အတင်းတက်ခြင်း
Vol. 141 Ch. 1970
ခြေထောက် ပြန်ပေါက်လာပြီဖြစ်သော်လည်း ကျန်းရီ၏ ခန္ဓာကိုယ်က အပြည့်အဝ ပြန်မကောင်းသေးပါ။ နှစ်နာရီကြာ ဆက်ကုသပြီးနောက် သူ ထရပ်ကာ ပြောလိုက်၏။
“လှုပ်ရှားဖို့ အချိန်တန်ပြီ”
လင်းဖေးရှန်း၏ မိစ္ဆာသွေးက အလွန်အဖိုးတန်သည်။ ထို့ပြင် တောဆိတ်ရသေ့ကြီးက လင်းဖေးရှန်းအား မိစ္ဆာသွေးများစွာ ပေးမထားလောက်ပေ။ ထို့ကြောင့် ကျန်းရီနှင့် ရှားယွီတို့ အတူတိုက်ခိုက်ပါက လင်းဖေးရှန်း မိစ္ဆာသွေးကို မဆင်မခြင် သုံးနိုင်လောက်မည် မဟုတ်ချေ။ သို့ဖြစ်ရာ ကျန်းရီနှင့် ရှားယွီတို့ နှစ်ယောက်ထဲမှ တစ်ယောက်က စင်မြင့်ပေါ် တက်သွားနိုင်လောက်သည်။ သူတို့ အပေါ်ရောက်သွားသည်နှင့် လင်းဖေးရှန်းနှင့် ဧကရာဇ်ငယ်ရွေတို့ကို ဖိနှိပ်နိုင်မည်ဖြစ်သည်။
ကျန်းရီနှင့် ရှားယွီတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်၍ တစ်ချိန်တည်း လှုပ်ရှားလိုက်ကြ၏။ သူတို့ ဘေးဘယ်ညာရှိ ကျောက်လှေကားထစ်များဆီ လျှောက်သွားလိုက်ကြသည်။ ကျန်းရီသည် ဖောင်းကြွမိစ္ဆာသစ်ပင်ပုံများကို ကြည့်၍ တွေးတောနေ၏။ ၎င်းတို့က သူ့ကို မည်သို့ တိုက်ခိုက်မည်နည်း။
ကျန်းရီ များစွာ မတွေးတော့ဘဲ ကြိုးစားကြည့်ရန်သာ ဆုံးဖြတ်လိုက်သည်။ သူ ကျောက်လှေကားပေါ်သို့ တစ်ထစ်ချင်း တက်သွားကာ အထက်မှ အခြေအနေကိုလည်း အာရုံစိုက်ထားလိုက်သည်။ ဧကရာဇ်ငယ်ရွေက သူတက်လာသည့်ဘက်တွင် ရပ်နေပြီး ခွမ်ဟူတို့က ရှားယွီတက်လာသည့်ဘက်တွင် ရပ်နေကြသည်။
ဧကရာဇ်ငယ်ရွေသည် ကျန်းရီကို ကြည့်ကာ ပြောလိုက်၏။
“ကျန်းရီ... မင်း တက်မလာရင် ကောင်းလိမ့်မယ်။ မဟုတ်ရင် ဒီတစ်ခေါက်က ခြေထောက်ပြတ်ရုံလောက်ပဲ ဖြစ်တော့မှာ မဟုတ်ဘူး”
ကျန်းရီသည် ဧကရာဇ်ငယ်ရွေကို လျစ်လျူရှု၍ လှေကားထစ်များကိုသာ ဆက်တက်နေသည်။ ထိုအခိုက်တွင် ဘေးနံရံများမှ ဖောင်းကြွပုံများက လင်းလက်လာ၏။ ၎င်းနောက် ကျောက်လှေကားထစ်များလည်း တောက်ပလာကာ လှေကားထစ်များထဲမှနေ၍ အနက်ရောင်နွယ်အိုကြီးများ ထွက်လာပြီး ကျန်းရီ၏ ခြေထောက်များကို ရစ်ပတ်လိုက်လေသည်။ တစ်ချိန်တည်းမှာပင် ဘေးနံရံများမှနေ၍လည်း မရေမတွက်နိုင်သော နွယ်အိုများ ပျံထွက်လာကြသည်။
“ကျား...”
ကျန်းရီ ပြင်ဆင်ထားပြီးဖြစ်သည်။ သူ လက်ဝါးချက်အနည်းငယ် လျင်မြန်စွာ ရိုက်ထုတ်လိုက်ပြီး နောက်သို့ မီတာသုံးရာကျော် ပြန်ဆုတ်လိုက်သည်။ သူ့လက်ဝါးချက်များက နွယ်အိုများအပေါ် ကျသွားသောအခါ သတ္တုချင်းထိတွေ့သကဲ့သို့ အသံခပ်အုပ်အုပ်တစ်သံ ထွက်ပေါ်လာသည်။ နွယ်အိုများသည် အနည်းငယ်ပင် ထိခိုက်မသွားပါ။ သို့သော် ကျန်းရီ ပြန်ဆုတ်သွားသောအခါ ၎င်းတို့သည် သူ့နောက်သို့ ဆက်မလိုက်ကြဘဲ နံရံများ၊ လှေကားထစ်များထဲ ပြန်ဝင်ရောက် ပျောက်ကွယ်သွားကြသည်။
ဖုန်း...ဖုန်း...ဖုန်း...
စင်မြင့် အခြားတစ်ဘက်မှနေ၍လည်း ခပ်အုပ်အုပ် အသံများ ထွက်ပေါ်လာ၏။ ရှားယွီလည်း စတင်လှုပ်ရှားနေပြီဖြစ်ကြောင်း ထင်ရှားသည်။ ကျန်းရီ တစ်ခဏမျှ တွေးတောကာ အတင်းတက်ရန် ဆုံးဖြတ်လိုက်လေသည်။ သူ့လက်ထဲတွင် မီးအရင်းအမြစ် ထွက်ပေါ်လာ၏။ ထို့နောက် မီးအရင်းအမြစ်မီးတောက်များက သူ့ခန္ဓာကိုယ် ပတ်ပတ်လည်တွင် မီးတောက်နတ်ဘုရားဒိုင်းတစ်ခုအဖြစ် ပေါင်းစည်းသွားသည်။ လောကထဲတွင် မီးအရင်းအမြစ်က အားအကောင်းဆုံးမီးတောက်ဖြစ်သည်။ သို့ဖြစ်ရာ ထိုမိစ္ဆာနွယ်များက ၎င်းကို မည်သို့ ခံနိုင်မည်နည်း။
ရွှီး...
ကျန်းရီ ကျောက်လှေကားထစ်များပေါ်သို့ ထပ်မံ ပြေးတက်လိုက်သောအခါ မရေမတွက်နိုင်သော နွယ်အိုများ ပြန်ထွက်လာကြ၏။ သို့သော် ၎င်းတို့သည် မီးတောက်နတ်ဘုရားဒိုင်းကို ထိလိုက်သည်နှင့် မီးလောင်ကာ ပြာကျသွားကြ၏။
ရှူး...ရှူး...
အထက်မှနေ၍ တစ်စုံတစ်ယောက် ပင့်သက်ရှိုက်လိုက်သံများ ထွက်ပေါ်လာ၏။ ဧကရာဇ်ငယ်ရွေ၏ ခန္ဓာကိုယ်က တောက်ပစွာ လင်းလက်လာသည်။ ထို့နောက် သူ လျင်မြန်စွာ နောက်ဆုတ်သွားလိုက်သည်။ ကျန်းရီက အောက်နားမှာပင် ရှိနေသေးသော်လည်း အားကောင်းသော မြေဆွဲအား၏ ဖိနှိပ်မှုကို ခံထားရသဖြင့် မီးတောက်များ၏ မြင့်မားသော အပူချိန်က အထက်သို့ ပြန့်မသွားနိုင်ချေ။ သို့သော် ပတ်ဝန်းကျင်မှာတော့ အလွန်ပူလာသည်။ ထို့ကြောင့် ဧကရာဇ်ငယ်ရွေက ကြောက်ရွံ့စွာ နောက်ဆုတ်သွားခြင်း ဖြစ်ပေသည်။
‘ဆက်တက်မယ်...’
ကျန်းရီ၏ အမြန်နှုန်းက တိုးလာ၏။ သူ ကောင်းကင်စွမ်းအားနှင့် မိုးမြေစွမ်းအားကို မသုံးဝံ့၍ ရုပ်ခွန်အားကိုသာ မှီခိုနေရလေသည်။
ဝုန်း...ဝုန်း...ဝုန်း...
အခြားတစ်ဘက်တွင် ရှားယွီက မသေမျိုးဝိညာဉ်ချီကို သုံး၍ နွယ်အိုများကို ခုတ်ဖြတ်ကာ စင်မြင့်ထက်သို့ တက်နေသည်။ ရှားယွီက နွယ်အိုများကို ခုတ်ဖြတ်နိုင်ရာ သူမ အထက်သို့ တက်နိုင်ခြေက အလွန်မြင့်ပေသည်။ ရှားယွီက တိုက်ခိုက်မှုအချို့ကို သူမဘက်ဆီ ခေါ်နိုင်လျှင် ကျန်းရီလည်း စင်မြင့်ပေါ် တက်နိုင်ပေလိမ့်မည်။
ကျန်းရီထံတွင် မီးအရင်းအမြစ်မီးတောက်လုံးများ ဒါဇင်နှင့်ချီ၍ ကျန်သေးသည်။ ထိုပမာဏက နှစ်နာရီလောက် အလွယ်တကူ ခံပေသည်။ သူသာ စင်မြင့်ထက်သို့ တက်နိုင်မည်ဆိုလျှင် လင်းဖေးရှန်းကို ဖိနှိပ်ကာ သတ်ပစ်ရန်မှာ အလွန်လွယ်ကူသွားမည်ဖြစ်သည်။
အထစ်သုံးဆယ်၊ အထစ်လေးဆယ်...
နောက်ဆုံးတွင် ဧကရာဇ်ငယ်ရွေသည် အံကြိတ်ကာ စင်မြင့်စွန်းတွင် ပြန်လာရပ်၍ စတင်တိုက်ခိုက်လိုက်၏။ သူ့မျက်ဝန်းများထဲမှနေ၍ အနီရောင်ညှို့အလင်းတန်း နှစ်တန်းက ကျန်းရီထံသို့ ပျံထွက်သွားသည်။
‘ငါ့ကို ညှို့ဖို့ ကြိုးစားနေတာလား’
ကျန်းရီသည် သူ့စိတ်ဝိညာဉ်ဆီသို့ ထူးဆန်းသောစွမ်းအင်တစ်ခုက လျင်မြန်စွာ သွားနေကြောင်းကို ခံစားလိုက်ရသည်။ ထိုအခိုက်တွင် တံဆိပ်စာလုံးများက သူ့စိတ်ဝိညာဉ်ပင်လယ်ထဲ၌ တောက်ပစွာ လင်းလက်လာပြီး သူ့မူလစိတ်ဝိညာဉ်ကို ဝန်းရံလိုက်ကြသည်။
တံဆိပ်စာလုံးများမှာ မကောင်းသော စွမ်းအင်များ၏ သဘာဝရန်သူဖြစ်သည်။ ကျန်းရီ မျှော်လင့်ထားသကဲ့သို့ပင် ထို ထူးဆန်းသော စွမ်းအင်က သူ့စိတ်ဝိညာဉ်ပင်လယ်ထဲ ရောက်လာသည်နှင့် သန့်စင်ခံလိုက်ရပြီး သူ့မူလစိတ်ဝိညာဉ်အနီးကို ကပ်ပင် မကပ်နိုင်လိုက်ချေ။
‘ဆက်တက်’
ကျန်းရီ အရှိန်တင်ကာ တစ်ထစ်ချင်း ဆက်တက်လိုက်သည်။ သူ အထက်သို့ ရောက်လာလေလေ၊ ဧကရာဇ်ငယ်ရွေ၏ ပတ်ပတ်လည်မှ အပူချိန်က မြင့်တက်လာလေလေပင်။ ကျန်းရီသည် သူ အထစ်ခုနစ်ဆယ်မြောက်သို့ ရောက်လျှင် ဧကရာဇ်ငယ်ရွေက စင်မြင့်စွန်းတွင် ဆက်ရပ်နေနိုင်တော့မည် မဟုတ်ဟု ခန့်မှန်းလိုက်သည်။
“အာ...”
သို့သော် ကျန်းရီ စိုးရိမ်နေသည့်အရာတစ်ခု ဖြစ်လာ၏။ သူ အထစ်ငါးဆယ်သို့ ရောက်သောအခါ နွယ်အိုများက ပို၍ သန်မာလာကြ၏။ မီးအရင်းအမြစ်ကြောင့် လောင်ကျွမ်းသွားသော နွယ်များသည် ချက်ချင်း ပြာကျမသွားကြပါ။ စက္ကန့်အနည်းငယ်လောက် တောင့်ခံနိုင်လာကြပေသည်။
စက္ကန့်အနည်းငယ်မှာ မပြောပလောက်သော်လည်း ကျန်းရီ အထက်သို့ ရောက်လေ၊ နွယ်ပင်များက ပိုသန်မာလာလေပင်။ မီးအရင်းအမြစ်ကပင် ၎င်းတို့ကို မလောင်ကျွမ်းနိုင်တော့လျှင် ကျန်းရီ ၎င်းတို့၏ ချုပ်နှောင်မှုကို ခံရနိုင်ပေသည်။ သူ နွယ်အိုများ၏ ချုပ်နှောင်မှုကို ခံရလျှင် မည်သို့ ဖြစ်သွားမည်နည်း။
ကျန်းရီ မသိပါ။ သို့သော် သူ သေချာပေါက် လင်းဖေးရှန်း၏ တောဆိတ်မသေမျိုးဝိညာဉ်ချီအတွက် ပစ်မှတ်သေဖြစ်သွားပေလိမ့်မည်။
ထိုအကြောင်းကို တွေးကြည့်ရုံနှင့်ပင် ကျန်းရီ တုန်သွားသည်။ သို့သော် သူက အထစ်ငါးဆယ်သို့ ရောက်နေပြီဖြစ်ပြီး ရှားယွီကလည်း တိုက်ခိုက်နေသည်။ သို့ဖြစ်ရာ ယခုမှ မည်သို့ နောက်ပြန်ဆုတ်နိုင်ပါမည်နည်း။
ကျန်းရီ အံကြိတ်၍ ဆက်တက်လိုက်၏။ ဧကရာဇ်ငယ်ရွေကလည်း ဆက်တိုက်ခိုက်သည်။ သို့သော် ဤတစ်ကြိမ်တွင် သူသည် အနှစ်သာရတိုက်ခိုက်မှုကို သုံးကာ သုံးရောင်ခြယ်အလင်းတန်းတစ်တန်းကို ပစ်လွှတ်လိုက်သည်။ ၎င်းအလင်းတန်းထဲတွင် အဖျက်အနှစ်သာရ၊ လေအနှစ်သာရနှင့် သတ္တုအနှစ်သာရတို့ ပါကြောင်း ထင်ရှားပေသည်။ ၎င်း၏ တိုက်ခိုက်စွမ်းအားက ကြောက်မက်ဖွယ်ပင်။
“ဟွန်း...”
ကျန်းရီသည် ထိုတိုက်ခိုက်မှုကို မည်သို့ကိုင်တွယ်ရမည်ကို တွေးထားပြီးဖြစ်သည်။ သူ ရုတ်တရက် မီးတောက်နတ်ဘုရားဒိုင်းကို ရုတ်သိမ်းကာ ခန္ဓာကိုယ်ထဲတွင် မိုးမြေစွမ်းအား လှည့်ပတ်လိုက်သည်။
ကျန်းရီ ထိုသို့လုပ်လိုက်လျှင် မည်သို့ ဖြစ်လာမည်နည်း။
မီးအရင်းအမြစ်မရှိလျှင် နွယ်အိုများ ကျန်းရီကို ရစ်ပတ်ချုပ်နှောင်လိုက်ပေလိမ့်မည်။ အောက်ဘက်မှ နွယ်များနှင့် ဘေးနံရံမှ နွယ်များက ကျန်းရီကို ဝန်းရံလိုက်ကြသည်။ ကျန်းရီ မိုးမြေစွမ်းအားကို သုံးလိုက်ပြီး သူ့အပေါ် ကြောက်မက်ဖွယ်မြေဆွဲအား ဖိချလာမည်ဖြစ်သည်။ ထိုအခါ နွယ်များလည်း ဖိအားကြောင့် ကျစ်သွားပေလိမ့်မည်။
ဝုန်း...
မျှော်လင့်ထားသကဲ့သို့ပင် ဧကရာဇ်ငယ်ရွေ၏ တိုက်ခိုက်မှုက နွယ်အိုများကိုသာ ထိမှန်သွား၏။ နွယ်အိုအချို့ ပေါက်ကွဲသွားသည်။ သို့သော် ကျန်းရီကတော့ များစွာထိခိုက်မသွားပါ။
ကျန်းရီသည် မြေဆွဲအား၏ ဖိနှိပ်မှုကို ခံထားရ၍ တောင်ကြီးတစ်လုံးအလား ခိုင်မြဲနေသည်။ ပေါက်ကွဲမှုသည် ကျန်းရီကို လွင့်ထွက်မသွားစေပါ။ မိုးမြေစွမ်းအားကြောင့် သူ့ရုပ်ခန္ဓာလည်း ပိုသန်မာလာသည်။ နွယ်အိုများကလည်း တိုက်ခိုက်စွမ်းအား အများစုကို ကာပေးလိုက်သည်။ ကျန်သော အပိုင်းများမှာ ပြဿနာမဟုတ်တော့ပေ။ သူ နတ်ဘုရားသစ်ရွက်ကို သုံး၍ သူ့ဒဏ်ရာများကို အလွယ်တကူ ကုသလိုက်သည်။
‘မကောင်းတော့ဘူး...’
သို့သော် ကျန်းရီကို အံ့အားသင့်စေသည့် အရာတစ်ခု ဖြစ်ပျက်လာ၏။ နွယ်အိုများက သူ့ကို ရစ်ပတ်ကာ ဘေးနံရံဆီသို့ ဆွဲခေါ်သွားနေသည်။ ဘေးနံရံက တောက်ပလာပြီး နံရံပေါ်တွင် မည်းနက်သော တံခါးတစ်ခု ထွက်ပေါ်လာသည်။ အထဲမှ မိစ္ဆာသစ်ပင်များက သူ့ကို ထိုတံခါးထဲ ဆွဲသွင်းကာ သတ်ပစ်တော့မည့်ပုံပင်။
‘မီးအရင်းအမြစ်...’
ကျန်းရီသည် ထိုဘေးနံရံထဲတွင် မည်သည့်အရာများ ရှိကြောင်း မသိပေ။ တွေးလည်း မကြည့်ဝံ့ပေ။ မသိရသော အရာများက အမြဲ ကြောက်စရာအကောင်းဆုံးဖြစ်သည်။ ထို့ကြောင့် သူ ဆွဲသွင်းမခံနိုင်ဘဲ မီးအရင်းအမြစ်ကို လျင်မြန်စွာ ထုတ်လိုက်သည်။
ရှီး...
မီးအရင်းအမြစ်က ကျန်းရီ ပတ်ပတ်လည်ရှိ နွယ်အိုအားလုံးကို လျင်မြန်စွာ လောင်ကျွမ်းပစ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ကျန်းရီ အထက်သို့ လက်ဝါးချက်အနည်းငယ်လည်း ရိုက်ထုတ်လိုက်၏။ ထိုအခါ မီးအရင်းအမြစ်မီးတောက်များက အထက်သို့ တက်သွားပြီး ဧကရာဇ်ငယ်ရွေကို ဆုတ်သွားအောင် ဖိအားပေးလိုက်လေသည်။
‘တက်မယ်...’
ကျန်းရီသည် မိုးမြေစွမ်းအားကို ပြန်ရုတ်၍ အထက်သို့ လျင်မြန်စွာ တက်လိုက်၏။ ဧကရာဇ်ငယ်ရွေ မတိုက်ခိုက်နိုင်ရန်လည်း အထက်သို့ မီးအရင်းအမြစ်မီးတောက်လုံးများ ဆက်ပစ်လွှတ်နေလိုက်သည်။
“ရှားယွီ သေပေတော့...”
ထိုအခိုက်တွင် စင်မြင့်အခြားတစ်ဘက်မှနေ၍ အော်သံတစ်သံ ထွက်ပေါ်လာ၏။ လင်းဖေးရှန်းက လှုပ်ရှားပေပြီ။ ကျန်းရီ စိတ်ဓာတ်ကျသွား၏။ အကယ်၍ ရှားယွီ အသတ်ခံလိုက်ရလျှင် လူသားမျိုးနွယ်က ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်ကို ဆုံးရှုံးရပေလိမ့်မည်။ ထို့ပြင် သူ့အနေနှင့်လည်း စင်မြင့်ပေါ်သို့ တက်နိုင်ရန် အလွန်ခက်သွားမည်ဖြစ်သည်။
သို့သော် လက်ရှိ အခြေအနေတွင် ကျန်းရီ ဘာလုပ်နိုင်ပါသနည်း။ သူ မကူညီနိုင်၍ အံကြိတ်၍သာ ဆက်တက်လိုက်သည်။ မဟုတ်လျှင် ရှားယွီက သူ့အား ကူညီခဲ့မှုမှာ အလဟဿဖြစ်သွားပေလိမ့်မည်။
‘ရှားယွီ တောင့်ထားဦး၊ နောက်ထပ် ဆယ့်ငါးမိနစ်လောက် တောင့်ထားဦး’
ကျန်းရီသည် ကျန်နေသေးသော လှေကားထစ်သုံးဆယ်၊ လေးဆယ်ကို မော့ကြည့်ကာ စိတ်ထဲမှ ရေရွတ်လိုက်၏။ ရှားယွီသာ ဆယ့်ငါးမိနစ်မျှ တောင့်ခံနိုင်မည်ဆိုလျှင် သူ စင်မြင့်ထက်သို့ ရောက်နိုင်သွားမည်ဖြစ်သည်။
***