← Chapters

နှလုံးသားမဲ့တယ်လို့ အပြစ်မတင်နဲ့

Vol. 141 Ch. 1966

နှလုံးသားမဲ့တယ်လို့ အပြစ်မတင်နဲ့

Vol. 141 Ch. 1966

‘စိတ်အေးအေးထား’

ကျန်းရီသည် သူ့ကိုသူ စိတ်အေးအေးထားရန် ဖိအား‌ပေးလိုက်၏။ ရှားယွီ သို့မဟုတ် လင်းဖေးရှန်းက ကောင်းကင်ရတနာကို စတင်သန့်စင်နေလျှင်လည်း အရေးမကြီးပေ။ ကောင်းကင်ရတနာကို သန့်စင်နိုင်ရန် အနည်းဆုံး နေ့တစ်ဝက်လိုလိမ့်မည်ဟု ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ပြောထားသည်။ ထို့ကြောင့် သူ့တွင် အချိန်ရှိသေးသည်။

အခြေအနေက အန္တရာယ်များလေ ကျန်းရီ၏ ဦးနှောက်က ပိုလျင်မြန်စွာ အလုပ်လုပ်လာလေပင်။ သူ စိတ်အေးအေးထားလိုက်ပြီး အနီးရှိ တိုင်မှ ပျော်ရွှင်စွာ ကူးခတ်နေကြသော ပန်းပုံများ၊ ငှက်ပုံများ၊ ငါးပုံများနှင့် သားရဲများကို သေသေချာချာ ကြည့်လိုက်သည်။ တစ်ခဏကြာပြီးနောက် သူ့မျက်လုံးများ လင်းလက်လာသည်။

ဝှစ်...

ကျန်းရီ အခြားတိုင်တစ်လုံးဆီသို့ ပြေးသွားလိုက်၏။ သို့သော် ဤတစ်ကြိမ်တွင် သူ့ကံက မကောင်းခဲ့ပါ။ လမ်းတစ်ဝက်တွင် မနင်းသင့်သော ကြမ်းကွက်ကို နင်းမိ၍ မိုးကြိုးပစ်ချခံလိုက်ရပြီး ‘မီးသွေး’ ဖြစ်သွားလေသည်။ သူ စိတ်ထဲမှ ဆဲလိုက်၏။ ထို့နောက် နတ်ဘုရားသစ်ရွက်ကို သုံး၍ သူ့ကိုယ်သူ ကုသကာ တိုင်ဆီ ဆက်ပြေးသွားလိုက်လေသည်။

‘ထင်ထားသလိုပဲ...’

အတန်ကြာ ကြည့်ပြီးနောက် ကျန်းရီ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်၏။ တိုင်ပေါ်တွင် ကူးခတ်နေကြသော ပန်းပုံများ၊ ငှက်ပုံများ၊ ငါးပုံများ၊ ပိုးကောင်းပုံများနှင့် သားရဲပုံများတွင် သူ ပြဿနာအချို့ကို တွေ့လိုက်သည်။ မတူညီသော ပုံများက မတူညီသော လမ်းကြောင်းများအတိုင်း ကူးခတ်နေကြပေသည်။

ကျန်းရီသာ မမှားလျှင် ပန်းပုံများ၊ ငှက်ပုံများ၊ ငါးပုံများ၊ ပိုးကောင်ပုံများနှင့် သားရဲပုံများ ကူးခတ်နေသော လမ်းကြောင်းများက အနီးရှိ ဘေးကင်းသော လမ်းကြောင်းများကို ကိုယ်စားပြုပေလိမ့်မည်။

‘ငါက ဒီလောက်လွယ်လွယ် သိလိုက်တာလား။ တစ်ယောက်ယောက်က ကောင်းကင်ရတနာကို စသန့်စင်လိုက်လို့ ဒီနေရာကို ဖြတ်ကျော်နိုင်ဖို့က ပိုလွယ်သွားတာလား’

ကျန်းရီ၏ စိတ်ထဲတွင် သံသယတစ်ခု ဖြစ်ပေါ်လာ၏။ သို့သော် သူ့တွင် များစွာတွေးတောနေရန် အချိန်မရှိပေ။ သူသည် ကြီးမားသော ခန်းမကြီးကို စေ့စေ့စပ်စပ် ကြည့်ကာ တိုင်များပေါ်မှ ပုံများ၏ ရွေ့လျားနေပုံနှင့် ယှဉ်ကြည့်လိုက်၏။ မကြာခင်မှာပင် သူ့စိတ်ထဲ၌ မြေပုံတစ်ခု ထွက်ပေါ်လာသည်။ သူ အရှေ့သို့ လျှပ်စီးအလျင်နှင့် ဘယ်ညာကွေ့၍ ပြေးသွားလိုက်သည်။ သူ ပေရာကျော်အထိ ပြေးသွားနိုင်လိုက်ပေသည်။

‘ဟုတ်ပြီ’

ကျန်းရီ ဝမ်းသာသွား၏။ နောက်ထပ် ပေရာကျော် ထပ်ပြီးနောက် သူ ရပ်တန့်ကာ အနီးရှိ တိုင်တစ်လုံးပေါ်မှ ပုံများ၏ ကူးခတ်ရွေ့လျားနေကြပုံကို ထပ်လေ့လာလိုက်သည်။ ထိုတိုင်လုံးပေါ်ရှိ ပုံများ၏ ရွေ့လျားပုံက အစောမှ တိုင်ပေါ်ရှိ ပုံများ၏ ရွေ့လျားပုံနှင့် ကွဲပြား၏။ ကူးခတ်ရွေ့လျားနေသော လမ်းကြောင်းက ပြောင်းသွားပေပြီ။

‘သွားမယ်’

လမ်းကြောင်းများကို တိတ်တဆိတ် မှတ်သားပြီးနောက် ကျန်းရီသည် လမ်းမှန်ကို ရှာကာ အရှေ့သို့ ဆက်ပြေးလိုက်သည်။ သူ၏ကံကောင်းမှုကြောင့်လော၊ သို့မဟုတ် တစ်စုံတစ်ယောက်က ကောင်းကင်ရတနာကို သန့်စင်နေ၍လော မပြောတတ် ကျန်းရီ၏ လမ်းခရီးက အလွန်ဘေးကင်းနေပေသည်။ တစ်နာရီအတွင်းမှာပင် ကျန်းရီ ပေသိန်းကျော် သွားနိုင်လိုက်သည်။ သို့သော် ခန်းမ၏ အဆုံးကို မတွေ့ရသေးချေ။

‘ထူးဆန်းလိုက်တာ’

ကောင်းကင်ဘုံခုံရုံး၏ ခန်းမကျယ်ကြီးက အလွန်ကြီးသည်လော။ ကျန်းရီသည် တိုင်များမှနေ၍ လမ်းကြောင်းမှန်များကို ရှာ၍ ဆက်သာပြေးနေရသည်။ နောက်ထပ်တစ်နာရီ ပြေးပြီးနောက် သူ အဆုံးကို လှမ်းမြင်လိုက်ရ၏။ အဆုံးမှာ ဧရာမဂိတ်တံခါးကြီးပင်။

ထိုဂိတ်တံခါးကြီးက အနက်ရောင်ဖြစ်ပြီး မီတာသုံးရာကျယ်ကာ မီတာသုံးထောင် မြင့်သည်။ ၎င်းမှာ ကျန်းရီ မြင်ခဲ့ဖူးသမျှ ဂိတ်တံခါးများထဲတွင် အခမ်းနားဆုံး ဂိတ်တံခါးကြီးဖြစ်သည်။ တံခါးပေါ်တွင် ပန်းပုံများ၊ ငှက်ပုံများ၊ ငါးပုံများ၊ ပိုးကောင်ပုံများနှင့် သားရဲပုံများ မရေမတွက်နိုင်အောင် ရှိပေသည်။ ထို့ပြင် ကျန်းရီသည် ၎င်းပုံအားလုံးက ကွဲပြားကြောင်း သိလိုက်ရ၏။ သူ တစ်ခါမှ မမြင်ဖူးသော မျိုးစိတ်များစွာလည်း ပါဝင်ပေသည်။

‘သေစမ်း...’

ထိုဂိတ်တံခါးပေါ်တွင် အစီအရင်များရှိကြောင်း ထင်ရှား၏။ ကျန်းရီ ခေါင်းအကိုက်ရဆုံးမှာ ထိုအစီအရင်များဖြစ်သည်။ သူ ဤနေရာ၌ အချိန်များစွာ ဖြုန်းမနေနိုင်ပေ။ အတွင်းခန်းမထဲတွင် တစ်စုံတစ်ယောက်က ကောင်းကင်ရတနာကို သန့်စင်နေလောက်ပေပြီ။

ဂိတ်တံခါးသည် တောက်ပစွာလည်း လင်းလက်နေ၏။ ပုံများမှာလည်း တံခါးပေါ်တွင် ကူးခတ်ရွေ့လျားနေကြသည်။ သားရဲပုံများစွာတွင် ကြောက်မက်ဖွယ် အရှိန်အဝါများ ရှိကြသည်။ ကျန်းရီ ၎င်းတို့အနီးသို့ မသွားဝံ့ချေ။

‘ကြိုးစားကြည့်ရမှာပဲ’

ကျန်းရီသည် တစ်ခဏမျှ တွေးတောပြီးနောက် ဂိတ်တံခါးဆီသို့ အလင်းတန်းတစ်တန်း ပစ်လွှတ်လိုက်၏။ တံခါးက လင်းလက်လာသော်လည်း တုန်ပင် တုန်မသွားပေ။ ကျန်းရီ၏ တိုက်ခိုက်မှုကို အစီအရင်များက အလွယ်တကူ လွင့်ပြယ်သွားစေလိုက်ပေသည်။

ဝှစ်...

ကျန်းရီသည် တစ်ခဏမျှ စူးစမ်းနေပြီးနောက် ဂိတ်တံခါးဆီသို့ ပြေးသွားလိုက်၏။ ထို့နောက် မိုးမြေစွမ်းအား ထုတ်ကာ တံခါးကို ထိုးချလိုက်သည်။

ဝုန်း...

ဂိတ်တံခါးမှနေ၍ ခပ်အုပ်အုပ်အသံတစ်သံ ထွက်ပေါ်လာသည်။ ၎င်းနောက် တံခါးပေါ်ရှိ အစီအရင်များက ပြောင်းလဲလာပြီး တံခါးမှနေ၍ အလင်းတန်းတစ်တန်း ထွက်လာကာ ကျန်းရီကို ထိမှန်သွားလေသည်။

ကျန်းရီသည် ကြိုးပြတ်သွားသော စွန်တစ်စင်းအလား လွင့်ထွက်သွား၏။ သူ မီတာရာကျော်အဝေးတွင် ပြုတ်ကျသွားသည်။

‘တကယ်ကိုပဲ ငါ အင်အားကို သုံးလို့မရဘူး။ ဉာဏ်ရည်အပေါ်ပဲ မှီခိုရမယ်’

ကျန်းရီ၏ မျက်ဝန်းများ လင်းလက်လာ၏။ သူ တံခါးပေါ်ရှိ ပုံများကို ငေးကြည့်လိုက်သည်။ ၎င်းပုံများမှနေ၍ ထိုဂိတ်တံခါးကို ဖွင့်နိုင်မည့် နည်းလမ်းကို သူ ရှာလိုနေပေသည်။

တစ်နာရီ၊ နှစ်နာရီ...

ကျန်းရီသည် မျက်လုံးများ ကျိန်းလာသည်အထိ ဂိတ်တံခါးကို စိုက်ကြည့်နေ၏။ သို့သော် မည်သည့်နည်းလမ်းကိုမှ ရှာမတွေ့သေးပေ။ တံခါးပေါ်တွင် ပုံများက များစွာရှိနေသည်။ ၎င်းတို့အားလုံး၏ လမ်းကြောင်းများကလည်း ကွဲပြားကြသည်။ ကျန်းရီသည် ယင်းမှနေ၍ အစီအစဉ်တစ်ခုကို မဖော်ထုတ်နိုင်ပါ။

‘ဉာဏ်ရည်၊ ဉာဏ်ရည်၊ ငါ ဘယ်လိုလုပ်ရမှာလဲ’

ကျန်းရီ ခေါင်းကိုက်လာသည်။ ခေါင်းကိုက်ရသည့် အဓိကအကြောင်းမှာ ထိုဂိတ်တံခါးကြီးက တောက်ပစွာ လင်းလက်နေခြင်းပင်။ ထိုအခြင်းအရာမှာ အထဲတွင် တစ်စုံတစ်ယောက်က ကောင်းကင်ရတနာကို သန့်စင်နေသည်ဆိုသော အဓိပ္ပာယ်ပင်။ အချိန်ကြာလာသည်နှင့်အမျှ ကျန်းရီ စိတ်လှုပ်ရှားလာလေသည်။

လေးနာရီ... ခြောက်နာရီ...

ကျန်းရီ မည်သို့ဆက်လုပ်ရမည်မသိ ဖြစ်နေ၏။ သူ ဆက်မကြည့်တော့ရန် ဆုံးဖြတ်လိုက်ပြီး တင်ပျဉ်ခွေထိုင်ချကာ မျက်လုံးမှိတ်၍ အနားယူလိုက်သည်။ ထို့နောက် အနှောင့်အယှက်ဖြစ်စေသော အတွေးအားလုံးကို ပယ်ရှား၍ ယန်ကိုးပါးကောင်းကင်ဧကရာဇ် ပြောခဲ့သော စကားများကို ပြန်တွေးလိုက်သည်။

‘အတိတ်တုန်းက ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ကောင်းကင်ဘုံခုံရုံးကို အသူရာတောင်ပေါ်မှာ ချန်ထားခဲ့တယ်။ ကောင်းကင်ဘုံခုံရုံးကို တခြားသူတွေ တွေ့သွားနိုင်တယ်ဆိုတာကို သူ ထည့်တွက်ခဲ့မှာပဲ။ ကောင်းကင်ဘုံခုံရုံးရဲ့ ပဉ္စမအထပ်က ကောင်းကင်ဘုံခုံရုံးရဲ့ ပိုင်ရှင်အသစ်ကို ရွေးချယ်ဖို့ပဲ။ ငါက ကောင်းကင်ဧကရာဇ်ရဲ့ ဆက်ခံသူပဲ။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ငါ့ကို ဒီကိုလာပြီး လေ့ကျင်စေချင်တာ။ သူက အပြင်လူတစ်ယောက်ကို ကောင်းကင်ဘုံခုံရုံး အရခံမှာ မဟုတ်ဘူး။ အဲ့တော့.. ငါ့မှာ သေချာပေါက် အားသာချက်တစ်ခု ရှိတယ်။ ငါ အဲ့ဒါကို အခုထိ ရှာမတွေ့သေးတာ တစ်ခုပဲ’

ကျန်းရီ သေသေချာချာ တွေးတောလိုက်၏။ သူ့အားသာချက်နှင့် ယန်ကိုးပါးကောင်းကင်ဧကရာဇ်က သူ့ကို ပေးခဲ့သည်အရာများကိုလည်း တွေးတောလိုက်သည်။ ရုတ်တရက် သူ အတွေးတစ်ခု ရသွားလေသည်။

ယန်ကိုးပါးကောင်းကင်ဧကရာဇ်က သူ့ကို အမည်မဲ့ကျင့်စဉ် ပေးခဲ့သည်။ ထိုအမည်မဲ့ကျင့်စဉ်က အခြားသာမန်ကျင့်စဉ်များနှင့် ကွဲပြားသည်။ ဤဂိတ်တံခါးကို ဖွင့်နိုင်ရန် ထိုအမည်မဲ့ကျင့်စဉ်က အသုံးဝင်မည်လော။

‘စမ်းကြည့်တာပေါ့’

ကျန်းရီ ထရပ်ကာ တံခါးဆီသို့ လျှောက်သွားလိုက်၏။ တံခါးအနီးသို့ ရောက်သောအခါ တံခါးပေါ်သို့ သူ့လက်နှစ်ဘက် တင်လိုက်သည်။ ထို့နောက် မျက်လုံးမှိတ်ကာ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်း ဝင်၍ ကိုယ်ထဲတွင် အမည်မဲ့ကျင့်စဉ်ကို လှည့်ပတ်ကာ ကောင်းကင်စွမ်းအားကို စီးဆင်းစေလိုက်သည်။

ကျန်းရီသည် ကောင်းကင်စွမ်းအားကို သူ့ကိုယ်ထဲတွင် အကြိမ်အနည်းငယ် လှည့်ပတ်စီးဆင်းစေပြီးနောက် သူ့လက်ဖဝါးများမှတဆင့် ကျောက်ဂိတ်တံခါးထဲ ဆက်စီးဝင်သွားစေလိုက်၏။

‘တုံ့ပြန်မှုတစ်ခု ရှိတယ်’

ကောင်းကင်စွမ်းအားက ကျောက်ဂိတ်တံခါးထဲ ဝင်သွားပြီးနောက် မျဉ်းကြောင်းများအဖြစ် ပြောင်းလဲကာ တံခါးကို ဖြတ်စီးသွားကြောင်း ကျန်းရီ သိလိုက်ရ၏။ သူ လျင်မြန်စွာပင် ကောင်းကင်စွမ်းအားများကို ဆက်ထုတ်လိုက်သည်။

ရွှီး...

ကောင်းကင်စွမ်းအားတန်းများသည် အလင်းတန်းတစ်တန်းအဖြစ် ပြောင်းလဲ၍ ဂိတ်တံခါးကို ဖြတ်စီးနေကြ၏။ ၎င်းအလင်းတန်း ဖြတ်သွားသော နေရာတိုင်းရှိ ပန်းပုံများ၊ ငှက်ပုံများ၊ ငါးပုံများ၊ ပိုးကောင်ပုံများနှင့် သားရဲပုံများက အလင်းတန်းအတိုင်း လိုက်ရွေ့လျားသွားကြသည်။ ကျန်းရီ ပို၍ ပို၍ စိတ်လှုပ်ရှားလာသည်။ ကောင်းကင်စွမ်းအားကိုလည်း အရှိန်မြှင့်၍ ထုတ်လိုက်သည်။ သူသည် ကျောက်ဂိတ်တံခါးကို သူ့ခန္ဓာကိုယ်အလား အသုံးပြု၍ ကောင်းကင်စွမ်းအားကို စီးဆင်းနေစေလေသည်။

ရွှီး...

အလင်းတန်းက ဂိတ်တံခါးပေါ်တွင် တစ်ပတ်ပြည့်အောင် လှည့်ပတ်စီးဆင်းပြီးနောက် တံခါးက တောက်ပစွာ လင်းလက်လာ၏။ ထို့နောက် တံခါးသည် အထက်သို့ ဖြည်းဖြည်းချင်း တက်သွားသည်။ ကျောက်ဂိတ်တံခါးမှာ အမှန်တကယ် ပွင့်လာပေပြီ။

ဝှစ်...

ကျန်းရီ ချက်ချင်း အရှေ့သို့ ပြေးသွားလိုက်ပြီး အတွင်းခန်းမကို ကြည့်လိုက်သည်။ အတွင်းခန်းမကလည်း အလွန်ကြီးမားသည်။ သို့သော် အတွင်းခန်းမထဲမှ အခြေအနေကို တစ်ချက်ကြည့်လိုက်ရုံနှင့် ရှင်းရှင်းလင်းလင်း မြင်နိုင်ပေသည်။ ကျန်းရီ၏ မျက်ဝန်းများက အရှေ့ရှိ ပေတစ်ထောင်မြင့်သော ရွှေအိုရောင်ပလ္လင်တစ်လုံးအပေါ်သို့ ရောက်သွားသည်။ ထိုပလ္လင်ပေါ်၌ အမျိုးသမီးတစ်ယောက် ထိုင်နေသည်။ ထိုအမျိုးသမီးက သူမ၏လက်ထဲတွင် သက်တန့်ရောင်ပုလဲလုံးတစ်လုံးကို သန့်စင်နေပေသည်။

‘လင်းဖေးရှန်းလား’

ကျန်းရီ၏ မျက်နှာပေါ်တွင် အံ့ဩမှုများ ပြည့်နှက်သွား၏။ လင်းဖေးရှန်းက ကောင်းကင်ရတနာကို သန့်စင်နေခြင်းမှာ ပြဿနာမဟုတ်ပါ။ ပြဿနာမှာ ခွမ်ဟူ၊ ယန်ချီ၊ ဧကရာဇ်ငယ်ရွေ၊ ကိုယ်လုပ်တော်ဟွာနှင့် ပိယန်တို့အားလုံးက သူမဘေးတွင် ရပ်ကာ သူမကို ကာကွယ်နေခြင်းပင်။ ရှားယွီသည် ပလ္လင်အောက်တွင် သွေးအလိမ်းလိမ်းနှင့် လဲနေသည်။ သူမက အပြင်းအထန် ဒဏ်ရာရသွား၍ သတိမေ့နေခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။

“ဟင်းဟင်း.. ကျန်းရီ၊ နောက်ဆုံးတော့ ရှင် ဝင်လာနိုင်ပြီလား”

လင်းဖေးရှန်းသည် မျက်လုံးများ မှိတ်ထားသော်လည်း ထိုအခိုက်တွင် ရုတ်တရက် မျက်လုံးဖွင့်၍ ကျန်းရီကို ငုံ့ကြည့်လိုက်၏။

“ဒီကောင်းကင်ရတနာကို ကျွန်မ သန့်စင်လို့ ပြီးတော့မယ်။ ကောင်းကင်ဘုံခုံရုံးကို ကျွန်မပဲ ပိုင်ရမယ်။ ကျန်းရီ... ရှင် ဒါကို လာလုရဲရင် ကျွန်မကို နှလုံးသားမဲ့တယ်လို့ အပြစ်မတင်နဲ့။ ရှင်လည်း ရှားယွီလို အဆုံးသတ်သွားရလိမ့်မယ်”

***

All Chapters