ခြေတစ်လှမ်းမှားသွားခြင်း
Vol. 141 Ch. 1965
ကျန်းရီ မျှော်လင့်ထားသလိုပင် ပဉ္စမထပ်မှာ ခန်းမကျယ်ကြီးတစ်ခု ဖြစ်သည်။ ခန်းမကြီးက ကြီးမားခမ်းနားလွန်သဖြင့် ကျန်းရီ စိတ်ပင်လှုပ်ရှားမိ၏။
ထိုခန်းမကြီးက အနည်းဆုံး ကီလိုမီတာသုံးဆယ် မြင့်ပေသည်။ ဗလာဖြစ်နေသော ခန်းမအတွင်းပိုင်းတွင် ဧရာမတိုင်လုံးကြီးများစွာ မရေမတွက်နိုင်အောင် ရှိနေသည်။ တိုင်လုံးတစ်လုံးလျှင် အချင်းပေတစ်ရာကြီးသည်။ ထို့ပြင် တိုင်လုံးများပေါ်၌ ပန်းများ၊ ငှက်များ၊ ငါးများ၊ ပိုးကောင်များနှင့် သားရဲပုံများကို ထွင်းထားကြသည်။ ၎င်း ထွင်းပုံများက အလွန်အသက်ဝင်ကြပေသည်။
ထိုအခိုက်တွင် ၎င်း ပန်းများ၊ ငှက်များ၊ ငါးများ၊ ပိုးကောင်များနှင့် သားရဲများက အဖြူရောင်အလင်း ခပ်မှိန်မှိန် ထုတ်လွှတ်နေ၏။ ၎င်းတို့သည် အသက်ရှိသည့်အလား တိုင်လုံးများပေါ်တွင် လှည့်ပတ်ကူးခတ်နေကြလေသည်။
ခန်းမကြီးက ကီလိုမီတာငါးဆယ်လောက် ကျယ်သဖြင့် ကျန်းရီ ခန်းမနံရံများကိုပင် ခပ်ရေးရေးသာ မြင်နေရသည်။ သို့သော် ခန်းမက မည်မျှရှည်ကြောင်းကိုမူ မသိရချေ။ မည်သို့ပင်ဖြစ်စေ ကျန်းရီသည် သူ့အရှေ့တွင် အဆုံးကို မမြင်ရပေ။ ရှားယွီနှင့် အခြားသူများကိုလည်း မတွေ့ပေ။
ခန်းမမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေ၏။ ထို ပန်းများ၊ ငှက်များ၊ ငါးများ၊ ပိုးကောင်များနှင့် သားရဲများက တိတ်ဆိတ်စွာ လှည့်ပတ်ကူးခတ်နေကြသည်။ ခပ်မှိန်မှိန် အလင်းရောင်က လှည့်ပတ်နေရာ ခန်းမမှာ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းနေသည်။
ကျန်းရီ လျှောက်ပတ်မသွားကြည့်ပေ။ ထိုအစား သူ ပတ်ဝန်းကျင်ကိုသာ စူးစမ်းလိုက်သည်။ တစ်ခဏမျှ ကြာပြီးနောက် သူ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်း ဝင်ကာ သေသေချာချာ အာရုံခံလိုက်သည်။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ကောင်းကင်ဘုံခုံရုံး၏ ပဉ္စမထပ်အကြောင်းနှင် ပတ်သတ်၍ အချက်သုံးချက် ပြောခဲ့၏။ အန္တရာယ်၊ ဉာဏ်ရည်နှင့် အံ့အားသင့်မှုတို့ဖြစ်သည်။
အန္တရာယ်ကို ပထမဆုံးနေရာတွင် ထားကြောင်းကို ကြည့်လျှင် ဤနေရာက အလွန်အန္တရာယ်များကြောင်း သိနိုင်သည်။ ထို့ပြင် ယင်းအန္တရာယ်ကို ကျော်ဖြတ်နိုင်ရန် လိုအပ်သည့်အရာမှာ တိုက်ခိုက်စွမ်းအား မဟုတ်ဘဲ ဉာဏ်ရည်ဖြစ်သည်။ ‘အံ့အားသင့်မှု’အတွက်မူ ကျန်းရီလည်း ယခုအထိ နားမလည်သေးပေ။ သူ ဖြည်းဖြည်းချင်း စူးစမ်းသွားရန်သာ ရှိပေသည်။
အတန်ကြာ စူးစမ်းပြီးသည်အထိ ကျန်းရီ မည်သည်ကိုမှ ရှာမတွေ့သေးပေ။ သူ အရှေ့သို့သာ လျှောက်သွားလိုက်ရသည်။ သူ လှုပ်ရှားလိုက်သည့်အခိုက်တွင် ရုတ်ခြည်းပင် ပြဿနာတစ်ခုကို သိလိုက်ရ၏။ ကျန်းရီသည် သူ့ပခုံးထက်သို့ ဧရာမတောင်ကြီးတစ်လုံး ပိကျလာသလို ခံစားလိုက်ရသည်။ ဤအထပ်မှ မြေဆွဲအားက ကြောက်မက်ဖွယ်ကောင်းလောက်အောင် အားကောင်းပေသည်။
‘ဒါက အဆတစ်သိန်း မြေဆွဲအား မဟုတ်လား’
ကျန်းရီ၏ မျက်ဝန်းများ အရောင်လက်သွား၏။ သူ ကိုယ်ထဲမှ မိုးမြေစွမ်းအားကို နှိုးလိုက်ပြီး မြေဆွဲအားကို ခုခံရန် ကြိုးစားလိုက်သည်။ သို့သော် သူ့ခန္ဓာကိုယ်က သန်မာလာလေ သူ့ကို ဖိချထားသော မြေဆွဲအားက ပိုကြောက်မက်ဖွယ်ကောင်းလေ ဖြစ်လာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ သူ့ခြေထောက်များ ညွတ်ခွေသွားပြီး ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကျသွားလေသည်။
‘လခွမ်းပဲ... လခွမ်း’
ကျန်းရီ မိုးမြေစွမ်းအားကို လျင်မြန်စွာ ရုတ်သိမ်းလိုက်ရ၏။ ထိုအခါမှ မြေဆွဲအားက အားနည်းသွားသည်။ ကျန်းရီ၏ မျက်လုံးများ လင်းလက်လာသည်။ သူ ခန္ဓာကိုယ်ထဲတွင် ကောင်းကင်စွမ်းအားပင် မလှည့်ပတ်တော့ပေ။ ထိုသို့လုပ်လိုက်ရာ သူ့ကိုယ်ပေါ်မှ မြေဆွဲအားက အမှန်ပင် လျော့ကျသွားသည်။
‘တကယ်ကိုပဲ... ဒီ အထပ်မှာ ငါ့ရဲ့စွမ်းအားကို မှီခိုလို့မရဘူး။ ဦးနှောက်ကိုပဲ သုံးရမှာပဲ’
ကျန်းရီ အတွေးနက်သွားပြီး အရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။ သူ ပတ်ဝန်းကျင်မှ ပြောင်းလဲမှုအားလုံးကိုလည်း အပြည့်အဝ အာရုံစိုက်ထားပေသည်။ ရှားယွီနှင့် အခြားသူများက ဤအထပ်သို့ တက်လာခဲ့ပြီးဖြစ်သည်။ ယခုအထိ မည်သည့်အန္တရာယ်မှ မကြုံရသေးသော်လည်း ရန်သူကို လျှော့တွက်ခြင်းမှာ သေရန် အလွယ်ဆုံးနည်း ဖြစ်လေသည်။
တစ်လှမ်း၊ နှစ်လှမ်း၊ ဆယ်လှမ်း...
ရုတ်တရက် ကျန်းရီ၏ ခေါင်းအထက်တွင် အလင်းတစ်ချက် လက်လာပြီး မျက်နှာကြက်မှနေ၍ မိုးကြိုးတန်းတစ်တန်း ကျဆင်းလာသည်။ ကျန်းရီ လျင်မြန်စွာ နောက်ဆုတ်လိုက်၏။ သို့သော် မိုးကြိုးတန်းက ကွေးသွားကာ သူ့ဆီသို့ တန်းတန်းမတ်မတ် ဆက်လာ၏။ သူ ၎င်းကို လုံးဝမရှောင်နိုင်ချေ။
ရှစ်...ရှစ်...
မိုးကြိုးတန်းက ကျန်းရီ၏ ဦးခေါင်းကို ထိမှန်သွားသောအခါ သူ့တစ်ကိုယ်လုံး မီးကျွမ်းနံ့ထွက်လာသည်။ သူလည်း ကြမ်းပြင်ပေါ် ဒူးထောက်လဲကျသွားသည်။ သူ့ရုပ်ခန္ဓာက သန်မာ၍သာ တော်သေးသည်။ အစောတွင် သူ မိုးမြေစွမ်းအားသုံး၍ သူ့ရုပ်ခန္ဓာကို အားဖြည့်ခဲ့သည်။ ထို့ပြင် သူသည် မိုးကြိုးလျှပ်စီး၏ အခြေခံအကြောင်းများကို နားလည်ထားပေသည်။ ထို့ကြောင့် သူ၏ မိုးကြိုးလျှပ်စီး ခံနိုင်ရည်က အလွန်ကောင်း၏။ သို့ဖြစ်၍လည်း သူ ပြင်းပြင်းထန်ထန် ဒဏ်ရာရမသွားခြင်းဖြစ်သည်။
ရွှီး...
ကျန်းရီ၏ လက်ထဲတွင် နတ်ဘုရားသစ်ရွက် ထွက်ပေါ်လာ၏။ ထို့နောက် သူ့ဒဏ်ရာများ လျင်မြန်စွာ ပျောက်ကင်းသွားသည်။ သူ ကြောက်ရွံ့စွာနှင့် အရှေ့သို့ ကြည့်လိုက်ပြီး ဤခန်းမထဲမှ ကြမ်းပြင်က ပြောင်မဟုတ်ဘဲ အကွက်များနှင့် ဖြစ်ကြောင်း သိလိုက်ရလေသည်။
“ကျွတ်...”
ကျန်းရီ အတန်ငယ် ခေါင်းကိုက်သွားသည်။ ထိုကြမ်းကွက်များက ဧရာမအစီအရင်ကြီးတစ်ခု ဖြစ်ကြောင်း ထင်ရှားသည်။ သူ နင်း၍ မရသော ကြမ်းကွက်များစွာ ရှိနိုင်သည်။ သို့သော် သူသည် အစီအရင်များအကြောင်းကို များစွာမသိပေ။ သို့ဖြစ်ရာ သူ ဤအစီအရင်ကို မည်သို့ ဖောက်ထွက်ရမည်နည်း။
ရှားယွီတို့ဘက်တွင်မူ အစီအရင်များကို ကျွမ်းကျင်သူများပါသည်။ သူတို့က အစီအရင်ကို အလွယ်တကူ ဖြတ်ကျော်၍ အတွင်းခန်းမထဲ ရောက်နေလောက်ပေပြီ။
‘ဂရုမစိုက်တာ၊ ဂရုမစိုက်တာ’
ကျန်းရီသည် သူက အလွန်ရူးမိုက်သော အမှားတစ်ခုကို ကျူးလွန်မိပြီဖြစ်ကြောင်း သဘောပေါက်သွား၏။ အစတွင် သူသည် အားလုံးကို အရင်ဝင်စေ၍ အထဲရှိ မိစ္ဆာများ၏ တိုက်ခိုက်မှုများကို အရင်ခံစေမည်ဟု တွေးခဲ့၏။ သို့သော် ဤနေရာတွင် အစီအရင်များ ရှိနေလိမ့်မည်ဟု သူ ထင်မထားခဲ့ချေ။ သူသည် သူ့ကိုယ်သူ ဉာဏ်ကောင်းသူဟု ထင်ခဲ့သည်။ သို့သော် ယခုတွင်မူ သူ အချိန်ဆယ်နာရီကို ဖြုန်းပစ်လိုက်သကဲ့သို့သာ ဖြစ်နေလေသည်။
ဤခန်းမက ကြီးမား၏။ သို့သော် ရှားယွီတို့မှာ အစီအရင်ကို ဆယ်နာရီအတွင်း ဖြတ်ကျော်နိုင်ခဲ့လောက်သည်။ ယခုလောက်ဆို သူမတို့သည် အတွင်းခန်းမထဲ၌ ကောင်းကင်ရတနာကို သန့်ပင် သန့်စင်နေလောက်ပေပြီ။
‘ငါ အစွမ်းကုန် သုံးရတော့မှာပဲ’
ကျန်းရီသည် အစီအရင်များအကြောင်းကို နားမလည်သလို အစီအရင်ကို ဖြတ်ကျော်ရန်လည်း အချိန်မရှိပေ။ ထို့ကြောင့် အားသုံး၍ အတင်းထိုးဖောက်သွားခြင်းက ပိုအဆင်ပြေနိုင်သည်။ သူ့ရုပ်ခန္ဓာက သန်မာပြီး သူ့တွင် နတ်ဘုရားသစ်ရွက်လည်း ရှိသည် မဟုတ်ပါလား။ အကယ်၍ ကျလာမည့် မိုးကြိုးလျှပ်စီးတန်းများက ထိုမျှသာ အားကောင်းမည်ဆိုလျှင် သူ့ကို သတ်နိုင်မည် မဟုတ်ပေ။ သူ အတန်ငယ် နာကျင်ရရုံသာ။
ကျန်းရီ ထရပ်ကာ အရှေ့သို့ ဆက်ပြေးလိုက်သည်။ သို့သော် ဆယ်လှမ်းမြောက်တွင် အစောမှ ကြမ်းကွက်ကို မနင်းတော့ဘဲ ဘေးသို့ ခုန်လိုက်သည်။
‘ဘေးကင်းပြီ’
ကျန်းရီ အရှေ့သို့ ဆက်လျှောက်သည်။ သို့သော် ကံဆိုးစွာနှင့် ဆယ့်ငါးလှမ်းမြောက်တွင် သူ မနင်းသင့်သော ကြမ်းကွက်တစ်ခုကို နင်းမိလေသည်။ အထက်မှနေ၍ မိုးကြိုးတန်း ထပ်မံ ကျဆင်းလာသည်။ ဤတစ်ကြိမ်တွင် ကျန်းရီ ပြန်မဆုတ်တော့ဘဲ မိုးမြေစွမ်းအားကို သုံး၍ ခုခံလိုက်၏။
မိုးမြေစွမ်းအားကို သုံးလိုက်သည်နှင့် ကြောက်မက်ဖွယ် မြေဆွဲအားက ကျန်းရီအပေါ် ပိကျလာသည်။ သူ ဒူးတစ်ဘက်ထောက်၍သာ မိုးကြိုးထိမှန်ခံလိုက်ရသည်။ သူ့တစ်ကိုယ်လုံး ထပ်မံနာကျင်သွားသည်။ သူ့ဆံပင်နှင့် အရေပြားများလည်း မည်းနက်သွားသည်။ သူ စိတ်ထဲမှ ကျိန်ဆဲလိုက်၏။ ဤတစ်ခေါက် မိုးကြိုးက အစောမှ မိုးကြိုးထက် ပို၍ အားကောင်းနေပေသည်။
‘ဆက်သွားမယ်’
ကျန်းရီတွင် အခြားသွားစရာနေရာ မရှိပေ။ သူ နတ်ဘုရားသစ်ရွက်ကို သုံးကာ သူ့ခန္ဓာကိုယ်ကို ကုသလိုက်ပြီးနောက် မိုးမြေစွမ်းအားကို ပြန်ရုတ်၍ အရှေ့သို့ ဆက်လျှောက်လိုက်သည်။ ငါးလှမ်းလျှောက်ပြီးနောက်တွင် သူ ကြမ်းကွက်အမှားတစ်ခုကို နင်းမိပြန်သည်။ ဤတစ်ကြိမ်တွင် သူ့ဆံပင်အားလုံး မီးလောင်သွားလေသည်။
မိုးကြိုးက သိပ်အားမကောင်း၍ တော်သေးသည်။ ကျန်းရီ၏ သန်မာသော ရုပ်ခန္ဓာက ၎င်းကို အလွယ်တကူ ခံနိုင်လိုက်သည်။ နတ်ဘုရားသစ်ရွက်၏ ကုသပေးနိုင်စွမ်းက လျင်မြန်သည်။ ထို့ပြင် ကျန်းရီကလည်း စိတ်ဓာတ်ခိုင်မာသည်။ ထို့ကြောင့် အတန်ငယ် နာကျင်ရခြင်းမှာ သူ့အတွက် စာမဖွဲ့လောက်ပါပေ။
ထိုသို့ဖြင့် ကျန်းရီသည် အရှေ့သို့ တရွေ့ရွေ့ လျှောက်လှမ်းနေ၏။ နှစ်နာရီကြာပြီးနောက် သူ ပေတစ်သိန်း လျှောက်နိုင်လိုက်သည်။ သူ သင်ခန်းစာ ရခဲ့ပြီးဖြစ်သည်။ ယခုတွင် သူ ကြမ်းကွက်ဆယ်ကွက်ကျော်ကို တစ်လှမ်းတည်းနှင့် ခုန်ကျော်သည်။ သူ မိုးမြေစွမ်းအား၊ ကောင်းကင်စွမ်းအားကို မသုံးသော်လည်း သူ့ရုပ်ခန္ဓာက အလွန်သန်မာနေသေးသည်။ ထို့ကြောင့် ကြမ်းကွက်ဆယ်ကွက်ကျော်ကို ခုန်ကျော်ရန်မှာ မခက်ပေ။ ထို့ပြင် ယင်းသို့ ခုန်ကျော်ခြင်းအားဖြင့် ကြမ်းကွက်အမှားများကို နင်းမိနိုင်ခြေလည်း များစွာလျော့ကျသွားပေသည်။
ဝုန်း...
ကျန်းရီ ထပ်မံ၍ မိုးကြိုးပစ်ချ ခံလိုက်ရ၏။ ဤတစ်ကြိမ်တွင် သူ့ဒဏ်ရာများက ပိုပြင်းထန်လာသည်။ သူ အလွန်နာကျင်နေပေသည်။ သူ အရှေ့မှ ခန်းမကြီးကို ကြည့်လိုက်၏။ ယခုအထိ အဆုံးကို မမြင်ရသေးပေ။ သူ့မျက်ဝန်းများ မှေးမှိန်လာသည်။ ဤအတိုင်းသာ ဆက်သွားမည်ဆိုလျှင် သူ အတွင်းခန်းမထဲ မရောက်ခင်မှာပင် မိုးကြိုးပစ်ခံရကာ သေသွားပေလိမ့်မည်။
‘ငါ ဘာလုပ်သင့်လဲ’
ကျန်းရီသည် ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်၏။ သူ့အတွေးများ ချာချာလည်နေသည်။ သူ၏ဉာဏ်ရည်အပေါ် မှီခိုရမည်ဟု ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ပြောခဲ့သည်။ ဤအထပ်ကို အားသက်သက်နှင့် ဖြတ်ကျော်နိုင်ရန် အလွန်ခက်ခဲမည်ဖြစ်သည်။
ဤနေရာမှ မြေဆွဲအားက အလွန်အားကောင်းသည်။ အကယ်၍ ကျန်းရီ မပျံသန်းနိုင်လျှင် ကြမ်းကွက်များကို နင်းရပေမည်။ အစီအရင်များကို ကျန်းရီ လျှော့မတွက်ဝံ့ပါ။ ထို့ကြောင့် မည်သည့်ကြမ်းကွက်က အစီအရင်အား ပွင့်စေမည်ကိုသာ သူ ဆုံးဖြတ်ရမည်ဖြစ်သည်။
အကယ်၍ ကျန်းရီသာ မိုးမြေစွမ်းအားနှင့် ကောင်းကင်စွမ်းအားကို သုံးလိုက်မည်ဆိုလျှင် ပေထောင်ဂဏန်းအနည်းငယ်လောက် ပျံသန်းနိုင်သည်။ သို့သော် ပြဿနာမှာ မိုးမြေစွမ်းအားကို သုံးလိုက်သည်နှင့် သူ့အပေါ်ကျလာသည့် မြေဆွဲအားက အဆပေါင်းများစွာ ပိုအားကောင်းလာခြင်းပင်။ ထိုအခါ သူ ရပ်ပင် မရပ်နိုင်တော့ပါ။ သို့ဖြစ်ရာ မည်သို့ ပျံသန်းရမည်နည်း။
လမ်းဆုံးပေပြီ။
ကျန်းရီသည် တွေးတောပြီးနောက် ဖြေရှင်းနည်းမရှိကြောင်း သဘောပေါက်သွား၏။ ဗလာဖြစ်နေသော ခန်းမကျယ်ကြီးကို သူ လှည့်ပတ်ကြည့်လိုက်ပြီး ဤအခြေအနေမှ ဖောက်ထွက်နိုင်မည့် နည်းလမ်းတစ်ခုကို ရှာရန် ကြိုးစားလိုက်သည်။
အချိန်ကြာလာသည်နှင့်အမျှ ရှားယွီနှင့် လင်းဖေးရှန်းတို့ ကောင်းကင်ဘုံခုံရုံးကို ရသွားနိုင်ခြေ ပိုမြင့်လာမည်ဖြစ်သည်။ ထို့ကြောင့် ကျန်းရီ အတွင်းခန်းမဆီသို့ အမြန်ဆုံး ရောက်ရန်လိုအပ်သည်။
‘တိုင်လုံးတွေ’
နောက်ဆုံးတွင် ကျန်းရီ၏ အကြည့်က တိုင်လုံးများပေါ်သို့ ကျရောက်သွား၏။ ဤခန်းမထဲမှ မရေမတွက်နိုင်သော တိုင်လုံးများမှလွဲ၍ အခြားမည်သည့်အရာမှ ရှိမနေချေ။ ဤအခြေအနေမှ ဖောက်ထွက်လိုလျှင် သူ ထိုတိုင်လုံးများကို ကြည့်ရန် လိုအပ်လောက်သည်။
ကျန်းရီသည် တိုင်လုံးတစ်လုံးအနီးသို့ ကပ်သွားပြီး ၎င်းပေါ်မှ ထွင်းပုံများကို သေသေချာချာ စူးစမ်းလိုက်၏။
ရွှီး...
ထိုအခိုက်တွင် တိုင်လုံးများက ရုတ်တရက် လင်းလက်လာ၏။ ပန်းပုံများ၊ ငှက်ပုံများ၊ ငါးပုံများ၊ ပိုးကောင်ပုံများနှင့် သားရဲပုံများအားလုံး နတ်ဘုရားအလင်း တောက်ပလာကြသည်။ ၎င်းတို့သည် တိုင်များကို ပတ်ကာ ပျော်ပျော်ရွှင်ရွှင် ကူးခတ်နေကြပေသည်။ ခန်းမတစ်ခုလုံးလည်း တိုင်လုံးများကြောင့် လင်းထိန်လာသည်။
‘ဘာဖြစ်နေတာလဲ’
ခန်းမထဲတွင် မူမမှန်မှုတစ်ခု ဖြစ်လာသော်လည်း ယင်းက ကျန်းရီကြောင့် ဖြစ်လာခြင် မဟုတ်ပေ။ သူ တိုင်ကို ကိုင်ပင် မကိုင်ရသေးပါ။ ထို့ကြောင့် အခြားတစ်ယောက်က ဤခန်းမထဲမှ အစီအရင်ကို နှိုးလိုက်ခြင်းသာ ဖြစ်မည်။
ထိုအခိုက်တွင် ကျန်းရီ မကောင်းသောနမိတ်တစ်ခုကို ခံစားလိုက်ရသည်။ ရှားယွီ သို့မဟုတ် လင်းဖေးရှန်းက ကောင်းကင်ရတနာကို စတင်သန့်စင်နေလောက်ပေပြီ။
ခြေတစ်လှမ်းမှားခြင်းက ခြေလှမ်းတိုင်းကို မှားသွားစေပေသည်။
***