ဘိုးဘေးများကို စတေးခြင်း
Vol. 141 Ch. 1969
တောဆိတ်မသေမျိုးမိစ္ဆာသွေး...
ထိုသွေးက လောကထဲတွင် ပျောက်ကွယ်သွားခဲ့သည်မှာ နှစ်တစ်သောင်းကျော်ခဲ့ပေပြီ။ ထို့ကြောင့် လောကကြီးသည် ၎င်းအကြောင်းကို မေ့လျော့သွားခဲ့သည်။ တောဆိတ်မျိုးနွယ်က ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဖိနှိပ်မှုကို ခံခဲ့ရ၍ ပုန်းအောင်းနေခဲ့ရသည်။ ထို့ကြောင့် လူများသည် အတိတ်တွင် တောဆိတ်မျိုးနွယ်က မည်မျှကြောက်မက်ဖွယ်ကောင်းခဲ့ကြောင်းကို မေ့လျော့သွားခဲ့ပေပြီ။
ရှားယွီက တောဆိတ်မသေမျိုးမိစ္ဆာသွေး အကြောင်းကို အော်ပြောလိုက်ချိန်တွင်ပင် ကျန်းရီ ၎င်းကို မသိသေးပါ။ သူ ထိုသွေးအကြောင်းကို တစ်ခါမှ မကြားဖူးပေ။ ၎င်းက အလွန်စွမ်းအားကြီးသည်။ ထို့ပြင် ၎င်းသည် ကျင့်ကြံယူရသော အရာမဟုတ်ဘဲ လျှို့ဝှက်အတတ်တစ်ခုကို သုံး၍ တောဆိတ်မျိုးနွယ်၏ ပညာရှင်တစ်ယောက် သန့်စင်ကာ ရယူရသောအရာဖြစ်သည်။
တောဆိတ်မျိုးနွယ်မှ ပညာရှင်တစ်ယောက် သေဆုံးတော့မည် ဆိုလျှင် သူတို့၏ မျိုးဆက်များက ထိုပညာရှင်ကို ဝိညာဉ်ပျက်စီးသွားသည်အထိ အရှင်လတ်လတ် သန့်စင်ကြသည်။ ထိုမှသာ မိစ္ဆာသွေးစက် အနည်းငယ်ကို ရရှိနိုင်မည်ဖြစ်သည်။
လူသားမျိုးနွယ်တွင် ဆိုရိုးတစ်ခုရှိသည်။ ကောင်းမှုအားလုံးထဲတွင် ကျေးဇူးသိတတ်ခြင်းက အရေးအကြီးဆုံးဖြစ်သည်။ ထို့ကြောင့် ဘိုးဘေးများနှင့် အကြီးအကဲများ၏ အလောင်းများကို ကောင်းမွန်စွာ သင်္ဂြိုလ်ကြသည်။ ထိုမှ သူတို့၏ ဝိညာဉ်များက အေးအေးချမ်းချမ်း အနားယူနိုင်ပြီး သူတို့မျိုးဆက်များ၏ အရိုအသေပေးခြင်းကို ခံနိုင်လိမ့်မည်ဟု ယုံကြည်ကြသည်။
သို့သော် တောဆိတ်မျိုးနွယ်သည် သူတို့၏ ဘိုးဘေးများနှင့် အကြီးအကဲများကို အရှင်လတ်လတ် သန့်စင်ကာ သူတို့၏ စိတ်ဝိညာဉ်များကို ဖျက်ဆီးပစ်ကြသည်။ ယင်းမှာ အလွန်ရက်စက်သည်ဟု ထင်ရ၏။ အတိတ်တွင် တောဆိတ်မျိုးနွယ်သည် ကောင်းကင်ဘုံရှိ မျိုးနွယ်အားလုံး၏ ရှုံ့ချခြင်းကိုလည်း ခံခဲ့ရသည်။ သို့သော် တောဆိတ်မျိုးနွယ်၏ ကြောက်မက်ဖွယ် တိုက်ခိုက်စွမ်းအားကြောင့် မည်သူကမှ ထိုအကြောင်းကို ပေါ်ပေါ်ထင်ထင် မပြောဝံ့ခဲ့ကြပေ။
မသေမျိုးတစ်ပိုင်းမျိုးနွယ်က နမိတ်အတုများကို ဟောပြော၍ လောကကြီးကို လိမ်လည်သည်။ တောဆိတ်မျိုးနွယ်ကမူ သူတို့၏ဘိုးဘေးများကို စတေးသည်။ ထို့ကြောင့်လည်း ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ထိုမျိုးနွယ်နှစ်ခုကို ဖိနှိပ်ခဲ့ခြင်းဖြစ်ပေသည်။
ရှားယွီသည် ကျန်းရီအား တောဆိတ်မသေမျိုးမိစ္ဆာသွေးအကြောင်းကို ရှင်းပြလိုက်၏။ ကျန်းရီသည် နားထောင်ပြီးသွားသောအခါ ခြေထောက်မှ နာကျင်မှုကို မေ့သွားပြီး တုန်လှုပ်သွားပေသည်။ မိမိတို့၏ ဘိုးဘေးများနှင့် အကြီးအကဲများကို သန့်စင်ပစ်သည်လော။ ယင်းမှာ မည်မျှ သွေးအေးကာ နှလုံးသားမဲ့သော လုပ်ရပ်တစ်ခုနည်း။
ကျန်းရီသည် တောဆိတ်မသေမျိုးမိစ္ဆာသွေး၏ အစွမ်းကို မြင်ပြီးပေပြီ။ ရှားယွီသည်လည်း ၎င်း၏အစွမ်းကို အတန်ငယ် ခံစားခဲ့ရသည်။ ယန်မဟာဧကရာဇ်နှင့် ရူးသွပ်မဟာဧကရာဇ်တို့ပင် တောဆိတ်မသေမျိုးမိစ္ဆာသွေး ထိမှန်ခံရလျှင် သေရပေလိမ့်မည်။
မိုးပြာမဟာဧကရာဇ်ပင် ထိုသွေး ထိမှန်ခံရပါက သေချာပေါက် အပြင်းအထန် ဒဏ်ရာရသွားမည်ဖြစ်သည်။ ကျန်းရီ၏ တုံ့ပြန်မှုက အလွန်မြန်ခဲ့ပြီး သူ့ကိုယ်သူ ရက်စက်ခဲ့သည်။ သူ ချက်ချင်း သူ့ခြေထောက်သူ ခုတ်ဖြတ်ပစ်ခဲ့သည်။ မဟုတ်လျှင် အသက်နှစ်ရှူစာအတွင်း ကျန်းရီ အရိုးခြောက် ဖြစ်သွားမည်ဖြစ်သည်။
“ဒဏ်ရာကုဖို့ပဲ အာရုံစိုက်လိုက်ပါ။ လင်းဖေးရှန်းက ဆင်းလာရဲမှာ မဟုတ်ပါဘူး”
ရှားယွီသည် ကျန်းရီကို ထောင့်တစ်နေရာသို့ တွဲခေါ်သွားပြီး နူးညံ့စွာ နှစ်သိမ့်လိုက်၏။ ကျန်းရီသည် ရွှေအိုရောင်ပလ္လင်ပေါ်သို့ ပြန်သွားပြီဖြစ်သော လင်းဖေးရှန်းကို လှမ်းကြည့်လိုက်သည်။ သူမက ကျန်းရီ၏ ရေခဲအရင်းအမြစ်နှင့် မီးအရင်းအမြစ်ကို စိုးရိမ်နေခြင်းဖြစ်ကြောင်း ထင်ရှားသည်။ ထို့ပြင် ရှားယွီလည်း သတိလည်လာပြီဖြစ်ရာ သူမ မည်သို့ မဆင်မခြင် လုပ်ဝံ့တော့မည်နည်း။
တောဆိတ်မသေမျိုးမိစ္ဆာသွေးမှာ အလစ်တိုက်ခိုက်မှုများတွင်သာ အသုံးဝင်သည်။ ၎င်းသွေးအကြောင်းကို သိသွားပြီးပြီဆိုလျှင် ကျန်းရီနှင့် ရှားယွီတို့ကို သတ်ရန် ဖြစ်နိုင်တော့မည် မဟုတ်ချေ။
“ခွမ်ဟူတို့က ဘာဖြစ်သွားတာလဲ”
ကျန်းရီသည် သွေးတိတ်အောင် လုပ်နေရင်း မေးလိုက်၏။ ရှားယွီက ဧကရာဇ်ငယ်ရွေကို ကြည့်ကာ ပြောလိုက်သည်။
“သူတို့အကုန်လုံးကို ဧကရာဇ်ငယ်ရွေက ထိန်းချုပ်ထားတာ။ ကျွန်မသာ သတိမထားခဲ့ရင် အခု ကျွန်မလည်း သူတို့လို ဖြစ်နေလောက်ပြီ။ ဧကရာဇ်ငယ်ရွေက အန္တရာယ်မရှိဘူးလို့ ထင်ရပေမဲ့ တကယ့်အခိုက်တွေမှာ အဆိပ်ပြင်းမြွေတစ်ကောင် ဖြစ်သွားနိုင်တယ်”
“အဲ့ဒါ ဘယ်လိုလုပ် ဖြစ်နိုင်တာလဲ”
ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်က အဘယ်သို့ အခြား ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားများကို ထိုမျှ အလွယ်တကူ ထိန်းချုပ်နိုင်ရသနည်း။ ထို့ပြင် ဧကရာဇ်ငယ်ရွေ၏ ကျင့်ကြံခြင်းအဆင့်နှင့် တိုက်ခိုက်စွမ်းအားက ခွမ်ဟူတို့လောက် မမြင့်ပေ။ ခွမ်ဟူတို့၏ စိတ်ဝိညာဉ်များကလည်း အလွန်သန်မာသည်။ သူတို့ကို အလွယ်တကူ ထိန်းချုပ်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
“ဟင်းဟင်း... လောကကြီးက ဧကရာဇ်ရွေနဲ့ ဧကရာဇ်ငယ်ရွေအကြောင်းကိုပဲ သိကြတော့တယ်။ သူတို့က ဘယ်မျိုးနွယ်ကလည်း ဆိုတာကို မေ့သွားကြပြီ”
ရှားယွီက ခပ်လှောင်လှောင်ရယ်၍ ရှင်းပြ၏။
“သူတို့မျိုးနွယ်ကို အရင်က နှလုံးညှို့မျိုးနွယ်လို့ ခေါ်ကြတယ်။ အတိတ်တုန်းက သူတို့ ဘာလို့ ယန်ကိုးပါးကောင်းကင်ဧကရာဇ်ရဲ့ ဖိနှိပ်မှုကို ခံခဲ့ရတာလဲ။ ဘာလို့ဆို သူတို့မျိုးနွယ်က မျိုးနွယ်ကြီးတွေက အမျိုးသမီးတွေကို ညှို့ပြီး အရမ်းအင်အားကြီးတဲ့ မဟာမိတ်တစ်ဖွဲ့ကို ထူထောင်ခဲ့လို့ပဲ။ အဲ့တုန်းက မျိုးနွယ်ကြီးတွေက သခင်မလေးတွေအများကြီးက သူတို့မျိုးနွယ်က ယောက်ျားတွေရဲ့ ဖျက်ဆီးမှုကို ခံခဲ့ရတယ်။ ဒါပေမဲ့ ဧကရာဇ်ငယ်ရွေ ခွမ်ဟူတို့ကို ထိန်းချုပ်နိုင်တာကတော့ သူ့မှာ ဝိညာဉ်မသေမျိုးဆေးပင် ရှိလို့ဖြစ်လိမ့်မယ်။ အဲ့ဆေးပင်က သူ့စိတ်ဝိညာဉ်ကို ယာယွီ အင်အားတိုးမြှင့်ပေးနိုင်တယ်”
“တကယ်ကို ယုတ်မာတာပဲ”
ကျန်းရီ တုန်လှုပ်သွား၏။ အစတွင် ခွမ်ဟူတို့ကို လင်းဖေးရှန်းက ထိန်းချုပ်ထားခြင်း ဖြစ်ရမည်ဟု သူ ထင်ခဲ့သည်။ သို့သော် ထိန်းချုပ်ထားသူက ဧကရာဇ်ငယ်ရွေ ဖြစ်နေပေသည်။
“အဲ့မျိုးနွယ်သုံးခုမှာ မကောင်းတဲ့ အကြံတွေ ရှိတယ်”
ကျန်းရီ၏ မျက်နှာထားက တည်သွား၏။ တမလွန်ဘုံဧကရာဇ်က မသေမျိုးတစ်ပိုင်း ရသေ့ကြီး၊ သို့မဟုတ် တောဆိတ်ရသေ့ကြီး သို့မဟုတ် ဧကရာဇ်ရွေအဖြစ် ပြန်ဝင်စားခဲ့ခြင်း ဖြစ်နိုင်လေသည်။
လက်ရှိတွင် ထိုသုံးယောက်သည် မိုးပြာမဟာဧကရာဇ်၏ မြှောက်စားမှုကို ခံနေရသည်။ သူတို့ ကောင်းကင်ကြယ်စုဘုံကို ရခဲ့သည်။ အကယ်၍ ထိုသုံးယောက်ထဲမှ တစ်ယောက်ကသာ တမလွန်ဘုံဧကရာဇ် ဖြစ်နေလျှင် လူသားမျိုးနွယ်သည် မည်သို့ဖြစ်သွားသည်ကိုပင် မသိလိုက်ရဘဲ ပျက်သုဉ်းသွားရပေလိမ့်မည်။
ကျန်းရီ နတ်ဘုရားသစ်ရွက်ကို မထုတ်ဘဲ သူ့ကောင်းကင်စွမ်းအားကို သုံး၍သာ ဒဏ်ရာကုသလိုက်သည်။ သူ့ကျင့်ကြံခြင်းအဆင့်တွင် သူ့ခြေထောက်က ဖြည်းဖြည်းချင်း ပြန်ပေါက်လာမည်ဖြစ်သည်။ သို့သော် အချိန်တစ်ခုတော့ လိုပေလိမ့်မည်။
ကျန်းရီသည် တစ်ခဏမျှ တွေးတောပြီးနောက် တင်ပျဉ်ခွေထိုင်ကာ ဒဏ်ရာကုသနေသော ရှားယွီကို ကြည့်ကာ မေးလိုက်သည်။
“မိုးပြာမဟာဧကရာဇ်က အဲ့မျိုးနွယ်သုံးခုအကြောင်းကို သိထားလား”
“သိတာပေါ့...”
ရှားယွီက ခေါင်းညိတ်လိုက်၏။ ထို့နောက် သက်ပြင်းချကာ ဆက်ပြောသည်။
“လူသားမျိုးနွယ်ရဲ့ အခြေအနေကို ရှင်လည်းသိတာပဲ။ စွမ်းအားကြီး သိုင်းသမား အရေအတွက်က နည်းလွန်းတယ်။ တမလွန်ဘုံဧကရာဇ်က ပြန်ထွက်ပေါ်လာတော့မယ်။ အဲ့တော့ ကျွန်မဆရာက ရနိုင်သမျှ အင်အားကို စုစည်းရတော့တာပဲ။ တကယ်လို့ နောက်ကျရင် မျိုးနွယ်သုံးခုက ပလ္လင်အတွက် တိုက်ခိုက်လာမယ်ဆိုရင်လည်း ကျွန်မဆရာက ဂရုမစိုက်ပါဘူး။ သူ တမလွန်ဘုံမျိုးနွယ်ကိုသာ ဖိနှိပ်နိုင်ရင် အဲ့သုံးယောက်ထဲက တစ်ယောက်က ဧကရာဇ်ဖြစ်သွားလည်း ဘာအရေးလဲ။ ကျွန်မတို့အားလုံးက လူသားတွေပဲ။ ဘယ်သူက ဧကရာဇ်ဖြစ်တယ်ဆိုတာ အရေးမကြီးပါဘူး”
“ဟင်းဟင်း...”
ကျန်းရီ အေးစက်စက် ရယ်လိုက်သည်။ ရုတ်တရက် သူ အရှေ့သို့ ကိုင်းကာ ရှားယွီ၏ နားအနီးတွင် တီးတိုးပြောလိုက်၏။
“တကယ်လို့ တမလွန်ဘုံဧကရာဇ်က မသေမျိုးတစ်ပိုင်းရသေ့ကြီး ဒါမှမဟုတ် တောဆိတ်ရသေ့ကြီး ဒါမှမဟုတ် ဧကရာဇ်ရွေအဖြစ် ပြန်ဝင်စားခဲ့တာဆို ဘယ်လိုလုပ်မလဲ”
“အဲ့ဒါက...”
ရှားယွီ တုန်ယင်သွား၏။ သူမ မယုံနိုင်စွာ ပြောလိုက်သည်။
“အဲ့ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ တမလွန်ဘုံဧကရာဇ်က ဘယ်လိုလုပ် လူသားတစ်ယောက်အဖြစ် ပြန်ဝင်စားမှာလဲ”
“မဖြစ်နိုင်တာ ဘာမှမရှိဘူး”
ကျန်းရီ ပြန်ပြောသည်။
“ဒီတစ်ခေါက် ကျွန်တော်တို့ အသက်ရှင်ရက် ပြန်သွားနိုင်မယ်ဆိုရင် ခင်ဗျားရဲ့ဆရာကို သိတောင်မသိလိုက်ရဘဲ အသတ်မခံရဖို့ သတိထားလို့ ပြောလိုက်ပါ။ ပြီးတော့... ကျွန်တော့်ကို သတ်ဖို့ချည်းပဲ အချိန်ပြည့် စဉ်းစားမနေနဲ့လို့လည်း ပြောလိုက်ပါ။ ခင်ဗျားလည်း ကျွန်တော့်အကြောင်းကို သိပါတယ်။ ဘယ်သူက ဧကရာဇ်ဖြစ်တယ်ဆိုတာကို ကျွန်တော် ဂရုမစိုက်ဘူး။ တမလွန်ဘုံမျိုးနွယ်ကို ဖိနှိပ်နိုင်မယ်ဆိုရင် မိုးပြာမဟာဧကရာဇ်ကို ပလ္လင်ပေးလိုက်ရလဲ ဘာဖြစ်မှာလဲ”
ရှားယွီ၏ မျက်ဝန်းများ အရောင်လက်လာ၏။ တစ်ခဏမျှ တွေးတောပြီးနောက် သူမ ကျန်းရီကို စိတ်ရင်းနှင့် ကြည့်ကာ ပြောလိုက်လေသည်။
“သခင်လေးကျန်းက လောကထဲက အထူးခြားဆုံလူပဲ။ ရှင့်ရင်ထဲက စိတ်ရင်းကို ကျွန်မ ခံစားနိုင်ပါတယ်။ မစိုးရိမ်ပါနဲ့... ကျွန်မ ပြန်သွားနိုင်ရင် ကျွန်မဆရာကို ဖျောင်းဖျဖို့ ကြိုးစားမှာပါ”
ကျန်းရီ ခေါင်းခါလိုက်သည်။ သူ လင်းဖေးရှန်းကို ကြည့်၍ သက်ပြင်းချလိုက်၏။
“အဲ့ဒါက နောက်ပိုင်းကိစ္စပါ။ အရင်ဆုံး ဒဏ်ရာကုကြတာပေါ့။ ပြီးရင် ကျွန်တော်တို့ လင်းဖေးရှန်း ကောင်းကင်ဘုံခုံရုံး ရမသွားအောင် ဘယ်လိုလုပ်ရမယ်ဆိုတာ စဉ်းစားကြမယ်။ သူသာ ကောင်းကင်ဘုံခုံရုံးကို ရသွားရင် ကျွန်တော်တို့ သေလိမ့်မယ်”
“အင်း...”
ရှားယွီ စကားဆက်မပြောတော့ပေ။ သူမ မျက်လုံးပြန်မှိတ်၍ ဒဏ်ရာဆက်ကုသလိုက်၏။ ကျန်းရီသည်လည်း ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်း ဝင်ကာ သူ့ခြေထောက်ကို ကုသလိုက်လေသည်။
ရှားယွီ၏ ဒဏ်ရာများက ပိုပြင်းထန်သည်။ သို့သော် ကျန်းရီ၏ အခြေအနေက ပိုဆိုးသည်။ သူက ခြေထောက်တစ်ဘက် ပြတ်နေပေသည်။ တစ်ခဏမျှ ဒဏ်ရာကုသပြီးနောက် ကျန်းရီသည် ကုသနှုန်းက အလွန်နှေးနေကြောင်း သိလိုက်ရ၏။ သူ့ခြေထောက် ပြန်ပေါက်လာရန် အနည်းဆုံး နေ့တစ်ဝက်လောက် လိုပေလိမ့်မည်။ ထိုအခါကျလျှင် လင်းဖေးရှန်းက ကောင်းကင်ရတနာကို သန့်စင်ပြီးသွားမည်ဖြစ်သည်။
ကျန်းရီ နှစ်နာရီကြာ ကုသနေခဲ့သည်။ ဧကရာဇ်ငယ်ရွေတို့က သူ့ကို အရေးစိုက်မနေတော့ပေ။ ထို့ကြောင့် သူ နတ်ဘုရားသစ်ရွက်ကို ရံဖန်ရံခါ မသိမသာ ထုတ်၍ အသုံးပြုလိုက်သည်။ ထို့နည်းနှင့် သူ့ခြေထောက်ကို လျင်မြန်စွာ ပြန်ပေါက်အောင် လုပ်နိုင်သလို အခြားသူများကိုလည်း များစွာ မမြင်အောင် လုပ်နိုင်ပေသည်။
ဆယ်နာရီကြာပြီးနောက် ရှားယွီ ကုသ၍ ပြီးဆုံးသွား၏။ ကျန်းရီ၏ ခြေထောက်မှာလည်း တစ်ဝက်ပြန်ပေါက်နေပြီဖြစ်သည်။ ရှားယွီသည် ကျန်းရီ၏ တင်းကြပ်စွာ ဆုပ်ထားသော လက်ကို အံ့ဩစွာ ကြည့်လိုက်၏။ သူမ စကားမပြောသေးဘဲ ကျန်းရီ ကုသမှု ပြီးသွားမည်ကို တိတ်တဆိတ် စောင့်နေလိုက်လေသည်။
ရှားယွီသည် စင်မြင့်ကို ငေးကြည့်၍ နည်းလမ်းတစ်ခု စဉ်းစားရန် ကြိုးစားနေ၏။ နောက်ထပ် လေးနာရီ ကြာပြီးနောက် ကျန်းရီ၏ ခြေထောက်က အပြည့် ပြန်ပေါက်သွားသည်။ ထို့နောက် သူမ အသံဩဩနှင့် ပြောလိုက်သည်။
“သခင်လေးကျန်း... ရှင် စင်မြင့်ပေါ်ကို တက်သွားချင်ရင် ဘေးဘက်တွေကပဲ တက်လို့ရမယ်။ ဒါပေမဲ့ နှစ်ဘက်လုံးမှာ ဖောင်းကြွမိစ္ဆာသစ်ပင်ပုံတွေ ရှိတယ်။ အဲ့ပုံတွေက ကျောက်လှေကားထစ်တွေအပေါ် တက်တဲ့သူတိုင်းကို တိုက်ခိုက်လိမ့်မယ်။ ဒါပေမဲ့ အဲ့ဒါတွေ တိုက်ခိုက်တာနဲ့ အပေါ်က လူတွေက ကျွန်မတို့ကို တိုက်ခိုက်နိုင်တော့မှာ မဟုတ်ဘူး။ ခဏနေရင် ကျွန်မတို့ အတူလှုပ်ရှားပြီး ဘေးနှစ်ဘက်လုံးက တက်ကြမယ်။ ရှင် လင်းဖေးရှန်းနဲ့ တခြားသူတွေကို ဖိနှိပ်နိုင်ရင် ကျွန်မ ရှင့်ကို ကောင်းကင်ဘုံခုံရုံး ပေးမယ်”
“ကျွန်တော့်ကို ပေးမှာလား”
ကျန်းရီ အတန်ငယ် အံ့ဩသွား၏။ သူ ရှားယွီကို ကြည့်ကာ မေးလိုက်သည်။
“ခင်ဗျား တကယ်ပဲ ကောင်းကင်ဘုံခုံရုံးကို လက်လျှော့ချင်တာလား”
“မဟုတ်ဘူးပေါ့”
ရှားယွီက ခါးသက်သက် ရယ်၍ ပြန်ပြောသည်။
“ဒါပေမဲ့ ကောင်းကင်ဘုံခုံရုံးက ရှင့်လက်ထဲမှာဆိုရင် ပိုပြီးအသုံးဝင်လိမ့်မယ်။ ကျွန်မလက်ထဲ ရောက်လာရင် နောက်ဆုံးကျ ဆရာ့လက်ထဲ ရောက်သွားမှာပဲ။ အဲ့အခါကျ မသေမျိုးတစ်ပိုင်း ရသေ့ကြီးနဲ့ တခြားသူတွေက ဆရာ့ကို အကောက်ကြံလာနိုင်တယ်။ အဲ့ဒါကြောင့် ကောင်းကင်ဘုံခုံရုံးကို ရှင်ယူလိုက်တာက ပိုကောင်းပါတယ်”
***