စီတ၏အကြံ
Vol. 64 Ch. 883
ဟန်ယုဟိုင်မှာ ဝူယု ပျောက်ကွယ် သွားသည်ကို ကြည့်ကာ အံ့သြသွား၏။ သူက ပျံသန်းမှုကို ရပ်တန့်လိုက်ရင်း ဝူယုနောက်ကို လိုက်ရနိုးနိုး၊ ဝေ့ဝူယင်နှင့် အတူ ဆက်နေရနိုးနိုး ဝေဝေဝါးဝါး ဖြစ်သွားသည်။ သို့သော်လည်း ထိုအခိုက်တွင်ပင် ဝေ့ဝူယင်က ပြောလိုက်၏။
“သူ့ကို ထားလိုက်... ကျုပ်တို့ ကိုယ့်လမ်းကြောင်းကို ဆက်သွားမယ်”
ပိုင်လင်က အတောင်ပံများကို ခပ်ပြင်းပြင်း ခပ်ရင်း ပျံသန်းမှု အရှိန်ကို မြှင့်တင် လိုက်သည်။ ကျန်းကျိရီ၏ လှပသော မျက်ဝန်းများကတော့ နားမလည်နိုင်ဟန်ဖြင့် အနည်းငယ် ကျဉ်းမြောင်း သွားသည်။ ဝူယုက ဝေ့ဝူယင်ကို စွန့်ခွာ သွားသည်လော။
ဟန်ယုဟိုင်က ဝူယု ပျောက်ကွယ်သွားသည့် နေရာကို အတန်ကြာ ဆက်ကြည့် နေမိခဲ့၏။ ထိုအဘိုးကြီးက ဘာလုပ်ရန် ကြိုးပမ်းနေသနည်း။ အဆုံးသတ်တွင်တော့ သူ သက်ပြင်းတစ်ချက်သာ ချလိုက်သည်။ ဝူယု မည်သည့် အရာကို လုပ်စေကာမူ သူ့ထံတွင် တားဆီးနိုင်သည့် အစွမ်းအစ မရှိပါချေ။
သူက ဝေ့ဝူယင်နှင့် ကျန်းကျိရီတို့ နောက်ကို လိုက်လိုက်တော့၏။
...
သာယာ လှပပြီး ဆိတ်ငြိမ်သည့် ခြံဝန်းထဲတွင် ကျင့်ကြံသူ လေးယောက်မှာ အတူတကွ စုစည်း နေကြကာ ကောင်းကင်ကို အမျိုးမျိုးသော အမူအရာများနှင့် ကြည့်နေခဲ့ကြသည်။ သူတို့ကတော့ လင်းရှန်းရှဲ့၊ လင်းရှန်းရှန်း၊ လင်းမင်နှင့် တစီတို့ပင် ဖြစ်သည်။ သူတို့မှာ ကောင်းကင် အလွှာ၏ လက်ရှိ အခြေအနေကို လေ့လာ နေခဲ့ကြခြင်း ဖြစ်သည်။
ဂြိုဟ်အကာအကွယ် အစီအရင်ကတော့ ပိတ်သိမ်းပြီး ဖြစ်လောက်ပေသည်။ အစီအရင်သာ ဆက်လက် အသက်ဝင် နေပါက အဖြူရောင် ဒြပ်စင်များမှာ ဂြိုဟ်တစ်ခုလုံးကို ဖုံးလွှမ်းကာ သူတို့ အမြင်အာရုံနှင့် ဝိညာဉ် အာရုံများကို တားဆီး ထားလိမ့်မည် ဖြစ်သည်။ ကောင်းကင်အလွှာများမှာ နေကြယ်တစ်စင်း၏ မျက်နှာပြင်လို ရောင်စဉ်တန်းများနှင့် တောက်ပနေပေလိမ့်မည်။
“ဘာသတင်းရသေးလဲ...”
လင်းမင်က ဆက်သွယ်ရေး ကျောက်စိမ်း တစ်ခုကို ကိုင်ဆောင်ထားသည့် အစစ်အမှန် ဒြပ်စင်ဂိုဏ်းချုပ် လင်းရှန်းရှန်းကို မေးလိုက်၏။ သူမက များစွာသော အဖွဲ့ခွဲများထံ စာများ အဆက်မပြတ် ပေးပို့နေကာ ဆက်သွယ် ပြောဆိုနေဟန် ရသည်။ သူတို့ အားလုံး သူမထံမှ စကားကို စောင့်မျှော် နေကြပေသည်။
အဖြစ်အပျက်များက အမှန်တကယ်ပင် မြန်ဆန်လွန်းလှသည်။ ပထမဆုံး ဝေ့ဝူယင်နှင့် သူ၏ အာရုဏ်ဦး စစ်သည်တို့ ရောက်လာသည်။ ထို့နောက် ဂိုဏ်းတစ်ခုလုံးမှာ ကြီးကျယ်သည့် ရန်သူ တစ်ယောက်နှင့် ရင်ဆိုင်ရသလို အစီအရင် အားလုံးကို အသက်သွင်းခဲ့သည်။ ဂိုဏ်း၏ ထိပ်တန်း ကျင့်ကြံသူအားလုံး ပါဝင် ခဲ့ရကာ ကိုယ်ပိုင် တာဝန်များကို ထမ်းဆောင်ခဲ့ရသည်။
တိုက်ပွဲက စက္ကန့် အနည်းငယ်ခန့်မျှသာ ကြာမြင့်ခဲ့ပေသည်။ ၎င်းက မယုံကြည်နိုင်လောက်အောင် မြန်ဆန်လှကာ ရလဒ်က ပဟေဠိ အဖြစ် ရှိနေဆဲပင်။
“မဟာ အကြီးအကဲတွေဆီက ဘာသတင်းမှ မလာသေးဘူး...”
လင်းရှန်ရှန်းက ဆိုလိုက်၏။ ထိုအခိုက်၌ သူမက တည်ငြိမ်နေသည်ဟု ဆိုလျှင် လိမ်ညာရာ ကျလိမ့်မည် ဖြစ်သည်။
“ဝေ့ဝူယင်ရော... သူ အဆင်ပြေရဲ့လား...”
စီတ မေးလိုက်၏။ သူမ၏ လေသံ၊ မျက်နှာ အမူအရာ... အလုံးစုံက စိုးရိမ် ပူပန်မှုများနှင့် ပြည့်နှက်နေသည်။ ဝေ့ဝူယင်မှာ သေမျိုး တစ်ယောက်သာ ဖြစ်ကာ အစစ်အမှန် ဒြပ်စင်ဂိုဏ်းကတော့ လောကဂိုဏ်းကြီး တစ်ခု ဖြစ်သည်။ အကယ်၍ ရင်ဆိုင်တွေ့ကြပါက ဝေ့ဝူယင် အနိုင်ရရန် အခွင့်အရေးမှာ အလွန်ပင် နည်းပါးလှသည်။ အကြိမ်ပေါင်းများစွာ သက်ရောက်လာသော လှိုင်းများ အရ တိုက်ပွဲတစ်ခု ဖြစ်ပွားသွားကြောင်း ထင်ရှားလှပေသည်။
“...”
လင်းမင်က ထိုမျက်မမြင် မိန်းကလေးကို အံ့အားသင့်ဟန်နှင့် ကြည့်လိုက်၏။ သူမက အဘယ်ကြောင့် ထိုမျှ စိုးရိမ် နေသနည်း။
“ငါ မသိဘူး... နယ်မြေချိပ်ပိတ်ခြင်း ဝင်္ကပါ ဆက်ပြီး ရှိနေတာကလွဲလို့ ဘာသတင်းစကားမှကို မရသေးတာ”
လင်းရှန်းရှန်းက ဖြေလိုက်၏။
“နေဦး...”
ရုတ်တရက် သူမ၏ အမူအရာက ပြောင်းလဲ သွားသည်။
“မြေကြီး ရှန့်ထိုတွေ ဒီကို လာနေတယ်”
သူမ လျှို့ဝှက်ဝိညာဥ် အဆင့် အော်ရာကို ထပ်မံ မြှင့်တင်လိုက်ကာ အသေးစိတ် ကြည့်ဖို့ ကြိုးစားလိုက်သည်။ တဒင်္ဂ အတွင်းမှာပင် သူမ၏ အမူအရာက ပျက်ရွင်းသွားကာ လင်းရှန်းရှဲ့ကို ကြည့်လိုက်သည်။
“ဝေ့ဝူယင် သူတို့နဲ့ ပါလာတယ်...”
လင်းရှန်းရှန်း၏ လေသံက တုန်လှုပ်ခြင်းများနှင့် ပြည့်နှက်နေ၏။ ကျန်းကျိရီ ကိုယ်တိုင် ပါဝင်လာခြင်းကို ထောက်ချင့်ရပါက ပြဿနာများက လွယ်လွယ်ကူကူနှင့် ပြီးဆုံးသွားတော့မှာ မဟုတ်ကြောင်း သူမ သိလိုက်ပြီ ဖြစ်သည်။ ငြိမ်းချမ်းသည့် နေ့ရက်များကား ကုန်ဆုံးသွားသည့်ပုံပင်။
လင်းရှန်းရှဲ့ လက်သီးကို ခပ်တင်းတင်း ဆုပ်လိုက်မိ၏။ ထို့နောက် စိတ်ကို တည်ငြိမ်အောင် ကြိုးပမ်းရင်း ဖြူရော်စွာ ပြုံးလိုက်သည်။ သို့သော်လည်း... သွေးပျက် ချောက်ချားမှု ကင်းမဲ့နေသည့် မျက်လုံးများ အရ သူမထံတွင် အစီအစဉ် တစ်ချို့ ရှိနေဆဲ ဖြစ်ပုံပေါ်၏။
တစ်ချိန်တည်း၌ စီတ၏ အမူအရာက စိတ်သက်သာရာ ရသွားပုံ ပေါ်ကာ လှပေသာ နှုတ်ခမ်းထက်၌ အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
ဂီး...
ပိုင်လင်မှာ ခြံဝန်းကလေး အထက်ရှိ လေထုထဲသို့ ရောက်ရှိလာ၏။ သူမက အတောင်ပံများကို ဖြန့်ကာ ပျံဝဲလိုက်ရင်း မြေပြင်ရှိ နေရာထံ ဆင်းသက်လာသည်။ မြေကြီးရှန့်ထို နှစ်ယောက်မှာ ပိုင်လင်၏ ဘယ်ဘက်နှင့် ညာဘက်တွင် ဆင်းသက်လာကြ၏။ ခမ်းနားလှသည့် အော်ရာများ၏ ဝန်းရံမှု အလယ်တွင် ပိုင်လင်၏ တည်ရှိမှုမှာ ယိမ်းယိုင်ခြင်း မရှိပဲ ပိုမို၍ပင် ပေါ်လွင်နေ၏။
ဟူး... ဟူး...
ဝေ့ဝူယင်က ဝေဟင်သို့ ပျံတက်လာသည်။ သူ၏ ဝတ်ရုံနှင့် ဆံနွယ်စများမှာ လေပြည်လေညင်းနှင့် အတူ ဖျပ်ဖျပ် လှုပ်ခါနေ၏။ ဒဏ္ဍာရီသဖွယ် ချောမောလှသည့် ရုပ်ရည်သွင်ပြင်နှင့် ပေါင်းစပ်လိုက်သော အခိုက်၌ သူ အသွင်အပြင်က နတ်ဘုရားတစ်ပါး ထင်မှတ်မှားရပေသည်။
“မင်း ဒီကို ရောက်နေတာလား...”
ရုတ်တရက်... ဝေ့ဝူယင်က ပြောလိုက်၏။ သူ၏ အသံက ချင်ခင် ကြင်နာမှု၊ မေတ္တာတရား အငွေ့အသက်တို့နှင့် ထုံလွှမ်း နေပေသည်။
ကျန်းကျိရီ၏ အမူအရာမှာ ပြောင်းလဲ သွား၏။ သူမက အံ့အားသင့်ဟန်နှင့် ဝေ့ဝူယင်ကို လှည့်ကြည့်လိုက်သည်။ သူက လင်းရှန်းရှန်းနှင့် တကယ်ကြီး သိနေသည်လား။ ကောလဟလများက တကယ် မှန်ကန် နေသည်လား။
အခြားတစ်ဖက်၌ လင်းရှန်းရှန်းမှာ ဝေ့ဝူယင်ကို မော့ကြည့် နေခဲ့မိ၏။ သေမျိုး တစ်ယောက်သာ ဖြစ်သည့်တိုင် ထိုလူငယ်လေး၏ အသွင်အပြင်က ပြီးပြည့်စုံလွန်းသည်။ အချိန်ကာလရှည်ကြာစွာ ငြိမ်သက်နေသည့် သူမ၏ နှလုံးသားမှာ အနည်းငယ် လှုပ်ရှားသွား၏။ အကယ်၍ သူမသာ ရာစုနှစ်ပေါင်းများစွာ ပြန်ငယ်သွားပါက သူမ သူနှင့်...။ လင်းရှန်းရှန်းမှာ သူမ ဘာတွေးနေကြောင်း သတိပြုမိလိုက်ရာ ချက်ချင်းပင် အတွေးများကို ပြန်လည် ရုတ်သိမ်းလိုက်သည်။
လင်းရှန်းရှဲ့ကတော့ တည်ငြိမ်စွာပင် ဝေ့ဝူယင်ကို မျက်နှာချင်းဆိုင် နေခဲ့ပေသည်။ သူမ ဝေ့ဝူယင်ကို အကြိမ် အနည်းငယ် တွေ့ဆုံခဲ့ဖူးပြီး ဖြစ်သည်။ ထို့ကြောင့်ပင် လူငယ်လေး၏ ချောမောသည့် ရုပ်ရည်က သူမကို တုန်လှုပ်နိုင်စွမ်း မရှိတော့ပါချေ။ သို့တိုင်အောင်... မဟာ ပုရောဟိတ်၏ စကားများမှာ သူမ နားအတွင်း အလိုအလျောက် ပြန်လည် ဝင်ရောက်လာခဲ့၏။
“နင် သူ့ကို သွားရှာသင့်တယ်... သူက နင်ရှာဖွေနေတဲ့ အရာ အားလုံးပဲ အရူး မလေး... နင့်ရဲ့ အိပ်မက်တွေ အားလုံးကို အမှန်တကယ် ဖြစ်လာအောင် ပြောင်းပေးနိုင်တယ်... စိတ်ကူးတွေကို အကောင်အထည်ဖော် ပေးနိုင်တယ်... သူနဲ့ ရှိနေမယ် ဆိုရင် နင့်ရဲ့ အနာဂတ်က ပျော်ရွှင်စရာတွေနဲ့ပဲ ပြည့်နှက် နေလိမ့်မယ်... နင် မရနိုင်တာ ဘာမှ ရှိတော့မှာ မဟုတ်ဘူး... ဒါပေမဲ့ ဒီလူငယ်လေးကတော့...”
လင်းရှန်းရှဲ့ ချက်ချင်းပင် ရပ်တန့် ပစ်လိုက်ကာ လင်းမင်ကို ကြည့်လိုက်၏။ သူက ဝေ့ဝူယင်ကို အရှုံးမပေးသည့် မျက်ဝန်းများနှင့် စိုက်ကြည့် နေခဲ့သည်။ လင်းရှန်းရှဲ့ ပင့်သက်တစ်ချက် ရှိုက်လိုက်မိ၏။
“တည်ငြိမ်စမ်း... တည်ငြိမ်စမ်း...”
သူမက ကိုယ့်ကိုယ်ကို အကြိမ်ပေါင်းများစွာ ပြန်လည် သတိပေးလိုက်မိသည်။ အခြားတစ်ဖက်၌ လင်းမင်မှာ ဝေ့ဝူယင်ကို စိုက်ကြည့် နေခဲ့သည်။ သူ၏ အမူအရာက အလွန် တည်ငြိမ်သည့်တိုင် မျက်ဝန်းများကတော့ စိန်ခေါ်လိုသည့် ဆန္ဒများနှင့် လောင်ကြွမ်း နေခဲ့၏။ တစ်နေ့တစ်ချိန်တွင် မဟာ ပုရောဟိတ်၏ စကားက မှားယွင်းနေကြောင်း သူ သက်သေပြမည် ဖြစ်သည်။
ဝှစ်...
ဝေ့ဝူယင် မြေပြင်ပေါ်ကို ခြေချလိုက်၏။
“တော်ဝင်သားတော်...”
ရုတ်တရက် စိတ်လှုပ်ရှားမှု၊ ပျော်ရွှင်မှု၊ လွမ်းဆွတ်မှုတို့ ပြည့်နှက်နေသည့် အသံတစ်ခု ထွက်ပေါ်လာ၏။ ပုံရိပ် တစ်ခုက အလွန်လျှင်မြန်သည့် အရှိန်နှင့် ဝေ့ဝူယင်ထံ ရွေ့လျားလာသည်။
ကျန်းကျိရီနှင့် ဟန်ယုဟိုင်တို့မှာ လှုပ်ရှားရန် ပြင်လိုက်၏။ သို့သော်လည်း ဝေ့ဝူယင်ထံမှ အသံတစ်ခု ထွက်ပေါ်လာသော အခါတွင်တော့ သူတို့ ပြန်လည် ရပ်တန့်လိုက်သည်။
“တကယ်ပဲ မင်းကိုး..”
သူက အနည်းငယ် ပြုံးလိုက်ရင်း သူမကို ဆီးကြို ပွေ့ဖက်လိုက်သည်။ ထို့နောက် မိန်းကလေး၏ ဆံနွယ်စများကို ကြင်နာစွာ ပွတ်သပ် ပေးလိုက်သည်။ နွေးထွေးသည့် ခံစားချက် တစ်ခုမှာ သူ့နှလုံးသား အတွင်း ပျံ့နှံ့လာ၏။ သူမက မဟာ သီလရှင် စီတပင်မှ လွဲ၍ မည်သူ ဖြစ်နိုင်လိမ့်မည်နည်း။
“...”
လင်းရှန်းရှန်း၊ လင်းရှန်းရှဲ့နှင့် လင်းမင်တို့မှာ ထိုမြင်ကွင်းကို ကြည့်ကာ နားမလည်နိုင်အောင် ဖြစ်သွားကြ၏။ အထူးသဖြင့် လင်းရှန်းရှဲ့ပင်။
စီတမှာ သူမ အကြွင်းမဲ့ နောင်တ တောင်ကြားတွင် နေထိုင်စဉ် အတွင်း ဂိုဏ်းမှ စီစဉ် ပေးထားခဲ့သည့် စောင့်ရှောက်သူ ဖြစ်သည်။ ထိုမိန်းကလေးမှာ ဝေ့ဝူယင်နှင့် သိကျွမ်းကြောင်း သူမကို ပြောပြခဲ့ဖူးသည်။ သို့သော်လည်း လက်ရှိ မြင်တွေ့နေရသည့် သူတို့ အကြားရှိ ဆက်ဆံရေးက သူမ မျှော်လင့်ထားသည်နှင့် လုံးဝ ကွာခြားလွန်းလှသည်။ သူတို့က ကာလရှည်ကြာ ဝေးကွာနေသည့် ချစ်သူများလိုပင် ဖြစ်၏။
“သူက ငါ့ကို လှည့်စားခဲ့တာလား...”
လင်းရှန်းရှဲ့ တွေးလိုက်မိ၏။ ဒြပ်စင် ရွေးချယ်ခံ ပြိုင်ပွဲ၏ ကြီးကြပ်သူ တစ်ယောက် အနေဖြင့် စီတ၏ ရာထူးနှင့် တာဝန်များကို သူမ သိရှိထားပေသည်။ ထိုအရာက သူမ၏ ဆရာကိုယ်တိုင် ရေးဆွဲထားသည့် ပုံစံပင် ဖြစ်ကာ ရှ သီးခြား ဇာတ်လမ်းနှင့် လောကတစ်ခုကို တည်ဆောက်ရန် ရည်ရွယ်ခဲ့သည်။ စီတတို့ ကိုးကွယ်ခဲ့သည့် နတ်ဘုရားများမှာ သူ၏ ဒြပ်စင် သူရဲကောင်းများသာ ဖြစ်ပေသည်။
ဝေ့ဝူယင်မှာ စီတ ဦးစီးသည့် ပျက်သုဉ်းခြင်း နယ်မြေတွင် သူ့ခြေလှမ်းများကို စတင်ခဲ့ကာ တော်ဝင် သားတော်ဘွဲ့ကို ဆက်ခံခဲ့သည်။ ထိုအခါ စီတတို့မှာ အလိုအလျောက်ပင် လက်အောက်ငယ်သားများ ဖြစ်လာခဲ့သည်။
ထာဝရ ကြယ်တာရာ နယ်မြေတို့ ပျက်သုဉ်းပြီး နောက်တွင် အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးမှ အယ်ဗန်မျိုးနွယ်များမှာ သူတို့ ရွေးချယ်ရာ နေရာ အသီးသီးကို ရောက်ရှိသွားကြသော်လည်း... လူသားများကတော့ ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့၏ လက်အောက်ငယ်သားများမှ ဆင်းသက်လာသည့် မျိုးဆက်များ ဖြစ်သည်။ ပထမ၌ သူတို့က ထာဝရ အစည်းအရုံးမှ ဖန်တီးပေးသည့် နေရာတွင် နေထိုင်ရန် ဆုံးဖြတ်ခဲ့ကြသေးသော်လည်း မကြာခင်မှာပင် အစစ်အမှန် ဒြပ်စင်ဂိုဏ်းနှင့် လင်းမျိုးနွယ်တို့မှ ပြန်လည် ခေါ်ဆောင်ခဲ့သည်။
ဤသို့နှင့် စီတမှာ အစစ်အမှန် ဒြပ်စင်ဂိုဏ်းဝင် တစ်ယောက် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် သူမက ခြေရာမဲ့ နောင်တ တောင်ကြားတွင် လင်းရှန်းရှဲ့၏ စောင့်ရှောက်သူ ရာထူးကို ရယူခဲ့သည်။ သူမက မိန်းကလေး အချိန်သခင် တစ်ယောက် ဖြစ်သည့် အပြင် အဖွဲ့သုံးဖွဲ့နှင့်လည်း ပတ်သက်မှု မရှိလေရာ လင်းရှန်းရှဲ့ကို စောင့်ရှောက်ရန် အသင့်တော်ဆုံး ဖြစ်ပေသည်။
လင်းရှန်းရှဲ့ စိတ်ရှုပ်ထွေး လာခဲ့၏။ လွန်ခဲ့သည့် နှစ်များက စီတမှာ ဝေ့ဝူယင်၏ စရိုက်နှင့် စိတ်နေ သဘောထားများ အကြောင်း ပြောပြကာ ကောလဟလများ ဖြန့်ဝေရန် ယုံကြည်ချက်ကို စတင်စေခဲ့သည်။ သူမက ထိုအကြံအစည်ကို အကောင်အထည်ဖော်ရန် ပျော်ရွှင်စွာပင် တွန်းအား ပေးခဲ့သည်။ သတင်းစကားကို မိခင်ထံ ပေးပို့ခဲ့သူမှာလည်း စီတပင် ဖြစ်သည်။
ကံကောင်းထောက်မစွာပင် ထိုကောလဟလက အမှန်တကယ် အလုပ်ဖြစ်ခဲ့ကာ ခြေရာမဲ့ နောင်တ တောင်ကြားမှ သူမ လွတ်လပ်ခွင့် ရရှိခဲ့သည်။ လင်းမင်မှာလည်း အမျိုးမျိုးသော အကျိုးအမြတ်များကို ရရှိခဲ့သည်။
ပူးကပ်နေသည့် စီတနှင့် ဝေ့ဝူယင်တို့ကို ကြည့်ရင်း လင်းရှန်းရှဲ့မှာ တစ်စုံတစ်ရာကို သဘောပေါက် လာခဲ့၏။ သူမ အသုံးချ ခံလိုက်ရခြင်းပင်။ ထိုမိန်းကလေးက သူမကို ပယ်ပယ်နယ်နယ်ကြီး အသုံးချ သွားခဲ့ခြင်း ဖြစ်သည်။ စီတက သူမ နံဘေးတွင် တစ်ချိန်လုံး ကပ်နေကာ ကိုယ်ပိုင် အစီအစဉ်ကို အကောင်အထည်ဖော် နေခဲ့ခြင်း ဖြစ်သည်။ သူမ၏ ရည်ရွယ်ချက်က ဝေ့ဝူယင်၏ အာရုံ စူးစိုက်မှုကို ဆွဲဆောင်ကာ အစစ်အမှန် ဒြပ်စင်ဂိုဏ်းသို့ ရောက်ရှိလာဖို့ပင်။
***