← Chapters

သံသယကို ဖြေရှင်းခြင်း

Vol. 64 Ch. 884

သံသယကို ဖြေရှင်းခြင်း

Vol. 64 Ch. 884

ဝေ့ဝူယင်နှင့် စီတတို့မှာ ယခုထိတိုင် အလွမ်းသယ်နေဆဲ ဖြစ်ပေသည်။ ပိုင်လင်က လည်တိုင်ရှည်ကြီးကို စောင်းရင်း စီတကို အနီးကပ် လေ့လာလိုက်သည်။ ထိုမိန်းကလေးက အသစ်ဖြစ်ပေလိမ့်မည်။

“သူက ပိုင်လင်တဲ့... ငါ့ရဲ့ ကောင်းကင် ပါတနာ ဆိုပါတော့လေ... ပိုင်လင်... သူက ပျက်သုဉ်းခြင်း နယ်မြေက မဟာ သီလရှင် စီတ... အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးမှာတုန်းက သူ ငါ့ကို ကူညီပေးခဲ့ဖူးတယ်...”

ဝေ့ဝူယင်က မိတ်ဆက်ပေးလိုက်၏။

“စီတလား...”

ပိုင်လင်က ဝိညာဉ်အာရုံဖြင့် ဆက်သွယ် လိုက်သည်။ စီတမှာ ပိုင်လင်၏ ဆက်သွယ်သည့် နည်းလမ်းကို အလွန် အံ့အားသင့် သွားခဲ့၏။ ၎င်းက ပုံမှန် ဝိညာဥ်အာရုံ ဆက်သွယ်ခြင်း နည်းလမ်းများနှင့် မတူညီပေ။ သူမ၏ အသိစိတ် ပင်လယ်ထဲကို တိုက်ရိုက် ကျူးကျော် ဝင်ရောက် လာသလိုမျိုးပင်။

ဝေ့ဝူယင်မှာ ပိုင်လင်ကို လွန်ခဲ့သည့် နှစ်များ အတွင်း သူ့စွန်းစားခန်းများ အကြောင်းကို ပြောပြခဲ့ပြီး ဖြစ်သည်။ ထိုအထဲ၌ စီတ၊ အိယင်နှင့် အိကျူးလင်တို့ အကြောင်းများလည်း ပါဝင်ပေသည်။

စီတမှာ တိုက်ရိုက် မမြင်ရသည့်တိုင် ပိုင်လင်၏ ပုံသဏ္ဌာန်၊ စွမ်းအားနှင့် အငွေ့အသက်တို့ကိုတော့ ဝိညာဥ်အာရုံဖြင့် ခံစား၍ ရနေခဲ့သည်။ ၎င်းထံမှ ထွက်ပေါ်နေသည့် အော်ရာက နွေးထွေးမှု၊ တောက်ပမှု၊ အသက် စွမ်းအားတို့နှင့် လွှမ်းခြုံနေ၏။ ၎င်းက သူမ၏ ငြိမ်းချမ်းစေ၏။

စီတ မသိစိတ်ထဲမှ လက်ကို ဆန့်ထုတ်လိုက်ကာ ပိုင်လင်ကို ထိတွေ့ကြည့်ဖို့ ပြင်လိုက်သည်။ သို့သော်လည်း သူမကိုယ် သူမ သတိထားမိသွားကာ လက်ကို ပြန်ရုတ်လိုက်သည်။ ထိုသတ္တဝါက ထိုကဲ့သို့ အထိအတွေ့ကို ကြိုက်၊ မကြိုက် မသိနိုင်သည် မဟုတ်ပါလား။

ပိုင်လင်က စီတ၏ အပြုအမူကို ကြည့်ကာ ဝေ့ဝူယင်ထံ သတင်းစကား တစ်ခု ပေးပို့လိုက်၏။

“ကျွန်တော် သူ့ကို သဘောကျတယ်...”

“ငါလည်း အတူတူပဲ...”

ဝေ့ဝူယင်က ရယ်မောလိုက်၏။ ထို့နောက် သူက အခြားလူများဘက်သို့ ပြန်လှည့်လိုက်လေသည်။

“ဆိုတော့ကာ မင်းက ငါ့ရဲ့ ဇနီးလောင်းပေါ့လေ ဟုတ်လား...”

‘အချိန်ကျလာပြီပေါ့...’

လင်းရှန်းရှဲ့ စိတ်ထဲမှ ရေရွတ်လိုက်မိ၏။ ထိုအခိုက်အတန့် အတွက် သူမ အစောကြီးကတည်းက ပြင်ဆင်ထားပြီး ဖြစ်ပေသည်။ စီတက သူမကို လက်တစ်လုံးခြား အသုံးပြုခဲ့သည့်တိုင်အောင် ဝေ့ဝူယင်နှင့် ရင်ဆိုင်ရမည် ဆိုခြင်းက ရှေးယခင်ကတည်းက သိထားပြီးသား အမှန်တရား ဖြစ်သည်။

“ငါ...”

လင်းရှန်းရှဲ့က စကားပြောရန် ဟန်ပြင်လိုက်၏။ သို့သော်လည်း... သူမ၏ စကား မဆုံးခင်မှာပင် လင်းမင်၏ အသံ ထွက်ပေါ်လာခဲ့သည်။

“မဟုတ်ဘူး...”

သူက ရှေ့သို့ တက်လာကာ လင်းရှန်းရှဲ့ ရှေ့၌ ရပ်လိုက်သည်။ သူ၏ မီးခိုးရောင် မျက်လုံးများက ဝေ့ဝူယင်ကို စူးရဲစွာ စိုက်ကြည့် နေခဲ့၏။

“အဲဒါက အခြေအမြစ် မရှိတဲ့ ကောလဟလ သက်သက်ပါ... ဘာလို့ အရေးစိုက်နေမှာလဲ... မင်းက အဲဒီလို သွားပုပ်လေလွင့်တွေကို ဂရုစိုက်တတ်တဲ့ လူလား... ဒါမှမဟုတ် စီနီယာ အမလင်းကို မင်းရဲ့ ဇနီးလောင်း ဖြစ်လာဖို့ တကယ် မျှော်လင့်နေတာလား...”

ဝေ့ဝူယင်မှာ လင်းမင်၏ စကားနှင့် လုပ်ရပ်ကြောင့် အနည်းငယ် အံ့သြသွားခဲ့၏။ သူက လင်းမင်၏ နောက်ရှိ လင်းရှန်းရှဲ့ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ သူမသည်လည်းပဲ အလားတူပင် လင်းမင်၏ လုပ်ရပ်ကြောင့် အံ့အားသင့်နေပုံ ရသည်။ သို့သော်လည်း... သူမ၏ မျက်လုံးများကတော့ နွေးထွေးသည့် အငွေ့အသက် အချို့နှင့် မသိမသာ ဖြတ်ပြေးသွား၏။

“ငါ မင်းကို မှတ်မိပါတယ်...”

ဝေ့ဝူယင်က ပြောလိုက်သည်။ လင်းမင်က အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။

“မင်း မှတ်မိမှာပေါ့... ငါက မင်း...”

“မင်းကို ပြောတာ မဟုတ်ဘူး... သူ့ကို ပြောတာ...”

လင်းမင် စကားမဆုံးခင်က ဝေ့ဝူယင်က လင်းရှန်းရှဲ့ကို လက်ညိုးထိုးရင်း ဖြတ်ပြောလိုက်သည်။ သူ မလိမ်ချေ။ လွန်ခဲ့သည့် ဆယ်စုနှစ်ပေါင်းများစွာတုန်းက လင်းမင်နှင့် အတူ ထိုမိန်းကလေးကို သူ တစ်ကြိမ် တွေ့ဆုံဖူးသည်။ ထိုအရာက အနန္တ ဧကရာဇ်ဂိုဏ်းမှ ပြုလုပ်သည့် လူငယ် ပါရမီရှင်များ စုဝေးပွဲတွင် ဖြစ်ပြီး လင်းရှန်းရှဲ့မှာ အနီရောင် ဆံပင်များကို ပိုင်ဆိုင်ထားခဲ့သည်။

ယခုတွင်တော့ လင်းရှန်းရှဲ့မှာ ရွှေအိုရောင် ဆံနွယ်များနှင့် ဖြစ်ကာ ရွှေရောင် မျက်လုံး၊ နို့နှစ်ရောင် အသားအရည်တို့ကို ပိုင်ဆိုင်ထားပေသည်။ မလိမ်ညာစတမ်း ဝန်ခံရပါက မိန်းက‌လေးမှာ အလွန် လှပသည်။ သူမက တစ်ချက် ကြည့်ရုံဖြင့်ပင် နှစ်ပေါင်း တစ်ထောင် စွဲလမ်းသွားနိုင်သည့် ရုပ်ရည် ပိုင်ရှင်မျိုး ဖြစ်သည်။

“...”

လင်းရှန်းရှဲ့မှာ တိတ်ဆိတ်နေ၏။ ဝေ့ဝူယင်မှာ မျက်လုံးများ မှိတ်ထားခဲ့သည့်တိုင် ဝိညာဥ်အာရုံဖြင့် သူမ ခန္ဓာကိုယ် တစ်ခုလုံးကို စေ့စေ့စပ်စပ် ကြည့်နေကြောင်း ခံစားနိုင်ပေသည်။ သူ၏ ကောက်ကြောင်းတိုင်း၊ အမို့အမောက်တိုင်း၊ ရုပ်ခန္ဓာ အဆင်း သဏ္ဌာန်တိုင်းမှာ သူ၏ ဖမ်းဆုပ်မှုကို ခံနေရ၏။

“မင်းက ငါတို့ ပထမဆုံး တွေ့တဲ့ နေတုန်းက အတိုင်း လှနေတုန်းပဲ...”

ဝေ့ဝူယင်က အရိုးသားဆုံး ဝန်ခံလိုက်၏။ ယောက်ျား တစ်ယောက်... အထူးသဖြင့် သွေးသား တက်ကြွနေသည့် လူငယ် တစ်ယောက် အနေဖြင့် မိန်းကလေး၏ အလှတရားကြောင့် မတုန်လှုပ် ဆိုလျှင် သူ လိမ်ရာ ကျလိမ့်မည် ဖြစ်သည်။ ထို့အပြင် သူမက အလွန်ပင် ပါရမီ မြင့်မားကာ ဂိုဏ်းတစ်ခုလုံး၏ လူငယ်မျိုးဆက်တွင် မင်းသမီးလေး ဖြစ်ဖို့ လုံလောက်သူလည်း ဖြစ်သည်။

“...”

ကျန်းကျိရီနှင့် လင်းရှန်းရှဲ့တို့၏ အမူအရာများက ပြောင်းလဲ သွား၏။ ဝေ့ဝူယင်က လင်းရှန်းရှဲ့ကို အမှန်တကယ် သိနေသည်လား။

အခြားတစ်ဖက်၌ လင်းမင်၏ အမူအရာက ပိုမို သုန်မှုန်လာ၏။

“မင်း ဘာလိုချင်နေတာလဲ ဝေ့ဝူယင်... စီနီယာ အမက မင်းရဲ့ ဇနီးလောင်း မဟုတ်ဘူး... ဒီတော့ မင်း သူ့ကို တွန်းအား မပေးရင် ပိုကောင်းလိမ့်မယ်”

ဝေ့ဝူယင်က အသာအယာပင် ပြုံးလိုက်၏။

“ငါက အဲဒီလို ဖြစ်ချင်နေတယ် ဆိုရင်ရော... ဒီလောက် လှပပြီး ပါရမီ မြင့်မားတဲ့ မိန်းကလေးမျိုးကို ကိုယ့်ဘေးနားမှာ ထားရတာ ဘယ်ယောက်ျားက မကြိုက်ပဲ နေမှာလဲ”

ဝေ့ဝူယင်က တစီ အနားမှ ခွာကာ လင်းမင်တို့ အနားသို့ တဖြည်းဖြည်းချင်း လျှောက်လာခဲ့၏။ သူ့ နှုတ်ခမ်းထက်တွင်တော့ မထီတရီ အပြုံးတစ်ခုက နေရာယူ နေပေသည်။ လင်းမင်၏ မီးခိုးရောင် မျက်လုံးများက သတ်ဖြတ်လိုစိတ်များနှင့် ပြည့်နှက်သွားကာ ဒြပ်စင် အော်ရာမှာ ကြမ်းတမ်းစွာ စတင် လှုပ်ရှားလာသည်။

“ဒါဆိုရင် ငါ မင်းကို...”

“သတ်မှာလား...”

ဝေ့ဝူယင်က သဘောကျစွာဖြင့် ရယ်မောလိုက်သည်။

“လင်းမင်... လင်းမင်... မင်းက တကယ့်ကောင်ပဲ... မှန်တယ်... လင်းရှန်းရှဲ့ကို ငါ မပိုင်ဘူး... ဒါပေမဲ့ မင်းလည်း မပိုင်ဘူးလေ... ဟုတ်တယ် မလား... သူ့ကို ဘယ်သူမှ မပိုင်ဘူး...”

ဝေ့ဝူယင်က ခြေလှမ်းများကို ရပ်လိုက်၏။ ထိုအခိုက်၌ သူတို့ နှစ်ယောက် အကြားတွင် ခြေလှမ်း အနည်းငယ်သာ ကွာဝေး ပေတော့သည်။

“...”

ဝေ့ဝူယင်၏ မထီတရီ မျက်နှာကို စိုက်ကြည့်ရင်း လင်းမင်၏ မျက်လုံးများက သတ်ဖြတ်လိုစိတ်များနှင့် ပိုမို၍ လောင်ကြွမ်းလာသည်။ သူတို့ မတွေ့ခဲ့ရသည်မှာ ခြောက်နှစ်ကျော် ခုနစ်နှစ် ရှိသွားခဲ့ပြီ ဖြစ်သည်။ နောက်ဆုံး အကြိမ် တွေ့ဆုံခဲ့သည်က တောင်ဝင် ညီလာခံတွင် ဖြစ်ပြီး သူ အပြတ်အသတ် ရှုံးနိမ့်ခဲ့သည်။ ထိုအရာက သူ၏ ကျင့်ကြံခြင်း လမ်းစဉ် တစ်လျှောက်လုံး ပထမဆုံး အကြိမ် အရှက်ရခဲ့ခြင်း ဖြစ်ပေသည်။

သို့သော်လည်း လွန်ခဲ့သည့် ခြောက်နှစ် အတွင်း၌ ပိုမို ကောင်းမွန်သည့် ပတ်ဝန်းကျင်၊ အထောက်အပံ့များနှင့် အတူ သူ၏ ကျင့်ကြံခြင်းက များစွာ တိုးတက်လာခဲ့ပြီ ဖြစ်သည်။ အစစ်အမှန် ဒြပ်စင်ဂိုဏ်း အတွင်းရှိ အသက် ရာနှင့်ချီသည့် ပါရမီရှင်များကိုပင် သူ လွှမ်းမိုးလာနိုင်ခဲ့သည်။ ဝေ့ဝူယင်ကို သူ မကြောက်တော့ချေ။

ဝေ့ဝူယင်မှာ လင်းမင်၏ သဘောထားကို အကဲခတ်မိလေရာ ရယ်ချင် လာခဲ့၏။ သူ လင်းရှန်းရှဲ့ကို ဘယ်တုန်းကမှ ဇနီးလောင်း အဖြစ် သိမ်းပိုက်ဖို့ မရည်ရွယ်ခဲ့ဖူးချေ။ ထို့အပြင်... သူ ထိုကောလဟလကိုလည်း ဂရုမစိုက်ပါချေ။

ထိုမျှ ရန်လိုနေသည့် လင်းမင်ကို ဝေ့ဝူယင် ခပ်ပြင်းပြင်းလေး ရိုက်ချင်လာခဲ့၏။ သို့သော်လည်း သူ ထိုအတွေးကို ပြန်လည် ပယ်ဖျက်လိုက်သည်။ လင်းမင်က အခြားတစ်ယောက် အတွက် ဖြစ်ပေသည်။ ဝေ့ဝူယင် လက်နှစ်ဖက်ကို နောက်ပစ်လိုက်၏။

“စိတ်ချပါ... သူ့ကို ဖိအားပေးဖို့ ငါ့မှာ ရည်ရွယ်ချက် မရှိပါဘူး... နောက်ပြီး ငါ ဒီကို လာရတာကလည်း ငါ့ ဇနီးလောင်းလို့ နာမည်ကြီးနေတဲ့ လူကို တွေ့ချင်ရုံ သက်သက်ပဲ”

ကျန်းကျိရီမှာ ဝေ့ဝူယင်၏ နောက်ဆုံး စကားကို ကြားရတော့မှ စိတ်သက်သာရာ ရသွားတော့၏။ သူမ၏ မျက်လုံးများက စိတ်လှုပ်ရှားမှုတို့နှင့် ပြည့်နှက်သွားသည်။

“ဒီတော့ သူက ရှင့်ရဲ့ ဇနီးလောင်း မဟုတ်ဘူးပေါ့...”

ကျန်းကျိရီက သေချာစေရန် မေးလိုက်၏။ ဝေ့ဝူယင်က သူမကို လှည့်ကြည့်လိုက်သည်။ သူမ၏ မေးခွန်းက ကောလဟလ မမှန်ကန်ကြောင်း အတည်ပြုရုံ သက်သက်ထက် ပိုကြောင်း သူ သိပေသည်။ ဝူယုထံမှ တစ်ဆင့် အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ အတွင်းရေး ပြဿနာများကို သူ ကြားသိခဲ့ပြီး ဖြစ်သည်။ သူသိထားသည့် အချက်အလက်များက အရမ်းကြီး အသေးစိတ် မကျသည့်တိုင် အကြမ်းဖျဉ်း ခြုံငုံမိရန်တော့ လုံလောက်ပေသည်။ ထို့ကြောင့် ကျန်းကျိရီ၏ မေးခွန်းတွင် အဓိပ္ပာယ် များစွာ ပါဝင်နေကြောင်း သူ ခန့်မှန်း မိပေသည်။

အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ အရှုပ်အထွေးများနှင့် ပတ်သက်၍ ဝေ့ဝူယင် ပိုမို၍ စိတ်ဝင်စား လာခဲ့၏။ သူက အနည်းငယ် ပြုံးလိုက်ရင်း လင်းရှန်းရှဲ့ကို ညွှန်ပြလိုက်သည်။

“ခင်ဗျား သိချင်ရင် သူ့ကို မေးပါလား... ကျုပ် ဇနီးလောင်း ဟုတ်မဟုတ် သူပဲ အသိဆုံး နေမှာပေါ့... ဒီလူငယ်လေးကတော့ မဟုတ်ဘူးလို့ အခိုင်အမာ ပြောတယ်ဗျ”

“...”

အားလုံးမှာ တိတ်ဆိတ်သွားကြတော့၏။

***

All Chapters