အကြီးအကဲကျန်း၏ အမုန်းတရား
Vol. 64 Ch. 886
ဟူး... ဟူး...
မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ပိုင်လင်၏ အော်ရာက ဖိအားများ အသွင်ဖြင့် ပတ်ဝန်းကျင် တစ်ခုလုံးကို လွှမ်းခြုံ သွားခဲ့ပြီ ဖြစ်လေသည်။
“ဘာလဲ...”
လင်းရှန်းရှန်း၏ အမူအရာက ပျက်ရွင်း သွား၏။ သေမျိုး အဆင့်ကို ကျော်လွန်နေသည့် လျှို့ဝှက် ဝိညာဥ် အဆင့် တစ်ယောက် ဖြစ်သည့်တိုင် ပိုင်လင်၏ အော်ရာအောက်၌ သူမမှာ အသက်ရှူရန်ပင် ခက်ခဲလာခဲ့သည်။ ခန္ဓာကိုယ် အတွင်းရှိ အဆုပ်များက ရုတ်ချည်း ခြောက်ကပ်သွားသလိုပင် သူမ ခံစားလိုက်ရ၏။
ဟန်ယုဟိုင်နှင့် ကျန်းကျိရီတို့ နှစ်ယောက်မှာ အံ့အားသင့် သွားကြ၏။ သို့သော်လည်း မြေကြီးရှန့်ထိုများ အနေဖြင့် ထိုအော်ရာလောက်ကို ခုခံရန် သူတို့ အတွက် ပြဿနာ မရှိပါချေ။
လင်းမင်နှင့် လင်းရှန်းရှဲ့တို့မှာတော့ အော်ရာ၏ အောက်တွင် မုန်တိုင်းကြားမှ လှေငယ်တစ်စင်းလို ပျက်စီးလု မတတ် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ အထူးသဖြင့် ပိုင်လင်မှာ လင်းရှန်းရှဲ့ကို ပစ်မှတ်ထားကာ လုံးဝ မလှုပ်ရှားနိုင်အောင် ဖိအားပေးထား၏။
“ဘာတွေဖြစ်နေတာလဲ...”
လင်းရှန်းရှဲ့၏ မျက်နှာ အမူအရာမှာ အလွန်ပင် ပျက်ရွင်း နေခဲ့ပြီ ဖြစ်သည်။ သူမက မိခင် ဖြစ်သူကို လှမ်းကြည့်ကာ အကူအညီ တောင်းဖို့ ကြိုးစားလိုက်၏။ သို့သော်လည်း ရုတ်ချည်းပင်... သူမ၏ အတွေးများနှင့် ဝိညာဥ်က အေးခဲ သွား၏။ ထို့နောက် သူမ၏ ခန္ဓာကိုယ်က စွမ်းအား ကင်းမဲ့စွာ လဲပြိုကျ သွားတော့သည်။
ဝိညာဥ်အေးခဲခြင်း အစီအရင်...
ဝှစ်...
ဝေ့ဝူယင်မှာ အလွန် လျှင်မြန်စွာပင် ရွေ့လျားလာ၏။ မျက်တောင် တစ်ခပ်စာမျှ အတွင်းမှာပင် သူက လင်းရှန်းရှဲ့ အနားသို့ ရောက်ရှိလာကာ သူမကို ခါးမှ ဆွဲပွေ့လိုက်သည်။
“ရပ်စမ်း.. သူ့ကို မထိနဲ့...”
လင်းမင်က တားဆီးဖို့ ကြိုးပမ်းလိုက်၏။ သို့သော်လည်း... ဝေ့ဝူယင်မှာ အလွန် လျှင်မြန်စွာ လှုပ်ရှားသွားကာ ပိုင်လင်၏ ကျောထက်သို့ ရောက်ရှိ နေခဲ့ပြီ ဖြစ်သည်။ သူက စီတနှင့် လင်းရှန်းရှဲ့တို့ကိုပါ အပါ ခေါ်ခဲ့ပြီး ဖြစ်၏။
“ငါ သူ့ကို ပြန်ခေါ်လာခဲ့မယ်...”
သူက ပြောလိုက်၏။ ပိုင်လင်က အတောင်ပံများကို စတင် ခပ်လိုက်ကာ အံ့မခန်း အမြန်နှုန်းနှင့် ကောင်ကင်ဆီ ပျံတက် လိုက်သည်။ ထို့နောက် သေမျိုး မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ၎င်းမှာ အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ် သွားခဲ့တော့၏။
လင်းမင်၏ အမူအရာမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းနေခဲ့ပြီ ဖြစ်သည်။ သူက ကြောင်စီစီ ဖြင့် ရပ်နေသည့် မြေကြီးရှန့်ထို နှစ်ယောက် ဘက်သို့ လှည့်ရင်း အော်ဟစ်လိုက်၏။
“သူ့ကို တားကြလေ...”
သူတို့မှာ ဂိုဏ်း၏ ခေါင်းဆောင်များ ဖြစ်ကြသည်။ အနည်းဆုံး ဂိုဏ်း၏ မင်းသမီးလေး ပြန်ပေးဆွဲ ခံရခြင်းကို တားဆီးသင့်သည်။
ဟန်ယုဟိုင်နှင့် ကျန်းကျိရီတို့မှာ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ တစ်ခဏ ကြာပြီးနောက် ဟန်ယုဟိုင်က ကောင်းကင်ဆီ ဖြည်းညင်းစွာ ပျံတက်လိုက်သည်။ ထို့နောက် သူက ဝေ့ဝူယင်နောက်ကို ပျင်းရိ လေးဖင့်စွာ လိပ်တစ်ကောင်လို လိုက်သွားခဲ့တော့၏။
ကျန်းကျိရီကတော့ လင်းမင်နှင့် လင်းရှန်းရှန်းတို့ဘက်ကိုသာ လှည့်လိုက်သည်။
“တကယ်လို့ သူသာ လင်းရှန်းရှဲ့ကို ဒုက္ခပေးချင်ရင် နင်တို့တွေ ဘယ်သူမှ တားဆီးလို့ ရမှာ မဟုတ်ဘူး... မယုံရင် ကြိုးစားကြည့်ကြ... နောက်ပြီးတော့...”
သူမက လင်းရှန်းရှန်းကို စိုက်ကြည့်ကာ ပြုံးပြလိုက်၏။
“ငါတို့ ကြားက ကိစ္စက မပြီးသေးဘူး...”
ထို့နောက် သူမသည်လည်း ဟန်ယုဟိုင် နောက်သို့ လိုက်သွားခဲ့တော့သည်။
“...”
မိနစ် အနည်းငယ် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ နောက်ဆုံး၌ လင်းရှန်းရှဲ့မှာ စိတ်တည်ငြိမ်မှုကို ပြန်လည် ရရှိလာခဲ့၏။ သူမ ပင့်သက်တစ်ချက် ရှိုက်လိုက်မိသည်။ ဘဝ တစ်လျှောက်လုံး ထိုမျှ ပြင်းထန်သည့် ဖိနှိပ်မှုမျိုးနှင့် သူမ မရင်ဆိုင်ဖူးချေ။
လင်းမင်ကတော့ အဖြူရောင် လှံတံကို ကိုင်ရင်း ဝေ့ဝူယင် ထွက်ခွာသွားသည့် အရပ်ကိုသာ စိုက်ကြည့် နေခဲ့သည်။ သူ နောက်မှ လိုက်မသွားခဲ့ချေ။ လိုက်သွားတော့ရော ဘာထူးမည်နည်း။ မီးဖီးနစ်က မည်ကဲ့သို့သော သတ္တဝါ ဖြစ်ကြောင်း သူ သိရှိပြီး ဖြစ်သည်။ မြေကြီးရှန့်ထို နှစ်ယောက် လင်းရှန်းရှဲ့ကို ကယ်တင်ဖို့သာ သူ မျှော်လင့်မိပေသည်။
လင်းရှန်းရှန်းက လင်းမင် အနားကို လျှောက်လာခဲ့၏။
“ဝေ့ဝူယင်က သူ့ကို ထိခိုက်အောင် လုပ်လိမ့်မယ်လို့တော့ ငါ မထင်ဘူး...”
ထိုစကားလုံးများက လင်းမင်ကို နှစ်သိမ့်နိုင်မည်လား သူမ ကိုယ်တိုင်လည်း မသိပါချေ။ လင်းမင်မှာ ဝေ့ဝူယင် ထွက်ခွာသွားသည့် အရပ်ကိုသာ ငေးမောနေဆဲ ဖြစ်သည်။ လှံရိုးကို ဆုပ်ကိုင်ထားသည့် သူ့လက်များမှာ ဖြူရော်၍ပင် နေ၏။ မဟာပုရောဟိတ်၏ စကားလုံးများက သူ့အနားအတွင်း အလိုအလျောက်ပင် ပဲ့တင်ထပ်ကာ ဝင်ရောက်နေသည်။
စီနီယာ အမလင်းမှာ သူ့ဘဝကို အသစ်တဖန် ပြန်လည် မွေးဖွားစေခဲ့သူ ဖြစ်သည်။ များစွာသော အောင်မြင်မှုများကို ပေးအပ်ခဲ့သူ ဖြစ်သည်။ သူမက သူ့ဘဝအတွက် မီးရှူးတန်ဆောင် တစ်ခုလိုပင် ဖြစ်သည်။
သို့သော်လည်း သူကတော့ အမြဲတမ်း ထဘီနား ခိုစားသူ တစ်ယောက်သာ ဖြစ်ခဲ့သည်။ စီနီယာ အမလင်း နာကျင် ခံစားရသည့် အချိန်တိုင်း သူ လုပ်နိုင်သမျှက ရပ်ကြည့်နေခဲ့ခြင်းသာ ဖြစ်ပေသည်။ အဆုံးမဲ့ နောင်တ တောင်ကြားတွင် သူမ ပြစ်ဒဏ်ခံနေခဲ့ရချိန်၌ သူ ဘာလုပ်နိုင်ခဲ့သနည်း။ သူမကို ဝေ့ဝူယင် ပြန်ပေးဆွဲသွားချိန်တွင်ရော သူ ဘာလုပ်နိုင်ခဲ့သနည်း။
လှံရိုးကို ဆုပ်ကိုင်ထားသည့် လင်းမင်၏ အရိုးများမှာ တဖျစ်ဖျစ်ပင် မြည်လာခဲ့၏။
“သူ မလုပ်ရင် ပိုကောင်းလိမ့်မယ်”
သူ၏ အသံက အလွန်အမင်း အေးစက်နေသည်။ လင်းရှန်းရှန်း သက်ပြင်းတစ်ချက် ချလိုက်မိ၏။ ထို့နောက် လင်းမင်ကို ရှုပ်ထွေးသည့် ခံစားချက်များနှင့် ကြည့်လိုက်မိသည်။
“မင်း သူ့ကို တကယ် ချစ်တယ်မလား...”
“...”
လင်းမင်က ပြန်မဖြေချေ။ သို့သော်လည်း လင်းရှန်းရှန်းက သဘောပေါက်ဟန်ဖြင့် ခေါင်းတစ်ချက် ညိတ်လိုက်သည်။
“ကောလဟတွေ ဖြန့်တဲ့ အတွက် သူ့ကို အပြစ်မတင်နဲ့... သူ လုပ်ခဲ့တာ မင်းအတွက်လည်း ပါတယ်”
“မဟာ အကြီးအကဲကျန်းက ဂိုဏ်းချုပ်ကို ဘာလို့ မုန်းနေရတာလဲ...”
လင်းမင်က ခေါင်းစဉ်ကို ပြောင်းရန် ဆုံးဖြတ်လိုက်၏။ ထိုအကြောင်း သူ ဆက်၍ မဆွေးနွေးချင်တော့ပေ။
“ငါ့ကို မုန်းတယ်...”
လင်းရှန်းရှန်းက ဖြူရော်စွာ ပြုံးလိုက်သည်။ ထို့နောက် သူမက ကောင်းကင်ကို မော့ကြည့်လိုက်၏။ သူမ၏ ရွှေရောင် မျက်ဝန်းများက အမျိုးမျိုးသော ခံစားချက်များနှင့် ပြည့်ရွှမ်းနေသည်။
“သူ ငါ့ကို မမုန်းပါဘူး... သူ မုန်းတာက လင်းမျိုးနွယ်... သူ့ရဲ့ အဖွဲ့က ကျောက်စိမ်းဒြပ်စင် အကြွင်းအကျန်တွေနဲ့ ဖွဲ့ထားတာလေ...“
လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာက လင်းမျိုးနွယ်မှာ လျှို့ဝှက်ကျိန်စာကို တစ်ဖက်လှည့်ဖြင့် ကစားပြီး... ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့နှင့် ပူးပေါင်းကာ ကပ်ပါးကောင်များနှင့် ဆက်ဆံရေးကို ဖြတ်တောက်ပစ်ဖို့ ကြိုးပမ်းခဲ့သည်။
ကပ်ပါး အင်အားစုများမှာလည်း သူတို့၏ အကြံအစည်ကို ရိပ်မိကာ လက်ဦးမှု ရယူ၍ ပြန်လည် တိုက်ခိုက်ခဲ့ကြသည်။ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းသည့် ဂိုဏ်းတွင်း စစ်ပွဲကြီး တစ်ခု ပေါ်လာခဲ့ကာ အသစ်ဖန်တီးခဲ့သည့် အစစ်အမှန် ဒြပ်စင်ဂိုဏ်းမှာ ရှုံးနိမ့်ခဲ့သည်။
လင်းမျိုးနွယ်မှာ ကပ်ပါး မျိုးနွယ်၊ အင်အားစုများ၏ အကျိုးစီးပွားကို ဆောင်ကျဉ်းရန် အတွက် ခေါင်းဆောင် အဖြစ် ဆက်လက် ဆောင်ရွက်ရန် တွန်းအားပေး ခံခဲ့ရသည်။
“စစ်ကြီးဖြစ်တုန်းက မဟာ အကြီးအကဲကျန်းက ကြယ်တာရာ အမြုတေ အဆင့်ပဲ ရှိခဲ့သေးတာ... ဒါပေမဲ့ အဆင့်အတန်း၊ လွတ်လပ်မှု၊ မိသားစု သူ အားလုံးကို ဆုံးရှုံးခဲ့ရတယ်...... လင်းမျိုးနွယ်နဲ့ အတူ ပူးပေါင်းနေထိုင်ဖို့ တွန်းအားပေး ခံခဲ့ရတယ်... အဲဒီတုန်းက ကျန်းမျိုးနွယ်က စစ်ပွဲကြီး မစဖို့ တားဆီးခဲ့သေးတယ်... ဒါပေမဲ့ ငါတို့တွေ နားမထောင်ခဲ့ကြဘူး...”
“တကယ်တမ်း စစ်ပွဲကြီး ဖြစ်တော့ ကျန်းမျိုးနွယ်ကပဲ ပိုပြီး အထိနာခဲ့တာ... ငါတို့ လင်းမျိုးနွယ်က လျှို့ဝှက် ကျိန်စာမှာ အဓိက တာဝန်ရှိတဲ့ လူတွေ ဆိုတော့ ရန်သူတွေက ငါတို့ကို သိပ် ပစ်မှတ် မထားခဲ့ကြဘူး... ငါတို့ရဲ့ ထိပ်တန်း ကျင့်ကြံသူတွေက ခြေရာမဲ့ တောင်ကြားမှာ ချိပ်ပိတ်ခံရတာလောက်ပဲ ကြုံတွေ့ခဲ့ကြရတာ... ဒါပေမဲ့ သူတို့တွေကတော့ အကုန်လုံး နီးပါး ကွက်မြက်ခံခဲ့ကြရတယ်... ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ခွင့်တောင် မရလိုက်ကြပါဘူး... မဟာ အကြီးအကဲကျန်းရဲ့ အမုန်းတရားက တရားမျှတပါတယ်လေ”
လင်းရှန်းရှန်း မျက်လုံးများကို မှိတ်လိုက်၏။ ဤသို့နှစ် နှစ်ထောင်ပေါင်းများစွာ အကြာတွင် ကြယ်တာရာ အမြုတေ အဆင့်ကလေး ကျန်းကျိရီမှာမြေကြီးရှန့်ထို တစ်ယောက် ဖြစ်လာကာ ကျောက်စိမ်း ဒြပ်စင်ဂိုဏ်း၏ အကြွင်းအကျန်များကို ပြန်လည် စုစည်းနိုင်ခဲ့သည်။
ပြိုကွဲဒြပ်စင် အဖွဲ့ ဆိုသည့် နာမည်၏ အောက်၌ ထိုအဖွဲ့မှာ လင်းမျိုးနွယ်ထက် သာလွန်သည့် အင်အားများကို ပြန်လည် ပိုင်ဆိုင်လာခဲ့သည်။ ဤသို့နှင့် အတိတ်မှ အမုန်းတရားနှင့် အတူ သူမက လင်းမျိုးနွယ်ကို လက်စားချေရန် အမြဲတမ်း ကြိုးပမ်း နေခဲ့တော့သည်။
***