လင်းရှန်းရှဲ့၏ မှတ်ဉာဏ် (၂)
Vol. 64 Ch. 888
ဝေ့ဝူယင် လင်းရှန်းရှဲ့၏ အစောပိုင်း မှတ်ဉာဏ်များကို ပြန်လည် ရှာဖွေရန် ကြိုးပမ်းလိုက်သည်။ အားလုံးက တစ်ဆက်တည်း ဖြစ်ကာ နောက်ပိုင်း မှတ်ဉာဏ်များမှာလည်း တည်ငြိမ်လှသည်။ ဘာမှ အပြောင်းအလဲ မရှိပါချေ။ လင်းရှန်းရှဲ့၏ အသိစိတ်ထဲတွင် ထိုမှတ်ဉာဏ်က တစ်ခါမှ ဖြစ်ပွား သွားခဲ့ခြင်း မရှိချေ။
‘စိတ်ကူး ပုံရိပ်လား...’
ဝေ့ဝူယင် ခေါင်းခါလိုက်မိ၏။ မည်သည့် သုံးနှစ်သမီးလေး တစ်ယောက်က သူမကိုယ် သူမ အရိပ်မည်း တစ်ခု လက်ထဲတွင် သေဆုံးသွားသည်၏ စိတ်ကူးမည်နည်း။ သို့မတည်းမဟုတ်... ထိုအရာက ကြောက်စရာ ကောင်းလွန်းသောကြောင့် သူတို့က ချိပ်ပိတ် ထားလိုက်ကြခြင်းလော။
“ချီးပဲ...”
ထိုအခြေအနေတွင် ဖြစ်နိုင်ချေမှာ တစ်ခုသာ ရှိပေတော့သည်။
...
ဝေ့ဝူယင် လင်းရှန်းရှဲ့၏ စိတ်ထဲမှ ထွက်ကာ ပုံမှန် လောကကို ပြန်လည် ရောက်ရှိ လာခဲ့သည်။ သူ၏ အမူအရာက အလွန်အမင်း သုန်မှုန်နေ၏။
“ဝေ့ဝူယင်...”
ဝမ်မင်ယာက ဘေးနားမှ ခေါ်လိုက်သည်။ ဝေ့ဝူယင် ကိုယ်ပိုင် အတွေးများထဲမှ ရုန်းထွက်ရင်း လင်းရှန်းရှဲ့၏ ခေါင်းထက်မှ လက်ကို ပြန်ရုတ်လိုက်၏။
“သူ့ကို ကူညီပေးသင့်လား ငါ မသိတော့ဘူး...”
ဝေ့ဝူယင် အိပ်မောကျနေသည့် လင်းရှန်းရှဲ့ကို ကြည့်ရင်း ရေရွတ်လိုက်သည်။
“သူက အကူအညီ လိုနေလို့လား...”
ဝမ်မင်ယာက လင်းရှန်းရှဲ့ကို စိတ်ဝင်တစားဖြင့် ကြည့်လိုက်၏။ သူမက ရောဂါ ဝေဒနာ တစ်ခုခု ခံစားနေရသလော။ သို့မဟုတ် အခြားတစ်ခုလော။
“အများကြီးပါပဲ... ဘာပဲ ဖြစ်ဖြစ် ထားလိုက်ပါလေ... ငါ့ပြဿနာမှ မဟုတ်ပဲ...”
ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်သည်။ လင်းရှန်းရှဲ့မှာ ကောင်းချီးခံ တစ်ယောက်၏ လက်တွဲဖော် ဖြစ်လေရာ ကောင်းကင်တာအိုက သူမ အတွက် လမ်းကြောင်း တစ်ခု ချမှတ်ထားလိမ့်မည် ဖြစ်သည်။ နောင်တစ်ချိန် လင်းမင်ထံတွင် သူမကို ကူညီဖို့ နည်းလမ်း ရှိလာပေလိမ့်မည်။
“ငါတို့ အရင်ဆုံး ပရမတ် ကျောက်စိမ်း နယ်မြေကို သွားဖို့ စီစဉ်ရမယ်...”
ဝေ့ဝူယင်က ပြောလိုက်လေ၏။
...
“အ...”
ခပ်တိုးတိုး ညီးညူသံ တစ်ခုနှင့် အတူ လင်းရှန်းရှဲ့မှာ တဖြည်းဖြည်း ပြန်လည် သတိရ လာခဲ့ပြီ ဖြစ်သည်။ နိုးနိုးချင်း အမြင်အာရုံက မှုန်ဝါးကာ စိုဆွတ်နေသယောင် သူမ ခံစားလိုက်ရ၏။ မျက်ရည်စီးကြောင်း နှစ်ခုမှာ မျက်ဝန်း တစ်ဖက်တစ်ချက်တွင် ရှိနေကြောင်း မိန်းကလေး သတိထားမိလိုက်သည်။
“ငါငိုနေတာလား...”
လင်းရှန်းရှဲ့ အံ့အားသင့် သွားခဲ့၏။ စိတ်ကို ပြန်လည် စုစည်းရင်း သတိမလစ်ခင် မည်သည့် အရာများ ဖြစ်ပျက် သွားခဲ့သည်ကို သူမ ပြန်လည် စဉ်းစားလိုက်သည်။ ထိုစဉ်အခါက သူမ ဝေ့ဝူယင်၊ မြေကြီးရှန့်ထိုများနှင့် ကောလဟလ အကြောင်း ပြောနေခြင်း ဖြစ်သည်။ လင်းမင်နှင့် မိခင်ဖြစ်သူတို့လည်း ထိုနေရာတွင် ရှိနေခဲ့ကြသည်။
“...”
လင်းရှန်းရှဲ့ အားလုံးိကို ပြန်လည် သတိရ သွားခဲ့ပြီ ဖြစ်သည်။ အရှေ့ရှိ မြင်ကွင်းကို အကဲခတ်လိုက်ရာ ပျံသန်းနေသည့် သတ္တဝါ တစ်ကောင်ထက်တွင် ရှိနေကြာင်း သူမကိုယ် သူမ သတိပြုမိလိုက်၏။ လင်းရှန်းရှဲ့ ခပ်ဖြည်းဖြည်းပင် ပတ်ဝန်းကျင်ကို လှည့်ပတ် အကဲခတ်လိုက်၏။
“နိုးလာပြီလား...”
နူးညံ့ သိမ်မွေ့သည့် အသံတစ်ခုက လင်းရှန်းရှဲ့၏ အာရုံကို ဆွဲဆောင် သွားသည်။ ဝေ့ဝူယင်မှာ ဟန်ယုဟိုင်ထံမှ ကျောက်စိမ်း တစ်ခုအား လက်ခံနေသည်ကို သူမ တွေ့ရ၏။ သူတို့ နှစ်ယောက်က အလွန် အရေးကြီးသည့် တစ်စုံတစ်ရာကို ပြောဆိုနေဟန် ရသည်။ အသံကတော့ လှပသော မိန်းကလေး တစ်ယောက်ထံမှပင် ဖြစ်သည်။ သူမ၏မျက်လုံးများမှာ ကောင်းကင်နှင့် မြေကြီး၊ အချိန်နှင့် ကံကြမ္မာတို့၏ အရိပ်အငွေ့များကို သယ်ဆောင် ထားသည်။
“ကောင်းကင် ပုရောဟိတ်...”
ထိုမိန်းကလေးမှာ ဝေ့ဝူယင်နှင့် အတူ ပါလာသည့် မိန်းကလေး ဖြစ်ကြောင်း သူမ ပြန်လည် သတိရသွား၏။
“ကျွန်မ နာမည်က ဝမ်မင်ယာပါ... တွေ့ရတာ ဝမ်းသာပါတယ်”
ဝမ်မင်ယာက သူမကိုယ် သူမ ယဉ်ကျေးစွာပင် မိတ်ဆက်လိုက်သည်။ လင်းရှန်းရှဲ့က ခေါင်းတစ်ချက် ညိတ်လိုက်ကာ ဝမ်မင်ယာကို စိတ်ဝင်တစား ကြည့်လိုက်၏။
“သူ ကျွန်မကို ပြန်ပေးဆွဲလာတာလား...”
“ရှင့်ရဲ့ ပုံစံက ပြန်ပေးဆွဲခံထားရတဲ့ သားကောင် တစ်ယောက် အတွက် တည်ငြိမ်လွန်းတယ်...”
ဝမ်မင်ယာက ပြုံးရင်း ပြောလိုက်သည်။
“ဒါက ကျွန်မရဲ့ ပထမဆုံး အကြိမ်မှ မဟုတ်တာ”
လင်းရှန်းရှဲ့က ဖြူရော်စွာ ပြန်လည် ပြုံးလိုက်သည်။ ထို့နောက် သူမက ဝိညာဥ်အာရုံကို ဆန့်ထုတ်ကာ ပတ်ဝန်းကျင်ကို စစ်ဆေး ကြည့်လိုက်၏။ လက်ရှိ၌ သူမက မူလဂြိုဟ်၏ ပထမ၌ ကောင်းကင် အလွှာထဲတွင် ရောက်ရှိနေပေသည်။
“ဆိုတော့ အတွေ့အကြုံရှိတဲ့ သားကောင်ပေါ့လေ... ထားလိုက်ပါ... ဪ... ဒါနဲ့ ရှင် ကျွန်မကို သတင်းပေးခ ပေးရတော့မယ် ထင်တယ်”
ဝမ်မင်ယာက အပြုံးတစ်ခုနှင့် အတူ ပြောလိုက်၏။ လင်းရှန်းရှဲ့၏ မျက်လုံးများက နားမလည်နိုင်ဟန်ဖြင့် အနည်းငယ် ကျဉ်းမြောင်းသွားသည်။
“ဘာလို့လဲ...”
“အခု ဝေ့ဝူယင်က ရှင့်ကို ဇနီးမယား အဖြစ် ပေါင်းသင်းဖို့ ရည်ရွယ်ထားတယ်... ဒါကြောင့် ရှင့်ကို ဂိုဏ်းကနေ ခေါ်ထုတ်လာတယ်... နောက်ပြီး ရှင်နဲ့ အတူတူ ပျော်ပျော်ရွှင်ရွှင် ကျင့်ကြံခြင်း နေချင်နေတယ် လို့ ကျွန်မက ပြောရင် ရှင်ယုံမှာလား...”
ဝမ်မင်ယာက လင်းရှန်းရှဲ့ကို မျက်တောင် မခပ် စိုက်ကြည့်ရင်း ပြောလိုက်သည်။ လွန်ခဲ့သည့် ခြောက်နှစ်ခန့်က မဟာ ပုရောဟိတ် လုပ်ခဲ့သည့် အရာကို သူမ စွဲထင်စွာ မှတ်မိနေဆဲ ဖြစ်သည်။ ထိုအကျိုးသက်ရောက်မှုက မည်မျှ အထိ အင်အားကြီးမည်ကို မြင်ချင်မိသည်။
“...”
လင်းရှန်းရှဲ့မှ အေးခဲသွား၏။ ဝမ်မင်ယာက သူမ၏ အမူအရာ အပြောင်းအလဲကို တစ်ချက်ကလေးမှ အလွတ် မပေးပဲ စောင့်ကြည့်နေခဲ့သည်။ ပြန်လည် တည်ငြိမ်မှု ရရှိရန် အတွက် မိန်းကလေးမှာ အချိန် သုံးစက္ကန့် တိတိ ယူလိုက်ရသည်။ ထို့နောက် သူမက ပင့်သက်တစ်ချက် ရှိုက်ထုတ်လိုက်ရင်း...
“မယုံဘူး...”
ဝမ်မင်ယာက ဘာမှ ပြန်မပြောပဲ လင်းရှန်းရှဲ့ကိုသာ အချိန် အကြာကြီး ဆက်လက် စိုက်ကြည့် နေလိုက်သည်။ လင်းရှန်းရှဲ့မှာ ထူးဆန်းသော စိတ်ခံစားမှု တစ်ခုနှင့် အတူ ဖိအား တစ်ခု ဝန်းရံလာသလို ခံစားလိုက်ရ၏။ ထိုမိန်းကလေးက အမှန်ကို ပြောနေခြင်းလော။ မဟာ ပရောဟိတ် ပြောခဲ့ဖူးသည့် စကားလုံးများကို သူမ ပြန်လည် ကြားယောင် လာခဲ့သည်။ သူမ၏ စိတ်များက ရီဝေစွာဖြင့် ရှုပ်ထွေးလာခဲ့၏။
ဝမ်မင်ယာက အကြည့်ကို ပြန်လည် ရုတ်သိမ်းလိုက်ကာ တောက်ပစွာ ပြုံးလိုက်သည်။
“ရှင် မှန်ပါတယ်...”
“...”
လင်းရှန်းရှဲ့မှာ အရူးလုပ် ခံနေရသလို ခံစားလိုက်ရ၏။ သူမက မကျေမနပ်ဖြင့် ဝမ်မင်ယာကို ကြည့်ရင်း မေးလိုက်သည်။
“ဘာလို့လဲ... ရှင်းပြပါဦး...”
“ထားလိုက်ပါလေ... အဲဒါက ကိစ္စ မရှိပါဘူး... အခု ရှင် လုံခြုံပါတယ်... နောက်ပြီး မှဲ့တစ်ပေါက် မစွန်းပဲ ရှိနေပါတယ်... မကြာခင် ကျွန်မတို့ ရှင့်ကို ပြန်ပို့မှာပါ”
ဝမ်မင်ယာက တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်ရင်း ဝေ့ဝူယင်နှင့် ဟန်ယုဟိုင်တို့ကို လှမ်းကြည့်လိုက်သည်။ သူတို့က ဆက်လက် နွေးဆွေးနေဆဲ ဖြစ်ကာ ဟန်ယုဟိုင်၏ အမူအရာက အခက်တွေ့ဟန်နှင့် မျက်မှောင်ကြုတ် နေခဲ့သည်။
“ကျွန်မ အမေ အဆင်ပြေရဲ့လား...”
လင်းရှန်းရှဲ့က စိတ်ပူးစွာဖြင့် မေးလိုက်၏။
“ပြေမှာပါ...”
ဝမ်မင်ယာက ဖြေလိုက်သည်။ ထို့နောက် သူမတို့ နှစ်ယောက် အကြားတွင် အချိန် အတန်ကြာ ပြန်လည် တိတ်ဆိတ် သွားခဲ့၏။
မကြာခင်မှာပင် ဝေ့ဝူယင်မှာ ဟန်ယုဟိုင်နှင့် ဆွေးနွေးပြီးစီး သွားခဲ့ပြီ ဖြစ်သည်။ သူက ဝမ်မင်ယာနှင့် လင်းရှန်းရှဲ့တို့ထံ ပြန်လည် လမ်းလျှောက်လာခဲ့၏။
“မင်းနိုးနေပြီကိုး... ကောင်းတယ်”
သူက အပြုံးနှင့် ပြောလိုက်လေ၏။
***