် ချက်ချင်း မတက်သေးဘဲ ဟယ်နုန်ယင်းကို တောင်ထိပ် ထောင့်တစ်နေရာသို့ ခေါ်သွားပြီး တင်ပျဉ်ခွေထိုင်လိုက်သည်။

“အန်...”

ခွမ်ဟူနှင့် အခြားသူများ အတန်ငယ် မှင်တက်သွားကြ၏။ ကျန်းရီက တောင်ထိပ်သို့ ရောက်ပြီးသော်လည်း ပဉ္စမအထပ်သို့ ချက်ချင်း တက်မသွားသည်လော။ ကောင်းကင်ဘုံခုံရုံး၏ ဗဟိုချက်အား သူများယူသွားမည်ကို သူက မစိုးရိမ်သည်လော။ ကောင်းကင်ဘုံခုံရုံး၏ ဗဟိုချက်ကို ကောင်းကင်ရတနာဟု ခေါ်သည်။ အကယ်၍ သူတို့သာ ကောင်းကင်ရတနာကို ယူနိုင်လိုက်မည်ဆိုလျှင် ကျန်းရီ ကောင်းကင်ဘုံခုံရုံးထဲမှ အသက်ရှင်လျက် ပြန်ထွက်သွားနိုင်တော့မည် မဟုတ်ချေ။

‘ဂရုမစိုက်တော့ဘူးကွာ...’

ခါမ်ဟူနှင့် ယန်ချီတို့သည် တစ်ခဏမျှ တွေးတောပြီးနောက် လင်းဖေးရှန်းတို့နှင့် အကြည့်ချင်းဖလှယ်လိုက်ကြ၏။ ထို့နောက် သူတို့အားလုံး ယဇ်စင်ဆီသို့ ပြေးသွားလိုက်ကြသည်။ ယဇ်စင်ပေါ်သို့ ရောက်သောအခါ သူတို့၏ခန္ဓာကိုယ်များ လင်းလက်သွားပြီး ယဇ်စင်မှနေ၍ ပျောက်ကွယ်သွားကြလေသည်။

ရှားယွီကမူ မလှုပ်ရှားပေ။ သူမ ကျန်းရီကို ကြည့်ကာ ခေတ္တမျှ တွေးတောလိုက်သည်။ နောက်ဆုံးတွင် သူမ များစွာ တွေးမနေတော့ဘဲ ယဇ်စင်ဆီသို့ သွားကာ တည်နေရာပြောင်းရွှေ့သွားလိုက်၏။

“ကျန်းရီ... ရှင် ဘာလို့ မသွားသေးတာလဲ”

ဟယ်နုန်ယင်းသည် ကျန်းရီက ပင်ပန်းမနေကြောင်းသိသည်။ သူ အားနည်းနေခြင်း မဟုတ်လောက်ပေ။ ထို့ကြောင့် သူမ စိုးရိမ်စွာ မေးလိုက်သည်။ ကောင်းကင်ရတနာသာ လုယူခံလိုက်ရလျှင် သူမတို့နှစ်ယောက်စလုံး အန္တရာယ်ကြုံရမည် မဟုတ်လော။

“အလျင်မလိုပါဘူး”

ကျန်းရီ၏ လက်ထဲတွင် နတ်ဘုရားသစ်ရွက် ပြန်လင်းလက်လာ၏။ သူ့စွမ်းအားများ လျင်မြန်စွာ ပြန်ပြည့်လာသည်။ ပြီးမှ သူ ခပ်ရေးရေးပြုံးကာ ပြောလိုက်လေသည်။

“ကောင်းကင်ဘုံခုံရုံးရဲ့ ပဉ္စမအထပ်က အန္တရာယ်အများဆုံး အထပ်ပဲ။ အရင်ဝင်သွားတဲ့သူတွေက အရင်ခံရလိမ့်မယ်။ ကောင်းကင်ရတနာကို ရဖို့ အဲ့လောက်မလွယ်ပါဘူး။ ကိုယ်တို့ ကောင်းကင်ရတနာကို ရလိုက်ရင်တောင် အဝေးကို ယူသွားလို့မရဘူး၊ နေရာမှာပဲ အဲ့ဒါကို သန့်စင်ရမှာ။ ကောင်းကင်ဧကရာဇ်ကို ကိုယ့်ကို ပြောခဲ့တယ်... ကောင်းကင်ရတနာကို သန့်စင်နိုင်ဖို့က နေ့တစ်ဝက်လောက် လိုလိမ့်မယ်တဲ့။ အဲ့တော့ သူတို့ကို အရင်တိုက်ခိုက်ခိုင်းတာက ဘာမှားလို့လဲ”

“ဪ..ဪ...”

ဟယ်နုန်ယင်း စိတ်အေးသွားပြီး ကျန်းရီနှင့်အတူ အနားယူကာ အင်အားနှင့် စွမ်းအင် ပြန်ဖြည့်နေလိုက်သည်။ အစောတွင် ဟယ်နုန်ယင်းလည်း အနောက်မှ မိစ္ဆာသစ်ပင်များကို ဝင်တိုက်ခဲ့ရသည်။ ထို့ကြောင့် သူမ၏ ကောင်းကင်စွမ်းအားက များစွာကုန်ဆုံးသွားခဲ့သည်။ ယခု သူမ အနားယူရပေမည်။

ကျန်းရီနှင့် ဟယ်နုန်ယင်းတို့ တောင်ထိပ်ပေါ်တွင် ဆယ်နာရီကြာ အနားယူလိုက်ကြသည်။ ဆယ်နာရီပြည့်မှ ကျန်းရီ ထရပ်ကာ ပြောလိုက်သည်။

“ကောင်းပြီ၊ အချိန်ကျပြီ။ ကိုယ်တို့ သွားလို့ရပြီ။ မှတ်ထားပါ... ကိုယ်တို့ ပဉ္စမအထပ်ကို ရောက်သွားတာနဲ့ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ကို သုံးလို့ရရင် ကိုယ် နုန်ယင်းကို အဲ့ထဲ ချက်ချင်း ထည့်လိုက်မယ်နော်။ ပဉ္စမထပ်မှာ ကိုယ် ရေခဲအရင်းအမြစ်နဲ့ မီးအရင်းအမြစ်ကို သုံးရနိုင်တယ်။ နုန်ယင်း အပြင်မှာနေရင် ထိခိုက်သွားနိုင်တယ်”

“လေဟာနယ်နတ်ဘုရားအသုံးအဆောင် သုံးလို့မရဘူးဆိုရင်ရော”

ဟယ်နုန်ယင်းက ပြန်မေးသည်။ တစ်ခဏမျှ တွေးတောပြီးနောက် သူမ အံကြိတ်ကာ ဆက်ပြောပေသည်။

“ကျန်းရီ... ကျွန်မ ဒီအထပ်မှာပဲ နေခဲ့ပြီး ပဉ္စမအထပ်ကို လိုက်မလာဘူးဆိုရင်ရော။ အဲ့လိုဆို ရှင် ဘာကိုမှ မငဲ့ရဘဲ အစွမ်းကုန် သုံးနိုင်လိမ့်မယ်။ ရှင် ကျွန်မအတွက် စိုးရိမ်နေစရာ မလိုတော့ဘူးပေါ့။ ကျွန်မ လိုက်တက်လာရင် ရှင့်အတွက် ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်လိမ့်မယ်”

ဟယ်နုန်ယင်း၏ နားလည်ပေးမှုကြောင့် ကျန်းရီ အလွန်စိတ်သက်တောင့်သက်သာ ဖြစ်သွား၏။ သူ ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။

“အဲ့လိုလည်း ကောင်းတာပဲ။ ကိုယ့်ကို ယုံပါ၊ ကိုယ်သေချာပေါက် ကောင်းကင်ဘုံခုံရုံးကို ရအောင်ယူမယ်။ ဒီမှာပဲ ထိုင်စောင့်နေပါ၊ ဘယ်မှ မသွားပါနဲ့”

ဟယ်နုန်ယင်း ခေါင်းညိတ်သည်။ ထို့နောက် ခေတ္တမျှ တွေးတော၍ ပြောလိုက်လေသည်။

“ကျန်းရီ... ရှင် လူမသတ်ဘဲ နေလို့ရရင် မသတ်တာ အကောင်းဆုံးပဲ။ လူသားမျိုးနွယ်မှာ စွမ်းအားကြီး သိုင်းသမားတွေ နည်းနည်းပဲ ကျန်တော့တယ်။ ကျွန်မတို့ အတွင်းပဋိပက္ခတွေ ဆက်ဖြစ်နေလို့ မရဘူး...”

“ကိုယ်သိပါတယ်”

ကျန်းရီသည် ဟယ်နုန်ယင်း၏ နဖူးလေးကို နမ်းလိုက်ပြီး ယဇ်စင်ပေါ်သို့ တက်သွားလိုက်၏။ ထို့နောက် သူ လင်းလက်လာကာ ယဇ်စင်ပေါ်မှာ ပျောက်ကွယ်သွားလေတော့သည်။

***

All Chapters