← Chapters

မည်သည့်အခါတွင်မှ မိတ်ဆွေမဖြစ်နိုင်

Vol. 141 Ch. 1967

မည်သည့်အခါတွင်မှ မိတ်ဆွေမဖြစ်နိုင်

Vol. 141 Ch. 1967

လင်း‌ဖေးရှန်းသည် အလွန်သန်မာ၏။ သူမက တောက်လန်ထက် အားမနည်းပေ။ ထို့ပြင် သူမသည် တောဆိတ်ရသေ့ကြီး၏ အဖိုးတန် မြေးမလေးလည်းဖြစ်သည်။ ထို့ကြောင့် သူမထံတွင် ထူးခြားသော အတတ်များ ရှိနေခြင်းမှာ ပုံမှန်သာဖြစ်သည်။

ထူးဆန်းသည်မှာ အဘယ်ကြောင့် ခွမ်ဟူတို့က လင်းဖေးရှန်းကို ကာကွယ်နေကြခြင်းနည်း။ ကောင်းကင်ဘုံခုံရုံးကို မလိုချင်သူ မည်သူ ရှိသနည်း။ ဧကရာဇ်ငယ်ရွေနှင့် လင်း‌ဖေးရှန်းတို့က တစ်ဘက်တည်းဖြစ်သည်။ သို့သော် ခွမ်ဟူနှင့် ယန်ချီတို့ကမူ သူမနှင့် တစ်ဘက်တည်း မဟုတ်ကြောင်း ထင်ရှားပေသည်။

မသေမျိုးတစ်ပိုင်း ရသေ့ကြီးနှင့် တောဆိတ်ရသေ့ကြီးတို့မှာ ပုန်းအောင်းနေရာမှ ထွက်လာခဲ့သည်။ ယခုတွင် သူတို့သည် ယန်မဟာဧကရာဇ်နှင့် ရူးသွပ်မဟာဧကရာဇ်တို့ကိုပင် ဖိနှိပ်နိုင်သော စွမ်းအားကို ပိုင်ဆိုင်နေပြီဖြစ်သည်။ ထို့ကြောင့် ယန်မဟာဧကရာဇ်နှင့် ရူးသွပ်မဟာဧကရာဇ်တို့ အလွန်ဒေါသထွက်နေကြသည်။ သို့ဖြစ်ရာ ခွမ်ဟူနှင့် ယန်ချီတို့က လင်းဖေးရှန်း၏စကားကို အဘယ်သို့ နားထောင်ပါမည်နည်း။

ထို့ပြင် ရှားယွီ...

ရှားယွီ၏ ပြောစကားအရ သူမတွင် မသေမျိုးဝိညာဉ်ခန္ဓာ ရှိကြောင်း သိရသည်။ အကယ်၍ သူမသာ မသေမျိုးဝိညာဉ်ချီကို အသုံးပြုလိုက်မည်ဆိုလျှင် အချိန်တစ်ခုအတွင်း ဧကရာဇ်အဆင့်သို့ ရောက်သွားနိုင်သည်။ ထို့ကြောင့် သူမက ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်ဟုပင် ဆိုနိုင်သည်။ သို့ဖြစ်ရာ လင်းဖေးရှန်းတို့ အားလုံး အတူပူး‌ပေါင်း တိုက်ခိုက်မည်ဆိုလျှင်ပင် ရှားယွီ၏ ပြိုင်ဘက် မဟုတ်နိုင်လောက်သည် မဟုတ်လော။

မသင်္ကာစရာကိစ္စတစ်ခု ဖြစ်ပျက်နေသည်။

ကျန်းရီသည် မဆင်မခြင် မလှုပ်ရှားသလို လင်းဖေးရှန်းကိုလည်း အရေးမစိုက်ပေ။ သူမက အချိန်တိုအတွင်း ကောင်းကင်ရတနာကို သန့်စင်နိုင်လိမ့်မည် မဟုတ်ချေ။ သို့ဖြစ်ရာ သူမကို အဘယ်ကြောင့် တစ်ခဏမျှ သန့်စင်ခွင့် ပေးမထားဘဲ နေရမည်နည်း။

ကျန်းရီ ခွမ်ဟူနှင့် အခြားသူများကို ဝေ့ဝဲကြည့်လိုက်၏။ မကြာခင်မှာပင် သူ ပြဿနာတစ်ခုကို ရှာတွေ့သွားသည်။ ခွမ်ဟူနှင့် အခြားသူများ၏ အကြည့်များက ရီဝေနေကြသည်။ သူတို့သည် အရှေ့ရှိ စင်မြင့်အထက်တွင် ရုပ်တုများအလား ရပ်နေကြပေသည်။

‘ညှို့ခံထားရတာလား’

ကျန်းရီ အတန်ငယ် မျက်မှောင်ကြုတ်လိုက်၏။ ခွမ်ဟူတို့က အလွန်သန်မာကြသည်။ သူတို့က အဘယ်သို့ အလွယ်တကူ ညှို့ခံလိုက်ရသနည်း။ သူတို့ကို ဝိညာဉ်ကျွန် ဖြစ်သွားအောင် လုပ်ရန်မှာမူ ပို၍ပင် မဖြစ်နိုင်ပေ။ လင်းဖေးရှန်းက မည်သို့သော ထူးဆန်းသည့် စွမ်းရည်မျိုးကို သုံးခဲ့ခြင်းနည်း။ သူမက ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမား လေးယောက်ကို မည်သို့ ညှို့ခဲ့ခြင်းနည်း။ ယင်းမှာ အလွန်တုန်လှုပ်ဖွယ် မကောင်းသလော။

ကျန်းရီသည် တစ်ခဏမျှ ကြည့်ပြီးနောက် ရှားယွီကို လှမ်းကြည့်၏။ သူမက ပြင်းထန်စွာ ဒဏ်ရာရထားပြီးပေပြီ။ သူမ၏ အရိုးများစွာက ကျိုးနေကြောင်း ထင်ရှားသည်။ သူမ သတိလည်း လစ်နေပေသည်။ ကျန်းရီသည် ရှားယွီ၏ ဒဏ်ရာများကို ချက်ချင်း ကုသပေးရန် ဆန္ဒမရှိချေ။ ရှားယွီက သေသွားလိမ့်မည် မဟုတ်ပေ။ သူမ၏ ရုပ်ခန္ဓာက သန်မာသဖြင့် ဖြည်းဖြည်းချင်း ပြန်ကောင်းလာနေပေသည်။

ကျန်းရီသည် အတွင်းခန်းမထဲမှ အခြေအနေကို စူးစမ်းနေသည်။ အတွင်းခန်းမထဲတွင် တိုင်လုံးကြီး ဆယ်လုံးသာရှိသည်။ ဘေးနှစ်ဘက်မှာ ရှင်းလင်းနေသည်။ သူ့အရှေ့၌မူ စင်မြင့်တစ်ခု ရှိပြီး ၎င်းစင်မြင့်မှာ လေးထောင့်ပုံဖြစ်ကာ စင်မြင့်ပေါ်တက်ရန် လှေကားထစ် ကိုးဆယ့်ကိုးထစ် ရှိသည်။ စင်မြင့်ထက်သို့ ဘေးသုံးဘက်မှနေ၍ တက်နိုင်၏။ သို့သော် ခွမ်ဟူ၊ ဧကရာဇ်ငယ်ရွေနှင့် အခြားသူများက အရှေ့ဘက်ကိုသာ စောင့်ကြပ်နေကြပြီး ဘယ်ညာကိုမူ အရေးမစိုက်ကြချေ။

‘ဘယ်ဘက်နဲ့ ညာဘက်မှာ ဘာရှိနေလို့လဲ’

ကျန်းရီသည် ဘေးဘယ်ညာကို ကြည့်လိုက်သော်လည်း မည်သည်ကိုမှ မတွေ့ရပေ။ နံရံများအပေါ်မှ ဖောင်းကြွပုံအချို့ကိုသာ တွေ့ရသည်။ ထိုဖောင်းကြွပုံများမှာ ပန်းပုံများ၊ ငှက်ပုံများ မဟုတ်တော့ဘဲ မိစ္ဆာသစ်ပင်များ၏ ပုံများ ဖြစ်နေသည်။

‘ငါ ဘေးဘယ်ညာက တက်သွားရင် မိစ္ဆာသစ်ပင်တွေက ငါ့ကို တားမှာလား’

ကျန်းရီ နားမလည်နိုင်ပေ။ သူ တစ်ခဏမျှ တွေးတောလိုက်ပြီးနောက် စင်မြင့်ပေါ် စမ်းတက်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သူ အပေါ်သို့ တက်နိုင်သည်နှင့် ရေခဲအရင်းအမြစ်ကို သုံးကာ အားလုံးကို အေးခဲသွားအောင် လုပ်နိုင်လောက်သည်။ အကယ်၍ မီးအရင်းအမြစ်ကို ထုတ်လိုက်မည်ဆိုလျှင် အားလုံး မီးလောင်သေဆုံးသွားမည်ဖြစ်သည်။ ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားများက ကျန်းရီအတွက် အန္တရာယ်မဟုတ်ပါ။

ကျန်းရီ ခြေတစ်လှမ်းချင်း လျှောက်သွားလိုက်ပြီး ကောင်းကင်စွမ်းအားကို လျှို့ဝှက်၍ ထုတ်ကြည့်လိုက်၏။ အတွင်းခန်းမမှာလည်း အပြင်ခန်းမကဲ့သို့ပင်။ သူ ကောင်းကင်စွမ်းအားကို ထုတ်လိုက်သည်နှင့် မြေဆွဲအားက တိုးလာသည်။ မိုးမြေစွမ်းအား ထုတ်လိုက်သောအခါတွင်လည်း မြေဆွဲအားက အဆများစွာ တိုးလာ၍ သူ ဒူးထောက်ကျသွားမလိုပင် ဖြစ်သွားလေသည်။

‘အဲ့စင်မြင့်ပေါ် တက်နိုင်ဖို့က မလွယ်လောက်ဘူး’

စင်မြင့်မှာ သုံးကီလိုမီတာသာမြင့်ပြီး လှေကားထစ် ကိုးဆယ့်ကိုးထစ်သာ ရှိသည်။ အကယ်၍ မြေဆွဲအားသာ မရှိလျှင် ကျန်းရီ တစ်ချက်ခုန်တည်းနှင့် တက်နိုင်သည်။ ယခုတွင်မူ မြေဆွဲအားက အားကောင်းနေပြီး အပေါ်တွင်လည်း လူများ ရှိနေရာ စင်မြင့်ပေါ် တက်နိုင်ရန် မလွယ်ကူလောက်ချေ။

သို့သော် မည်မျှပင် ခက်ခဲပါစေ ကျန်းရီ လုပ်ရပေမည်။

ကျန်းရီ အံကြိတ်၍ စင်မြင့်အနီးသို့ လျှောက်သွားလိုက်၏။ သူ ရှားယွီအနီးသို့ ရောက်သောအခါ သူမကို ခါးမှ ပွေ့ချီလိုက်ပြီး ခန်းမထောင့်တစ်နေရာတွင် လျင်မြန်စွာ ချထားပေးလိုက်၏။ ခဏနေ၍ သူ မီးအရင်းအမြစ်ကို သုံးမည်ဆိုလျှင် ရှားယွီက စင်မြင့်အောက်၌ ရှိနေသေးလျှင် မီးလောင်သေဆုံးသွားနိုင်သည်။ ရှားယွီနှင့် ပတ်သတ်၍ မည်သည့်အမှားမှ မရှိနိုင်ပေ။ မဟုတ်လျှင် သူမ ပြင်းထန်စွာ ဒဏ်ရာရသွားလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ကျန်းရီ သူမကို ထိခိုက်အောင် မလုပ်လိုတော့ပေ။

ကျန်းရီ စင်မြင့်ဆီသို့ ဆက်၍ လျှောက်သွားလိုက်သည်။ သူ ကောင်းကင်စွမ်းအားနှင့် မိုးမြေစွမ်းအားကို မသုံးပါ။ ရုပ်ခွန်အားကို သုံး၍သာ သွားနေသည်။ သို့ငြားလည်း သူ့အမြန်နှုန်းက မ‌နှေးချေ။

“အာ...”

ကျန်းရီသည် ပထမဆုံးလှေကားထစ်အပေါ် တက်ပြီးနောက် မြေဆွဲအားက နှစ်ဆဖြစ်သွားကြောင်း သိလိုက်ရ၏။ သူ့မျက်နှာထား ပြောင်းသွားသည်။ အကယ်၍ ပထမဆုံး လှေကားထစ်မှာပင် မြေဆွဲအားက ဤမျှတိုးလာလျှင် အပေါ်သို့ တက်ရန် ခက်ခဲမည်သာမက မီးအရင်းအမြစ်နှင့် ရေခဲအရင်းအမြစ်၏ စွမ်းအားများလည်း သိသိသာသာ လျှော့ချခံရပေလိမ့်မည်။

ဤကဲ့သို့ ကြီးမားသော ဖိအားအောက်တွင် လေထုက သေချာပေါက် တည်ငြိမ်နေပေလိမ့်မည်။ လေပူ၊ လေအေးများက ဖိအားကို မခံနိုင်ဘဲ အထက်သို့ ပြန့်ထွက်သွားလိမ့်မည်။

ဒုတိယလှေကားထစ်...

ကျန်းရီ စိတ်ဓာတ်ကျသွား၏။ မြေဆွဲအားက ထပ်မံတိုးလာပြီး သူ့အမြန်နှုန်း လျော့ကျသွားသည်။ ထိုအခိုက်တွင် အဘယ်ကြောင့် ရှားယွီက သန်မာသော်လည်း အပြင်းအထန် ဒဏ်ရာရသွားခဲ့ကြောင်းကို သူ နားလည်သွားသည်။ စင်မြင့်ထက်သို့ အရင်ရောက်နေသူများဘက်တွင် အကြွင်းမဲ့ အားသာချက် ရှိပေသည်။

ခွမ်ဟူနှင့် အခြားသူများ ရပ်နေပုံကို ကြည့်လျှင် စင်မြင့်ထက်သို့ ရောက်သွားပါက မြေဆွဲအားမှာ အားမကောင်းတော့ကြောင်း သိနိုင်သည်။ သို့သော် လှေကားထစ် ခုနစ်ဆယ်၊ ရှစ်ဆယ်နေရာတွင်မူ ကျန်းရီ မတ်မတ်ပင် ရပ်နိုင်လိမ့်မည် မဟုတ်ချေ။ ထိုအခါ ခွမ်ဟူတို့၏ တိုက်ခိုက်မှုများကို ရင်စီးခံရပေလိမ့်မည်။

‘သွားမယ်ကွာ...’

ကျန်းရီသည် အကျိုးဆက်များကို သိပြီးသော်လည်း အံကြိတ်၍ ဆက်တက်သွားလိုက်၏။ ဧကရာဇ်ငယ်ရွေနှင့် အခြားသူများက စီတန်း၍ ရပ်နေကြသည်။ သူတို့အားလုံး အရှေ့တွင် စောင့်ကြပ်နေကြသည်။ ဧကရာဇ်ငယ်ရွေသည် ကျန်းရီကို ကြည့်၍ ခေါင်းခါလိုက်၏။

“သခင်လေးကျန်း... သခင်လေး တက်မလာတာ ကောင်းလိမ့်မယ်။ မဟုတ်ရင် ကျွန်တော် သခင်လေးကို အပြစ်ပြုရလိမ့်မယ်”

ကျန်းရီ ဧကရာဇ်ငယ်ရွေကို လျစ်လျူရှုလိုက်၏။ သူ မျက်လုံးမှိတ်ကာ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်းဝင်၍ လျင်မြန်စွာ ဆက်တက်လိုက်၏။ မြေဆွဲအားက တိုးလာသော်လည်း ကျန်းရီ၏ ရုပ်ခန္ဓာက သန်မာပြီး စိတ်ဓာတ်က ခိုင်မာရာ သူ မရပ်မနား ဆက်တက်နိုင်နေပေသည်။

လှေကားထစ် ခုနစ်ဆယ်...

ကျန်းရီသာ လှေကားထစ် ခုနစ်ဆယ်အထိ ရောက်နိုင်မည်ဆိုလျှင် ရေခဲအရင်းအမြစ်က ဧကရာဇ်ငယ်ရွေနှင့် ခွမ်ဟူတို့ကို အေးခဲပစ်နိုင်လောက်သည်။ ထိုအခါ ကျန်းရီ စင်မြင့်ပေါ်သို့ တက်နိုင်ရန် အခွင့်အရေး ရမည်ဖြစ်သည်။

ကျန်းရီ စိတ်ထဲတွင် တွက်ချက်လိုက်၏။ သူ မျက်လုံးဖွင့်ကာ ဧကရာဇ်ငယ်ရွေကို ကြည့်၍ ပြုံးလျက် ပြောလိုက်သည်။

“ဧကရာဇ်ငယ်ရွေ... ကျွန်တော် ခင်ဗျားကို ရှင်းရှင်းပြောမယ်။ ခင်ဗျားတို့ ကောင်းကင်ရတနာကို သန့်စင်နိုင်မှာ မဟုတ်ဘူး။ ခင်ဗျားတို့ အကုန်လုံး ကျွန်တော့်ရဲ့ အကျင့်စရိုက်ကို သိပါတယ်။ ခင်ဗျားတို့ ကျွန်တော်ကို ရန်မစရင် ကျွန်တော်ကလည်း ရန်မူမှာ မဟုတ်ဘူး။ အဲ... ကျွန်တော့်ကို လာရန်စရင်တော့ ခင်ဗျားတို့ ဆိုးဝါးတဲ့ အဆုံးသတ်နဲ့ ကြုံရလိမ့်မယ်။ ဒီတော့ ခင်ဗျားတို့ တိုက်ခိုက်ချင်ရင် နှစ်ကြိမ် ပြန်စဉ်းစားပါ”

“အန်...”

ဧကရာဇ်ငယ်ရွေတစ်ယောက် အံ့ဩသွား၏။ ရွှေအိုရောင်ပလ္လင်ပေါ်တွင် ထိုင်နေသော လင်းဖေးရှန်းသည်လည်း အံ့အားသင့်သွားသည်။ သူမ၏ မျက်ဝန်းများ အရောင်လက်လာသည်။ သူမ ကောင်းကင်ရတနာကို သန့်စင်နေခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ၎င်းက သန့်စင်သွားမည့်ပုံ မပြသေးသည် မဟုတ်လော။ ထို့ကြောင့် သူမ ၎င်းကို သန့်မှသန့်စင်နိုင်ပါမည်လောဟု စတင် တွေးမိလာလေသည်။

အကယ်၍ လင်းဖေးရှန်းသာ ကောင်းကင်ရတနာကို မသန့်စင်နိုင်လျှင် ကောင်းကင်ဘုံခုံရုံးက ကျန်းရီ၏အပိုင်ဆိုသော အဓိပ္ပာယ်ပင်။ ထို့ကြောင့် ယခုတွင် ကျန်းရီကို အပြစ်ပြုခြင်းမှာ မတန်ပါ။ သူမတို့ ကျန်းရီ၏ အကျင့်စရိုက်ကို သိထားကြသည်။ ကျန်းရီကို ဖိအားပေးလျှင် အကျိုးဆက်များက ဆိုးဝါးသွားမည်ဖြစ်သည်။

ကျန်းရီသည် ကျောက်လှေကားထစ်များကို ဆက်တက်လာ၏။ သူ အထစ်ငါးဆယ်မြောက်သို့ ရောက်နေပေပြီ။ ထိုအခိုက်တွင် သူ ထပ်မံ၍ ကျယ်လောင်စွာ အော်ပြောလိုက်၏။

“ကျွန်တော်က မသေမျိုးတစ်ပိုင်း ရသေ့ကြီး၊ တောဆိတ်ရသေ့ကြီးနဲ့ ဧကရာဇ်ရွေတို့ကို အရမ်းလေးစားပါတယ်။ ကျွန်တော်တို့အားလုံးက လူသားတွေပဲ။ ကျွန်တော်တို့က တမလွန်ဘုံမျိုးနွယ်ကိုပဲ အတူပူးပေါင်းပြီး တိုက်ခိုက်နေရမှာ။ လူသား စွမ်းအားကြီး သိုင်းသမားတစ်ယောက် သေသွားတာကကို ကြီးမားတဲ့ ဆုံးရှံးမှုပဲ။ အဲ့ဒါက တမလွန်ဘုံမျိုးနွယ်ကိုပဲ ပိုအသာစီးရသွားစေမှာ။ ဧကရာဇ်ငယ်ရွေ... ခင်ဗျားက မိတ်ဆွေလား၊ ရန်သူလားဆိုတာကို ကိုယ့်ဘာသာ ရွေးချယ်ပါ”

လင်းဖေးရှန်းနှင့် ဧကရာဇ်ငယ်ရွေတို့သည် ‘မသေမျိုးတစ်ပိုင်း ရသေ့ကြီး’ဆိုသော အမည်ကို ကြားလိုက်သောအခါ မျက်ဝန်းများ အေးစက်သွားကြ၏။ သူတို့နှစ်ယောက်စလုံးသည် ဤသို့မလာခင်က မသေမျိုးတစ်ပိုင်း ရသေ့ကြီး ပြောခဲ့သော စကားများကို အမှတ်ရသွားကြသည်။ မျိုးနွယ်သုံးခုနှင့် ယန်ကိုးပါးကောင်းကင်ဧကရာဇ်က မည်သည့်အခါတွင်မှ အဆင်ပြေနိုင်မည် မဟုတ်ပါ။ ကောင်းကင်ဧကရာဇ်၏ ဆက်ခံသူဖြစ်သော ကျန်းရီမှာလည်း သူတို့၏ ရန်သူသာဖြစ်သည်။ သူက မည်သည့်အခါတွင်မှ မိတ်ဆွေဖြစ်နိုင်မည် မဟုတ်ချေ။

“တိုက်ကြ...”

လင်းဖေးရှန်း အော်ပြောလိုက်သည်။ ခွမ်ဟူနှင့် အခြားသူများ တုံ့ဆိုင်းမနေကြပါ။ သူတို့အားလုံး ကြောက်မက်ဖွယ် တိုက်ခိုက်မှုများ ပစ်လွှတ်လိုက်ကြသည်။ ဧကရာဇ်ငယ်ရွေကလည်း တိုက်ခိုက်သည်။ အလင်းတန်းများက ကျန်းရီထံသို့ ပျံသန်းသွားကြလေသည်။

‘လခွမ်း...’

ကျန်းရီသည် ငါးဆယ့်ရှစ်ထစ်မြောက်သို့ ရောက်နေပေပြီ။ သူ နောက်ထပ် ဆယ်ထစ်လောက်သာ ဆက်တက်နိုင်လျှင် ရေခဲအရင်းအမြစ်ကို ထုတ်၍ရပြီဖြစ်သည်။ သို့သော် ယခုတွင် အလင်းတန်းများက သူ့ဆီ ပျံဝင်လာသဖြင့် သူ ဆက်မတက်နိုင်တော့ပေ။ သူ အံကြိတ်၍သာ မိုးမြေစွမ်းအားကို ထုတ်၍ တောင့်ခံလိုက်ရသည်။

ဝုန်း...

အလင်းတန်းငါးတန်းက ကျန်းရီ၏ ခန္ဓာကိုယ်ကို ထိမှန်သွား၏။ ကျန်းရီတစ်ယောက် ဘောလုံးတစ်လုံးကဲ့သို့ လိမ့်ဆင်းသွား၏။ လမ်းတစ်လျှောက်တွင်လည်း သူ သွေးအန်သွားသည်။ ကျောက်လှေကားထစ်များသည် ရှားယွီ၏ သွေးများနဲ့ နီရဲနေပြီးဖြစ်သည်။ ယခုတွင်မူ ၎င်းတို့က ပို၍ပင် နီရဲသွားပေသည်။

***

All Chapters