← Chapters

မေးခွန်းနှစ်ခု

Vol. 64 Ch. 885

မေးခွန်းနှစ်ခု

Vol. 64 Ch. 885

ဝေ့ဝူယင်၏ စကားကို လင်းမင်က အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

“ငါတို့က ဘာကိစ္စနဲ့ ကောလဟလတွေကို မင်းအတွက် ရှင်းပေးရမှာလဲ... အဲဒါက ငါတို့ရဲ့ တာဝန် မလို့လား”

“ငါ့အတွက် ဟုတ်လား...”

ဝေ့ဝူယင် လင်းမင်ကို အံ့သြစွာ ကြည့်လိုက်မိ၏။ ထို့နောက် သူက ရယ်မောရင်း ခေါင်းညိတ်လိုက်သည်။

“ငါ သဘောပေါက်ပြီ... သဘောပေါက်ပြီ... ကောလဟလတွေကို စဖြန့်တာ သူ ကိုယ်တိုင်ပဲ... ကိုယ်ပိုင် အကျိုးအမြတ်တွေ ဖန်တီးဖို့ သူက ငါ့နာမည်ကို သုံးခဲ့တာ...”

ဝေ့ဝူယင်က ကျန်းကျိရီဘက်သို့ လှည့်လိုက်၏။

“ခင်ဗျားက သူတို့ကို အပြစ်ပေးချင်နေတာမလား...”

ကျန်းကျိရီမှာ အနည်းငယ် လန့်ဖျပ် သွား၏။ ထိုအရာက သူမ၏ ရည်ရွယ်ချက် အမှန်ပင် ဖြစ်သည်။ သို့သော်လည်း ဝေ့ဝူယင် ထိုမျှ ပွင့်လင်းမည်ဟု သူမ မျှော်လင့် မထားခဲ့ချေ။ မည်သို့ပင် ဆိုစေကာမူ... သူမ၏ မျက်လုံးများမှာ တဖျပ်ဖျပ် တောက်ပသွားခဲ့၏။ ထိုအရာသာ အမှန်ဆိုပါက အမျိုးမျိုးသော အပြစ်ပေးမှုများ၊ တားမြစ်ချက်များကို သူမ ချမှတ်နိုင်ပေသည်။ ထိုအခါ လင်းမျိုးနွယ် တစ်ခုလုံး သံသယ ဖြစ်ဖွယ် မရှိအောင် ပြီးဆုံးသွားပေလိမ့်မည်။

“...”

ဟန်ယုဟိုင်မှာ ထိုအရှုပ်ထုတ်များကို သိပ်စိတ်ဝင်စားဟန် မရချေ။ သူက ဝူယု ထွက်ခွာသွားသည့် နေရာကိုသာ လှမ်းကြည့်ကာ စဉ်းစား နေခဲ့၏။ ဝေ့ဝူယင်နှင့် ကျန်းကျိရီတို့ လင်းရှန်းရှဲ့ကို အပြစ်ပေးသည် ဖြစ်စေ၊ မပေးသည် ဖြစ်စေ... သူနှင့် သိပ်မသက်ဆိုင်ပေ။ ယုတ်စွအဆုံး လင်းမျိုးနွယ် တစ်ခုလုံး ပျက်စီးသွားခဲ့လျှင်ပင် သူ ဂရုမစိုက်ပါချေ။

ဝေ့ဝူယင်က လင်းရှန်းရှဲ့ကို စိုက်ကြည့်လိုက်၏။

“တစ်ချိန်တုန်းက ငါ့နာမည်ကို သုံးပြီး အခက်အခဲကနေ လွတ်မြောက်ဖို့ ကြိုးစားဖူးတဲ့ မိန်းကလေး တစ်ယောက် ရှိခဲ့ဖူးတယ်... အဲဒီလို နောက်တစ်ကြိမ် ထပ်ပြီး လုပ်မယ် ဆိုရင် အသက်သေရမယ် လို့ ငါ သူ့ကို ပြောခဲ့တယ်”

စကားအဆုံးသတ်၌ သူ၏ လေသံက အေးစက်သွား၏။ လင်းမင်က စူးရဲသည့် မျက်လုံးများနှင့် ဝေ့ဝူယင်ကို ပြန်လည် စိုက်ကြည့်လိုက်သည်။

“သူ ဘာကောလဟလကိုမှ မဖြန့်...”

“ငါ လုပ်တာပါ...”

အသံတစ်ခုက ကြားဖြတ်ကာ ထွက်ပေါ်လာ၏။ သူမကတော့ လင်းရှန်းရှန်းပင် ဖြစ်လေသည်။

“ကောလဟလကို ဖြန့်တာက ငါပါ... သမီးလေး ငရဲတွင်းထဲမှာ ခံစားနေရတာကို မကြည့်ရက်လို့ အဲဒီလို လုပ်ခဲ့တာ... အဲဒီ လုပ်ရပ်က အဂ္ဂိရတ် အာဏာရှင်ဝေ့ကို စော်ကားသလို ဖြစ်သွားတယ် ဆိုရင် တောင်းပန်ပါတယ်... ဒါပေမဲ့ သူ အဲဒီလို အပြစ်ပေး ခံရတာဟာလည်း အဂ္ဂိရတ် အာဏာရှင်ဝေ့ရဲ့ လုပ်ရပ်တွေကြောင့် ဆိုတာ ထည့်စဉ်းစားပေးပါဦး...”

“ကျုပ် လုပ်ရပ်တွေကြောင့်...”

ဝေ့ဝူယင် ပြုံးလိုက်မိ၏။ လင်းရှန်းရှန်းမှာ အပြစ်အားလုံးကို သူနှင့် သူမတို့ နှစ်ယောက်တည်း အပေါ်သာ ပုံချရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။ အထူးသဖြင့် သူမကိုယ် သူမ အပေါ်တွင်ပင်။

လင်းရှန်းရှဲ့ လက်သီးကို ခပ်တင်းတင်း ဆုပ်လိုက်မိ၏။ ထိုကောလဟလတွေကို ဖြန့်ခဲ့တာက သူမ ဖြစ်ကြောင်း ထုတ်ဖော်ချင်နေသည့်တိုင် လင်းမင် မည်ကဲ့သို့ တုန့်ပြန်မည်ကို သူမ သိပေသည်။ သူမ ချီတုံချတုံ ဖြစ်နေခဲ့၏။

သို့သော်လည်း... စီတ၏ စိတ်ထဲတွင်တော့ မည်သည့် တုန့်ဆိုင်းမှုမှ ရှိမနေခဲ့ပါချေ။

“ဂိုဏ်းချုပ် တစ်ယောက်တည်း မဟုတ်ပါဘူး တော်ဝင်သားတော်... ကျွန်မတို့ သုံးယောက်စလုံး ပါခဲ့တာပါ... တောင်းပန်ပါတယ်”

လင်းမင်၏ မျက်နှာက အကြီးအကျယ် ပျက်ရွင်းသွား၏။ ကောလဟလ ဖြန့်သူထဲတွင် လင်းရှန်းရှဲ့ ကိုယ်တိုင် ပါဝင်နေသည်လား။ အဘယ်ကြောင့်နည်း။

အခြားတစ်ဖက်၌ ကျန်းကျိရီကတော့ ပိုမို၍ စိတ်လှုပ်ရှား လာခဲ့၏။ သို့သော်လည်း သူမ၏ အမူအရာက တည်ငြိမ်နေဆဲပင် ဖြစ်လေသည်။

“ဆိုတော့ကာ နင်တို့က အလိမ်အညာတွေကို တစ်လောကလုံး သိအောင် ကြေညာခဲ့တာပေါ့လေ... ရှေးဟောင်း ရွေးချယ်ခံက ဝေ့ဝူယင်ရဲ့ ဇနီးလောင်းကို ကြာခိုနေတယ် လို့ အားလုံးကို သိစေချင်ခဲ့တာလား... နင်တို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ... သူ့ကို အရှက်ခွဲဖို့လား...”

လင်းရှန်းရှန်းမှာ ဘာပြန်ပြောရမှန်း မသိ ဖြစ်သွား၏။ ထိုကဲ့သို့ စွပ်စွဲမှုမျိုးကို သူ မျှော်လင့် မထားခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။ သူမ လင်းမင်နှင့် လင်းရှန်းရှဲ့တို့ကို ကြည့်လိုက်မိ၏။

“တော်လောက်ပြီ...”

ဝေ့ဝူယင်က ခေါင်းခါကာ အခြေအနေကို ထိန်းသိမ်းဖို့ ကြိုးစားလိုက်သည်။ အရိုးသားဆုံး ဝန်ခံရပါက သူ ကိုယ်တိုင်လည်း ထိုကဲ့သို့ အခြေအနေကို မကြိုက်ချေ။ အစစ်အမှန် ဒြပ်စင်ဂိုဏ်းဝင်များ၏ ကျားကွက်ထဲမှ ကျားစေ့ တစ်ခု သူ မဖြစ်လိုချေ။

“အခု ငါ ဒီကို လာတာ မေးစရာနှစ်ခု ရှိလို့... လိုရင်းကိုပဲ သွားလိုက်ရအောင်...”

ဝေ့ဝူယင်က ပြောလိုက်၏။

“မေးစရာ...”

အားလုံး စိတ်ဝင်စား သွားကြ၏။ ဝေ့ဝူယင်က ခေါင်းတစ်ချက် ညိတ်ပြလိုက်ပြီးနောက် လင်းရှန်းရှဲ့ကို စိုက်ကြည့်လိုက်သည်။

“လင်းရှန်းရှဲ့... ခုချိန်ထိ မင်း ဘာတစ်ခုမှ ဝန်မခံရသေးဘူး... ဒီတော့ကာ ငါ မင်းကို ရှင်းရှင်းပဲ ‌မေးမယ်... ဘယ်သူ နှောက်ယှက်တာကိုမှ မလိုချင်ဘူး...”

ဝေ့ဝူယင်က လင်းမင်ကို သတိပေးဟန် တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် လင်းရှန်းရှဲ့ဘက်ကို ပြန်လှည့်လိုက်၏။

“မင်း ငါ့ရဲ့ ဇနီးလောင်း ဖြစ်ချင်လား...”

“...”

အားလုံး လင်းရှန်းရှဲ့ကို ကြည့်လိုက်ကြ၏။ အံ့အားသင့်ဖို့ ကောင်းစွာပင် လင်းရှန်းရှဲ့မှာ အဖြေဖြေရန် တုန့်ဆိုင်းနေခြင်း မရှိပါချေ။

“အဖြေကို ခုချက်ချင်း ပေးဖို့ မလုံလောက်သေးဘူးလို့ ကျွန်မ ထင်တယ်...”

ထိုအရာက လက်ရှိ အခြေအနေဖြင့် အသင့်တော်ဆုံး အဖြေ တစ်ခု ဖြစ်သည်။ မသေချာ မရေရာသည့်တိုင် ဖြစ်နိုင်ချေ တစ်ခုကို သူမက ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။ ကျန်းကျိရီ ဆိုသည့် မိန်းမ အကြောင်း သူမ ကောင်းကောင်း သိပေသည်။ ဖြစ်နိုင်ချေ တစ်ခု ရှိနေသမျှ ကာလပတ်လုံး ထိုမိန်းမ ဘာမှ လုပ်ရဲလိမ့်မည် မဟုတ်ပါချေ။

သို့သော်လည်း... လင်းမင် အတွက်တော့ လင်းရှန်းရှဲ့၏ စကားလုံးများက ပျားသကာလိုပင် ဖြစ်သည်။ လင်းရှန်းရှဲ့က မဟာပုရောဟိတ်၏ စကားများကို နားယောင်သွားမှာ သူ တကယ် ကြောက်လန့် နေခဲ့ခြင်း ဖြစ်သည်။ သူမ အပြတ် မငြင်းခဲ့သည့် အပေါ်တွင်တော့ အပြစ်တင်စရာ မရှိပါချေ။ အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ လက်ရှိ အခြေအနေများကို သူ ကောင်းစွာ သိရှိထားပေသည်။

ဝေ့ဝူယင် တည်ငြိမ်စွာပင် ခေါင်းညိတ်လိုက်၏။

“နောက်မေးခွန်း တစ်ခုကို သွားကြတာပေါ့... ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့ရဲ့ နေရာကို မင်း သိလား”

ယခုတစ်ကြိမ်တွင်တော့ လင်းမင်၏ အမူအရာက အကြီးအကျယ်ပင် ပြောင်းလဲ သွား၏။ သူ၏ စိတ်တစ်ခုလုံးက တုန်ရီသွားကာ ထိုမေးခွန်းအပေါ် အာရုံစိုက်လိုက်သည်။ ဆရာသခင် အဖြစ် သိထားခဲ့သည့် ထိုပုဂ္ဂိုလ်မှာ ဝေ့ဝူယင်ထက်ပင် ပိုမို၍ လျှို့ဝှက် ဆန်းကြယ်သူ ဖြစ်သည်။ လင်းရှန်းရှဲ့နှင့် စတွေ့သည့် နေ့ကတည်းက စ၍ ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့ ချမှတ်ထားခဲ့သည့် လမ်းကြောင်းပေါ်တွင် သူ လျှောက်လှမ်း ခဲ့ရသည်။ သူ ကျင့်ကြံထားသည့် နည်းလမ်း၊ အစီအရင်နှင့် ကျင့်စဉ် မှန်သမျှက ထိုပုဂ္ဂိုလ်ကြီး၏ အမွေအနှစ်များ ဖြစ်သည်။

ကျန်းကျိရီမှာလည်း အလားတူပင် ဒြပ်စင်ကိုးခု ဧကရာဇ်၏ တည်နေရာကို သိချင်နေခဲ့၏။ အစစ်အမှန် ဒြပ်စင်ဂိုဏ်းတွင် မြေကြီးရှန့်ထို လေးယောက် ရှိကာ ကုန်းလော့မှာ ပြင်ပမျိုးနွယ်များမှ ဖြစ်သည်။ ဟန်ယုဟိုင်နှင့် ဟန်ရှဲ့တို့မှာ အစစ်အမှန် ဒြပ်စင်ဂိုဏ်းကို ‌‌လောကဂိုဏ်းကြီးတစ်ခု အဖြစ် ရပ်တည် စေခဲ့သည့် ထောက်တိုင်များ ဖြစ်ကြသည်။ လွန်ခဲ့သည့် နှစ်တစ်ထောင် အတွင်းတွင်တော့ ဟန်ယုဟိုင်မှာ အစစ်အမှန် ဒြပ်စင်ဂိုဏ်းကို တစ်ယောက်တည်း ကျားကန်ပေးခဲ့ပေသည်။

ဟန်ရှဲ့ တစ်ယောက် မည်သည့် နေရာ ရောက်နေသည်၊ အဘယ်ကြောင့် ပျောက်ကွယ်နေသည်ကို သိရှိထားသူ တစ်ယောက်မှ မရှိချေ။ သူ ပျောက်ဆုံးနေမှုနှင့် ပတ်သက်၍ ထင်ကြေးပေးမှု များစွာ ရှိခဲ့သည်။ ဟန်ရှဲ့မှာ လောကရှန့်ထို အဆင့်ကို ချိုးဖျက်ရန် တံခါးပိတ် ကျင့်ကြံနေသည်ဟု ပြောဆိုမှုများပင် ရှိခဲ့သည်။ သို့သော်လည်း ရာစုနှစ် များစွာတိုင်အောင် ကြာမြင့်ပြီး နောက်တွင်တော့ ထိုအယူအဆက တဖြည်းဖြည်း ပြန်လည် မှေးမှိန်လာခဲ့သည်။

“ဘာလို့လဲ...”

လင်းရှန်းရှဲ့က တုန့်ဆိုင်းစွာဖြင့် မေးလိုက်၏။

“ဘာလို့လဲ ဆိုတာက အ‌‌ရေးပါလို့လား... မင်း သိလား မသိဘူးလား ဆိုတာပဲ ငါ မေးတာ... တကယ်လို့ လျှို့ဝှက် ကျိန်စာတွေ ဘာတွေ ရှိတယ် ဆိုရင်လည်း ပွင့်ပွင့်လင်းလင်း ပြောပါ... ငါ မင်းကို တွန်းအားပေးမှာ မဟုတ်ဘူး”

ဝေ့ဝူယင်က ရိုးသားသည့် အမူအရာနှင့် ပြောလိုက်၏။ လင်းရှန်းရှဲ့မှာ ဝေ့ဝူယင်၏ စကားကြောင့် အံ့သြသွားခဲ့သည်။ သူက သူမ သိသည်၊ မသိသည် တစ်ခုတည်းကိုပဲ သိချင်သည်လား။ ဝေ့ဝူယင် ပြောသည့် အတိုင်း သူမ လျှို့ဝှက် ကျိန်စာ ဆိုထားရသည်မှာ အမှန်ပင် ဖြစ်သည်။

ထိုအကြောင်းရင်းကြောင့်ပင် ဟန်ယုဟိုင်က လက်ရှိ အခြေအနေကို စိတ်မဝင်စားခြင်း ဖြစ်သည်။ သူမ ဘာတစ်ခုမှ ပြောမည် မဟုတ်ကြောင်း သူက ကြိုတင် သိထားပြီး ဖြစ်သည်။ ထိုကြိုးပမ်းမှုက အချိန်ဖြုန်းခြင်း သက်သက်မျှသာ ဖြစ်ပေသည်။

လောလောဆယ် ဟန်ယုဟိုင် ပိုမို၍ စိတ်ဝင်စားနေသည့် အရာက ဝူယု မည်သည့် နေရာကို သွားသည် ဆိုခြင်းပင်။ လက်ရှိ၌ နယ်မြေ ချိပ်ပိတ်ခြင်း ဝင်္ကပါက အသက်ဝင်နေလေရာ ထိုအရာက သူ့ကို စိုးရိမ်စိတ်များ ဖြစ်ပေါ် စေခဲ့သည်။ ဝူယု၏ အစောပိုင်း လုပ်ရပ်များကပင် အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ ချမ်းသာ ကြွယ်ဝမှုများကို ချွတ်ခြုံကျစေခဲ့ပြီး ဖြစ်သည်။

“ကျွန်မ သိပါတယ်...”

တစ်ခဏမျှ စဉ်းစားပြီးနောက် လင်းရှန်းရှဲ့က ဝန်ခံလိုက်၏။ သူမက ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့၏ တပည့် ဖြစ်သည်။ အကယ်၍ မသိပါဟု ငြင်းပါက လင်းမျိုးနွယ် အပေါ် ပုံမဖော်နိုင်သည့် ထိခိုက်မှုများ ရှိလာနိုင်ပေသည်။ ဟန်ရှဲ့၏ နောက်ခံကြောင့်ပင် လွန်ခဲ့သည့် နှစ်များ အတွင်းလင်းမျိုးနွယ် တိုးတက်မှုများနှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။

ကျန်းကျိရီ၏ အမူအရာက အနည်းငယ် ပြောင်းလဲ သွား၏။ အနည်းငယ် ညှိုးလျော်သွားသည့် မျက်လုံးများ အရ သူမ စိတ်ပျက်လက်ပျက် ဖြစ်သွားသည်မှာ ထင်ရှားလှပေသည်။

“ကောင်းတယ်...”

ဝေ့ဝူယင်က ပြုံးကာ မှတ်ချက်ချလိုက်၏။

ဂီး...

ကျယ်လောင်သည့် အော်ဟစ်သံ တစ်ခုနှင့် အတူ ပိုင်လင်၏ အော်ရာက စတင်ကာ မြင့်တက်လာခဲ့တော့သည်။

***

All Chapters