တောဆိတ်မသေမျိုးမိစ္ဆာသွေး
Vol. 141 Ch. 1968
ကျန်းရီ၏ ဒဏ်ရာများက မပြင်းထန်ပါ။ သူ အားကောင်းသော မြေဆွဲအား၏ ဖိနှိပ်မှုကို ခံထားရ၍သာ ဧကရာဇ်ငယ်ရွေတို့၏ တိုက်ခိုက်မှုများကို ခံလိုက်ရခြင်းဖြစ်သည်။
ကျန်းရီ၏ မိုးမြေစွမ်းအားက ဟယ်နုန်ယင်း၏ ထူးဆန်းသောစွမ်းအင်နှင့် ပေါင်းစည်းခဲ့သည်။ ၎င်းပေါင်းစည်းစွမ်းအားကို ထုတ်သုံးလိုက်မည်ဆိုလျှင် သူ့ရုပ်ခန္ဓာက ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်၏ ရုပ်ခန္ဓာနှင့်ပင် ယှဉ်နိုင်သွားသည်။ ဧကရာဇ်ငယ်ရွေနှင့် အခြားသူများက သူ့ကို အတူပူးပေါင်း တိုက်ခိုက်မည်ဆိုလျှင်ပင် သူတို့ သူ့ကို သတ်နိုင်ကြမည် မဟုတ်ချေ။
ကျန်းရီ ကြမ်းပြင်ပေါ်တွင် အပတ်အနည်းငယ် လိမ့်သွားပြီး သူ့နှုတ်ခမ်းစွန်းမှနေ၍ သွေးများ စီးကျနေသည်။ သူ့မျက်ဝန်းများလည်း မှေးမှိန်သွားသည်။ သူသည် ထိုတိုက်ခိုက်မှုများကို မမှုသော်လည်း အစောတွင် သူ မိုးမြေစွမ်းအား သုံးလိုက်၍ မြေဆွဲအားက ရုတ်တရက် အဆတစ်ရာ တိုးသွားသည်။ ထို့ကြောင့် သူ့ကို ဧရာမတောင်ကြီးတစ်လုံးက ဖိချလိုက်သလို ခံစားလိုက်ရသည်။ ထိုခံစားချက်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းပေသည်။ ထိုအခိုက်တွင် သူ့ခန္ဓာကိုယ်က ဖိချေခံနေရသလို ခံစားနေရလေသည်။
ထိုမြေဆွဲအားမှာ လှေကားထစ် အထစ်ငါးဆယ်ကျော်မှ မြေဆွဲအားသာ ရှိသေးသည်။ သို့ဆိုလျှင် အထစ်ရှစ်ဆယ်၊ အထစ်ကိုးဆယ်မြောက်မှ မြေဆွဲအားဆိုလျှင် မည်မျှ ကြောက်မက်ဖွယ်ကောင်းမည်နည်း။ ဧကရာဇ်ငယ်ရွေတို့ တိုက်ခိုက်လာ၍ သူ မိုးမြေစွမ်းအားကို သုံးလိုက်မည်ဆိုလျှင် အဆတစ်သန်း မြေဆွဲအား၏ သေသည်အထိ ဖိနှိပ်မှုကို ခံလိုက်ရမည်လော။
ကျန်းရီ သူ့နှုတ်ခမ်းစွန်းမှ သွေးများကို သုတ်လိုက်၏။ ထို့နောက် ဖြေရှင်းနည်းတစ်ခုကို စဉ်းစားလိုက်သည်။ နေ့တစ်ဝက်ပြည့်ရန် အချိန်လိုသေးသည်။ သူ အလျင်မလိုပါ။ သူ စင်မြင့်ပေါ်သို့ တက်နိုင်သည်နှင့် အားလုံးကို အလွယ်တကူ ဖိနှိပ်နိုင်၊ သတ်နိုင်ပေလိမ့်မည်။ ထိုအခါ ကောင်းကင်ဘုံခုံရုံးကလည်း သူ့အပိုင် ဖြစ်သွားမည်ဖြစ်သည်။
ကျန်းရီ အလျင်စလို မပြုမူလိုက်ဘဲ နေရာမှာပင် ဒဏ်ရာကုသလိုက်၏။ သူ့တွင် နတ်ဘုရားသစ်ရွက်ရှိသဖြင့် သူ့ဒဏ်ရာမျာကို ရုတ်ခြည်း ကုသနိုင်သည်။ သို့သော် အပြင်လူများကတော့ ထိုအကြောင်းကို သိမည် မဟုတ်ပါ။ သူ ထိုအကြောင်းကို ဖော်ပြရန်လည်း စိတ်ကူးမရှိချေ။
“ဟွန်း... လင်းဖေးရှန်း၊ ဆက် သန့်စင်နေလိုက်။ ခင်ဗျား ကောင်းကင်ရတနာကို တစ်သက်လုံး သန့်စင်ရင်တောင် သန့်စင်နိုင်မလားဆိုတာ ကြည့်ကြတာပေါ့”
ကျန်းရီသည် ရုတ်တရက် အကြံတစ်ခု ရလိုက်၍ အော်ပြောလိုက်၏။ ကောင်းကင်ရတနာကို သန့်စင်နိုင်ရန် နေ့တစ်ဝက် လိုသည်။ သို့သော် လင်းဖေးရှန်းက ကောင်းကင်ရတနာကို သန့်စင်နိုင်မည် မဟုတ်ဟု သူ ပြောခဲ့စဉ်က ဧကရာဇ်ငယ်ရွေနှင့် လင်းဖေးရှန်းတို့ အံ့ဩသွားကြသည်။ ထို့ကြောင့် သူတို့က မည်သည့်အရာကိုမှ သိမထားကြောင်း ထင်ရှားသည်။ သို့ဖြစ်ရာ လင်းဖေးရှန်းက နာရီနှစ်ဆယ်ကျော်မျှ သန့်စင်ပြီးလျှင် လက်လျှော့သွားလောက်ပေသည်။
ကျန်းရီသည် မျက်လုံးမှိတ်၍ ဒဏ်ရာကုသရာတွင်သာ အာရုံစိုက်ထား၏။ ဧကရာဇ်ငယ်ရွေနှင့် လင်းဖေးရှန်းတို့ အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့နှစ်ယောက်စလုံး စိတ်လှုပ်ရှားနေကြသည်။ ထိုအခိုက်တွင် သူတို့ မည်သို့လုပ်ရမည်ကို မသိ၍ ဆက်သာ သန့်စင်နေရလေသည်။
တစ်နာရီကြာပြီးနောက် ကျန်းရီ၏ ဒဏ်ရာများက လုံးဝပျောက်ကင်းသွား၏။ သို့သော် သူ မျက်လုံးမဖွင့်သေးဘဲ တိတ်တဆိတ် စကျင့်ကြံလိုက်သည်။ သူ လင်းဖေးရှန်းတို့နှင့် စိတ်ရှည်မှုအရာတွင် ယှဉ်ပြိုင်လိုပေသည်။ သူ ငါးစာတစ်ခု ပစ်ထားပြီးပေပြီ။ လင်းဖေးရှန်းတို့ ထိုငါးစပ်ကို ဟပ်မဟပ် သူ သိလိုနေ၏။
အချိန်က တရွေ့ရွေ့ ကုန်ဆုံးလာ၏။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ဆယ်နာရီ ကုန်ဆုံးသွားသည်။ ကျန်းရီက အေးအေးလူလူ ကျင့်ကြံနေသေးဆဲ ဖြစ်သော်လည်း လင်းဖေးရှန်း ဂဏာမငြိမ်နိုင်တော့ချေ။ သူမ ကောင်းကင်ရတနာကို နာရီနှစ်ဆယ်ကျော် သန့်စင်နေခဲ့သည်။ ရတနာတစ်ခုက မည်မျှ သန့်စင်ရန် ခက်ခဲပါစေ ထိုမျှကြာအောင် သန့်စင်ပြီးလျှင် သန့်စင်လာသော လက္ခဏာအချို့ ပြသင့်သည် မဟုတ်လော။ သို့သော် ယခုတွင်မူ မည်သည့်လက္ခဏာမှ မပြပေ။ ထို့ကြောင့် လင်းဖေးရှန်း ယုံကြည်မှု ပျောက်ဆုံးလာသည်။ ကောင်းကင်ဘုံခုံရုံးက အမှန်ပင် ကျန်းရီ၏အပိုင် ဖြစ်နေပြီးလျှင် မည်သို့လုပ်မည်နည်း။
လင်းဖေးရှန်း ဧကရာဇ်ငယ်ရွေကို လှမ်းကြည့်လိုက်၏။ သူမတို့ အကြည့်ချင်းဆုံသွားကြသည်။ မကြာခင်တွင် ဧကရာဇ်ငယ်ရွေသည် လင်းဖေးရှန်း၏ ဆန္ဒကို နားလည်သွားသည်။ သူ လင်းဖေးရှန်းဆီသို့ တိတ်တဆိတ် လျှောက်သွားလိုက်ပြီး သူမ၏ ကျောပေါ်သို့ လက်တင်လိုက်၏။ ထို့နောက် သူ့လက်က လင်းလက်လာသည်။ သူသည် လင်းဖေးရှန်း ကောင်းကင်ရတနာကို သန့်စင်နိုင်ရန် ကူညီပေးတော့ပေမည်။
“ခွမ်ဟူ... ရှင်တို့လည်း လာခဲ့”
လင်းဖေးရှန်းက ရုတ်တရက် လေသံဖျော့ဖျော့နှင့် ပြောလိုက်၏။ ခွမ်ဟူ၊ ယန်ချီနှင့် အခြားသူများ လင်းဖေးရှန်းဆီသို့ ခပ်သွက်သွက် လျှောက်သွားကြသည်။ သူတို့အားလုံးသည် လက်များဆန့်တန်းကာ လင်းဖေးရှန်း၏ ကိုယ်ထဲ ကောင်းကင်စွမ်းအား ထည့်သွင်းပေး၍ သူမကို ကူညီလိုက်ကြလေသည်။
ဝှစ်...
ထိုအခိုက်တွင် ကျန်းရီက လှုပ်ရှားလိုက်၏။ သူ ကျောက်လှေကားထစ်များအပေါ် ပြေးတက်လိုက်ပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် လှေကားထစ်ဆယ်ထစ်ကျော်ကို တက်နိုင်လိုက်သည်။
“ဟွန်း.. ကျန်းရီ အိပ်မက်မက်မနေနဲ့။ ကျွန်မ ကောင်းကင်ရတနာကို သန့်စင်ပြီးတော့မယ်။ ရှင် ဒီအပေါ်ကို တက်လာရင်လည်း ဘာမှ အသုံးဝင်တော့မှာ မဟုတ်ဘူး”
လင်းဖေးရှန်းက ကျန်းရီ၏ လှုပ်ရှားမှုကို သတိပြုမိလိုက်၍ အေးစက်စက် ပြောလိုက်၏။ ကျန်းရီကမူ စကားတစ်ခွန်းမှ ပြန်မပြောဘဲ လှေကားထစ်များကိုသာ လျင်မြန်စွာ တက်နေသည်။ လင်းဖေးရှန်းက သူ ပစ်လိုက်သော ငါးစာကို ဟပ်လိုက်ပေပြီ။
လင်းဖေးရှန်းသည်လည်း သူမက ကောင်းကင်ရတနာကို မသန့်စင်နိုင်လောက်ဟု သံသယဖြစ်မိ၍ ကျန်းရီကို အပေါ်တက်လာအောင် တမင် ဟာကွက်တစ်ခု ဖော်ပြာခဲ့ခြင်းဖြစ်သည်။ သူမသည် ကျန်းရီ လှေကားထစ် အထစ်ရှစ်ဆယ်၊ ကိုးဆယ်သို့ ရောက်သည်နှင့် ဧကရာဇ်ငယ်ရွေနှင့် ခွမ်ဟူတို့ကို တိုက်ခိုက်ခိုင်းမည်ဖြစ်သည်။ လင်းဖေးရှန်း၏ အမြင်တွင် ကျန်းရီကို သတ်လိုက်ပါက ကောင်းကင်ရတနာကို သန့်စင်နိုင်ရန် အခွင့်အရေးတစ်ခု ရလိမ့်မည်ဟု မြင်ပေသည်။
သို့သော် ကျန်းရီက ယင်းမှာ ထောင်ချောက်တစ်ခုဖြစ်ကြောင်း မည်သို့ မသိဘဲ နေမည်နည်း။
လင်းဖေးရှန်းသည် ကျန်းရီထံတွင် ရေခဲအရင်းအမြစ်နှင့် မီးအရင်းအမြစ်တို့ ရှိကြောင်း သိမထားပေ။ ထို့ကြောင့် ကျန်းရီသည် သူမကို သူမ၏ကစားပွဲမှာပင် အနိုင်ယူနိုင်ပေလိမ့်မည်။ သူ လှေကားထစ် အထစ်ခုနစ်ဆယ်၊ ရှစ်ဆယ်သို့ တက်နိုင်သည်နှင့် မီးအရင်းအမြစ် သို့မဟုတ် ရေခဲအရင်းအမြစ်ကို သုံးကာ သူမတို့အားလုံးကို ဖိနှိပ် သို့မဟုတ် သတ်ပစ်နိုင်သည်။
ထောင်ချောက်တစ်ခုအတွင်းမှာ ထောင်ချောက်တစ်ခု...
‘မင်းက ငါ့ကို ထောက်ချောက်ဆင်ချင်တယ်၊ ငါကလည်း မင်းကို ထောင်ချောက်ဆင်တယ်။ နောက်ဆုံးမှာ ဘယ်သူ ရယ်နိုင်မလဲ’
ကျန်းရီသည်လည်း ယုံကြည်မှု အပြည့်အဝ ရှိနေသည်တော့ မဟုတ်ပါ။ အောင်မြင်၊ မအောင်မြင်မှာ သူ လှေကားထစ် အထစ်ရှစ်ဆယ်၊ ကိုးဆယ်အထိ တက်နိုင်၊ မတက်နိုင် အပေါ်တွင် မူတည်နေသည်။
အထစ်သုံးဆယ်၊ အထစ်လေးဆယ်၊ အထစ်ငါးဆယ်...
ကျန်းရီ၏ အမြန်နှုန်းက နှေးလာ၏။ သူ့ကိုယ်ပေါ် ဖိထားသော ဖိအားမှာလည်း ပို၍လေးလံလာသည်။ သို့သော် သူ ဆက်တက်နိုင်သေးသည်။ သူ အံကြိတ်လျက် တတ်နိုင်သမျှ အမြန်ဆုံး တက်နေပေသည်။ မကြာခင်မှာပင် အထစ်ရှစ်ဆယ်၊ ကိုးဆယ်သို့ အမြန်ဆုံး ရောက်ရန် သူ ခြေရာလက်ပါ သုံးကာ ကုန်းတက်လိုက်လေသည်။
“ကျန်းရီ... ရှင်က တက်လာရဲသေးတယ်လား။ ကျွန်မ ရှင့်ကို သတ်ဖို့ လူတစ်ယောက်ကို ခိုင်းလိုက်မယ်ဆိုတာ ရှင်ယုံလား”
“ဟားဟားဟား... ကျန်းရီ၊ ရှင့်ရဲ့ ကောင်းကင်ရတနာကို ကျွန်မ သန့်စင်လို့ ပြီးတော့မယ်။ ရှင် တက်လာလည်း အသုံးမဝင်တော့ဘူး”
“ကျန်းရီ... ဒါက နောက်ဆုံးသတိပေးချက်ပဲ။ ရှင် ဆက်တက်လာရဲရင် ကျွန်မ ရှင့်ကို မညှာဘဲ သတ်ပစ်မယ်”
ခန်းမထဲတွင် လင်းဖေးရှန်း၏ စကားသံများက ပဲ့တင်ထပ်နေသည်။ သူမက ကျန်းရီ တက်လာအောင် ဆွပေးနေခြင်းဖြစ်ကြောင်း ထင်ရှားသည်။ ဧကရာဇ်ငယ်ရွေကလည်း အချိန်မရွေး တိုက်ခိုက်ရန် အသင့်ပြင်ထားပေပြီ။
ကျန်းရီ၏ အမြန်နှုန်းက နှေး၍ နှေး၍ လာ၏။ သို့သော် သူ အထစ်ခုနစ်ဆယ်သို့ ရောက်နေပြီဖြစ်သည်။ သူ ခေါင်းငုံ့ကာ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်း ဝင်လိုက်သည်။ ဧကရာဇ်ငယ်ရွေက လှုပ်ရှားသည်နှင့် သူ ရေခဲအရင်းအမြစ် သို့မဟုတ် မီးအရင်းအမြစ်ကို ချက်ချင်း ထုတ်လိုက်မည်ဖြစ်သည်။
‘နောက်ထပ်ဆယ်ထစ်ပဲ၊ အဲ့လိုဆို ငါ အကြွင်းမဲ့ ယုံကြည်မှုရှိတယ်’
ကျန်းရီ ရင်ထဲတွင် ဆုတောင်းလိုက်ပြီး လင်းဖေးရှန်းက ဉာဏ်အကောင်းလွန်ကာ သူ့ကို နောက်ထပ်ဆယ်ထစ် တက်ခွင့်ပေးဖို့ မျှော်လင့်လိုက်သည်။ သူ အံကြိတ်ကာ ဆက်တက်သွားပြီး အချိန်မရွေး တိုက်ခိုက်နိုင်ရန် အသင့်ပြင်ထားလိုက်ပေသည်။
ခုနှစ်ဆယ့်တစ်၊ ခုနစ်ဆယ့်သုံး၊ ခုနစ်ဆယ့်ငါး၊ ခုနစ်ဆယ့်ရှစ်...
ကျန်းရီသည် အားကောင်းသော မြေဆွဲအား၏ ဖိနှိပ်မှုကို ခံထားရသော်လည်း ပို၍ ပြုံးလာ၏။ ထိုအကွာအဝေးတွင်ဆိုလျှင် သူ အနိုင်ရရန် ယုံကြည်မှု ရှိနေပေပြီ။
“လုပ်လိုက်တော့...”
ထိုအခိုက်တွင် လင်းဖေးရှန်းက အော်ပြောလိုက်သည်။ ဧကရာဇ်ငယ်ရွေနှင့် ခွမ်ဟူတို့ အရှေ့သို့ ခုန်ထွက်သွားကြ၏။ လင်းဖေးရှန်းသည်လည်း ကောင်းကင်ရတနာကိုပင် အရေးမစိုက်တော့ဘဲ ရွှေအိုရောင်ပလ္လင်ပေါ်မှ ဆင်ကား စင်မြင့်စွန်းဆီသို့ အပြေးသွားလိုက်သည်။
“နောက်ကျသွားပြီ...”
ကျန်းရီသည် ခက်ခက်ခဲခဲ ခေါင်းမော့၍ ပြုံးလိုက်၏။ သို့သော် ထိုအခိုက်တွင် သူ ရုတ်တရက် ရင်တုန်သွားသည်။ သေနိုင်လောက်သော အန္တရာယ်တစ်ခုက ချဉ်းကပ်လာသည်ကို သူ ခံစားလိုက်ရပေသည်။
“ကျန်းရီ မြန်မြန် ပြန်ဆုတ်တော့။ လင်းဖေးရှန်းဆီမှာ တောဆိတ်မသေမျိုးမိစ္ဆာသွေး ရှိတယ်။ အဲ့သွေးနဲ့ ရှင်ထိသွားရင် သေချာပေါက် သေလိမ့်မယ်”
နူးညံ့သော အသံတစ်သံ ပဲ့တင်ထပ်လာ၏။ ထိုအသံမှာ ရှားယွီ၏ အသံပင်။ ကျန်းရီ တုန်လှုပ်သွားသည်။ စက္ကန့်ဝက်အတွင်းမှာပင် သူ တုံ့ပြန်လိုက်၏။ သူ လက်ထဲတွင် ရေခဲအရင်းအမြစ်ထုတ်ကာ အထက်သို့ ရိုက်တင်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ လှေကားထစ်ကို ခြေဖြင့်ဆောင့်၍ စင်မြင့်အောက်သို့ ခုန်ချလိုက်လေသည်။
ရွှစ်...
ရေခဲအရင်းအမြစ် ထွက်ပေါ်လာသောအခါ ပတ်ဝန်းကျင်က ရုတ်ခြည်း အေးခဲသွားသည်။ ကျန်းရီ၏ အခြားလက်တစ်ဘက်ထဲတွင် မီးအရင်းအမြစ် ထွက်ပေါ်လာ၍ သူ့အနောက်မှ ရေခဲထုက အချိန်မီ အရည်ပျော်ပေးသွား၏။ သို့သော် သူ မိုးမြေစွမ်းအားကိုတော့ အသုံးမပြုဝံ့သေးပေ။ ထိုအမြင့်တွင် မြေဆွဲအားက အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ သူ မိုးမြေစွမ်းအားကို သုံးလိုက်သည်နှင့် လှုပ်နိုင်တော့မည် မဟုတ်ချေ။
ဝှစ်...
စူးရှသော လေခွင်းသံတစ်သံ ထွက်ပေါ်လာ၏။ နီညိုရောင် အလင်းတန်းတစ်တန်းက အေးခဲနေသော လေထုကို ဖြတ်၍ လျှပ်စီးတန်းတစ်တန်းအလား ပျံသန်းလာ၏။ ၎င်း၏ အမြန်နှုန်းက အံ့အားသင့်ဖွယ်ပင်။
ထိုနီညိုရောင်အလင်းတန်းမှာ သွေးစက်တစ်စက်ဖြစ်သည်။ ၎င်း၏ အရှိန်အဝါက အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ ကျန်းရီက လျင်မြန်စွာ တုံ့ပြန်ခဲ့သော်လည်း ထိုသွေးစက်က သူ့ ခြေသလုံးကို ထိမှန်သွားပေသေးသည်။
“အား...”
နာကျင်တကြီး အော်လိုက်သံတစ်သံ ပဲ့တင်ထပ်သွား၏။ ကျန်းရီသည် ထိုနီညိုရောင်သွေးစက်က သူ့ခြေသလုံးအား တိုက်ရိုက်ဖောက်သွားသည်ကို မြင်လိုက်ရသည်။ ထို့နောက် သူ့ခြေသလုံးမှာ လျင်မြန်စွာ တိုက်စားခံလိုက်ရပြီး မျက်လုံးဖြင့် မြင်နိုင်သော နှုန်းနှင့် အရိုးကျသွားလေသည်။
“ကျား...”
ကျန်းရီ စိတ်ကိုတင်းကာ လေထဲတွင် လက်မြှောက်လိုက်၏။ ထို့နောက် လက်ထဲတွင် ကောင်းကင်စွမ်းအားထည့်၍ သူ့ဘယ်ဘက်ခြေထောက်ကို ပြင်းထန်စွာ ခုတ်ဖြတ်ပစ်လိုက်သည်။ ပြီးလျှင် သူ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျကာ လိမ့်သွားလေ၏။
ဝှစ်...
လှပသော မိန်းမပျိုတစ်ယောက်က ပြေးလာပြီး ကျန်းရီကို ထူပေးလိုက်၏။ ထို့နောက် သူမ စိုးရိမ်စွာ မေးလိုက်သည်။
“ကျန်းရီ... ရှင် အဆင်ပြေရဲ့လား”
“ကျွန်တော် မသေပါဘူး”
ကျန်းရီ ပြုံး၍ ပြန်ပြောလိုက်သည်။ ထို့နောက် ခပ်လှမ်းလှမ်းရှိ ပြတ်ထွက်သွားသော အရိုးကျနေသည့် သူ့ဘယ်ဘက်ခြေထောက်ကို လှမ်းကြည့်လိုက်သည်။ သူ့မျက်ဝန်းများထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်သွားသည်။ အစောတွင် သူသာ လျင်မြန်စွာ မတုံ့ပြန်ခဲ့လျှင် တိုက်စားမှုက အထက်သို့ တက်လာပြီး သူ့တစ်ကိုယ်လုံး အရိုးကျသွားမည်ဖြစ်သည်။
ထောင်ချောက်ထဲမှ ထောင်ချောက်တစ်ခု၊ ထိုထောင်ချောက်ထဲမှ နောက်ထပ်ထောင်ချောက်...
ကျန်းရီသည် သူက ခြေတစ်လှမ်းဦးနေသည်ဟု ထင်ခဲ့သော်လည်း အမှန်တွင်မူ လင်းဖေးရှန်းက သူ့ထက် ခြေဆယ်လှမ်းဦးနေခြင်းဖြစ်သည်။ ထိုအမျိုးသမီးက အမှန်ပင် ပြိုင်ဘက်ကင်းသည်။ သူ လောကထဲမှ သူရဲကောင်းများကို ထပ်၍ လျှော့တွက်မိခဲ့ပြန်ပေပြီ။
***