လင်းရှန်းရှဲ့၏ မှတ်ဉာဏ်
Vol. 64 Ch. 887
မူလဂြိုဟ်၏ အနိမ့်ဆုံး ကောင်းကင်အလွှာထဲ၌ ပိုင်လင်မှာ စီတနှင့် ဆက်သွယ်၍ စကားပြောဆို နေခဲ့၏။ ဝေ့ဝူယင်ကတော့ လင်းရှန်းရှဲ့ကို ပွေ့ပိုက်ကာ သူမ၏ ခေါင်းကို လက်ဖြင့် ထိထားခဲ့လေသည်။
ဝမ်မင်ယာမှာ ထိုမြင်ကွင်းကို စိတ်ဝင်တစားနှင့် ကြည့်နေခဲ့၏။ ဝေ့ဝူယင် ဘာလုပ်နေသနည်း။ သူက မိန်းကလေး၏ အသိစိတ် ပင်လယ်ထဲကို ကျူးကျော် ဝင်ရောက်ဖို့ ကြိုးပမ်းနေသလော။ မှတ်ဉာဏ်များကို ရှာဖွေခြင်း ဆိုသည့် အယူအဆမှာ ကျင့်ကြံသူများ အကြားတွင် အမြဲတမ်း ဆန္ဒ တစ်ခု အဖြစ် ရှိခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း... မိစ္ဆာ ကျင့်ကြံသူများပင် ထိုကဲ့သို့ မလုပ်နိုင်ခဲ့ကြချေ။ လျှို့ဝှက် အာဏာရှင် အဆင့်များပင် သေမျိုးအဆင့်၏ မှတ်ဉာဏ်များနှင့် အတွေးများကို ရှာဖွေရန် မဖြစ်နိုင်သေးချေ။
အသိစိတ် ပင်လယ်မှာ ရိုးရှင်းသည့်တိုင် တစ်ချိန်တည်း၌ အလွန်အမင်း ရှုပ်ထွေးလှသည့် ဖြစ်တည်မှု တစ်ခု ဖြစ်သည်။ ၎င်းက မှတ်ဉာဏ်များကိုသာ မက၊ မြင်ကွင်းများ၊ ဘဝ တစ်လျှေက်လုံးတွင် ရှိခဲ့ဖူးသမျှ အတွေးများ၊ အိပ်မက်များ၊ စိတ်ကူး ပုံရိပ်များကိုပါ သိုလှောင်ထားသည့် နေရာ ဖြစ်သည်။
ကျင့်ကြံခြင်း လမ်းစဉ်တွင် စိတ်စွမ်းအင် ကျင့်စဉ်များကို လေ့ကျင့်သည့် ကျင့်ကြံသူများ ရှိပေသည်။ သူတို့၏ စိတ်စွမ်းအင်များမှာ အလွန် ကြောက်မက်ဖွယ်ကောင်းသည့် တိုက်ခိုက်ရေး စွမ်းအားများ ဖြစ်လာကာ အသိစိတ် ပင်လယ် အပေါ် နားလည်နိုင်စွမ်းမှာလည်း အလွန်ပင် နှံ့စပ် လာကြသည်။ သို့တိုင်အောင် သူတို့မှာ မှတ်ဉာဏ် ရှာဖွေခြင်း နည်းစနစ်ကို ဆုပ်ကိုင်ရန် ကျရှုံး နေကြဆဲ ဖြစ်သည်။ မှတ်ဉာဏ်များကို ရှာဖွေရခြင်းထက် အချိန်ကို ပြောင်းပြန်လှန်ခြင်းကပင် ပိုမို၍ လွယ်ကူပေသည်။
ဝမ်မင်ယာ၏ အတွေးများက အမှားအယွင်း မရှိပါချေ။ လူတစ်ယောက်၏ စိတ်ထဲကို ကျူးကျော် ဝင်ရောက်ရခြင်းက မဖြစ်နိုင်လောက်အောင် ခက်ခဲသည့် ကိစ္စ တစ်ခု ဖြစ်သည်။ ဝေ့ဝူယင် ပင်လျှင် အဂ္ဂိရတ် တာအိုနှင့် စိတ်တာအိုတို့ ပေါင်းစပ်ထားသည့် ဧဒင်ကြောင့်သာ ထိုကဲ့သို့ ပြုလုပ်နိုင်ခြင်းဖြစ်သည်။ အဂ္ဂိရတ် တာအိုမှာ ထုတ်ယူခြင်း၊ ကြီးထွားခြင်း၊ ချုပ်ကိုင်ခြင်း၊ သန့်စင်ခြင်း၊ ဖန်တီးခြင်း၊ အသွင်ပြောင်းခြင်း၊ ပေါင်းစပ်ခြင်း ဟူသည့် လက္ခဏာ ခုနစ်ရပ်ကို ပိုင်ဆိုင်ထားကာ မည်သည့် စွမ်းရင် ရင်းမြစ်ထဲကို မဆို စိမ့်ဝင် ပေါင်းစပ်နိုင်စွမ်း ရှိသည်။ ထို့အပြင် သူ၏ အဂ္ဂိရတ် စွမ်းအင်မှာလည်း လျှို့ဝှက် အာဏာရှင် အဆင့်များနှင့်ပင် နှိုင်းယှဉ်နိုင်သည် အထိ သန့်စင်ပေသည်။
ဝေ့ဝူယင်၏ စိတ်စွမ်းအင်များမှာ လင်းရှန်းရှဲ့၏ မှတ်ဉာဏ်များ အတွင်း ထိုးဖောက် ဝင်ရောက် သွားခဲ့ပြီ ဖြစ်သည်။ လျှို့ဝှက် အာဏာရှင်များ၏ စိတ်ကို ရှာဖွေရန် ကြိုးစားမည် ပြင်တိုင်း ဧဒင်က အသည်းအသန် တားခဲ့သော်လည်း လင်းရှန်းရှဲ့ကို ရှာဖွေရန်တော့ အားပေးခဲ့ပေသည်။
ဝေ့ဝူယင် လင်းရှန်းရှဲ့ကို မသိသလို သူမ၏ ကိုယ်ရေး ကိုယ်တာ ကိစ္စရပ်များအား ကြည့်ရှုမိမည်ကိုလည်း စိတ်မဝင်စားပါချေ။ လက်ရှိ သူ ဂရုစိုက်သည့် တစ်ခုတည်းသော အရာက ထိုမိန်းကလေးမှာ ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့ကို ရှာဖွေရန် တစ်ခုတည်းသော လမ်းကြောင်း ဖြစ်နေခြင်း ဖြစ်သည်။ ထိုမှတစ်ဆင့်သာ သူ့ မျက်လုံးများအတွက် ဖြေရှင်းချက်ကို ရှာဖွေနိုင်လိမ့်မည် ဖြစ်သည်။
ဝေ့ဝူယင် လင်းရှန်းရှဲ့၏ မှတ်ဉာဏ်များကို မွေးဖွားချိန်မှ စတင်၍ ဖြည်းညင်းစွာ လေ့လာနေခဲ့၏။ သို့သော်လည်း သူက မိန်းကလေး၏ အတွေးများကို ကြည့်ရှုခြင်း မပြုပဲ ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့နှင့် ပတ်သက်သည့် အကြောင်းအရာများကိုသာ အထူး အာရုံစိုက် နေခဲ့သည်။ သူ၏ အမူအရာက အမျိုးမျိုး ပြောင်းလဲနေကာ တစ်ခါတစ်ရံ အံ့အားသင့်သည့် အငွေ့အသက်များ ပေါ်လာနေခဲ့၏။
နေဦး... ဒါက
အချိန်များစွာ ကြာမြင့်ပြီးနောက်... ဝေ့ဝူယင်၏ အမူအရာက စိတ်ဝင်စားသည့် အငွေ့အသက်များနှင့် တောက်ပ၍ လာခဲ့လေတော့၏။
...
ကမ္ဘာမြေကြီးက တောက်ပနေကာ သူရိန်နေမင်းက နွေးထွေးသော ရောင်စဉ်တန်းများကို ထုတ်လွှတ်နေသည်။ ကောင်းကင်က ထိုရောင်စဉ်တန်းများကို စစ်ထုတ်ကာ ကြယ်တာရာ အမတေ၊ လျှို့ဝှက် အမတေများ အဖြစ် လောကထံ ဖြန့်ဝေပေးနေခဲ့၏။
မြို့တော်ကြီး တစ်ခု...
အရာရာက သက်ဝင်လှုပ်ရှားနေကာ များပြား ထူထပ်လှသော လူဦးရေနှင့် အတူ စည်ကား သိုက်မြိုက် နေ၏။
“ဒါက ဘယ်နေရာလဲ...”
ရုတ်တရက်... တစ္ဆေသရဲ ကဲ့သို့ မပီသသော အသံတစ်ခုနှင့် အတူ ခုနစ်ရောင်ခြယ် လူသား ပုံရိပ် တစ်ခုမှာ မြို့တော်၏ ကောင်းကင်ထက်တွင် ပေါ်ထွက်လာခဲ့သည်။ ၎င်းက ဝိညာဥ်နှင့် ဆင်တူကာ အခိုးအငွေ့များ အလား ထင်မှတ်ရသည်။ ထိုအသွင်သဏ္ဌာန်၌ လောကကြီးကို စိတ်ဝင်တစား လေ့လာနေသည့် ငွေရောင် မျက်လုံးများမှ အပ မည်သည့် အရာမှ ထင်ရှားခြင်း မရှိချေ။
ထိုတစ္ဆေသရဲလို ရုပ်သွင်ကတော့ ဝေ့ဝူယင်ပင် ဖြစ်လေသည်။ သူက ကောင်းကင်၌ လွင့်မြောနေကာ အောက်ရှိ မြို့တော်ကို စိတ်ဝင်တစား လေ့လာ နေခဲ့သည်။ အမျိုးမျိုးသော မတူကွဲပြားမှုများနှင့် သက်ဝင်လှုပ်ရှားမှုများမှာ နေရာအနှံ့တွင် ပြည့်နှက်နေ၏။
“ဆိုတော့ကာ ငါက အခု လင်းရှန်းရှဲ့ရဲ့ မှတ်ဉာဏ်ထဲမှာပေါ့...”
ဝေ့ဝူယင် ခပ်တိုးတိုး ရေရွတ်လိုက်ရင်း မြေပြင်ပေါ် ဆင်းသက် လာခဲ့၏။ ထိုနေရာ၌ မရေမတွက်နိုင်သော လူများမှာ သူ့ကို မမြင်တွေ့သည့် အလား တိုက်ရိုက် ထွင်းဖောက်၍ လှုပ်ရှား သွားလာ နေကြသည်။ အချို့က မြို့ဝင်ကြေးများ ပေးနေကြကာ အချို့က တစ်ယောက်နှင့် တစ်ယောက် စကားပြောဆို နေကြ၏။ အချို့ကလည်း မြို့ထဲသို့ ကုန်ပစ္စည်းများ ငယ်ယူရန် ကြိုးပမ်း နေကြသည်။
“မျက်နှာမဲ့ ပုံရိပ်...”
ဝေ့ဝူယင် ထိုလူများကို ကြည့်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူတို့ အားလုံး၌ မျက်နှာများ မရှိကြချေ။ မျက်လုံးနှင့် နားများပင် မပါရှိချေ။ သိသာ ခြားနားသည့် ကွဲပြားမှုပင် သိပ်မရှိလှပဲ ယောက်ျား၊ မိန်းမ၊ ကလေး၊ လူငယ်နှင့် လူကြီးတို့လောက်သာ အကြမ်းဖျဉ်း ခွဲခြား နိုင်လိမ့်မည် ဖြစ်သည်။
ထိုလူများက လူတစ်ယောက်၏ မှတ်ဉာဏ်များထဲမှ မထင်ရှားသည့် ဇာတ်ကောင်များ ဖြစ်ကြကာ တစ်ခါတစ်ရံ တူညီသည့် အမူအရာဖြင့် ထပ်ခါထပ်ခါပင် လှည့်ပတ် နေကြသည်။
ထိုလောကကြီး တစ်ခုလုံးမှာ လင်းရှန်းရှဲ့၏ စိတ်ဖြင့် ဖွဲ့စည်းထားသည့် ပုံရိပ်ယောင် ကမ္ဘာတစ်ခုမျှသာ ဖြစ်သည်။ ဝေ့ဝူယင် ခေါင်းကို မော့ကာ ကောင်းကင်ကို ကြည့်လိုက်၏။ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၏ အလွန်ကြီးမားသော နေကြယ်ကြီးကိုတော့ ရှင်းလင်းစွာပင် သူ တွေ့မြင်နိုင်ပေသည်။ အနည်းဆုံး ထိုနေရာက မည်သည့် နေရာဖြစ်သည်ကို သူ သိရှိနိုင်ပေသည်။
“တကယ်ကြီးတာပဲ...”
ဝေ့ဝူယင် ငွေရောင် မျက်လုံးများက မှိတ်ချည်ပွင့်ချည်ဖြင့် လှုပ်ရှားသွား၏။ ထိုအရာက သူ့ဘဝ တစ်လျှောက်လုံး ဝင်ရောက်ဖူးသမျှ အကြီးမားဆုံးသော မှတ်ဉာဏ်လည်းဖြစ်သည်။ ဝေ့ဝူယင် နေကြယ်ထံမှ နွေးထွေးမှုနှင့် လေထု၏ ထူးဆန်းသော အရသာကို ခံစား၍ ရနေခဲ့၏။ ထိုကဲ့သို့သော မှတ်ဉာဏ်မျိုးမှာ လူတစ်ယောက်၏ စိတ်ထဲတွင် အမြစ်များ ကဲ့သို့ ထာဝရ စွဲထင်နေတတ်ပေသည်။
“ခစ်... ခစ်... ခစ်...”
အပြစ်ကင်းစင်သည့် ပျော်ရွှင်စွာ ရယ်မောသံ ကလေးများမှာ လောကအနှံ့ ပျံ့နှံ့ကာ ထွက်ပေါ်လာ၏။ ၎င်းတို့က အဆုံးမဲ့လှရာ ကောင်းကင်မှာ တုန်ရီ၍ပင် လာသည်။ အဖြူရောင် တိမ်တိုက်များမှာ စတင်၍ ပြိုကွဲလာကာ မြေပြင်မှာ ငလျင် တစ်ခုလိုမျိုး လှုပ်ခါ၍ လာ၏။ သို့တိုင်အောင် ရယ်မောသံက ထိခိုက်မှု မရှိလှပဲ ဖြူစင် အပြစ်ကင်းစွာ ဆက်လက် ထွက်ပေါ်နေဆဲပင်။
ဝေ့ဝူယင် မြို့တော်၏ ကောင်းကင်ကို မော့ကြည့်နေ၏။ သူ၏ ငွေရောင် မျက်လုံးများက ခုနစ်ရောင်ခြယ် အလင်းတန်းများနှင့် တောက်ပ၍ လာသည်။
“ငါ ထွက်သွားသင့်တယ်...”
ဝေ့ဝူယင် တွေးတောလိုက်မိ၏။ သူ လိုချင်သည့် အရာကို ရှာဖွေ တွေ့ရှိခဲ့ပြီး ဖြစ်သည်။ ဤနေရာ၌ ဆက်လက် နေထိုင်ရန် သူ့အတွက် မလိုအပ်တော့ချေ။ သို့သော်လည်း... သိချင်စိတ် ပြင်းပြမှုက သူ့အား တားဆီးထားသည်။ ထိုအရာက သူ့ဘဝ တစ်လျှောက်လုံးတွင် ပထမဆုံးအကြိမ် အဖြစ် အလွန် အစွမ်းထက်သည့် မှတ်ဉာဏ် တစ်ခုကို မြင်တွေ့ဖူးခြင်း ဖြစ်သည်။
ဝေ့ဝူယင် ခုနစ်ရောင်ခြယ် သဏ္ဌာန်ကို ဆက်လက် ထိန်းသိမ်းကာ အဆုံးမဲ့သည့် မျက်နှာမဲ့များ အကြားတွင် လျှောက်သွားနေခဲ့သည်။ သူတို့က ထပ်ခါတလဲလဲ ပြန်ပေါ်နေကြကာ ထပ်ခါတလဲလဲ တူညီသည့် လုပ်ရပ်များကို လုပ်ဆောင် နေကြသည်။ များမကြာခင်မှာပင် ဝေ့ဝူယင်မှာ ကြီးကျယ်ခမ်းနားသည့် ခြံဝန်း တစ်ခုဆီသို့ ရောက်ရှိလာခဲ့၏။
လူအချို့မှာ အပြင်ဘက် ဥယျာဉ်ထဲတွင် ရှိနေကြ၏။ သူတို့၏ မျက်နှာ အသွင်အပြင်များက ချပ်ပိန်းကြီးများ မဟုတ်ပဲ ခပ်ရေးရေးလေး ထင်နေကြသည်။ သူတို့က လင်းရှန်းရှဲ့၏ စိတ်ထဲတွင် အသိအမှတ်ပြုမှု အနည်းငယ် ရှိသည့် လူများ ဖြစ်နိုင်ပေသည်။ သို့တည်းမဟုတ်... အတင်းအကြပ် ဖျက်ခံထားရသည့် ပုံရိပ်များလည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
လင်းရှန်းရှဲ့က မည်သည့် နေရာမှာနည်း။ ဝေ့ဝူယင် ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်လိုက်ရင်း ခုနစ်ရောင်ခြယ် အသွင်နှင့် အတူ စံအိမ်ထဲကို ဝင်ရောက်လိုက်သည်။
“ဘာလဲ...”
စံအိမ်၏ အတွင်းပိုင်း မြင်ကွင်းမှာ တွန့်လိမ်ကာ ပြောင်းပြန် ပက်လက် ဖြစ်နေခဲ့၏။ စားပွဲများနှင့် ကုလားတိုင်များမှာ ဘေးနံရံများနှင့် မျက်နှာကျက်များထက်တွင် ရှိနေကာ ကြမ်းပြင်ထက်တွင်တော့ ကလေးငယ် တစ်ယောက် စိတ်ကူးတည့်ရာ ရေးခြစ်ထားသည့် ပန်းချီကားများ ရှိနေခဲ့၏။
“မှတ်ဉာဏ် တွန့်လိမ်ခြင်း...”
ဝေ့ဝူယင် မှတ်ချက် ချလိုက်၏။ ၎င်းက မှတ်ဉာဏ်များကို မရှင်းလင်းအောင် အတင်းအကြပ် တွန်းအားပေးထားသည့် လက္ခဏာ တစ်ရပ်ပင်။ ပုံရိပ်ယောင် လောကထဲတွင် ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများမှာ ပိုမို၍ တောက်ပလာခဲ့၏။
ထိုမျှ ကျယ်ပြန့်ကာ အကန့်အသတ် ကင်းမဲ့သည့် မှတ်ဉာဏ်မျိုး သူ တစ်ခါမှ မကြုံဖူးချေ။ ထိုမှတ်ဉာဏ်ထဲတွင် မည်သည့် အရာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့... ၎င်းတို့က အလွန် ကြောက်စရာ ကောင်းမည်မှာ သေချာလှပေသည်။
“ဘာလဲဆိုတာ ကြည့်လိုက်ရတာပေါ့...”
ဝေ့ဝူယင်က လက်ကို ရှေ့ဆန့်ထုတ်လိုက်ရာ ခုနစ်ရောင်ခြယ် အဂ္ဂိရတ် ဧဒင် ဓာတ်ငွေ့များ ထွက်ပေါ်လာ၏။ ၎င်းတို့က နံရံ၊ ကြမ်းပြင်နှင့် မျက်နှာကျက်များထဲကို စိမ့်ဝင်သွားကြကာ စံအိမ် တစ်ခုလုံးကို ဖြန့်ကျက် သွားကြ၏။
စက္ကန့် အနည်းငယ် ကြာပြီးနောက် ၎င်းတို့က ဝေ့ဝူယင်ထံသို့ ပြန်လည် ရောက်ရှိလာသည်။ သို့သော်လည်း မြင်ကွင်းကတော့ လုံးဝ ပြောင်းလဲ သွားခဲ့ပြိ ဖြစ်သည်။ လောကက အေးစက် မှောင်မဲကာ တိတ်ဆိတ်နေ၏။ စားပွဲ မရှိသလို၊ ကုလားထိုင်များလည်း မရှိချေ။ ပန်းချီကားများမှာလည်း နတ္ထိ။ တံခါး အားလုံးကို အနက်ရောင်ဆေးဖြင့် ရေးခြယ်ထားသည်။ အားငယ်တတ်သူ တစ်ယောက် အတွက် ထိုမြင်ကွင်းက ကြောက်မက်ဖွယ်ပင် ကောင်းနေပေသေးသည်။
“သေခြင်းတရားလား...”
ဝေ့ဝူယင်၏ တစ္ဆေ အသွင်က မေးစေ့ကို ပွတ်သပ်လိုက်ရင်း အတွင်းပိုင်းကို ဆက်လက် လွင့်မြောသွားသည်။ မကြာခင် ဟောခန်းမလမ်းရှည် တစ်ခုကို သူ ရောက်ရှိလာခဲ့၏။ ထိုလမ်းမရှည်၏ ဘယ်ညာ နှစ်ဖက်၌ မရေမတွက်နိုင်သော တံခါးများရှိနေကာ ၎င်းတို့က မျက်စိတစ်ဆုံး ဖြောင့်စင်းနေသည်။ ၎င်းတို့က အရေအတွက် အားဖြင့် သိသာ ထင်ရှားသည့် ကိန်းဂဏန်း ရှိပုံ မပေါ်ချေ။
ဝေ့ဝူယင် တံခါး တစ်ခုဆီ ရွေ့လျားသွား၏။ ၎င်းကို ကြည့်ရင်း သူ့ မျက်လုံးများက တောက်ပလာသည်။
“အာကာသကို သေသေချာချာ ပိုင်းခြားထားတာပဲ... စိတ်ဝင်စားဖို့ ကောင်းတယ်”
၎င်းက မသိစိတ်ထဲတွင် သေသေချာချာ သိုဝှက်ထားသည့် မှတ်ဉာဏ် တစ်ခု ဖြစ်ရပေမည်။ သို့သော်လည်း ၎င်းက ဝိညာဥ် အထိပင် ဖြန့်ကျက်နေ၏။
“ဘာလို့ သေတာလဲ...”
ထိုကဲ့သို့သော အခြေအနေမျိုးအား သေခြင်းတရားအပေါ် ရှုမြင်ပုံ ပြောင်းလဲခြင်း ဟု ခေါ်သည်။ ထိုကဲ့သို့သော အခြေအနေမျိုးကို ကျိုးနင်နှင့် ကျင်းကျူးတို့၏ မှတ်ဉာဏ်များထဲတွင် သူ မြင်ဖူးသည်။ သူတို့က မကြာခဏ ဆိုသလို သေခြင်းတရား အငွေ့အသက်များနှင့် ရင်ဆိုင်ခဲ့ရဖူးသည်။ တစ်ခါတစ်ရံ ဆွေမျိုးများ ဖြစ်နိုင်သလို တစ်ခါတစ်ရံ သူငယ်ချင်း တစ်ယောက်လည်း ဖြစ်နိုင်သည်။ သို့သော်လည်း ထိုပုဂ္ဂိုလ်မှာ သူတို့ အတွက် အလွန် အရေးကြီးသည့် တစ်စုံတစ်ယောက် ဖြစ်သည်ကတော့ သေချာလှပေသည်။
မှတ်ဉာဏ်ကို ဆက်လက် ရှာဖွေရန် အတွက် ဝေ့ဝူယင် ဆုံးဖြတ်လိုက်၏။ သူ အဆုံးမဲ့သော တံခါးများကို ဖြတ်သွားကာ တံခါးတစ်ချပ် အနားသို့ ရောက်ရှိသွားသည်။
“ခစ်... ခစ်... ခစ်...”
ကလေးမလေး တစ်ယောက်၏ သာယာ ချိုမြိန်သော ရယ်မောသံကလေးများမှာ ဆက်တိုက် ဆိုသလိုပင် ထွက်ပေါ်နေသည်။ ၎င်းတို့က ထိုတံခါးထဲမှပင် ထွက်ပေါ် လာနေခြင်းဖြစ်သည်။ ဝေ့ဝူယင် တံခါးကို ဆွဲဖွင့်လိုက်၏။
ချပ်...
လွယ်လွယ်ကူကူပင် တံခါးက ပွင့်ဟသွားသည်။ အခန်းက အလွန်တရာပင် တောက်ပနေကာ မျက်စိကျိန်းလောက်သည့် အလင်းတန်းများဖြင့် ပြည့်နှက် နေ၏။ ဝေ့ဝူယင် အခန်းအတွင်းကို လှမ်းကာ ဝင်ရောက်လိုက်၏။
သူ ပထမဆုံး တွေ့လိုက်ရသည်က မိန်းမငယ်လေး တစ်ယောက် ဖြစ်သည်။ သူမလေးက အသက် သုံးနှစ်လောက်သာ ရှိဦးမည် ဖြစ်ကာ ရွှေရောင် ဆံပင် တိုတိုကလေးနှင့် ဖြစ်သည်။ ကလေးမလေးမှာ လူရုပ်ကလေးများ၊ သင်္ဘောရုပ်ကလေးများဖြင့် ဆော့ကစားနေခဲ့၏။ သူမက အရုပ်ကလေးများကို ချီစွမးအင်ဖြင့် ထိန်းချုပ်ကာ ခရီးစဉ် လမ်းကြောင်းတစ်ခုပုံ ဖော်နေခဲ့လေသည်။
“စိုးရိမ် ပူပန်စရာ မရှိတဲ့ ဘဝလေး... နောက်တစ်ချိန်မှာ မင်း ဒီလို ဒုက္ခတွေ ခံစားရမှာ မမျှတပါဘူးလေ”
လင်းရှန်းရှဲ့ကလေးကို ကြည့်ရင်း ဝေ့ဝူယင် ဝမ်းနည်းလာသလို ခံစားလိုက်ရ၏။ သို့သော်လည်း... ၎င်းက အဘယ်ကြောင့် မိန်းကလေး အတွက် အဓိပ္ပာယ် ရှိသည့် မှတ်ဉာဏ် တစ်ခု ဖြစ်နေရကြောင်း သူ မသိပါချေ။ သွေးရနံ့ကို သူ မရသလို၊ အပျက်အစီးများကိုလည်း သူ မတွေ့ရချေ။ သို့ဖြစ်လေရာ စစ်ပွဲက မစတင်သေးပုံ ရပေသည်။
ဘယ်သူ သေသွားသနည်း။
ရုတ်တရက် ဝေ့ဝူယင်၏ အမူအရာက ပြောင်းလဲသွားကာ ပြတင်းပေါက်ကို ကြည့်လိုက်၏။ အနက်ရောင် အရိပ် တစ်ခုက လျှင်မြန်စွာဖြင့် အခန်း အတွင်း ဝင်ရောက်လာသည်။ မိန်းမငယ်လေးမှာ အရိပ်ကို သတိမထားမိပဲ ဆက်လက် စကားနေတုန်းဖြစ်သည်။ အရိပ်က အခန်းတစ်ခုလုံးကို ဖုံးလွှမ်းသည် အထိ ဆက်လက်၍ ကြီးမား လာခဲ့၏။
ကလေးမလေးက ဆော့ကစား နေရာမှ ရပ်ကာ ပတ်လည်ကို လှည့်ကြည့်လိုက်၏။ သူမ၏ ရွှေရောင် မျက်လုံးကလေးများက အပြစ်ကင်းမဲ့စွာဖြင့် တောက်ပသွားသည်။ နှင်းဆီရောင် သမ်းနေသည့် ပါးကလေးများထက်၌ ပါးချိုင့်ကလေး တစ်ခု ထွက်ပေါ်လာ၏။ နူးညံ့သော အပြုံးတစ်ခုက ခပ်ပါးပါး နှုတ်ခမ်းကလေးများထက်၌ မွေးဖွားလာသည်။
“သမီးနဲ့ ထပ်ဆော့ချင်လို့လား...”
“ဒီနေ့တော့ မဆော့သေးဘူး...”
နံရံထက်၌ ပါးစပ် တစ်ခု ပေါ်လာကာ အရိပ်က စကားပြောလိုက်သည်။ ၎င်း၏ သွားများက ဖြူဖွေးနေကာ မွန်းစတား တစ်ကောင်လို ချွန်ထက်နေ၏။ သူ၏ အသံကို ခွဲခြားရန် ခက်ခဲလှပေသည်။
အရိပ်၏ လက်တစ်ဖက်မှာ မိန်းကလေး၏ ရှေ့နားတွင် ပေါ်လာခဲ့၏။ သို့သော်လည်း သူမက ထိုအရာကြောင့် စိတ်အနှောက်အယှက် ဖြစ်ပုံ မပေါ်ပါချေ။ ထို့အစား အရိပ်၏ ငြင်းဆိုမှုကြောင့် အနည်းငယ် ဝမ်းနည်းသွားပုံသာ ရလေသည်။
“မနက်ဖြန်ရော...”
မျှော်လင့်ချက် အရိပ်အငွေ့တို့က သူမ၏ မျက်လုံးကလေးများထဲတွင် သမ်းနေပေသည်။
“အင်း... မနက်ဖြန်ပေါ့... မင်း ဆော့ချင်သလောက် ဆော့ပေးမယ်”
အရိပ်က အကျည်းတန်သည့် အပြုံး တစ်ခုနှင့် အတူ ပြုံးလိုက်၏။ ၎င်း၏ လက်က မိန်းကလေး၏ ခေါင်းထက်သို့ ကျရောက်သွားသည်။
“အား...”
ကြောက်မက်ဖွယ် အော်ဟစ်သံက တစ်လောကလုံးကို တုန်ရီသွားစေခဲ့ကာ ထောင်ပေါင်းများစွာသော အစိတ်အပိုင်းများ အဖြစ် ပြိုကွဲ သွားစေခဲ့သည်။
ဝေ့ဝူယင် တိတ်တဆိတ်ပင် ထိုအချင်းအရာ အားလုံးကို ကြည့်နေခဲ့၏။
“သူ သေသွားတာပေါ့...”
မှတ်ဉာဏ်က အဆုံးသတ် သွားချေပြီ ဖြစ်လေသည်။ ဝေ့ဝူယင်မှာ မြို့တော် အပေါ်တည့်တည့်သို့ ရောက်ရှိနေကြောင်း ကိုယ့်ကိုယ်ကို သတိထားလိုက်မိ၏။ မှတ်ဉာဏ်က နောက်တစ်ဖန် ပြန်လည် စတင်ကာ ရယ်မောသံ လွင်လွင်ကလေးက တစ်လောကလုံးကို တုန်လှုပ်သွားစေခဲ့သည်။
“အခု အသက်ရှင်နေတာကို သူက ဘယ်လို သေသွားခဲ့တာလဲ... သူက အဲဒီမှာ သေသွားခဲ့တာလို့ တွေးနေခဲ့တာလား... ဒါပေမဲ့...”
ဝေ့ဝူယင် စဉ်းစားမရ ဖြစ်သွားခဲ့လေ၏။
***